Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး တို့အရေး

0
0



           မကြာသေးမှီက အပစ်ရပ်အဖွဲ့တခုရဲ့ခေါင်းဆောင် လုပ်ဖော်ကိုင်ဘက်ဟောင်းတဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ် အဖွဲ့အစည်းခေါင်းဆောင်ရဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတ၀ိုက်မှာ နအဖတိုက်ခိုက်ရေးတပ်ရင်း ၉၀ ကျော်ရှိတယ်။ 


အဲဒီတပ်ရင်းတွေက အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလိုထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့တပ်ရင်း၊ တပ်ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတခုမဟုတ် တခုက ပြေးနေကြတာဖြစ်တယ်။ နေ့စဉ်ပျှမ်းမျှတပ်ပြေး အရေ အတွက်ဟာ တပ်စိတ်တစိတ်ခန့်ရှိတယ်။
 တချို့က လက်နက်ခဲယမ်းပါယူပြေးတယ်။ တချို့ကလက်နက်မဲ့ပြေးတယ်။ တကိုယ်တော် ပြေးသူတွေရှိ သလို ၂ ယောက် ၃ ယောက်အစုနဲ့ပြေးတာမျိုးလဲရှိတယ်။ တချို့က နီးစပ်ရာ နယ်စပ်ဒေသတွေကို ပြေးတာရှိသလို၊ မိမိအရပ်ကိုပြန်ပြေးကြတာမျိုးလဲရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလဲရှိတယ်။ ပြန်မိရင်တော့ မသက်သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူပြန်မိရင် တပ်မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ပြေးသူ ကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ ပစ်အသတ်ခံရတယ်။

           ထိုင်းနယ်စပ်ကအပစ်ရပ်အဖွဲ့တခုရဲ့နယ်မြေမှာစခန်းထိုင်တဲ့နအဖတပ်ရင်းတချို့ဆိုရင် နေ့ခင်းဘက်မှာ ရဲဘော်တွေကို လက်နက်ဖြုတ်ထားတယ်။ ညဘက် ၇ နာရီထိုးမှ လက်နက်ပြန် တပ်တယ်။ မိမိနယ်မြေအတွင်း ခရီးတို ရိက္ခာထုတ်သွားရတဲ့ အခါမျိုးမှာလဲ ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့် မပေးဘူး။ စိတ်ချယုံကြည်ရတဲ့ အကြပ် ကြီး၊ အကြပ်ငယ်တွေလောက်သာ လက်နက်ကိုင်ဆောင်ခွင့်ပြုတယ်။ ထွက်ပြေးရင် လက်နက်ပါမသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်တယ်။

           တပ်ပြေးအများစုဟာ လူပျိုလူလွတ်တွေဖြစ်တယ်။ အိမ်ထောင်သည်ရဲဘော်ကတော့ တပ်တွင်း နေထိုင်မှု ဘ၀ကို စိတ်ပျက်တဲ့တိုင် ဇနီး သားမယားတွေအတွက် နောက်ဆံတင်း နေတာကြောင့် ကျိတ်မှိတ်ခံနေကြရတယ်။

           ၂၀၁၀ ခုနှစ်အတွင်းမှာ ခွဲလိုက်၊ ရင်းလိုက် တပ်ထွက်ခွင့်တောင်းမှုတွေ၊ ရဲမွန်နဲ့မှော်ဘီမှ တပ်ရင်း အချို့လို စုကြေးငွေတွေ ပြန်ထုတ်ပေးဖို့ ရင်းလိုက်လက်မှတ်ထိုးအရေးဆိုမှုတွေ လူသိရှင်ကြားဖြစ်ပွား လာတယ်။ စစ်တပ် တတပ်မှာ အဲဒီလိုအစုလိုက်အဝေးလိုက် အရေးဆိုမှုတွေ ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီလိုအစုအဝေးနဲ့ အရေးဆိုမှုတွေဟာ စစ်တပ်သဘောအရပြောရင် လက်နက်မဲ့ပုန်ကန်မှု တမျိုးဖြစ်တယ်။ ဒီလိုအရေးဆိုမှုမျိုးကို စစ်တပ် တတပ်အနေနဲ့ ဘယ်တုန်းကမှ ခွင့်ပြုရိုးထုံးစံမရှိဘူး။ အကြောင်းကတော့ ဒီလိုအရေးဆိုမှုမျိုးကို ခွင့်ပြုလိုက်ရင် အစဉ်အလာဖြစ်သွားပြီး အဆင့်ဆင့်အမိန်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်း လိုက်နာရေးဘက်မှာ ချိနဲ့သွားမှာကြောင့် ဖြစ်တယ်။ တပ်အုပ်ချုပ်ကွပ်ကဲရေးမှာ အမိန့်မနာခံမှုနဲ့ စစ်စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်လာတတ်လို့ဖြစ်တယ်။
ယခင်က တပ်တွင်းမှာ ယူဂျီလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ခုလို ခွဲလိုက် ရင်းလိုက် စုစုစည်းစည်း အရေးဆိုတာမျိုး တွေမရှိခဲ့ဘူး။ တပ်တွင်းဒါဘာဆွေးနွေးပွဲတွေမှာသာ တဦးချင်းထင်မြင်ချက်၊ မကျေနပ်ချက်တွေ တင်ပြတာမျိုး ရှိခဲ့တယ်။ ဒီလိုတင်ပြရာမှာလဲ တင်ပြသူကို သီးခြားခေါ်ယူတွေ့ဆုံပြီး နောင် ရင်းလိုက်၊ ခွဲလိုက်ဆွေးနွေးပွဲ တွေမှာ ဒီလိုဆွေးနွေးပြောဆိုတာမျိုးမလုပ်ဖို့ ခြိမ်းခြောက် အကြပ်ကိုင်တာမျိုးတွေ လုပ်လေ့ရှိတယ်။ တင်ပြဆွေးနွေးတဲ့ ရဲဘော် တွေဟာ တပ်တွင်း စစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုကိုလဲခံကြရတယ်။

          
 ဒီနေ့ ခွဲလိုက်ရင်းလိုက် အစုအဝေးနဲ့ အရေးဆိုလာတာတွေဟာ တပ်တွင်းမှာ ဒါဘာ ဆွေးနွေးပွဲမရှိတာ၊ ဒါမှ မဟုတ် လိုအပ်သလောက် လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေ လုပ်မပေးတာကိုပြတယ်။ ဒါမှမဟုတ် သူတို့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုမဲ့ရာက ထွက်ပေါ်လာတဲ့၊ အတိုင်းအတာတခုအထိ အများလက္ခဏာဆောင်တဲ့ အောက်ခြေ အကြပ်တပ်သားများရဲ့ အရေးဆိုနည်းသဏ္ဌန်သစ် ဖြစ်တယ်။ တချိန်တည်းမှာ နအဖအနေနဲ့ တပ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရေးအတွက် အခက်အခဲတွေရှိလာနေပြီ ဆိုတာကို ပြတဲ့ ရှေးဦးဖော်ပြချက်လဲဖြစ်တယ်။

           ဒီလို တပ်တွင်းအောက်ခြေ အကြပ်တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုကြောင့် တပ်တွင်း မတည်ငြိမ်မှုတွေဖြစ်လာတဲ့အခါ တပ်ကို အနီးကပ်ကွပ်ကဲရတဲ့ စု ရင်း ခွဲ စတဲ့ အောက်ခြေအရာရှိတွေမှာလဲ အခက် အခဲတွေ ကြုံလာရတယ်။ တပ်တွင်းစားဝတ်နေရေး ပြဿနာတွေကို ဆိုင်ရာသို့တင်ပြပေးပေမဲ့လဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးမှုမျိုးတွေမရှိဘူး။ အောက်ခြေ အကြပ်တပ်သားတွေရဲ့ စည်းကမ်း ချိုးဖောက်မှု (ဥပမာ… နှစ်လုံး၊ သုံးလုံးလောင်းကစားမှု၊ ခွင့်မဲ့တပ်ပြင်ထွက်မှု၊ အမိန့်မနာခံမှု၊ မူးယစ် ရမ်းကားမှု)များကို တွေ့တဲ့တိုင် အမိန့်စည်းကမ်းနဲ့ အရေးယူဖို့ ဝန်လေးနေကြတယ်။ မသိယောင်၊ မမြင်ယောင်ဆောင် နေရတာမျိုးတွေရှိလာတယ်။
 အမိန့်စည်းကမ်းနဲ့ အကြပ်ကိုင်မယ်ဆိုရင်လဲ အန္တရာယ်များတဲ့ တုန့်ပြန်မှုမျိုးခံရမှာကို စိုးရိမ် လာကြတယ်။ လက်နက်တွေကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးကို ကွပ်ကဲရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူး။ ပြောချင်တာက လက်ရှိ နအဖတပ်မှာ တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေ ဆိုတာတွေဟာ သိသိ သာသာယိုယွင်းလာနေပြီဆိုတဲ့ အချက်ကိုဖြစ်တယ်။

           စစ်တပ်တတပ်ကို အဓိကချုပ်ကိုင်ထားတဲ့ အချက်တွေက ဘာတွေလဲ။ အကျယ်ချဲ့ရင် အများကြီး ပြောစရာ ရှိပေမဲ့ အဓိကအားဖြင့် ၃ ချက်ပဲရှိတယ်လို့ ဆိုနိုင်တယ်။ (၁) အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ (၂) စစ်စည်းကမ်းဥပဒေ (၃) စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာမခံချက်ရှိရေး (အထူးသဖြင့် အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ) တို့ဘဲဖြစ်တယ်။ စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေးဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ စတာတွေကို အာမခံနိုင်ဖို့ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်။

           ဆိုလိုတာက ထမင်းမဝဘဲ၊ စားဝတ်နေရေး ထိုက်သင့်သလိုအာမ,မခံဘဲ ဘယ်စစ်ဗိုလ်၊ စစ်သားမှ စစ်မတိုက် ချင်ဘူး၊ အမိန့်မနာခံချင်ဘူး၊ စစ်စည်းကမ်းဥပဒေကို မလိုက်နာချင်ဘူး။ အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်အရ မဟုတ်ဘဲ ဝမ်းရေးအတွက်စစ်မှုထမ်းရတဲ့ နအဖ တပ်လို အခစားတပ်မျိုးအတွက် ဒီအချက်ဟာ ပိုမှန်တယ်။ သွေး ထွက်အောင် မှန်တယ်လို့တောင် ပြောနိုင်တယ်။

          
 ၁၉၆၂ ခုနှစ်မတိုင်မီ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်ကဆိုရင် တပ်တွင်းအောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများရဲ့ စားဝတ်နေရေးဟာ အပျံစားကြီး မဟုတ်ပေမဲ့ လက်ရှိ နအဖ အစိုးရထက်တော့ သာတယ် ဆိုတာသေချာတယ်။ အဲဒီတုန်းက အောက်ခြေစစ်မှုထမ်းတွေ၊ သူတို့ရဲ့သားမယားတွေ တပ်အပြင်ထွက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ပန်းရံလုပ် စတဲ့ အလုပ်မျိုးတွေနဲ့ ဝင်ငွေရှာရတာမျိုးတွေ မရှိခဲ့ဘူး။ တပ်သားတယောက် လစာ ၈၂ ကျပ် (လို့မှတ်မိနေတယ်) သာဖြစ်ပေမဲ့ အထိုက်အလျောက် အသက်ရှုချောင်တယ်။ ဒီနေ့လို ယူနီဖောင်း ဝယ်ဝတ်ရတာမျိုးလဲ မရှိဘူး။ သက်တမ်းအလိုက် စောင်၊ ခြင်ထောင်၊ ယူနီဖောင်း၊ ဖိနပ် စတာတွေကို အချိန်မှန် လဲပေးတာ ရှိတယ်။ ရှမ်းပြည်လိုအေးတဲ့ဒေသတွေမှာ တာဝန်ယူရတဲ့ တပ်တွေဆိုရင် Battle Blouse ဆိုတဲ့ အနွေး ထည်ဝတ်စုံ၊ အထူးရိက္ခာအဖြစ် Army Rum စတာတွေတောင် ထုတ်ပေးတယ်။ အဲဒီတုန်းက တပ်ကထွက်ရင် ထမင်း ငတ်လိမ့်မယ် ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတွေတောင် အောက်ခြေ အကြပ်တပ်သားတွေအတွင်းမှာ ရှိခဲ့တာအမှန်ဘဲ။ အဲဒီကာလက မိမိဆန္ဒအလျှောက် စစ်မှုထမ်းသူကများတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ထွက်ခွင့်ရပြီး အတော်များများ က ပင်စင်နဲ့ အနားယူတတ်ကြတယ်။ အမှုထမ်းနေစဉ်မှာလဲ အရေးပေါ်ခွင့် (၁၀)ရက်၊ ရက်ရှည်ခွင့် (၁)လ နှစ်စဉ်ခံစား ခွင့်ရှိတယ်။

           ပါလီမန်ဒီမိုကရေစီ ခေတ်ကာလ စစ်သည်တွေဟာ အသက်(၁၈)နှစ်ပြည့်ပြီး ပေမှီဒေါက်မှီ တွေများတယ်။ ဒီနေ့ကာလလို ပေမမှီ ဒေါက်မမှီ၊ အသက်မပြည့်တဲ့ ကလေးစစ်သားရယ်လို့ မတွေ့ဖူးသလောက်ဘဲ။ ဒီနေ့ကာလလို စစ်ပြေးတွေလဲမများဘူး။ ဆိုလိုတာက တပ်တွင်းအောက်ခြေ စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာမခံချက် သင့် မသင့်၊ ကောင်းမကောင်း ဆိုတဲ့အချက်ဟာ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ ဆိုတာတွေကို တိုက်ရိုက် အထောက်အကူ ပြုတယ်ဆိုတာဘဲဖြစ်တယ်။

           ဒီနေ့တော့ "တပ်ကထွက်ရင် ထမင်းငတ်လိမ့်မယ်" ဆိုတဲ့ ၁၉၆၂ မတိုင်မီက အောက်ခြေ အကြပ်တပ်သား များရဲ့ စဉ်းစားတွေးခေါ်မှုနေရာမှာ စစ်သားဘ၀ထက် သာမန်အရပ်သားဘ၀နဲ့ လုပ်ကိုင်စားရတာကမှ အသက်ရှူ ချောင်နိုင်သေးတယ်ဆိုတဲ့ အတွေးအခေါ် အစားထိုးလာတယ်၊ လွှမ်းမိုးလာတယ်။ ဒါကြောင့်လဲ တပ်ပြေးတွေ တနေ့ တခြားများပြားလာတာ၊ ခွဲလိုက်ရင်းလိုက် စုပေါင်းပြီး ထွက်စာတင်တာ၊ စားဝတ်နေရေး မပြည့်စုံလို့ ခွဲလိုက်ရင်းလိုက် စုငွေတွေ ပြန်ထုတ်ပေးဖို့ အရေးဆိုလာကြတာဖြစ်တယ်။

                  ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် စစ်အာဏာရှင်စနစ်ဒဏ်ကို ပြည်သူတွေသာမက တပ်မတော်သား တွေပါ ကော့နေအောင်ခံနေရတယ်ဆိုတဲ့ အချက်ကိုဘဲဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေမပူးပေါင်းနိုင်ရင် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ဘူးဆိုတာ အလွယ်နဲ့သိနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးအင်အားစုကမှ တပ်မတော်ကို ပြည်သူတွေနဲ့ လက်တွဲလာနိုင်အောင် မစည်းရုံးကြသေးဘူး၊ ဒါကြောင့်ဘဲ တပ်တွင်း လှုပ်ရှားမှုတွေဟာ တဦးချင်း လွတ်မြောက်ရေး၊ ကျဲကွဲတဲ့ အလိုလျောက်လှုပ်ရှားမှု အဆင့်မှာဘဲ ရပ်တန့်သလိုဖြစ်နေရတယ်။


          
 လက်ရှိအခြေအနေအရ စစ်သားတယောက်အဖို့ နအဖ အမိန့်ပေးဌာနအောက်က လွတ်မြောက်ရေးဆိုတာ အတော်ခက်ခဲတယ်၊ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် တပ်ကထွက်ပြေး ဖို့ဆိုတာ ဒီလောက်မခက်ဘူး။ တိုင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိတယ်။ လက်နက်ယူပြီး လူကိုသတ်ပစ်မယ့်အဖွဲ့အစည်းမျိုး မဟုတ်လို့ ယူဆရရင် အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ခိုလှုံလို့ရတယ်။ တပ်တွင်း ယူဂျီနဲ့ ချိတ်နေရင်တော့ ယူဂျီက တဆင့် စိတ်ချလက်ချသွားနိုင်တယ်။ ဒီနေ့ကာလမှာတော့ တပြည်လုံးလိုလို အပစ်ရပ်အဖွဲ့တွေချည်း ဖြစ်နေတယ်။ အပစ်ရပ်အဖွဲ့တွေကလဲ နအဖအစိုးရကို မကြိုက်ပေမဲ့ သူတို့အခြေအနေအရ တပ်ပြေးတွေကို လက်ခံဖို့ကျတော့ ဝန်လေးနေကြတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ဆဲ လူမျိုးစု အဖွဲ့အစည်းတွေထံ ခိုလှုံဖို့ကျတော့လဲ သူတို့ရဲ့ အသက်အာမခံချက်နဲ့ ပတ်သက်ပြီး သို့လော သို့လော သံသယတွေ ရှိနေကြဆဲဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြေးပြန်တော့လဲ အဲဒီနိုင်ငံတွေက တပ်ပြေးမှန်းသိတာနဲ့ ဖမ်းပြီး နအဖလက်ပြန်အပ်ကြတယ်။ ဒီလို အဖက်ဖက်အခြေ အနေတွေက နအဖနဲ့ လမ်းခွဲချင်တဲ့ အရာရှိ အရာခံ၊ အကြပ်တပ်သားတွေအဖို့ ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်။ အဲဒီလိုထွက်ပေါက်ပိတ်နေလို့ဘဲ စစ်အုပ်စုက တပ်ကိုလိုသလို ကိုင်တွယ်အသုံးချနိုင်ဖို့ အခွင့်အလမ်းတရပ်ရနေတာလို့ ဆိုနိုင်တယ်။

           အချုပ်အားဖြင့်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့တပ်တွင်းမှာ အောက်ခြေ အရာရှိ အရာခံ၊ အကြပ် တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုက တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေး ကွပ်ကဲမှု၊ အမိန့်နာခံမှုစနစ်နဲ့ စစ်စည်း ကမ်းဥပဒေလိုက်နာရေးဆိုတာတွေကို တိုက်စားပစ်နေပြီ။ လက်ရှိ နအဖ စစ်အစိုးရ (နောက်တက်မဲ့ ရုပ်သေးအစိုးရ အပါအဝင်) ဟာ တပ်အောက်ခြေထုရဲ့ စားဝတ်နေရေး၊ အာမခံချက်ရှိရေး၊ တပ်တွင်းအထက်အောက်ရပိုင်ခွင့် ကွာဟမှု တတ်နိုင်သမျှ ကျဉ်းအောင်ထိန်းညှိရေးဆိုတဲ့ တပ်ပြုပြင် ပြောင်းလဲရေးကို လုပ်နိုင်စွမ်းမရှိဘူး။ တကယ်က တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာသာ လုပ်ကိုင်နိုင်တာမျိုး ဖြစ်တယ်။

           ကာကွယ်ရေးဦးစီးချုပ်ကို ထင်ရာစိုင်းခွင့်မပေးဘဲ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းကွပ်မှုအောက်မှာ ထားနိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာဖြစ်တယ်။ လိုအပ်လာရင် ကာကွယ်ရေးဦးစီး ချုပ်ကို အရေးယူအပြစ်ပေးတာ၊ ထုတ်ပယ်တာ၊ အမြင့်ဆုံး သေဒဏ် ပေးတာမျိုးတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာလို့ ယူဆတယ်။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီလုပ်ဟန်တမျိုးဖြစ်ပြီး ဒီနေ့လို ကာကွယ်ရေး ဦးစီးချုပ်က ထင်ရာစိုင်းခွင့်ရှိတဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမမြင်ဘူး။ တပ်ပြုပြင်ပြောင်းလဲ ရေး မလုပ်နိုင်တာနဲ့အမျှ နအဖ တပ်တွင်းအမိန့်ပေး/အမိန့်နာခံစနစ် နဲ့ စစ်စည်းကမ်းဥပဒေဆိုတာဟာလဲ အနှေးနဲ့ အမြန် ဦးနင်းပဲ့ထောင်ဖြစ်လာဖို့များတယ်။ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲတွေကလဲ ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေမှာ သေချာတယ်။


         
  ဒါကြောင့် နအဖ တပ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အောက်ခြေအကြပ်တပ်သားများရဲ့ "စီးပွားရေးတိုက်ပွဲ" သဏ္ဌန်လှုပ်ရှားမှုတွေကို "နိုင်ငံရေးတိုက်ပွဲ" သဏ္ဌန်ဆောင်လာအောင် တပ်ရင်း တပ်ဖွဲ့တွေရဲ့ သီးခြားလှုပ်ရှားမှု လက္ခဏာကို တပ်မတော်တရပ်လုံး လက္ခဏာဆောင်လာအောင်၊ တပ်မတော်ရဲ့သီးခြားလှုပ်ရှားမှုကို လူထုလှုပ်ရှားမှု ကြီး အဖြစ်ပြောင်းလဲပစ်နိုင်အောင် တိုင်းချစ် ပြည်ချစ်အင်အားစုမှန်သမျှက ကြိုးပမ်းဖို့အချိန်တန်ပြီလို့ ယူဆမိရပါတယ်။

တပ်မတော်တပ်သားဟောင်းတဦး
၁၃-၈-၂၀၁၀




ပါဝါ

0
0
Thanda Win and ရုပ် ဆိုး shared Myo Set's photo.
နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါလာသည်မှာ National Power ဖြစ်သည်။ ပါဝါအဆင့်ကို အမျိုးမျိုးခွဲခြားထားသည်။ Super power, Major Power, Regional Power, Weak States ဟူ၍ အကြမ်းဖျင်းမြင်နိုင်သည်။ ပါဝါအပေါ်တွင် မူတည်၍ ဆက်ဆံကစားရသော အခင်းအကျင်းကို Power Politics ဟုခေါ်ကြသည်။ ပါဝါဟူသည်မှာ နိုင်ငံတစ်ကာ ဆက်ဆံရေးတွင် ဆက်ဆံရသော နှစ်နိုင်ငံ အကြား လွှမ်းမိုးမှုရရှိရန်အတွက် အရေးပါသော စွမ်းအားဖြစ်သည်။ အီတလီနိုင်ငံေ၇းသမား မာခီယာဗယ်လီက "Might is right" ဟုဆိုခဲ့သည်နှင့် သဘောအတူတူဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပါဝါ သုံးမျိုးရှိသည်။ ထိုသည်တို့မှာ   (၁) စစ်ရေးပါဝါ (၂) စီးပွားရေးပါဝါ (၃) နိုင်ငံရေးပါဝါ နှင့်  အခြားတစ်မျိုးမှာ အိုင်ဒီယိုလိုဂျီပိုင်းလွှမ်းမိုးမှု ပါဝါ ဖြစ်သည်။ ဥပမာ စစ်အေးခေတ်က ဆိုဗီယက်နှင့် ကန် အိုင်ဒီယိုလိုဂျီပါဝါအားပြိုင်ပွဲအတွင်း Proxy Wars များဖြစ်ပွားခဲ့သည်ကိုတွေ့မြင်ရမည်။   စစ်ရေးပါဝါကို Tangible Power (တိုင်းထွာထိတွေ့နိုင်သောပါဝါ)ဟုခေါ်ကြသည်။ မြင်သာထင်သာရှိသည်။ ဥပမာအမေရိကန်သည် စစ်ရေးစူပါပါဝါဖြစ်သည်။ စစ်ရေး၏ နောက်ကွယ်တွင် စီးပွားရေး၊ နည်းပညာ၊ ရင်းမြစ် (Resources) ဟူ၍ ထောက်ပံ့ပေးထားသော အချက်များရှိလေသည်။   နိုင်ငံရေးပါဝါ (Political Power of a Nation) ဟူသည်မှာ Intangible (တိုင်းထွာရန် ခက်ခဲ)သည့်အမျိုးအစားဖြစ်သည်။ ထိုနိုင်ငံရေးပါဝါတောင့်တင်းမှုကို ပြည်တွင်းအမျိုးသားစည်းလုံးညီညွတ်မှု (National Solidarity)၊ နိုင်ငံတကာအလယ်တွင် ယဉ်ကျေးမှုပိုင်းသန်စွမ်းမှု (Strong Cultural Popularity) နှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ဆုံးဖြတ်ချက်များတွင် လွှမ်းမိုးနိုင်မှု (Influencing international organizations and protocols) စသည်တို့ကို တွေ့ရှိနိုင်ပေမည်။   ပါဝါကိုတစ်ဦးချင်းလယ်ဗယ်လ်အထိ နှိမ့်ဆင်း၍အမျိုးအစားများကို ခွဲကြည့်လျှင်   (က) Coercive power ( ခြိမ်းခြောက်ဖိအားပေးသောပါဝါ) (ခ) Rewarding Power (ဆုချခြင်းကဲ့သို့သောလုပ်ရပ်မျိုးဖြင့် ချုပ်ကိုင်သောပါဝါ) (ဂ)Legitimate Power (ဌာနအရာရှိပါဝါကဲ့သို့) (ဃ)Expert Power  (င)Referent Power (ဆယ်လီဘရစ်တီတို့တွင်ရှိသည့်ပါဝါ)  ထိုကဲ့သို့ ပါဝါသဘောတရားများကို နိုင်ငံတကာဆက်ဆံရေးတွင်လဲ နှိုင်းယှဉ်ချိန်ဆလေ့လာနိုင်သည်။   ထို့ပြင် ထိုပါဝါများကို နှိုင်းယှဉ်၍ အပြန်အလှန် ပါဝါဂိမ်းများ ကို ကစားကြပါသည်။ ထိုသို့ ပါဝါဂိမ်းများကို နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင်တွေ့မြင်နိုင်သကဲ့သို့ အုပ်ချုပ်သူနှင်င့်္အတိုက်အခံကြားတွင်လဲ တွေ့မြင်ရတတ်ပြန်ပါသည်။ ထိုဂိမ်းများကို ယေဘုယျခွဲကြည့်လျှင်  (1)Authority Games (2)Power Based Games (3)Rivalary Games (4) Change Games  စသဖြင့်တွေ့ရပေသည်။   စူပါပါဝါဆိုသည်မှာ နူစစ်ပွဲဆင်နွဲရန်အင်အားတောင်င်္င့်္တင်းခြင်းနှင့် ကမ္ဘာ့စစ်ပွဲများ၊ အရေးအခင်းများတွင် တပ်မများစေလွှတ်ဆုံးဖြတ်စေနိုင်လောက်အောင် ဓန၊စစ်ရေးတောင့်တင်းသောနိုင်ငံများဖြစ်သည်။ မောဂျာပါဝါဆိုသည်မှာ စူပါပါဝါတို့လောက် အင်အားမတောင့်တင်းသော်လဲ စစ်ရေးအသုံးစရိတ်များသုံးစွဲနိုင်ပြီး ဓနအင်အားအခြားနိုင်ငံများထက်တောင့်တင်းသောနိုင်ငံများဖြစ်ကြသည်။ ဒေသတွင်းအင်အားကြီးပါဝါဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား သိသိသာသာ အင်အားသာနေသူများဖြစ်ကြသည်။   ထိုအခါ ပါဝါသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ်များစွာသက်ရောက်နိုင်သဖြင့် စူပါပါဝါ၊ မေဂျာပါဝါများကို တုန့်ပြန်နိုင်ရန် နိုင်ငံငယ်များက စုဖွဲ့မှုများပြုလုပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပမာ အာဆီယံ။ ထိုသဘောတရားကို ပါဝါမျှခြေထိန်းခြင်း Power Balancing ဟုခေါ်ပါသည်။   Ref; Wiki, International Relations Text, Dr Sai Khaing Myo Tun(IR)


နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါလာသည်မှာ National Power ဖြစ်သည်။ ပါဝါအဆင့်ကို အမျိုးမျိုးခွဲခြားထားသည်။ Super power, Major Power, Regional Power, Weak States ဟူ၍ အကြမ်းဖျင်းမြင်နိုင်သည်။ ပါဝါအပေါ်တွင် မူတည်၍ ဆက်ဆံကစားရသော အခင်းအကျင်းကို Power Politics ဟုခေါ်ကြသည်။ ပါဝါဟူသည်မှာ နိုင်ငံတစ်ကာ ဆက်ဆံရေးတွင် ဆက်ဆံရသော နှစ်နိုင်ငံ အကြား လွှမ်းမိုးမှုရရှိရန်အတွက် အရေးပါသော စွမ်းအားဖြစ်သည်။ အီတလီနိုင်ငံေ၇းသမား မာခီယာဗယ်လီက "Might is right" ဟုဆိုခဲ့သည်နှင့် သဘောအတူတူဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပါဝါ သုံးမျိုးရှိသည်။
ထိုသည်တို့မှာ

(၁) စစ်ရေးပါဝါ
(၂) စီးပွားရေးပါဝါ
(၃) နိုင်ငံရေးပါဝါ နှင့်

အခြားတစ်မျိုးမှာ အိုင်ဒီယိုလိုဂျီပိုင်းလွှမ်းမိုးမှု ပါဝါ ဖြစ်သည်။ ဥပမာ စစ်အေးခေတ်က ဆိုဗီယက်နှင့် ကန် အိုင်ဒီယိုလိုဂျီပါဝါအားပြိုင်ပွဲအတွင်း Proxy Wars များဖြစ်ပွားခဲ့သည်ကိုတွေ့မြင်ရမည်။

စစ်ရေးပါဝါကို Tangible Power (တိုင်းထွာထိတွေ့နိုင်သောပါဝါ)ဟုခေါ်ကြသည်။ မြင်သာထင်သာရှိသည်။ ဥပမာအမေရိကန်သည် စစ်ရေးစူပါပါဝါဖြစ်သည်။ စစ်ရေး၏ နောက်ကွယ်တွင် စီးပွားရေး၊ နည်းပညာ၊ ရင်းမြစ် (Resources) ဟူ၍ ထောက်ပံ့ပေးထားသော အချက်များရှိလေသည်။

နိုင်ငံရေးပါဝါ (Political Power of a Nation) ဟူသည်မှာ Intangible (တိုင်းထွာရန် ခက်ခဲ)သည့်အမျိုးအစားဖြစ်သည်။ ထိုနိုင်ငံရေးပါဝါတောင့်တင်းမှုကို ပြည်တွင်းအမျိုးသားစည်းလုံးညီညွတ်မှု (National Solidarity)၊ နိုင်ငံတကာအလယ်တွင် ယဉ်ကျေးမှုပိုင်းသန်စွမ်းမှု (Strong Cultural Popularity) နှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ဆုံးဖြတ်ချက်များတွင် လွှမ်းမိုးနိုင်မှု (Influencing international organizations and protocols) စသည်တို့ကို တွေ့ရှိနိုင်ပေမည်။

ပါဝါကိုတစ်ဦးချင်းလယ်ဗယ်လ်အထိနှိမ့်ဆင်း၍အမျိုးအစားများကို ခွဲကြည့်လျှင်

(က) Coercive power ( ခြိမ်းခြောက်ဖိအားပေးသောပါဝါ)
(ခ) Rewarding Power (ဆုချခြင်းကဲ့သို့သောလုပ်ရပ်မျိုးဖြင့် ချုပ်ကိုင်သောပါဝါ)
(ဂ)Legitimate Power (ဌာနအရာရှိပါဝါကဲ့သို့)
(ဃ)Expert Power
(င)Referent Power (ဆယ်လီဘရစ်တီတို့တွင်ရှိသည့်ပါဝါ)

ထိုကဲ့သို့ ပါဝါသဘောတရားများကို နိုင်ငံတကာဆက်ဆံရေးတွင်လဲ နှိုင်းယှဉ်ချိန်ဆလေ့လာနိုင်သည်

ထို့ပြင် ထိုပါဝါများကို နှိုင်းယှဉ်၍ အပြန်အလှန် ပါဝါဂိမ်းများ ကို ကစားကြပါသည်။ ထိုသို့ ပါဝါဂိမ်းများကို နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင်တွေ့မြင်နိုင်သကဲ့သို့ အုပ်ချုပ်သူနှင်င့်္အတိုက်အခံကြားတွင်လဲ တွေ့မြင်ရတတ်ပြန်ပါသည်။ ထိုဂိမ်းများကို ယေဘုယျခွဲကြည့်လျှင်

(1)Authority Games
(2)Power Based Games
(3)Rivalary Games
(4) Change Games
စသဖြင့်တွေ့ရပေသည်။

စူပါပါဝါဆိုသည်မှာ နူစစ်ပွဲဆင်နွဲရန်အင်အားတောင်င်္င့်္တင်းခြင်းနှင့် ကမ္ဘာ့စစ်ပွဲများ၊ အရေးအခင်းများတွင် တပ်မများစေလွှတ်ဆုံးဖြတ်စေနိုင်လောက်အောင် ဓန၊စစ်ရေးတောင့်တင်းသောနိုင်ငံများဖြစ်သည်။ မောဂျာပါဝါဆိုသည်မှာ စူပါပါဝါတို့လောက် အင်အားမတောင့်တင်းသော်လဲ စစ်ရေးအသုံးစရိတ်များသုံးစွဲနိုင်ပြီး ဓနအင်အားအခြားနိုင်ငံများထက်တောင့်တင်းသောနိုင်ငံများဖြစ်ကြသည်။ ဒေသတွင်းအင်အားကြီးပါဝါဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား သိသိသာသာ အင်အားသာနေသူများဖြစ်ကြသည်။

ထိုအခါ ပါဝါသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ်များစွာသက်ရောက်နိုင်သဖြင့် စူပါပါဝါ၊ မေဂျာပါဝါများကို တုန့်ပြန်နိုင်ရန် နိုင်ငံငယ်များက စုဖွဲ့မှုများပြုလုပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပမာ အာဆီယံ။ ထိုသဘောတရားကို ပါဝါမျှခြေထိန်းခြင်း Power Balancing ဟုခေါ်ပါသည်။

Ref; Wiki, International Relations Text, Dr Sai Khaing Myo Tun(IR)

 Myo Set
Myo Set

ပြည့်အင်အား

0
0
by Thanda Win (Notes) on Tuesday, March 26, 2013 at 6:51pm

military expenditure with GDP
 ခိုင်မာတောင့်တင်းသော စီးပွားရေးမရှိပဲ ခိုင်မာတောင့်တင်းသော စစ်တပ်မရှိနိုင်၊
ခိုင်မာတောင့်တင်းသော စစ်တပ်မရှိပဲ စင်္ကာပူ မရှိနိုင်ချေ။ ( လီကွမ်ယု )

အစစ အရာရာမှာ စင်္ကာပူနဲ့တူချင်တဲ့ မြန်မာတွေကလည်း အားကျမခံပါပဲ။


တပ်မတော် အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည် တဲ့။

ထိပ်ဆုံးက စီးပွားရေးအကြောင်းတော့ တစ်ကွက်ချန်ခဲ့တာပေါ့လေ။

နားလည်ပေးနိုင်ပါတယ်။

တရုတ်ပြည်မှာ လူဦးရေ သန်း တစ်ထောင်ကျော်
အိန္ဒိယပြည်မှာ လူဦးရေ သန်းတစ်ထောင်ကျော်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း ၁၇၀ ကျော်နဲ့ ကမ္ဘာ့အဆိုးဆုံး လူဦးရေပေါက်ကွဲမှုဖြစ်နေတဲ့ဒေသ

ဒီနိုင်ငံတွေကြားထဲက လူဦးရေ သန်း ၅၀ နဲ့ တောင်အာရှရဲ့ လက်ဆောင်မွန်၊ ဆီတိုင်ကီ မြန်မာပြည်မှာ စစ်တပ်ဟာ မရှိမဖြစ်ဆိုတာကို။

စစ်တပ်ကလည်းနားလည်ပေးရမယ်လေ။

တပ်ကို တင်ကျွေးထားရမယ့် ပြည်သူတွေကိုယ်တိုင် ထမင်းဝဖို့လိုတဲ့အကြောင်း။

ဦးပိုင်ကရှာကျွေးတာလဲ တကယ်စားရတာမှ မဟုတ်တာ။ နာမည်ပဲဟာ။

မြန်မာ့စီးပွားရေး ချွတ်ခြုံကျခဲ့တာ နှစ် ၅၀ ရှိပါပြီ။

ဆန်အိုးထဲမှာ ဆန်မရှိပဲနဲ့ အတူနေတာကြာလာတော့ အိမ်ကြက်ချင်းပဲ သတ်စားရတော့မလိုလို။

ဒါကြောင့်ပဲ ထမင်းတစ်နပ်လျှော့စားဖို့ ပြောတာလားတော့ မသိ။ လူနည်းသွားလေ ကောင်းလေမို့လား။

တပ်မတော်သားတစ်ဦးက စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ စစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အင်အားကြီးလာပါတယ် တဲ့။

တကယ်ဟုတ်ရဲ့လား။

အင်အားဆိုတာ ခေတ်မီလက်နက်တွေကို ခေါ်တာလား၊
လူအင်အားကို ခေါ်တာလား၊
ပြည်သူလူထုအတွက် အသက်စွန့်မယ့် စိတ်ဓါတ်တွေကို ခေါ်တာလား။

တကယ်ပဲ ရင်ဘောင်တန်းနိုင်ပါသလား။

မြင်သာတာတွေ အရင်ကြည့်ရအောင်ပါ။

မြန်မာ=  Main battle tanks  ၈၀၀   ။   Frigates ၄    ။  Combat Aircrafts  ၁၂၈

ဘင်္ဂလားဒေ့ရှ် = Main battle tanks ၆၆၂။ Frigates ၅။ Combat aircrafts ၁၀၀



ထိုင်း = Main battle tanks ၅၅၂။ လေယာဉ်တင်သင်္ဘော ၁။ Frigates ၆။ Corvette ၅။ Patrol Boat ၁၀၉။ Combat Aircrafts ၁၄၄။ Attack Helicopter ၄။

အိန္ဒိယ = Main battle tank ၅၉၇၈။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၆ ။ Cruiser ၀။  Destroyer ၁၈။ Frigate ၂၈။ Corvette ၃၆။ Patrol Boat ၅၄။  Nuclear submarine ၂။ Submarine ၁၈။ Combat aircraft ၁၀၈၀။ Attack helicopter ၁၄၀။ Nuclear weapon ၉၀-၁၀၀။

တရုတ်  = Main battle tank ၉၀၀၀။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၂၇ ။ Destroyer ၂၇။ Frigate ၄၈။ Corvette  ၁၅။ Nuclear submarine  ၁၀။ Submarine  ၄၀။ Combat aircraft ၁၅၀၀။ Nuclear weapon ၂၄၀။

ကိန်းဂဏာန်းတွေမှာတင် စိတ်ပျက်စရာကောင်းနေပါပြီ။

အဲဒီပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းကို ထည့်မတွက်ရသေးပါဘူး။

မကြာသေးခင်က မြန်မာ့စစ်ရေယာဉ်ကြီး ထိုင်းနိုင်ငံဆိပ်ကမ်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးဆိုက်ကပ်တဲ့သတင်းမှာ ကစားစရာစက္ကူလှေကလေးဖြစ်မနေတာ တော်ပါသေးရဲ့။

လူအင်အားကကောတဲ့။

ဆရာသိန်းဖေမြင့်ကတော့ ရေးခဲ့ပါတယ်။ တရုတ်ပြည်က စစ်သားတွေ မြောက်ပိုင်းမှာ စုပြီး အပေါ့သွားရင်တောင် ငါတို့ မြန်မာပြည် ရေထဲမျောသွားမယ်တဲ့။

အားတက်စရာကြီး။ ဒါကြောင့် ကြောက်ရတယ်ပြောတာပေါ့။ တည့်တည့်ပြောတော့လဲ နားထောင်မကောင်းဘူးပေါ့လေ။

လူတိုင်းစိတ်ဝင်စားတဲ့ စစ်စားရိတ်ကို ကြည့်ပါဦး။

GDP ရဲ့ ၂၀ ရာနှုန်းကျော်ကို ရဲရဲတောက်အသုံးပြုနေတာ ဂုဏ်ယူစရာကြီး။ ပတ်ဝန်းကျင် အိမ်နီးချင်း ဘယ်နိုင်ငံမှ ၁၀ ရာနှုန်းမကျော်။ ပြထားတဲ့ မြေပုံမှာကြည့်ရင် အစိမ်းရောင်တွေကြားထဲမှာ ခရမ်းရောင်လေးဆိုတော့ ထင်ရှားပါ့။

ကိုယ်တိုင်စိတ်ဝင်စားမိတာကတော့ လတ်တလောကုန်ကျစားရိတ်ပါ။ ကချင်စစ်ပွဲမှာ အစိုးရဘက်က ဒေါ်လာ ၆၅ သန်းနဲ့ ကေအိုင်အေက ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ စုစုပေါင်း ဒေါ်လာ ၇၅ သန်းကို လက်နက်ရောင်းသူ ပေါက်ဖော်ကြီးအား အသက်ပေါင်းများစွာနှင့် တကွပူဇော်ခြင်းပေါ့လေ။ သာဓု၊ သာဓု။ နောက်လဲဝယ်ဦးနော်။

ဒါနဲ့ စကားမစပ် လည်၊ ဆည်ဝန်ကြီးက ထမင်းတစ်နပ်လျှော့စားပြီး ဆပ်ခိုင်းနေတဲ့အကြွေးက ကျပ်ငွေသန်းပေါင်း ၆ ထောင် ( ဒေါ်လာ ၇ သန်း ခန့်) ပါ။ လယ်သမားတွေကို နောက်ထပ် ၁၀ ခါ ချေးခိုင်းရင် စိတ်ဆိုးမှာလားဟင်။ သူတို့ကမှ ထမင်းရှင်အစစ်ပါ။ သူတို့သာ စပါးမစိုက်ရင် ငတ်လို့သေတာ ကြာ။

မိမိအဖွဲ့အစည်းကို တိုးတက်ခေတ်မီစေလိုတာ ကောင်းတဲ့ရည်ရွယ်ချက်ပါ။ ထားသင့်ထားအပ်တဲ့ စိတ်ထားပါ။

လက်နက်ကြီးတွေကောင်းရုံမက စိတ်ဓါတ်ကလည်း ပြည်သူထဲက ပြည်သူ့တပ်မတော် ဖြစ်ထိုက်တာပေါ့။

ဘာစိတ်ဓါတ်လဲလို့ အော်လိုက်ရင် အောင်ဆန်းစိတ်ဓါတ်လို့ ဖြေတယ်မို့လား။
ရင်ထဲကလာမှ စိတ်ထဲကပါမှ ကောင်းတာနော်။

အသက်ကိုစွန့်လို့ ကာကွယ်စောင့်ရှောက်ရသူများမှာ စွန့်ဝင့်လောက်အောင်လည်း အတုန့်အလှည့်ရသင့်တာပေါ့နော်။ မေတ္တာရှိမှ မေတ္တာလာတာကိုး။ ဆဲစာတွေ ရပ်ကြပါ။

ယုံမှတ်လို့ ပုံအပ်ကြရမယ့်ပြည်သူများအမြင်မှာလဲ အားကိုးလောက်ဖွယ် လေးစားမြတ်နိုးစရာပုံရိပ်တွေ ဖြစ်သင့်တာပေါ့။

အမှိုက်ကျုံးသမားကို ဘယ်သူအားကိုးမလဲ။ အကြမ်းဖက်သမားလာရင် သူထိပ်ဆုံးကပြေးမှာလေ။

တစ်နိုင်ငံလုံးကို အငတ်ထားတယ်ဆိုရင်တောင်မှ အသေခံတိုက်ရသူများကို ၀လင်အောင် ကျွေးမွေးစောင့်ရှောက်သင့်တာပေါ့လေ။
အခုတော့ ရှေ့တန်းမှာ စားရတဲ့ဆန်တွေအကြောင်း၊ နောက်တန်းမှာ ဝေတဲ့ရာရှင်တွေအကြောင်း၊ လမ်းပေါ်မှာမြင်တဲ့ စစ်ပြန်တွေအကြောင်း ကြားမကောင်း၊ ရှူမကောင်း။

ဒီတောင်ကို ဒီမောင်တွေနဲ့ ဘယ်လိုများကျော်မှာပါလိမ့်။

ပြန်မေးကြည့်ဦးမယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလဲ ဒီလိုပဲလား။

တစ်ခါတုန်းက တပ်မတော်သား ဗိုလ်မှူးဟောင်းတစ်ယောက်က ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲတွေဆင်နွှဲခဲ့တဲ့အကြောင်းတွေ လွမ်းမောဖွယ်ပြန်ပြောပြပါတယ်။ ထိုင်းစစ်သားတွေမှာ လက်နက်ကရိယာစုံလင်တဲ့အကြောင်း၊ ထမင်းချိန်ဆိုရင် ရဟတ်ယာဉ်တွေနဲ့ ထမင်းဗူးတွေ လာပို့တဲ့အကြောင်း၊ မြန်မာစစ်သားများကတော့ လက်တစ်ကမ်းဟင်းချိုလို့ ခေါ်ကြတဲ့ ရရာဟင်းရွက်များနဲ့ ချက်ပြုတ်စားသောက်ကြတဲ့အကြောင်း၊ ညအချိန်မှာ ထိုင်းနယ်စပ်ဖက်က မီးတွေထိန်ထိန်လင်းနေပေမယ့် ချောင်းကလေးသာခြားတဲ့ မြန်မာနယ်စပ်မှာတော့ မှောင်မဲနေပြီး မှိတ်တုတ်မှိတ်တုတ်မီးအိမ်ကလေးတွေသာ မြင်ရတဲ့အကြောင်းတွေပါ။

ထိုင်းစစ်သားများက မြန်မာစစ်သားများကို ခွင့်ပန်ထားတာက မင်းတို့ အထက်က တိုက်ခိုင်းတဲ့အခါ ငါတို့ကိုပြောပါ၊ ငါတို့ဆုတ်ပေးပါ့မယ် တဲ့။ အံ့သြမိလို့ ကြွားများကြွားနေသလားလို့တောင် ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းစစ်သားတွေဆိုတာ ပြည့်ပြည့်စုံစုံထောက်ပံ့ထားတာမို့ ပျော်စရာကောင်းတဲ့ဘ၀ကို အဆုံးမခံချင်ပါဘူးတဲ့။ မြန်မာစစ်သားများကတော့ သေမထူး၊ နေမထူး စိတ်ဓါတ်တွေကိန်းအောင်းနေတာမို့ တိုက်ဆိုတာနဲ့ အသေခံတိုက်တတ်ကြလို့ပါတဲ့။ အသက်ကို မက်မောတွယ်တာကြတာချင်းတူတာတောင် စွန့်လွှတ်မှုမှာ မတူကြရတဲ့အဖြစ်များနော်။ သတင်းစာထဲမှာ၊ အစိုးရချင်းဆွေးနွေးပွဲတွေမှာ ဘာတွေပဲပြောနေ ပြောနေ အောက်ခြေမှာတော့ ထိုင်းစစ်သားနဲ့ မြန်မာစစ်သားများဟာ ထမင်းထုပ်ချင်းတောင်လဲစားကြပါသတဲ့။ ဟောတော့ လို့သာရေရွတ်မိပါတော့တယ်။ သူတို့ကလည်း ကောင်းလွန်းတဲ့ထမင်းဗူးတွေကို ငြီးငွေ့၊ ကျွန်တော်တို့လည်း ငတ်နေတာကြာပြီဆိုတော့ အဆင်ပြေပါတယ်တဲ့။ ကြားဖူးလားဟင်။

မနှစ်တုန်းက ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်ရေးထားတဲ့ အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်လေသောအခါ ဆိုတဲ့ စာစုလေးထဲမှာ ဖတ်ရပါတယ်။

ငြိမ်းချမ်းရေးမရခင်တုန်းကတော့ တံတားတစ်စင်းတွေ့ရင် ဒါကို ဖျက်ပစ်ဖို့ ယမ်းဘယ်လောက်သုံး ရမလဲဆိုပြီး စတွေးတာဗျ။ အခုတော့ တံတားတစ်စင်းဆောက်ဖို့ ဘိလပ်မြေဘယ်လောက်၊ သံချောင်းဘယ်လောက် ကုန် မလဲဆိုတာ တွေးနေရပြီ တဲ့။

ဖျက်ခြင်းနဲ့ တည်ခြင်း ဘယ်ဒင်းက သာပါလဲ။

အထက်အမိန့်အရ လက်နက်ကိုင်ပြီး ပစ်ခတ်သတ်ဖြတ်ရပေမယ့်လည်း နောက်ဆုံးမှာတော့ လူဟာလူပါပဲလေ။

အားနာနာနဲ့ မေးတော့မေးကြည့်ပါရစေ။

တိုင်းပြည်တပြည် ပြန်ဆောက်ဖို့ဆိုရင်ကော။ ဘယ်လောက်ကုန်မှာလဲဟင်။

အိမ်တိုင်နွယ်ရစ်လယ် တောဖြစ်သွားတာ ရွာငယ်လေးမှ မဟုတ်တာပဲလေ။

( ဓါတ်ပုံများကို ဂူးဂဲမှ ကူးပါသည်။ )

(၆၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အတွေး

0
0
 
 
မြန်မာ့မြေမှ ဖက်ဆစ်ငပုတွေကို အတိအလင်း ဆန့်ကျင်တိုက်ခိုက်အောင်ပွဲခံခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီး နှစ်ပေါင်း (၆၈) နှစ်တင်းတင်းပြည့်ခဲ့ပြီ။
သို့သော် မြန်မာ့မြေပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ဂျပန်ဓားများကတော့ ယနေ့တိုင် အသွားထက်နေတုန်း။
ထိုအသွား ထက်ထက် ဓားလက်နက်ကို မြန်မာပြည်အကျိုးရှိအောင် ဘယ်လို အသုံးပြုကြမလဲ။
ဓားရေးကျွမ်းသူများ စဉ်းစားစရာ။
မတရားကျူးကျော်နယ်ချဲ့ပြီး မြန်မာနိုင်ငံသားတို့အပေါ် လူမဆန် ရက်ရက်စက်စက် ဖိနှိပ်အုပ်စိုးတဲ့ ဖက်ဆစ် မိစ္ဆာတွေကို တွန်းလှန်ချေမှုန်းနိုင်ခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ အောင်ပွဲအား အစဉ်ဦးညွှတ် အလေးပြုပါ၏။
 
Photo
Photo: MILAN 2010- CITY PARADE  March Past by MYANMAR Contigent in the MILAN 2010- CITY PARADE at Port Blair on 07-02-10 (evening).

စစ်ရေယာဉ်-မဟာဗန္ဓုလ၏ ( LIMA 2013 ) ခရီးစဉ်

0
0

Myanmar Navy and LIMA 2013 မြန်မာ့တပ်မတော်(ရေ)မှ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး နေမျိုးဆက် (ယာယီဗိုလ်မှူးကြီး) ဦးဆောင်၍ စစ်ရေယာဉ်-မဟာဗန္ဓုလ သည်

ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Langkawi International Maritime & Aerospace Exhibition ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ မတ်လ(၂၂)ရက်နေ့တွင် ထွက်ခွာသွားခဲ့ရာ Langkawi သို့ မတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် ဦးဆောင်သော Delegation အဖွဲ့သည် လေကြောင်းခရီးဖြင့် ယနေ့နံနက်ပိုင်းတွင် Langkawi သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။ အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှလည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။ မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILAN သို့သာ စစ်ရေယာဉ်များ စေလွှတ်ခဲ့ပြီး ယခုအကြိမ် LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။ LIMA သည် ၁၉၉၁ ခုနှစ်မှ (၂)နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2013 သည် (၁၂)ကြိမ်မြောက် ဖြစ်သည်။ LIMA 2013 တွင် စစ်ဖက်/ အရပ်ဖက် နှင့် လုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးအတွက် ရေကြောင်း နှင့် လေကြောင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်း လေယာဉ်၊သင်္ဘောအပါအဝင် (ကြီး/ငယ်)အမျိုးမျိုးအား Indoor / Outdoor / On-Water တွင် ခင်းကျင်းပြသခြင်း၊မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ်အမျိုးမျိုး လက်တွေ့စွမ်းရည်ပြသခြင်း၊Conference နှင့် Seminars အမျိုးမျိုး ဆောင်ရွက်ခြင်း၊စစ်ရေယာဉ်များမှ ဧည့်သည်များဖိတ်ကြားလက်ခံ၍ နေ့လည်စာ (သို့မဟုတ်) ညစာဖြင့် တည့်ခင်းဧည့်ခံခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန် လေ့လာလည်ပတ်ခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရှိရပါသည်။ ထို့ပြင် နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ စစ်ရေယာဉ်များအပါအဝင် ရေယာဉ်မျိုးစုံ (၆၃)စီး ၊Aerial Display လေယာဉ်မျိုးစုံ (၃၀)စီး၊ Static Display လေယာဉ်မျိုးစုံ (၄၈)စီး နှင့် နိုင်ငံတကာမှ Delegation အဖွဲ့ပေါင်း (၃၀၀) ကျော်ခန့် ပါဝင် တက်ရောက်မည် ဖြစ်သည်။ (၆၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤရုပ်သံ သတင်းမှတ်တမ်းအား ဖော်ပြအပ်ပါသည်။

"လူသည်ကား-လူ"

0
0


by Ter Tee (Notes) on Thursday, March 28, 2013 at 1:03pm
- သာဓု



သာဓု စာရေးဆရာဖြစ်မှန်းမသိ ဖြစ်လာပြီးနောက် နာမည်ကလေးရလာသည်နှင့် ခေတ်ပြိုင်စာရေးဆရာအတော်များများ (အထူးသဖြင့် လက်ဝဲယောင်ယောင်)များက သာဓုအား အရင်းရှင်ဘက်တော်သား ဓနရှင်စာရေးဆရာ စသည်ဖြင့်၎င်း ၊ လက်ျာစာရေးဆရာအချို့ကလည်း စာရေးဆရာအနုပညာသည်မဟုတ်သော ဆုမ္မစာရေးသမား ၊ သြ၀ါဒရေးဆရာစသည်ဖြင့်၎င်း - ကိုယ်သန်ရာ စကားလုံးများဖြင့် ကင်ပွန်းတပ်ကြသည်။



လူတကိုယ်စိတ်တမျိုးဆိုသည်ကို သာဓုနှလုံးသားထဲက လက်ခံသည်။ သာဓုငယ်စဉ်ကတည်းက စာဖတ်ဝါသနာထုံသည်။ (ရေးရန်ကိုကား တကြိမ်သာ အရူးထခဲ့သည်။) ဤသည်မှာလည်း သူငယ်ချင်းတစ်ယောက် အောင်ကျော် အမည်ဖြင့် ရွှင်ပျော်ပျော်တိုက်သို့ ၀တ္ထုတစ်ပုဒ်ရေးပို့ရာတွင် သူအောင်မြင်သွားသဖြင့် အားကျမခံစိတ်ဖြင့် "သန်းဖေမောင်" ဟူသော ကလောင်အမည်တပ်ပြီး ၀တ္ထုတစ်ပုဒ် ရေးပို့ဖူးသည်။ (ပယ်လိုက်လေသတည်း။) ပြန်စာမှတ်ချက်တွင်လည်း အများကြီးလိုပါသေးသည် ၊ ဆက်ကြိုးစားပါဦး ဟူ၍ ပါလာသဖြင့် သူတို့၏အများကြီးလိုသော မှတ်ချက်သည် အတိုင်းအတာမရှိသောကြောင့် နောက်ထပ် သာဓုမရေး။ အဖတ်သမားဘ၀တွင်ပင် ရပ်တည်နေခဲ့သည်။


ဖတ်ရာတွင်လည်း သာဓု ဂျီးများသည် ၊ ရွေး၍ဖတ်သည်။ မှတ်သားစရာ ပညာ-ဗဟုသုတ ဘာမျှမပါသော စာပေဆိုလျှင် ၀ယ်ရန်မဆိုထားဘိ ၊ အခမဲ့ရသည့်တိုင် အချိန်ကုန်ခံ၍ မဖတ် ၊ စာရေးသူဖြစ်လာသောအခါတွင်လည်း စာရှုသူအား တခုခုပေးနိုင်မှ ရေးချင်၏။ ငွေကုန် ၊ အချိန်ကုန် ၊ အညောင်းမိ စာမျိုးဖြင့် ပရိတ်သတ်ကို ဒုက္ခမပေးလို။


စေတနာ၏အကျိုးကိုယုံသော သာဓုသည် ပြည်သူအားအကျိုးပြုမည်ထင်သည့်စာများသာ ရေးခဲ့သည်။ ပြည်သူကလည်း စေတနာတုံ့ပြန်ကြသည်။ သာဓုစာအုပ်ထွက်ပြီဆိုလျှင် လက်မလည်အောင်ရောင်းရသည်။ အကောင်းဆုံး ပုံနှိပ်စက်အသစ်များ ၀ယ်လာနိုင်သည်။ တိုက်နှင့်ကားနှင့် နေနိုင်လာသည်။


ဤသည်ကို ဓနရှင်စာရေးဆရာဟု အမည်တပ်လာကြသည်။ ရေးဖော်ရေးဖက် လက်ဝဲစာရေးဆရာ တယောက်ကမူ သာဓုအား ကြေးစား စာရေးဆရာဟု ခါးခါးသီးသီး ဝေဖန်သည်။ ..........



                 *******                  *******                   *******



..........  ထိုသို့သော အစွန်းရောက် စာရေးဆရာ အတော်များများနှင့် သာဓုတို့ အယူအဆချင်း မတူညီကြသည့်အတိုင်း ပြင်းပြင်းထန်ထန် စာအပြန်အလှန် ဝေဖန်လေ့ရှိကြသော်လည်း သူတို့သည် သာဓုထံသို့ မလာဘဲမနေနိုင်။ လာပြန်လည်း တ၀တပြဲစားပြီးမှ ပြန်လေ့ရှိကြသည်။


ထိုအထဲတွင် အယူအသည်းဆုံး ခေါင်းအမာဆုံး စာရေးဆရာတယောက်ကား ကလေးအလွန်ချစ်တတ်သည်။ သာဓုကိုလည်း ချစ်သည်။ အချိန်ရသည်နှင့်ရောက်လာတတ်ပြီး မောင်ဝဏ္ဏ ၊ မောင်ဗလ (သုမောင်) တို့နှင့် ကစားတတ်သည် ၊ မြှူသည်။ သူ့ဂုတ်ပေါ်တင်၍ လျှောက်လည်တတ်သည်။ ကလေးများနှင့်တွေ့လျှင် နူးညံ့ပျော့ပျောင်းနေသလောက်
သာဓုနှင့် ရင်ဆိုင်မိလျှင် ခနိုးခနဲ့နှင့် စကား စတတ်သည်။


"ဟေး .... အရင်းရှင်အစ်ကို ၊ ဆာတယ်ဗျာ .... လက်ဖက်ရည်တိုက် ...."


မောင်ဝဏ္ဏတို့နှင့် ချော့မြှူကစားရာတွင်ပင် .....  "မင်းတို့နော်.... ကြီးလာရင် ဦးလေးလို ပြည်သူ့ဘက်တော်သားဖြစ်ရမယ် ၊ မင်းတို့အဖေ လမ်းစဉ်မလိုက်နဲ့ ၊ သူက လူ့မလိုင်စာရေးဆရာကွ"


ကလေးများနားမလည်သော စကားလုံးများဖြင့်ပင် သာဓုကို မကြားတကြားရိတတ်သေး၏။ သို့သော်....သူ့စိတ်ရင်း အလွန်ကောင်းသည်။ ဆင်းရဲသော လူတန်းစားကို အလွန်သနားတတ်သည်။ သူ့အိတ်ထဲ၌ ငွေနှစ်ကျပ်ရှိလျှင် တကျပ်ဖဲ့ပေးရန် ၀န်လေးသူမဟုတ်။ သူသည် ကားပေါ်ကလူကို မုန်းသလောက် လမ်းပေါ်ကလူကို အလွန်ချစ်တတ်သည်လည်းဖြစ်၏။


တနေ့ .... သာဓုကားပျက်နေသဖြင့် သူနှင့်အတူ ရှုမ၀သို့ လမ်းလျှောက်လာကြစဉ် ဗိုလ်ချုပ်ဈေးအ၀င်၌ ဖြတ်မောင်းသွားသော မော်တော်ကားလေးအရှိန်ကြောင့် နှစ်ယောက်စလုံး ရေအစင်ခံလိုက်ရ၏။


"တောက်...."


သူသည် သို့လျှင် တောက် တချက် ခပ်ပြင်းပြင်းခေါက်လိုက်ပြီးမှ....


"တွေ့တယ်မဟုတ်လား အစ်ကို ၊ ကားပေါ်က လူတွေဟာ ဒီအတိုင်းဘဲ ၊ လမ်းပေါ်ကလူတွေကို နဲနဲမှ ဂရုမစိုက်ချင်ကြဘူး"


"တမင်လုပ်တာမှ မဟုတ်ဘဲ ညီလေးရာ ၊ အစ်ကိုတို့ ညီလေးတို့ကို သူသိလဲမသိ ၊ ရန်သူလဲမဟုတ်"


"ဟာ.... နဲနဲပါးပါး ရှောင်မောင်းပေါ့"


"ဒီမှာ ညီလေး ၊ အကိုက ကားမောင်းနေကျမို့ ကောင်းကောင်းသိနေပြီ ၊ သူရှောင်မောင်းလို့မရဘူး ၊ ဒီဘက်မှာ ကားတွေရပ်ထားတယ် ၊ ဟိုဘက်မှာက ဈေးသည်တွေ လမ်းပေါ်အထိချရောင်းနေတယ် မလွတ်ဘူး ၊ ခုလိုဘဲ သူမောင်းမှ ဖြစ်မယ်"


ဤအထိ သူမကျေနပ်သေး။


"ဒါဖြင့် ဖြေးဖြေးမောင်းပေါ့"


"ခု-မောင်းသွားတာလဲ ဆိုက်ကား အမြန်နှုန်းလောက်တောင် မရှိပါဘူး"


"ဒါတော့-အစ်ကိုက ကားရှင်မို့ ကားသမားဘက်ကလိုက်ပြောတာ"


"မဟုတ်ဘူးလေ ၊ ကဲ-ခုပြဿနာကို သေသေချာချာတွေး ၊ ကဲ-ဟိုမှာ ရှုမ၀တိုက်နားက ကားတစီးလာနေတယ် ၊ ဘေးကိုရေစင်သလား"


သူ-ထိုကားသို့စိုက်ကြည့်နေသည်။


"မစင်ဘူးနော် ၊ ကြည့်-ခုန အစ်ကိုတို့စင်တဲ့နေရာရောက်ရင် စင်လိမ့်မယ် ၊ ဟော....တွေ့လား ဟိုမှာ မိန်းမကြီးတွေ ရေစင်ကုန်ပြီ ၊ ဘာလို့စင်တာလဲ"


"ဂျိုင့်ရှိလို့...."


"အဲဒါဘဲ....ကားလမ်းမှာ ဂျိုင့်ရှိရင် ရေ၀ပ်မယ် ၊ ရေ၀ပ်နေရင် ကားဖြတ်သွားတိုင်း ရေစင်မယ် ၊ ဒါဘယ်သူ့မှာ တာဝန်ရှိသလဲ ၊ ညီလေးစဉ်းစားပေါ့ ၊ နောက်ပီး မော်တော်ကားဆိုတာက ရှောင်ချင်တိုင်း ရှောင်လို့ရတာ မဟုတ်ဘူး ၊ လူက သတိရှိဘို့ လိုတယ် ၊ ရေ၀ပ်နေတဲ့ကားလမ်းတွေ့ရင် အဲဒါ.... ဝေးဝေးက...."


"တော်ပါတော့ အစ်ကိုရာ ၊ ကားစီးနိုင်တဲ့လူတွေကိုက ဟင်း..."


"အေး- တနေ့လုပ်မှ တနေ့စားရတဲ့ ဘတ်စ်ကားဒရိုင်ဘာတွေလဲ ဒီအတိုင်းဘဲညီလေးရေ့ ၊ တခါတလေ သူတို့ကတောင်ပိုဆိုးချင်သေးတယ်"



                *******                        *******                       *******



ထိုနောက် များမကြာမီမှာပင် သာဓု စက္ကူသွားဝယ်ရန် ကားပေါ်အတက် သူရောက်လာပြီး


"ကလေးတွေ ကျောင်းက မပြန်သေးဘူး အစ်ကို ၊ ဒါဖြင့် ကျွန်တော်လဲ လိုက်မယ်ဗျာ ပျင်းတယ်"


သာဓုတို့ စက္ကူသွားဝယ်သည်။ ကားနှင့်အပြည့် တင်လာသည်။ ၀န်က လေးလွန်းသဖြင့် ကားဦးပိုင်းမော့နေသည်။ ခပ်ဖြည်းဖြည်းပင်မောင်းလာရပြီး ၊ ယောက်လမ်းကုန်းအတက်တွင် ဘုရားလမ်းဘူတာ အဆင်းဘက်မှ လက်တွန်းလှည်းတစီး အရှိန်နှင့် ဆင်းလာသည်။ ဗြုန်းကနဲ ရင်ဆိုင်တွေ့လိုက်ကြသဖြင့် သာဓုက တဖက်သို့ဆွဲပြီး ဘရိတ်ကို ဖမ်းလိုက်စေကာမူ လက်တွန်းလှည်းတွင် ဘရိတ်မပါ ၊ အရှိန်သတ်၍မရဖြစ်ကာ သာဓုကား ရှေ့တခြမ်းကို ၀င်ဆောင့်တော့၏။


"ဟာ- ဒီခွေးကုလားတွေ ၊ ငါဆင်းရိုက်ပြန်တော့မယ်"


ဆင်းရဲသားကို သနားတတ်သူ စာရေးဆရာက ဤလို ထကြိမ်းတော့၏။


"နေ နေ- အစ်ကိုဆင်းမယ်"


ကုလားများကား အလွန်အမင်းကြောက်နေသည်။ သာဓု ကားမီးခွက် အနည်းငယ်ပိန်သွားရုံသာရှိသဖြင့် ကုလားများအား "သွားတော့" ဟု မျက်နှာရိပ်ဖြင့်ပြရင်း ကားကိုပြန်မောင်းထွက်လာသည်။ သူလည်း ဘာမျှမပြော ၊ သာဓုလည်း ကိုယ့်အတွေးနှင့်ကိုယ် ခပ်ဖြေးဖြေးပင်မောင်းလာခဲ့သည်။


လမ်းပေါ်ကလူနှင့် ကားပေါ်ကလူ ၊ နေရာပြောင်းလိုက်သောအခါ လူသည် လူပါတကား။





("သာဓုလူဝါးဝတယ်"စာအုပ်မှ "လူသည်ကား-လူ" ဆောင်းပါးကောက်နှုတ်ချက်)

အင်စတီကျူးရှင်းတွေ တည်ဆောက်မယ့် အာရှ ကျားပေါက်တွေ

0
0

by Ye Myint Kyaw (Notes) on Sunday, March 24, 2013 at 11:18pm
 တိုင်းမ် မဂ္ဂဇင်း၊ Asia Business Council နဲ့ စင်္ကာပူက Lee Kuan Yew School of Public Policy ကျောင်းတို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်မှာ အသက် ၃၂ နှစ်အောက် အာရှလူငယ်တွေအတွက် အက်ဆေး ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ကျင်းပခဲ့ဖူးပါတယ်။


အက်ဆေး ခေါင်းစဉ်က “၂၀၂၀ ခုနှစ် အာရှရဲ့ စိန်ခေါ်မှု” (Asia’s Challenge 2020) ပါ။ နောက် ဆယ်စုနှစ်အတွင်း အာရှဒေသတစ်ခွင်မှာ ကြုံတွေ့ရမယ့် အကြီးဆုံးပြဿနာနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဘယ်လို ဖြေရှင်းကြမလဲဆိုပြီး ရေးခိုင်းတာပါ။

ပြိုင်ပွဲအတွက် ရေးသားလာတဲ့ အက်ဆေး ၄၀၀ ကျော်ထဲက အပုဒ် ၈၀ ကို တိုင်းမ်မဂ္ဂဇင်းအဖွှဲ့က ရွေးချယ်ပြီး စာအုပ်ထုတ်ပါတယ်။ အဲဒီ စာအုပ်နာမည်က “Through the Eyes of Tiger Cubs: Views of Aisa’s Next Generation” ပါ။ ပြိုင်ပွဲမှာ ပထမဆုရသွားသူက စင်္ကာပူမှာ ဆော့ဖ်ဝဲကုမ္ပဏီ ထူထောင်ဖို့ကြိုးစားနေတဲ့ အသက် ၂၆ နှစ်ရှိ Sarabjit Singh ဆိုတဲ့ အိန္ဒိယနိုင်ငံသား ကျားပေါက်လေး တစ်ဦးပါ။

အာရှတစ်လွှားမှ အလားအလာရှိတဲ့ လူငယ်ချာတိတ်တွေကို ကျားပေါက်လေးတွေ (Tiger Cubs) လို့  တင်စားခေါ်ပါတယ်။ ကျားပေါက်တွေ ရေးထားတဲ့ အာရှစိန်ခေါ်မှု အက်ဆေးတွေမှာ ပညာရေး၊ ၀င်ငွေမညီမျှမှု၊ လူဦးရေပြဿနာ၊ အိုးအိမ်ရွှေ့ပြောင်း ပြဿနာ၊ အုပ်ချုပ်ရေး ညံ့ဖျင်းတဲ့ ပြဿနာ၊ သဘာဝပတ်ဝန်းကျင်၊ အဂတိလိုက်စားမှု၊ ပထ၀ီနိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စနဲ့ အာရှတန်ဖိုး အထိ အကြောင်းအရာတွေ မျိုးစုံအောင်ပါပဲ။

အာရှလူငယ်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို အမြန်ဆုံး ထွေးပွေ့ကြိုဆိုခဲ့ကြတာဖြင့် တခြားဒေသထက် ပိုထူးခြားပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအောက်ကနေ အာရှကျားနိုင်ငံတွေ ရှောင်ရှားဖောက်ထွက်နိုင်ခဲ့တယ်။ အာရှတိုင်းပြည်တွေရဲ့ စီးပွားရေးတိုးတက်မှုက အာရှဒေသကြီးတစ်ခုလုံး စီးပွားရေး ဆူပါပါဝါဖြစ်လာဖို့ ထင်သာမြင်သာ ဖြစ်နေပါတယ်။

အဲဒီလို အမေရိကန်နဲ့ ဥရောပသားတွေက အာရှရဲ့ တိုးတက်လာမှုအပေါ် စိုးရိမ်စိတ် ၀င်နေကြချိန်မှာပဲ၊ အာရှလူငယ်တွေဟာ ဒေသရဲ့ ပညာရေးစနစ်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေး မကောင်းမှု၊ အလုပ်အကိုင်မလုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု စတာတွေကို စိတ်ပျက်နေရကြောင်း သူတို့ အက်ဆေးတွေမှာ အထူးဖော်ပြထားပါတယ်။


လူငယ်တွေ ရေးထားတဲ့အက်ဆေးတွေကိုကြည့်ရင် အာရှဒေသမှာ မျိုးဆက်အလိုက် အတွေးအမြင်တွေ သိသိသာသာ ပြောင်းလဲတာကို မြင်တွေ့ရပါတယ်။ အထူးသဖြင့် အာရှတိုင်းပြည်တွေမှာ သူတို့ ဘိုးဘွားတွေက တော်လှန်ရေး၊ လွတ်လပ်ရေး၊ ကိုလိုနီဆိုးမွေ၊ ပြည်တွင်းစစ်နဲ့ နာတာရှည် ဆင်းရဲမွဲတေမှုတို့အကြား အသက်ပေး ဖြတ်သန်းခဲ့ကြရတယ်။

နောက် သူတို့ မိဘတွေအလှည့်ကျတော့ အလုပ်ကို အပြင်းအထန် ကုန်းရုန်းလုပ်ခဲ့ကြတယ်။ သားသမီးတွေ လူတန်းစေ့နေရေးနဲ့ ပညာရေးအတွက် မိဘတွေက ဇွဲနပဲကြီးကြီး အလုပ်လုပ်ခဲ့ကြပါတယ်။ အာရှရဲ့ ထူးခြားတဲ့ ‘စီးပွားရေး ပဉ္စလက်’ ဟာ အဲဒီ အာရှမိဘတွေရဲ့ ဦးနှောက်နဲ့ ကြွက်သားတွေကြောင့် ပေါ်ထွက်လာတာလို့ လူငယ်တွေက ဖော်ပြထားပါတယ်။

အာရှက မိဘတွေရဲ့ သွေး၊ ချွေး၊ ပြင်းပြတဲ့ စိတ်ဓာတ်တွေနဲ့ ရာစုနှစ်ဝက်ကျော်အတွင်း အာရှဟာ မကြုံစဖူးတဲ့ စီးပွားရေး တိုးတက်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ အခု ရေးထားတဲ့ အက်ဆေးတွေမှာ အဖိုးအဖွားတွေ မိဘတွေရဲ့ ဓားတောင်နဲ့ မီးပင်လယ်ပြင်တွေ ဖြတ်သန်းခဲ့ရမှု၊ မျိုးဆက်အတွက် အနစ်နာခံခဲ့မှုတွေဟာ သူတို့အတွက် အလွန်ကျေးဇူးကြီးမားကြောင်း ကျားပေါက်တွေက ရေးထားပါတယ်။

သို့နှင့်တိုင် အာရှတိုင်းပြည်အများစုမှာ ဘိုးဘွားတွေနဲ့ မိဘတွေက သူတို့ဖြတ်သန်းတဲ့အချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလောက်ကိုပဲ အာရုံစိုက်ထားခဲ့ပြီး၊ အာရှဒေသတစ်ခုလုံးရဲ့ အရေးကိစ္စအပေါ် စဉ်းစားတာမျိုး အားနည်းခဲ့ကြောင်း သူတို့ အက်ဆေးတွေမှာ ဝေဖန်ထောက်ပြပါတယ်။


အခု သူတို့ အက်ဆေးတွေမှာ အာရှဒေသ နိုင်ငံတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ငွေကြေးပြဿနာ စတဲ့စိန်ခေါ်မှုတွေကို ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်း အဖြေရှာဖို့၊ ကြီးမားတဲ့ စီမံကိန်းတွေချကြဖို့ လိုတာကို အိပ်မက်ကြီးကြီးတွေနဲ့ ရေးထားပါတယ်။

ပါကစ္စတန်က Khawaja Ali Zubair ဆိုတဲ့ လူငယ်က “ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးနယ်နမိတ် ဘောင်ကျဉ်းကျဉ်းလေးကိုပဲ တွေးတာထက်၊ အာရှနိုင်ငံအားလုံးရဲ့ အရေးကိစ္စမျိုး အတိုင်းအတာကြီးကြီးနဲ့ တွေးဖို့ အချိန်ကျပြီ။ ဖြစ်နိုင်ရင် အာရှတိုက် တစ်တိုက်လုံးရဲ့ အရေးကိစ္စကို အာရှလူငယ်တိုင်းတွေးဖို့ အချိန်ရောက်ပြီ”လို့ သူ့အက်ဆေးမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်က Marikit G Manalang ဆိုတဲ့ လူငယ်ကလည်း သူ့အက်ဆေးမှာ“အာရှရဲ့ ချမ်းသာကြွယ်ဝမှုကို ဒေသတွင်းက နိုင်ငံအားလုံး မျှဝေရရှိစေမယ့် ရည်မှန်းချက်ပန်းတိုင်မျိုးဖြစ်အောင် ပေါ်လစီမိတ်ကာတွေ ချမှတ်ရမယ်”လို့ ရေးထားပါတယ်။

အက်ဆေးစာအုပ် အမည်အတိုင်း “ကျားပေါက်တွေရဲ့ မျက်စိကတစ်ဆင့် အာရှ အနာဂတ်ကို မြင်ကြည့်တာ” ကို တွေ့ရပါတယ်။ အာရှကျားပေါက်လူငယ်တွေဟာ သူတို့ ဘိုးဘွားတွေ မိဘတွေနဲ့ မတူအောင် သူတို့ခေတ်မှာ မကြုံစဖူးတဲ့ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိလာပါတယ်။


ကျားပေါက်တွေဟာ မော်ဝါဒနဲ့ ဆိုဗီယက်ယူနီယံအကြောင်း တမြုံမြုံ အမှတ်ရနေသူတွေ မဟုတ်ဘူး။ တယူသန်အတွေးအခေါ် မှိုင်းသွင်းရိုက်ထည့်တာမျိုးကို လက်ခံမယ့်သူတွေမဟုတ်ဘူး။ သူတို့ဟာ ဆဲ့တလိုက် တီဗီကြည့်ပြီး အင်တာနက်မှာ အချိန်ပေးထားသူတွေ ဖြစ်တယ်။ အင်ဖော်မေးရှင်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ ရှင်သန်သူတွေ ဖြစ်တယ်။ လိုကယ်နဲ့ ဂလိုဘယ်ကို လယ်ဗယ်ညှိရေး တွေးနေသူတွေ ဖြစ်တယ်။ နောက်ဆုံးပေါ် ဖုန်းအကြောင်းဖြစ်ဖြစ်၊ အစိုးရမူဝါဒကိစ္စဖြစ်ဖြစ် သူတို့မှာ ကမ္ဘာကြည့် ကြည့်မြင်တဲ့ စိတ်ကူးအိုင်ဒီယာတွေ ရှိနှင့်နေပါတယ်။

အိန္ဒိယက Rohit Pathak ဆိုတဲ့ လူငယ်က “နောက်လာမယ့် ဆယ်စုနှစ်ဟာ အာရှဆယ်စုနှစ်ဖြစ်မယ်ဆိုတာဖြင့် ဘာသံသယမှ ရှိစရာ မလိုပါဘူး။ သို့သော် အကြီးမားဆုံးသော မဟာ့မဟာ အဟန့်အတားက ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး (poor governance) ပါပဲ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လမ်းကြောင်း အာရှမှာပေါ်ထွက်ဖို့ အကြီးမားဆုံး အဟန့်အတားက အဂတိလိုက်စားမှုပါပဲ”လို့ သူ့အက်ဆေးမှာ ရေးထားပါတယ်။

နောက် သူက အုပ်ချုပ်ရေးကောင်းဖြစ်ဖို့ နည်းပညာရဲ့ စွမ်းအားတွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူမှုရှိဖို့၊ သတင်းလွတ်လပ်ခွင့် ရှိဖို့ဆိုရင် အိုင်တီကို တွင်ကျယ်စွာ အသုံးချသင့်တယ်လို့ ပြောပါတယ်။


ကျားလူငယ်တွေဟာ မီဒီယာလှိုင်းတွေ အလျှံအပယ် စီးနေသူတွေမို့၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကလည်း ပိုကြီးမားလာပါတယ်။ သွားသုတ်သုတ် စားသုတ်သုတ်နဲ့ အလျင်စလိုနိုင်တဲ့ မျိုးဆက်ဖြစ်သလို၊ အစိုးရတွေနဲ့ ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့ကိုလည်း တစ်ဖက်က စိန်ခေါ် တောင်းဆိုနေကြတယ်။

အရင်မျိုးဆက်နဲ့ မတူဘဲ ထူးခြားတာက ကျားငယ်တွေဟာ အစိုးရရဲ့ စွမ်းအားကို ယုံကြည်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံတယ်။ အစိုးရနဲ့ အင်စတီကျူးရှင်းတွေကို အမြစ်က ဖြိုလှန်ပစ်ဖို့ထက်၊ အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ပိုကောင်းမွန်လာအောင် သူတို့ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့ အားထုတ်လာကြတယ်။ သူတို့ အသိပညာအင်အားတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အာရှဒေသကြီး တိုးတက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာရှကျားပေါက်တွေ စံထားတဲ့သူက ချီဂွေဗားရား မဟုတ်ဘဲ အိုဘားမား ဖြစ်နေတယ်။ မော်စီတုန်းနဲ့ ဟိုချီမင်း မဟုတ်ဘဲ ဘီလ်ဂိတ်နဲ့ မခ် ဇာကာဘဂ် ဖြစ်နေတာ သူတို့ အရေးအသားတွေမှာ တွေ့နိုင်ပါတယ်။ အနောက်ပညာရေးကို မှီခိုအားထား ကြပေမဲ့၊ သူတို့ရဲ့ အာရှကို အနောက်ဆင်ခြေဖုန်း မဖြစ်စေချင်တာကို တွေ့ရမယ်။ အရှေ့နဲ့ အနောက်ဆိုတဲ့ တံတိုင်းတွေဟာ ခေတ်အောက်နေတဲ့ အတွေးတွေလို့ သူတို့ မြင်ကြတယ်။


စင်္ကာပူက Loh Su Hsing ဆိုတဲ့ ကျောင်းသူက “အဓိကအချက်ကတော့ အာရှကို အနောက်နဲ့ အဆက်မဖြတ်ဖို့ပါ၊ ဒါပေမဲ့ အနောက်အပေါ်မှီခိုမှုကို လျှော့ချရမယ်၊ ဗဟုပုံစံကျင့်သုံးရမယ်၊ အာရှအတွက် ပုံစံသစ်ကို ရှာဖွေရလိမ့်မယ်”သူ့အက်ဆေးမှာ ရေးထားပါတယ်။

အက်ဆေးရေးသူ အားလုံးအတွက် သက်တောင့်သက်သာ မရှိဆုံးအကြောင်းအရာကတော့ တရုတ်နိုင်ငံရဲ့ အနာဂတ်ရေးအပေါ် ခန့်မှန်းချက်ပါ။ တရုတ်ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ လူငယ်တွေက မသေချာမရေရာ ခန့်မှန်းတာတွေကိုပဲ တွေ့ရတယ်လို့ အက်ဆေးရွေးချယ်ရေးကော်မတီက သုံးသပ်ပါတယ်။

သို့ပေမဲ့ စင်္ကာပူက Jesslyn Zeng ဆိုတဲ့ အမျိုးသမီးလေးက တရုတ်ပြည်အပေါ် အားလုံး စိုးရိမ်တာကို အဖြေရှာပေးပါတယ်။ သူက“အားလုံးအတွက် အကြီးမားဆုံး အိပ်မက်ဆိုးက တရုတ် တိုးတက်မှုကြောင့် ဖြစ်လာမှာ မဟုတ်ဘူး။ တရုတ် မတိုးတက်ရင်သာ အဲဒီ အိပ်မက်ဆိုးတွေ အာရှမှာ ပေါ်ထွက်လာမှာပါ”လို့ ရေးထားပါတယ်။


အာရှ ကျားပေါက်ကလေးတွေရဲ့ အက်ဆေးတွေကို ဖတ်ကြည့်ရင်၊ သူတို့ဟာ အနောက်ကို ဆန့်ကျင်သူတွေ မဟုတ်သလို၊ အနောက်ကို အရူးအမူး ပုံတူကူးနေကြသူတွေ မဟုတ်တာ သေချာပါတယ်။ သူတို့ဟာ ကိုယ်လိုနီတစ္ဆေ ခြောက်ခံရပြီး အတွေးတံခါး စီးပွားရေးတံခါး ပိတ်ထားသူတွေ မဟုတ်တာလည်း  သေချာပါတယ်။ အာရှဒေသမှာ ကိုယ်ပိုင် အင်စတီကျူးရှင်းတွေ ဂုဏ်ယူစဖွယ်ဖြစ်လာအောင် ပညာရေးနဲ့ တည်ဆောက်နေသူတွေဆိုတာကို သူတို့အရေးအသားတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။

အာရှ ရီနေဆန်းခေတ်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ၊ အရပ်ဖက် အင်စတီကျူးရှင်းတွေ တိုးတက်ကေင်းမွန်အောင် လုပ်ဖို့က လူငယ်တွေအတွက် စိန်ခေါ်မှုဖြစ်တယ်။ ခေတ်ရဲ့ တောင်းဆိုတဲ့အပေါ်မှာ သူတို့ အသိပညာအင်အားတွေ ဘယ်လောက် ထည့်ဝင်နိုင်မလဲဆိုတာကပဲ သူတို့ မျိုးဆက်တာဝန်နဲ့ သမိုင်းတန်ဖိုးဖြစ်တယ်လို့ ကျားပေါက်လေးတွေ နားလည်ထားကြပါတယ်။

ရဲမြင့်ကျော်

ရည်ညွှန်း။
 ‘Through the Eyes of Tiger Cubs: Views of Aisa’s Next Generation’ edited and published by Time magazine


အင်စတီကျူးရှင်း ပြဿနာ၊ တောင်နဲ့ မြောက်ရဲ့ ဥပမာ

0
0

 ဆဲ့တလိုက်မှ ညဖက် ရိုက်ထားသော ကိုရီးယား နှစ်နိုင်ငံရဲ့ လျှပ်စစ်မီး ကွာဟမှု အခြေအနေ
by Ye Myint Kyaw (Notes) on Monday, March 25, 2013 at 9:58am

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ စီပွားရေး ဖွံဖြိုးမှုတွေဟာ တပြေးညီမရှိဘဲ အောင်မြင်တဲ့နိုင်ငံတွေက အရမ်းအောင်မြင်ပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံကျတော့ ကုန်းကောက်စရာမရှိအောင် ဖြစ်နေပါတယ်။ စီးပွားရေးနဲ့ လူမှု့ မညီမျှတဲ့ ပြဿနာကို ခေတ်တိုင်း ကြုံကြရပြီး၊ ဒါကို ဖြေရှင်းဖို့ ဥာဏ်အလင်းခေတ်လောက် ကနေ ကနေ့အထိ ပညာရှင်ပေါင်းများစွာက သီအိုရီများစွာနဲ့ သူတို့အမြင်တွေကို တင်ပြနေတုန်းပါပဲ။


ဆင်းရဲတာဟာ နိုင်ငံရေးကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊ ပညာရေးကြောင့်၊ ယဉ်ကျေးမှုကြောင့်၊ ဘာသာရေးနဲ့ အတွေးအခေါ်ကြောင့်၊ ပထ၀ီအနေထားကြောင့် စသဖြင့် တစ်ကျောင်းတစ်ဂါထာ ဝေဖန်ငြင်းခုံ ဆွေးနွေးလာခဲ့ကြတာဖြင့် တစ်ထောင့်တစ်ညပုံပြင်လိုပါပဲ။

ဥပမာ၊ ၁၈ ရာစုနှောင်းပိုင်းက နာမည်ကျော် ပြင်သစ်နိုင်ငံရေးဒဿနပညာရှင် မွန်တက်စကျူ့ ဆိုရင် နိုင်ငံတွေရဲ့ ဆင်းရဲ ချမ်းသာမှုက ပထ၀ီအနေအထားနဲ့ ပိုဆိုင်တယ်လို့ အလေးကဲမြင်သူပါ။ အထူးသဖြင့် အပူပိုင်းဒေသနိုင်ငံတွေဟာ အပျင်းထူပြီး စူးစမ်းရှာဖွေလိုစိတ် အားနည်းတယ်လို့ သူက ဆိုပါတယ်။

အပူပိုင်းဒေသသားတွေဟာ အလုပ်ကို ဇွဲခတ်ပြီး အောင်မြင်ထမြောက်အောင် မလုပ်နိုင်ဘူး၊ တီထွင်ဖန်တီးနိုင်စွမ်း မရှိဘူး၊ သွေးဆူလွယ်တယ်။ အကျိုးဆက်အဖြစ် ဆင်းရဲတွင်းကနေ သူတို့ ဖောက်မထွက်နိုင်ဘူး။ မွန်တက်စကျူ့က အဲဒီ အပူပိုင်းက လူပျင်းတွေအပေါ် အာဏာရှင်ကသာ လွှမ်းမိုးအုပ်ချုပ်လိမ့်မယ်၊ ပထ၀ီအနေအထား ပြဿနာဟာ ဆင်းရဲမွဲတေစေရုံမက၊ စီးပွားရေး နိုင်ငံရေး မအောင်မြင်မှုနဲ့အတူ အာဏာရှင်စနစ် ကိုပါ ဖြစ်ထွန်းစေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

နောက် ဒီဘက် ၂၀ ရာစုမှာ နိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှုကို စူးစမ်းလေ့လာတဲ့ နိုဘယ်ဆုရ စီးပွားရေးပညာရှင်  Gunnar Myrdal ဆိုရင် သူရဲ့ ကျော်ကြားတဲ့ Asian Drama စာအုပ်သုံးတွဲမှာ ဆင်းရဲမွဲတေမှုပြဿနာဟာ ပထ၀ီနဲ့လည်း သက်ဆိုင်ကြောင်း တော်တော်များများ ရေးထားပါတယ်။

မြန်မာနိုင်ငံပတ်သက်ပြီး မှတ်ချက်ပေးရာမှာ မြန်မာနိုင်ငံဟာ တောတောင်တွေ ထူထပ်လွန်းတဲ့ ဒေသဖြစ်ပြီး ငှက်ဖျားရောဂါဟာ ကြောက်မက်ဖွယ်ကောင်းတယ်။ အကျိုးဆက်အဖြစ် မြန်မာလူမျိုးတွေရဲ့ သွေးထဲသားထဲမှာ ငှက်ဖျားပိုး အနည်းငယ်စီ ရှိနေနိုင်လို့ လုပ်ငန်းတစ်ခုကို ထထကြွကြွနဲ့ ဆုံးခန်းတိုင် ဇွဲခတ်လုပ်ဖို့ ခက်တယ်လို့ သူက ဝေဖန်ထားပါတယ်။

ဒါပေမဲ့ အဲဒီလို ဒေသပထ၀ီကို အပြစ်မြင်တဲ့ အယူအဆက အခု ခေတ်အောက်သွားပါပြီ။ ဒီနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံဟာ တံခါးဖွင့်လာလို့ စီးပွားရေးတိုးတက်မယ့် အလားအလာတွေ မြင်နေရတယ်၊ တိုးတက်ဖို့ အဓိကအကြောင်းတစ်ခုကလည်း ပထ၀ီအနေထားကြောင့်လို့ ပြောကြပြန်ပါတယ်။

ဒီလိုပဲ နိုင်ငံတွေ ဆင်းရဲတဲ့အကြောင်းဟာ ယဉ်ကျေးမှု၊ ဘာသာရေးတို့နဲ့လည်း အများကြီးဆိုင်တယ်လို့ ပညာရှင်တွေက ပြောဖူးပါတယ်။ လာတင်အမေရိကနိုင်ငံတွေ ရာစုနှစ်များစွာ ဆင်းရဲတွင်းနက်ရတဲ့ကြောင်းက ရှေးရိုးစွဲ ကက်သလစ် ဘာသာရေးကြောင့်လို့ အရင်က ယူဆခဲ့ပါတယ်။ သို့ပေမဲ့ ၁၉၇၀ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ လာတင်အမေရိကမှာ အာဏာရှင်တွေ တဗုန်းဗုန်းပြိုလဲပြီး စီးပွားရေးတိုးတက်လာတာဟာ ပုပ်ရဟန်းမင်း ဂျွန်ပေါလ်နဲ့ ကက်သလစ်ဘာသာရဲ့ ကျေးဇူးမကင်းလို့ ပြောလာပြန်ပါတယ်။

အလားတူပဲ စင်္ကာပူ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မတို့ အရင် ဆင်းရဲနေတုန်းက ကွန်ဖျူးရှပ်ဩဇာမှိုင်းကြောင့်လို့ ယူဆခဲ့ပြီး၊ နောင်ပိုင်း ဒရမ်မာဆန်ဆန် ကျားတွေ နဂါးတွေဖြစ်လာပြန်တော့ ကွန်ဖျူးရှပ် လမ်းညွှန်မှုတွေကြောင့်သာလို့ ချီးကျူးကြပြန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတွေ ဆင်းရဲခြင်း ချမ်းသာခြင်းဟာ ပထ၀ီအနေအထားနဲ့ ယဉ်ကျေးမှုကြောင့် ဆိုတဲ့ ယူဆချက်ချက်တွေက အခုနောက်ပိုင်းမှာ အရေးကြီးဆုံး ဖက်တာတွေ မဟုတ်တာကတော့ အမှန်ပါပဲ။


အင်စတီကျူးရှင်းကြောင့်

အခု ၂၁ ရာစုမှာတော့ နိုင်ငံရေး စီးပွားရေးနဲ့ လူမှု့ပညာရှင်တွေက နိုင်ငံတွေ ဖွံ့ဖြိုးခြင်း မဖွံ့ခြင်းဟာ ပထ၀ီအနေထားနဲ့ ယဉ်ကျေးမှုတို့ထက် အင်စတီကျူးရှင်းကောင်းတွေ ရှိခြင်း မရှိခြင်းနဲ့သာ ပိုသက်ဆိုင်ကြောင်း ဖိပြောလာပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီတို့နဲ့ ကမ္ဘာ့အဆင်းရဲဆုံး ဆဘ်ဆာဟာရ အာဖရိက၊ တောင်အမေရိက၊ တောင်အာရှက နိုင်ငံတွေရဲ့ ၀င်ငွေနဲ့ လူနေမှုအဆင့်အတန်းဟာ မိုးနဲ့မြေလို့ ဘာကြောင့် အရမ်းကွာဟနေလဲ။ အဖြေက စွမ်းဆောင်ရည်မြင့် အင်စတီကျူးရှင်းကေင်းတွေ ရှိခြင်း မရှိခြင်းနဲ့သာ သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်မှာ တူနီရှားနိုင်ငံက မိုဟာမဒ် ဘိုအာဇီဇီ ဆိုတဲ့ လူငယ်လေးဟာ သူ့လမ်းဘေးဈေးဆိုင်ကို ရဲက သိမ်းလို့ လူပုံအလယ်မှာ သူ့ကိုယ်သူ မီးရှို့သတ်သေလိုက်တယ်။ ဒီဖြစ်ရပ်ကြောင့် လူထုအုံကြွမှုဖြစ်ပြီး နှစ်ပေါင်း ၂၃ နှစ် အုပ်စိုးနေတဲ့ သမ္မတ ဘန် အလီ ထွက်ပြေးခဲ့ရတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကမှာ လူထုအုံကြွမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး အီဂျစ်မှာ သမ္မတ မူဘာရခ် ဆင်းပေးခဲ့ရတယ်။ လစ်ဗျားက ကာနယ် ကဒါဖီ လည်း အသေဆိုးနဲ့ ကြုံရပါတယ်။ အဲဒီလူထု မကျေနပ်မှုတွေရဲ့ အကြောင်းရင်းဇာတ်မြစ်က ဆင်းရဲမွဲတေမှု ဖြစ်နေပါတယ်။ ဆင်းရဲမွဲတေမှု နောက်ကွယ်မှာ အဂတိလိုက်စားမှု၊ ဖိနှိပ်မှု၊ ပညာရေးညံဖျင်းမှု ဆိုတဲ့ အင်စတီကျူးရှင်း ယိုယွင်းချွတ်ခြုံကျတဲ့ ပြဿနာကြီး ရှိနေပါတယ်။

အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ မြောက်ကိုရီးယား၊ ဆီရီယာလီယွန်း၊ ဇင်ဘာဘွေ၊ မြန်မာ စတဲ့နိုင်ငံက လူတွေဟာ ဘာကြောင့် အမေရိကန်နိုင်ငံသားတွေလို မချမ်းသာတာလဲ။ သူတို့ကို ဘာတွေက ဟန့်တားထားသလဲ။ သေချာတာက ဒီနိုင်ငံတွေ ဆင်းရဲရတာဟာ အများပြည်သူကို စတေးပြီး ကိုယ်ကျိုးရှာနေတဲ့ လူ့မလိုင်အုပ်စုတွေက တစ်တိုင်းပြည်လုံး ဓနကို အုပ်ချုပ်ချယ်လှယ်နေတာကြောင့်ပါပဲ။

နိုင်ငံရေး အာဏာကို လူတစ်စုကပဲ ကိုင်ထားပြီး သူတို့မိသားစုရယ်၊ သူတို့နဲ့ နီးစပ်သူတွေကိုသာ ကျိကျိတက် ချမ်းသာကြွယ်ဝဖို့ကို ဖန်တီးလုံးပန်းနေတာကြောင့်ပါပဲ။ အာဏာကို ထိန်းညှိပေးမယ့်၊ ဓနကို ပြန်လည်မျှဝေပေးမယ့်၊ တရားဥပဒေစိုးမိုးမှုတွေ အသက်ဝင်စေမယ့်၊ ပိုင်ဆိုင်ခွင့်ကို အာမခံနိုင်မယ့် အင်စတီကျူးရှင်းတွေ ပြိုကျ ပျက်စီးနေခြင်းကြောင့်၊ ဖျက်ဆီးခံရခြင်းကြောင့်ပါပဲ။


အင်စတီကျူးရှင်းမတူတဲ့ တောင်နဲ့ မြောက်

နိုင်ငံတွေရဲ့ ချမ်းသာ ဆင်းရဲဟာ ပထ၀ီနဲ့ ယဉ်ကျေးမှုတို့ထက် အင်စတီကျူးရှင်းတွေနဲ့သာ ပိုဆိုင်တာကို အကောင်းဆုံး သက်သေပြတဲ့ နှစ်နိုင်ငံကတော့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား တို့ပါ။ ဒီနှစ်နိုင်ငံဟာ ယဉ်ကျေးမှုရော ပထ၀ီ အရပါ ကွာခြားမှုမရှိပါဘူး။ ဟိုးရှေးယခင်မှာ ကွာခြားမှုမရှိသလို၊ ဒုတိယကမ္ဘာစစ်ပြီးချိန်ထိတောင် ထူးထူးခြားခြား ကွာခြားမှု မရှိပါဘူး။

၁၉၄၅ ဩဂုတ်လ ၁၅ ရက် ဂျပန်တွေ ချွင်းချက်မရှိလက်နက်ချပြီးလို့ တစ်လအကြာမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့က ကိုရီးယားကျွန်းဆွယ်ကို ဩဇာလွှမ်းဖို့ ၃၈ မျဉ်းပြိုင်ကနေ နှစ်ပိုင်းခွဲလိုက်တယ်။ အကျိုးဆက်အဖြစ် တောင်နဲ့ မြောက် အစိုးရတွေ ကျင့်သုံးတဲ့စနစ်နဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန်တွေမှာလည်း သိသိသာသာ ကွာခြားမှုတွေ ရှိသွားပါတယ်။

တောင်ကိုရီးယားရဲ့ အစောပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေကို ဦးဆောင်ပုံဖော်သူက ဟားဗတ်နဲ့ ပရင်စတန် တက္ကသိုလ်တွေက ပြန်လာတဲ့ ပညာတတ် ဆင်မန်ရီး (Syngman Rhee) ဖြစ်ပါတယ်။ သူက အမေရိကန် ပြည်ထောင်စု  ထောက်ခံမှုရထားသလို ကွန်မြူနစ်ဝါဒဆန့်ကျင်သူလည်း ဖြစ်တယ်။

၁၉၄၈ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ ဒါပေမဲ့ မြောက်ဘက်ရဲ့ ကျူးကျော်မှုခံရပြီး ကိုရီးယားစစ်ပွဲဖြစ်လာတဲ့ အခါမှာတော့ တောင်ကိုရီးယားမှာ ဒီမိုကရေစီ ပျောက်သွားတယ်။ ဆင်မန်ရီး ရော၊ သူနဲ့အပြိုင် နာမည်ကြီးလာပြီးနောက် သူ့နေရာ ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီးပတ်ချုံဟီး တို့နှစ်ဦးလုံးက နေရာမြဲဖို့ပြိုင်ကြရင်း အာဏာရှင်တွေ ကိုယ်စီ ဖြစ်လာပါတယ်။

ဒါပေမဲ့ အဲဒီ ခေါင်းဆောင်နှစ်ဦးစလုံးက တောင်ကိုရီးယားကို ဈေးကွက်တံခါးဖွင့် အုပ်ချုပ်ကြတယ်။ ဈေးကွက်စီးပွားရေးရဲ့ အသက်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (private property) ကို လိုလိုလားလား လက်ခံတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အထိုက်အလျောက် ခွင့်ပြုပေးတယ်။ စီးပွားရေးအလျင်အမြန်တိုးတက်အောင် စီမံနိုင်တဲ့ ပတ်ချုံဟီး အစိုးရက ၁၉၆၁ ခုနှစ်မှာ လုပ်ငန်းငယ်လေးတွေ အောင်မြင်ဖို့ ငွေကြေးချေးငှားမှုတွေ၊ ထောက်ပံ့မှုတွေ စလုပ်ပေးခဲ့တယ်။

၃၈ မျဉ်းပြိုင်ရဲ့ တစ်ဖက်မှ မြောက်ကိုရီးယား ဖြတ်သန်းပုံက တစ်မျိုးပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဆန့်ကျင်ရေး ပြောက်ကျားခေါင်းဆောင် ကွန်မြူနစ် ကင်အီလ်ဆွန်း က၊ ၁၉၄၇ ခုနှစ်မှာ ဆိုဗီယက်ရဲ့ ဆောင်မပေးမှုနဲ့ အာဏာရှင် ဖြစ်လာပါတယ်။ ဂျူချေ လို့ခေါ်တဲ့ တင်းကျပ်တဲ့ စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို တရားမ၀င်ကြောင်း ကြေငြာပြီး၊ ဈေးကွက်စနစ် အားလုံး ပိတ်ပင်ပါတယ်။ နိုင်ငံပိုင်သိမ်းပြီး လူထုရဲ့ နေ့စဉ်လူမှုဘ၀ကိုပါ ထိန်းချုပ်လာတာကြောင့် နေရာတိုင်းမှာ လွတ်လပ်မှု ဆုံးရှုံးသွားပါတယ်။

ကွန်မြူနစ်စနစ်ဖြစ်တာကြောင့် အရပ်ဘက် လူ့အဖွဲ့အစည်းကို မျက်နှာသာမပေးဘဲ အမြစ်ပြတ် ချေမှုန်းပါတယ်။ မြောက်မှာ ကီအီလ်ဆွန်းနဲ့ သူ့အာဏာရ အသိုင်းအ၀ိုင်းလောက်ပဲ စည်းစိမ်ခံနိုင်ကြပါတယ်။

ဒီနေ့မှာတော့ တောင်နဲ့ မြောက်ရဲ့ စီးပွားရေးကွာဟာမှုဟာ မိုးနဲ့ မြေလို ဖြစ်နေတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။  ဂျူချေ အမိန့်ပေး စီးပွားရေးစနစ်က မြောက်ကိုရီးယားလူထုကို ကပ်ငရဲဆီ ပို့ပေးခဲ့တယ်။ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတယ်။ စက်မှုထုတ်ကုန်တွေက အချည်းအနှီးဖြစ်သလို၊ စိုက်ပျိုးရေးထုတ်ကုန်မှာလည်း အောင်မြင်မှု လုံးဝမရှိပါဘူး။ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် မပေးမှုကြောင့် ယုံကြည်စွာ ရင်းနှီးမြှုပ်နှံမယ့်သူမရှိ၊ ထုတ်ကုန်စွမ်းအားကိုလည်း ထိန်းမထားနိုင် ဖြစ်ရပါတယ်။ ဖိနှိပ်တဲ့ အစိုးရလက်အောက်မှာ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာလုပ်ငန်းသစ်တွေ ဘယ်လိုမှ ပေါ်ထွက်မလာနိုင်ခဲ့ဘူး။

ဒီလိုအနေထားဖြစ်နေပေမဲ့ ကီအီလ်ဆွန်း၊ သူ့သား ကီဂျုံအီလ်နဲ့ အပေါင်းအပါတွေက သူတို့စနစ်ကို ပြုပြင်ပြောင်းလဲလိုမှု လုံးဝမရှိပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေ ပြောင်းလဲဖို့အတွက် အဓိကလိုအပ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ဈေးကွက်ဖွင့်မှုနဲ့ စာချုပ်စာတမ်း ရောင်းဝယ်လုပ်ကိုင်မှုတွေ အားလုံးကို လုံးဝ ထိန်းချုပ်ထားဆဲပါ။

အကျိုးဆက်အဖြစ် မြောက်ကိုရီးယား ဟာ သားစဉ်မြေးဆက် ဆာဟာရ အာဖရိကလို ကုန်းကောက်စရာမရှိအောင် နောက်ကောက်ကျဆဲပါပဲ။


အဖြေက အင်စတီကျူးရှင်းမှာ

တောင်ဘက်ရဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေကတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံတွေနဲ့ ကုန်သွယ်ရေးတွေကို အမြဲ အားပေးတယ်။ တောင်ကိုရီးယား နိုင်ငံရေးသမားတွေကလည်း ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ အမြဲဆော်ဩတယ်။ စာတတ်မြောက်နှုန်း နိုင်ငံတကာ အဆင့်ထိ မြင့်မားလာပြီး၊ ကျောင်းတွေက ကမ္ဘာ့အဆင့် ရှိလာပါတယ်။

ပညာတတ်လူထုရဲ့ ဉာဏအား တက်လာတာကြောင့် ကုမ္ပဏီတွေက နိုင်ငံတကာမှာ ယှဉ်ပြိုင်လာနိုင်ပါတယ်။ နောက် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ပို့ကုန်နဲ့ နည်းပညာပေါ်လစီတွေကို ကုမ္ပဏီတွေက အကျိုးရှိရှိ အသုံးချပြီး ကော်ပိုရေးရှင်းကြီးတွေ ဖြစ်လာပါတယ်။ နောက်ဆုံး တောင်ကိုရီးယားဟာ ကမ္ဘာမှာ အလျင်အမြန်တိုးတက်လာတဲ့ အရှေ့အာရှ ပဉ္စလက်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတာကို အားလုံး အံ့ဩငေးမောကြည့်ရပါတယ်။

တောင်ကိုရီးယားဟာ စီးပွားရေးမှာ ထိတ်ထိတ်ကြဲ အောင်မြင်ရုံမက၊ သူ့ယဉ်ကျေးမှုကို အနုပညာကတဆင့် ကမ္ဘာ့ကို တင်ပို့နေခိုက်မှာ၊ မြောက်ကိုရီးယားမှ သန်းပေါင်းများစွာကတော့ အငတ်ဘေး ဆိုက်နေပါတယ်။ တကယ်တော့ ဒီနှစ်နိုင်ငံဟာ ယဉ်ကျေးမှုအရရော၊ ပထ၀ီ အနေအထားအရပါ ဘာကွာခြားမှုမှ မရှိပါဘူး။ နိုင်ငံတွေ ဆင်းရဲတာ ချမ်းသာတာဟာ ယဉ်ကျေးမှုတွေ၊ ပထ၀ီတွေနဲ့ သိပ်မဆိုင်တာကို ၃၈ မျဉ်းပြိုင်ရဲ့ နှစ်ငါးဆယ်ကျော် ဇာတ်လမ်းက ဖော်ပြနေပါတယ်။

ကိုရီးယားနှစ်နိုင်ငံမှာ အဓိက ကွာခြားသွားတာက နိုင်ငံရေးနဲ့ စီးပွားရေးကို ပုံဖော်တည်ဆောက်တဲ့ သူတို့ရဲ့ အင်စတီကျူး ပုံစံတွေသာ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံကို ညဖက် ကောင်းကင်ဂြိုဟ်တုမှ ဓာတ်ပုံရိုက်ထားကိုကြည့်ရင် တောင်ဘက်ခြမ်းက လျှပ်စစ်မီး ထိန်ထိန်ညီးနေပြီး၊ မြောက်ဘက်ခြမ်းက အမှောင်ထုလွှမ်းနေတုန်းပါပဲ။

အလားတူ မြန်မာနဲ့ ထိုင်းကို ကြည့်ရင် ထိုင်းဘက်မှာ လင်းလက်ပျိုးပြက်နေပြီး မြန်မာဘက်ခြမ်းက အမှောင်ခေတ်အောက်မှာ ရှိနေဆဲပါ။ ဒီလိုဖြစ်ရတာဟာ သူတို့တွေ ကျင့်သုံးနေတဲ့ အင်စတီကျူးရှင်းတွေမှာသာ အဖြေရှိနေပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက အရပ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းတွေအားလုံး စွမ်းဆောင်ရည် မြင့်လာအောင် ဘယ်လို လုပ်ကြမလဲဆိုတာကပဲ ကနေ့ခေတ် နိုင်ငံခေါင်းဆောင်တွေ၊ ပေါ်လစီမိတ်ကာတွေနဲ့ လူမှု့ပညာရှင်တွေအတွက် နေ့စဉ် စိန်ခေါ်ခံရတဲ့ ပြဿနာရပ် ဖြစ်နေပါတယ်။

ရဲမြင့်ကျော်

ရည်ညွှန်း။
Why Nations Fail by Daron Acemoglu and James A. Robinson
Asian Drama by Gunnar Myrdal




စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်ရည် (၇) ချက်

0
0

by Ye Myint Kyaw (Notes) on Monday, March 25, 2013 at 6:47pm

မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့တဲ့ စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။


စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးရဲ့ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လေးလည်း ဖြစ်သည်။


၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်ပြီး၊ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။

စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက်၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (good governance) ရှိဖို့သာ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့သည်။ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့အထိလည်း ဒီအယူဆကိုပင် လက်ကိုင်ထားတုန်း ဖြစ်သည်။

ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂,၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံလေးမှာ နိုင်ငံခြား အရန်ငွေကြေးက အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ နိုင်ငံရေး အပြည့်အ၀ လွတ်လပ်မှုမရှိပေမဲ့၊ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်မှာ စင်္ကာပူက ကမ္ဘာ့ နံပါတ် (၂ ) အဆင့်မှာ ရှိကြောင်း Freedom House အစီရင်ခံစာတွေက ဖော်ပြသည်။


၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် စတင်ခဲ့တဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် ကမ္ဘာ့ စီးပွားရေးထဲမှာ ဒီလောက် ၀င်ဆန့်နေရသလဲ။

အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။


(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။


   
ခြင်္သေ့မြို့တော်ရဲ့ ပညာရေးမူ (၇)ချက်

ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။

စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်ကကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ကြရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားခဲ့သည်။

ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်အောင်နဲ့ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် ပညာရေးတီထွင်ဆန်းသစ်မှုတွေလုပ်ဖို့ ပုံအောအားပေးသည်။ ပညာရေး အရည်အသွေး အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့်ပဲ စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာသည်မှာ သေချာလှသည်။

ဒုတိယ အရေးကြီးတဲ့အချက်က စင်္ကာပူ လူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် တည်ဆောက်ထားခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိမှုကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာ အများကြီး ယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် စတဲ့ ဒေသိယဘာသာစကား မျိုးစုံကို အသုံးပြုသလို၊ ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။

တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ သတင်းနည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှုတို့လို အဆင့်မြင့် ပညာရပ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးအမြတ်ထွက်အောင် ခေါင်းဆောင်တွေက ဆောင်ရွက်ကြသည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာရေး အားကောင်းတဲ့ အမေရိကန်၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာတော်သင် ပို့ပေးသည်။

စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးကို ကျင့်သုံးခြင်း ဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးသည်။ အသက်မွေးဝမ်း ကျောင်းတက်သူတွေက တက္ကသိုလ်ကိုလည်း တက်ရောက်နိုင်သည်။

ပဉ္စမအချက်က အစိုးရ ပေါ်လစီက အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးတည်ထားခြင်းပင်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။

ဆဌမအချက်ကဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးဈေးကွက်နဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကစင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေကို ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှုတို့ မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒီ့အပြင်၊ စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။

အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟုပင် ပညာရှင်အများက သုံးသပ်ကြသည်။


ရဲမြင့်ကျော်
ရည်ညွှန်း; The Nation


အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်ရမယ့် နိုင်ငံတကာ စာအုပ် (၃၀)

0
0

by Ye Myint Kyaw (Notes) on Tuesday, March 26, 2013 at 9:35am

 အင်တာနက်နဲ့ ၀ဘ်ဆိုဒ်တွေက လူတိုင်းရဲ့ နေ့စဉ်ဘ၀မှာ မပါမပြီး နေရာ ၀င်ယူလာပါတယ်။ အင်ဖော်မေးရှင်းတွေ အလျှံအပယ် များပြားလွန်းတာကြောင့် အွန်လိုင်းပေါ်မှာပဲ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေနဲ့  ဆုံဖို့ အချိန်တွေ ပိုပေးလာကြရတယ်။


သို့ပေမဲ့ အဲဒီ ဘလော့ဂ်တွေ၊ ၀ဘ်ဆိုဒ်တွေက ကမ္ဘာလုံးချီပြီး မျိုးဆက်လိုက် လေးနက်တဲ့ အတွေးအမြင် ရသပေါင်းစုံ ပေးခဲ့တဲ့ ဂန္တ၀င်စာအုပ်တွေကို ဖယ်ရှားမပစ်နိုင်ပါဘူး။

အောက်မှာ ကမ္ဘာ့ပညာရတနာသိုက်ကြီးရဲ့ အစိတ်အပိုင်းလို့ ရည်ညွှန်းရမယ့် စာအုပ်စာရင်းကို ဖော်ပြလိုက်ပါတယ်။ အသက် ၃၀ မွေးရက် မတိုင်မီ လူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၃၀) လို့ Foreign Policy မဂ္ဂဇင်းက ညွှန်းဆိုထားပါတယ်။


1. Siddhartha by Hermann Hesse

ဘ၀ရဲ့ အနှစ်သာရ သဘောကို လက်တွေ့နားလည်ဖို့နဲ့ ဥာဏ်အမြင်ရရှိဖို့ နည်းလမ်းရှာဖွေရာမှာ မိမိကိုယ်ကိုယ် အားကိုးရေးသာ ပဓာနကျကြောင်း တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆွစ်လူမျိုး ဂျာမန်နိုင်ငံသား ဟာမန်ဟစ် ကရေးပြီး၊ ဆရာပါရဂူ က 'သိဒ္ဓတ္ထ' အမည်နဲ့ မြန်မာပြန်ထားပါတယ်။


2. 1984 by George Orwell

၁၉၈၄ ခုနှစ်မှာ ပေါ်ထွက်လာမယ့် အစိုးရများရဲ့ အန္တရာယ်ရှိတဲ့ ကြောက်မယ်ဖွယ်သရုပ်ကို စာရေးသူက ၁၉၄၉ ခုနှစ်မှာ ကြိုတင် သတိပေး ရေးခဲ့ပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားများအပေါ် အမျိုးမျိုး လိမ်လည်လှည့်စား ထောက်လှမ်းရေးလုပ်တဲ့ 'အားလုံးသိ-အစိုးရတွေ' ရဲ့ ကောက်ကျစ်တဲ့ အပြုအမူစရိုက်တွေကို အကောင်းဆုံး ဖော်ပြနိုင်တာကြောင့် ကနေ့ထိ အမြဲချီးကျူးနေရတဲ့ စာအုပ် ဖြစ်ပါတယ်။

အင်္ဂလိပ် စာရေးဆရာကြီး ဂျော် အော်ဝဲလ် ဟာ မြန်မာပြည်မှာ ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၃၄ ခုနှစ်မှာ နာမည်ကျော် 'မြန်မာပြည် နေ့ရက်များ' စာအုပ်ကို ရေးသားခဲ့ပါတယ်။


3. To Kill a Mockingbird by Harper Lee

၁၉၃၀ ပြည့်နှစ် အမေရိကန် တောင်ပိုင်းပြည်နယ်တွေရဲ့ လူမျိုးရေးနဲ့ စီးပွားရေး ခွဲခြားဆက်မှု ပြဿနာတွေကို တင်ပြထားတယ်။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခဲ့ရတဲ့ လူမည်းတစ်ဦးနဲ့ အဓမ္မပြုကျင့်ခံရသူ လူဖြူအမျိုးသမီးငယ်တို့ရဲ့ တရားရုံးနောက်ခံ ဇာတ်လမ်းပါ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း လူမျိုးစွဲ အာဃတတွေကို ပယ်ဖျက်ဖို့ ကြိုးစားပုံကို တွေ့ရပါမယ်။ လူသားဆိုင်ရာ အတွေးအခေါ် များစွာပေးတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။


4. A Clockwork Orange by Anthony Burgess

၂၀ ရာစု အကောင်းဆုံး အင်္ဂလိပ်ဝတ္ထု (၁၀၀) မှာ စာရင်းတင်ခံရတဲ့ စာအုပ်ဖြစ်ပြီး၊ ရုပ်ရှင်လည်း ရိုက်ကူးထားပါတယ်။ ရူးနှမ်းနှမ်း လူငယ်ယဉ်ကျေးမှု အိပ်မက်ဆိုးတစ်ခုက ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ကို အမြဲထိတ်လန့် ခြောက်ခြားအောင် အမျိုးမျိုးအနှောက်အယှက်ပေးတဲ့ ဇာတ်လမ်း ဖြစ်တယ်။ အသက်မရှုနိုင်လောက်အောင် စိတ်လှုပ်ရှားစေတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ စာဖတ်သူကို အတွေးများစွာ ချဲ့ပေးနိုင်တဲ့ စာအုပ်ပါပဲ။


5. For Whom the Bell Tolls by Ernest Hemingway

မယုံကြည်နိုင်လောက်အောင် ရက်စက်လွန်းတဲ့ စစ်ပွဲအကြောင်း၊ သေခြင်းတရားအကြောင်းနဲ့ အိုင်ဒီအိုလော်ဂျီများအကြောင်းကို စာရေးသူက အားကောင်းစွာ စဉ်းစားတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေးရဲ့ လုံးချင်းနဲ့ ၀တ္ထုတိုတွေက မြန်မာဘာသာပြန်တွေ ရှိနေပြီး၊ အခုစာအုပ်ကို စာရေးဆရာ 'ကိုကို' က 'ခေါင်းလောင်းသံ' အမည်နဲ့ ပြန်ဆိုထားပါတယ်။


6. War and Peace by Leo Tolstoy

ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း ရေးသားပြီး၊ ၁၈၆၉ ခုနှစ်က ထုတ်ဝေတဲ့ ကမ္ဘာ့ဂန္တ၀င်စာအုပ်ပါ။ ရုရှားကို ပြင်သစ်တို့ ကျူးကျော်ဝင်ရောက်မှု၊ ဇာဘုရင် လူ့အဖွဲ့အစည်းအပေါ် နယိုလီယံခေတ်ရဲ့ အကျိုးသက်ရောက်မှု၊ ရုရှား မင်းမျိုးစိုးနွယ်တွေရဲ့ အမူအကျင့်တွေကို ဇာတ်ကောင်စရိုက် အားကောင်းစွာနဲ့ တင်ပြထားတဲ့ ဇာတ်လမ်းရှည်ကြီးပါ။  ကမ္ဘာ့ထိပ်တန်း စာအုပ် (၁၀၀) မှာ ထိပ်ဆုံးပိုင်းက နေရာယူထားတဲ့ စာအုပ် ဖြစ်ပါတယ်။


7. The Rights of Man by Tom Paine

ပြင်သစ်တော်လှန်ရေး ကာလအတွင်း ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပြီး၊ ဒီမိုကရေစီ ရှုထောင့်မှ လူ့အခွင့်အရေး အယူအဆကို ပထမဆုံး စတင်မိတ်ဆက်ပေးတဲ့ စာအုပ်လို့ အသိအမှတ်ပြုကြပါတယ်။ တောမတ်စ် ပိန်း ကို အမေရိကန်ပြည်ထောင်စု တည်ထောင်ရာမှာ စာပေနဲ့ ကူညီခဲ့သူလို့ သိထားကြပါတယ်။


8. The Social Contract by Jean-Jacques Rousseau

ဒီစာအုပ်ကနေ ကျော်ကြားတဲ့ ကိုးကားစရာတစ်ခုက "လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ပြီး၊ နေရာတိုင်း အရာရာတိုင်းဟာ သူနဲ့ ဆက်စပ်ပတ်သက်နေတယ်" ဆိုတဲ့ စကားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးချင်းရဲ့ အရေးပါမှု အခန်းကဏ္ဍကို တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ၁၇၆၂ ခုနှစ်မှာ ရေးခဲ့တဲ့ ရူးဆိုး ရဲ့ အဲဒီ "လူမှု ပဋိညာဉ်' စာအုပ်က ပြင်သစ်နဲ့ ဥရောပမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တော်လှန်ရေးများကို ဖြစ်ပေါ်အောင် လှုံဆော်ပေးခဲ့ပါတယ်။


9. One Hundred Years of Solitude by Gabriel Garcia Marquez

သာမန် ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့ ၀တ္ထုမျိုးမဟုတ်ဘဲ၊ လူယဉ်ကျေးမှု သမိုင်းကို ပြန်လည် အမှတ်ရခြင်းရဲ့ အရေးကြီးပုံကို ဇာတ်ကြောင်းပြောပုံစံအမျိုးမျိုးနဲ့ လှလှပပ ဖွဲ့ဆိုတင်ပြထားတဲ့ ၀တ္ထု ဖြစ်တယ်။ ကိုလံဘီယာ စာရေးသူက ၁၉၆၇ ခုနှစ်မှာ စပိန်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေခဲ့ပြီး၊ ဘာသာစကား ၃၀ ကျော်နဲ့ နိုင်ငံအသီးသီးမှာ ပြန်ဆိုခဲ့ကြပါတယ်။


10. The Origin of Species by Charles Darwin

လူသား မူလဇာတ်မြစ်၊ သဘာဝလောက တို့နဲ့ ပတ်သက်ပြီး၊ လူ့အဖွဲ့အစည်းတိုင်းရဲ့ အတွေးအမြင်အပေါ် ထူးထူးခြားခြား ဂယက်ရိုက်စေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ချားလ်စ် ဒါဝင် က လူသားရဲ့ ဖြစ်စဉ်ကို ဇီဝဆင့်ကဲတိုးတက်မှု လမ်းကြောင်းကနေ စဉ်းစားပြီး ၁၈၅၉ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။


11. The Wisdom of the Desert by Thomas Merton

ဘ၀ဆိုတာ ဘာလဲ၊ ဘ၀ကို သန့်ရှင်းမြင့်မြတ်အောင် ဘယ်လိုနေထိုင်မလဲ၊ ဘ၀မှာ ကြီးမားတဲ့ စွမ်းအားတွေရအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေအပေါ်၊ သုံးရာစုနဲ့ လေးရာစုက အီဂျစ် သဲကန္တာရထဲမှာ ကျင်လည်ခဲ့ကြတဲ့ ပညာရှင်များရဲ့ အတွေးအခေါ် အဆိုအမိန့်များကို စုစည်းတင်ပြထားတာပါ။ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး တောမတ်စ် မာတင် က ပြုစုထားတာပါ။


12. The Tipping Point by Maclolm Gladwell

သေးငယ်တဲ့ စိတ်ကူးတစ်ခု၊ အယူအဆလေးတစ်ခု၊ ထုပ်လုပ်မှုတစ်ခုက ဗိုင်းယပ်စ်လို ပြန့်နှံသွားပြီး၊ ကမ္ဘာလုံးဆိုင်ရာ လူမှုအပြောင်းလဲတွေ ပဉ္စလက်ဆန်ဆန် ဖြစ်ပေါ်ခဲ့တာ၊ ဆက်လက်ဖြစ်ပေါ်ဦးမှာကို တင်ပြထားတဲ့ စာအုပ်ပါပဲ။ ၂၀၀၀ ခုနှစ်မှာ ထုတ်ဝေပြီး၊ တစ်နှစ်အတွင်း စာအုပ်ကော်ပီပေါင်း ၁.၇ သန်းကျော် ရောင်းခဲ့ရပါတယ်။


13. The Wind in the Willows by Kenneth Graham

အင်္ဂလန်ဘဏ် အငြိမ်းစား အုပ်ချုပ်ရေးမှုးက ၁၉၀၈ ခုနှစ်မှာ ရေးခဲ့တဲ့ ကလေးစာအုပ်ပါ။ ကလေးစာပေထဲမှာတော့ အကောင်းဆုံး ဇာတ်လမ်းလို့ ရည်ညွှန်းခံရပြီး၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ ရဲဝံ့စွန့်စားဖို့၊ ရဲဘော်ရဲဘက်စိတ် ရှိဖို့အတွက် လူမဟုတ်တဲ့ ဇာတ်ကောင်တွေနဲ့ တင်ပြထားပါတယ်။


14. The Art of War by Sum Tzu

စစ်ရေးမဟာဗျူဟာနဲ့ နည်းဗျူဟာများဆိုင်ရာ ရှေးအကျဆုံး စာအုပ်တစ်အုပ်ပါ။ စစ်ရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး လောကနယ်ပယ်တို့မှာပါ၊ အောင်မြင်တဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ လမ်းညွှန်မှုကောင်း ပေးနိုင်တဲ့ ရှေးဟောင်း တရုတ်စစ်ကျမ်းစာအုပ် ဖြစ်ပါတယ်။


15. The Lord of the Rings by J.R.R. Tolkien

၂၀ ရာစု အင်္ဂလိပ်စာပေသမိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဩဇာအကြီးဆုံး ၀တ္ထုစာအုပ်လို့ သတ်မှတ်ထားပါတယ်။ စာအုပ်ကို စကိုင်ကြည့်ရုံနဲ့ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖို့ စွဲညိသွားစေတဲ့ စာအုပ် ဖြစ်ပါတယ်။


16. David Copperfield by Charles Dickens

၁၈၅၀ မှာ ထုတ်ခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာကြီး ချားလ် ဒစ်ကင်းစ် ရဲ့ ရှစ်အုပ်မြောက် စာအုပ် ဖြစ်ပါတယ်။

ဒစ်ကင်းစ် ကိုယ်တိုင်က "မိဘအများစုလိုပဲ၊ သားသမီးအများကြီးထဲက တစ်ယောက်ကိုသာ အချစ်ဆုံး ဖြစ်သလို၊ ကျနော်လည်း ရေးသမျှတွေထဲမှာ ဒေးဗစ်ကော်ပါးဖီးလ်ကို အနှစ်သက်ဆုံးပဲ" လို့ ပြောဖူးပါတယ်။ ဒေးဗစ်ကော်ပါးဖီးလ် ရုပ်ရှင်၊ တီဗီ၊ ပြဇာတ် များစွာရှိပြီး၊ စာရေးဆရာ ဒစ်ကင်းက ဂဏှာမငြိမ်တဲ့ နှလုံးသားကနေ မှားယွင်းမှု ဖြစ်ပေါ်လာတတ်တာကို စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တင်ပြထားပါတယ်။


17. Four Quartest by T.S Eliot

ဒုတိယကမ္ဘာစစ်အတွင်း ရေးသားခဲ့တဲ့ ကဗျာစကားပြေ လေးပုဒ်ကို စုပေါင်းထားတာပါ။ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကဗျာစကားပြေအဖြစ် သတ်မှတ်ခံရပါတယ်။


18. Catch-22 by Joseph Heller

၁၉၆၁ ခုနှစ်မှာ အမေရိကန် သရော်စာရေး စာရေးဆရာ ဂျိုးဇက် ဟဲလ်လာ ရေးခဲ့တဲ့ ၂၀ ရာစု အကောင်းဆုံး လက်ရာ စာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ ဗျူရိုကရေစီစနစ်ကို ဝေဖန်သရော်တဲ့ စာအုပ်ဖြစ်ပြီး၊ စာအုပ်နာမည် Catch-22 က အနောက်နိုင်ငံတွေမှာ ဗျူရိုကရေစီကို သရော်တဲ့ နေ့စဉ်သုံး ဗန်းစကားတစ်ခု ဖြစ်ခဲ့ပါတယ်။


19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ပြည့်နှစ်တွေက ဂျက်ဇ် တေးဂီတခေတ်ကို နောက်ခံထားပြီး၊ 'အမေရိကန် အိပ်မက်' အကြောင်း တင်ပြထားတဲ့ ဇာတ်လမ်းပါ။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ အများကြီးရှိတဲ့အနက်၊ မိတ်ဆွေကောင်း အနည်းငယ်ကသာ ပိုတန်ဖိုးရှိပုံကို စာဖတ်သူများအတွက် သင်ခန်းစာ ပေးပါတယ်။ နောက် ဘ၀မှာ ကိုယ်တန်ဖိုးထားတဲ့ အရာကို အောင်မြင် ထမြောက်အောင်လုပ်ဖို့ စေ့ဆော်တွန်းအားပေးတဲ့ စာအုပ်ဖြစ်ပါတယ်။


20. The Catcher in the Rye by J.D Salinger

အမေရိကန် စာရေးဆရာ ဂျေဒီ ဆလင်းဂျာ က ၁၉၅၁ ခုနှစ်မှာ ဆယ်ကျော်သက်တွေအတွက် ဦးတည်ရေးတဲ့ စာအုပ်ပါ။ ဆယ်ကျော်တွေရဲ့ ကြောက်ရွံ့စိတ်၊ စိုးရိမ်သောက၊ အာခံပုန်ကန်လိုစိတ်၊ စွန့်စားလိုမှု စတဲ့ အတက်အကျစိတ်ကို ဖော်ပြတဲ့ ဇာတ်လမ်းပါ။ ဆယ်ကျော်သက်တို့ရဲ့ စိတ်နေသဘောထားကို ကွင်းကွင်းကွက်ကွက် ဖော်ပြနိုင်တဲ့ စာအုပ်ပါပဲ။


21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာဇော့ဗ် ညီအစ်ကိုများ စာအုပ်ရေးသူ၊ ရုရုားစာရေးဆရာ ဒေါ့စတိုယဗ်စကီး ဟာ ဆာဘီးယားမှာ ပြည်ပြေးဘ၀နဲ့ ၅ နှစ်နေပြီး ရုရှားကိုအပြန်၊ ၁၈၆၆ ခုနှစ်မှာ ရေးခဲ့တဲ့ နာမည်ကြီးစာအုပ်ဖြစ်ပါတယ်။ ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ဒေါသ၊ ကိုယ့်ကျင့်တရား ပြဿနာနဲ့ ငွေအတွက် လူသတ်လိုမှုတွေကို ဖော်ပြတဲ့ ၀တ္ထုကောင်း ဖြစ်ပါတယ်။


22. The Prince by Niccolo Machiavelli

အာဏာနဲ့ နိုင်ငံခေါင်းဆောင်မှုအခန်းကဏ္ဍရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဖော်ပြတဲ့ နာမည်ကြီး စာအုပ်ဖြစ်တယ်။ နိုင်ငံရေး အာဏာကနေ စီးပွားရေးလောက၊ ကော်ပိုရေးရှင်းလောက တို့အထိ ရာထူး ဩဇာ နေရာ ရရှိဖို့ ရုန်းကန်ကြိုးစားသူတိုင်း အီတလီ သမိုင်းပညာရှင် ဒဿနပညာရှင် မက်ခီယာဗဲ့လီ ရဲ့ ၁၅၁၃ ခုနှစ်မှာ စတင်ဖြန့်ခဲ့တဲ့ စာအုပ်ကို ခေါင်းအုံးဘေးထား နေ့စဉ်လေ့လာနေရဆဲ ဖြစ်ပါတယ်။


23. Walden by Henry David Thorean

ဟင်နရီ ဒေးဗစ် သော်ရိုးက ဒီစာအုပ်ကို ရေးဖို့အတွက် အမေရိကန်၊ မက်ဆာချူးဆတ်စ် ပြည်နယ် ကွန်ကော့ဒ်မြို့ရှိ ၀ဲလ်ဒန် ကန်ဘောင်ပေါ်မှာ ရွက်ဖျင်တဲထိုးပြီး နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက် အချိန်ယူခဲ့ပါတယ်။ လူ့အဖွဲ့အစည်းမှာ ကြုံရမယ့် ဖိအားတွေ အောက်က အမှန်တကယ် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားပါတယ်။

ဒီစာအုပ်ရဲ့ ကျော်ကြားတဲ့ စာသားတစ်ခုကတော့ "လွတ်လပ်စွာ အသက်ရှင်လိုတဲ့ ဆန္ဒနဲ့ ဘ၀ရဲ့ အရေးပါတဲ့ အချက်တွေကို ရရှိဖို့ ငါ တောထဲကို သွားခဲ့တယ်။ ဘာတွေ သင်ယူနိုင်မလဲဆိုတာ ငါကြည့်ခဲ့တယ်။ ဘာမှ သင်ယူစရာ မတွေ့ဘူးဆိုရင်တော့၊ ငါသေခါနီးမှာ ငါရဲ့ ဘ၀ကို ကောင်းကောင်း ရှင်သန် မနေထိုင်ခဲ့ဘူး ဆိုတာ တွေ့ရလိမ့်မယ်" တဲ့။


24. The Republic by Plato

ဘ၀ကို ဘယ်လိုနေထိုင်သင့်သလဲ၊ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်သင့်လဲ၊ သူရသတ္တိဆိုတာ ဘာလဲ၊ ခေါင်းဆောင်ဟာ ဘယ်လိုဦးဆောင်မှုပေးသင့်သလဲ စတဲ့ အချေအတင် ဆွေးနွေးချက်တွေကို ဂရိဒဿနပညာရှင် ပလေတိုက တင်ပြထားခြင်း ဖြစ်ပါတယ်။ ပလေတိုက သူ့ဆရာ ဆော့ခရတ္တိ ကို ခေါင်းဆောင်တင် ရေးထားပါတယ်။ အနောက်တိုင်း နိုင်ငံရေးသဘောကို နားလည်ဖို့ အခြေခံကျတဲ့စာအုပ်ဖြစ်ပြီး၊ ဆရာဇော်ဂျီ က ပလေးတိုးနိဒါန်း အမည်နဲ့ မြန်မာစာဖတ်သူတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။


25. Lolita by Vladimir Nabokov

ရုရှားစာရေးဆရာ နဘိုကော့ဗ် က ၁၉၅၁ ခုနှစ် ပြင်သစ်နေပြီး အင်္ဂလိပ်လို ရေးခဲ့ပါတယ်။ နောက်မှ ရုရှားဘာသာကို ပြန်ပြီး ထုတ်ဝေပါတယ်။ အချစ်၊ ကိုယ်ကျင့်တရား၊ ဖောက်ပြန်မှုနှင့် ဘ၀ခံစားချက်တွေအပေါ် ပဋိပက္ခ ၀ိရောဓိဖြစ်ပုံတွေကို အတွေးကျယ်ကျယ်နဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။


26. Getting Things Done by David Allen

အမေရိကန် စာရေးဆရာ ဒေးဗစ်ဒ် အလန် က သူ့စာအုပ်နာမည်အတိုင်း ‘Getting Things Done (GTD)’ ဆိုတဲ့ အတိုင်ပင်ခံ (consultant) အဖွဲ့တစ်ဖွဲ့ကိုလည်း ထောင်ထားပါတယ်။ သူ့အယူအဆတက လူတစ်ယောက်ဟာ စိတ်ထဲမှာ မှတ်သားထားတဲ့ အရာရာတွေကို ရှင်းလင်းပြီးမှသာ အလုပ်စတင်သင့်တယ်။ တာဝန်ဆိုတဲ့ ဖိစီးမှုတွေကို စိတ်ထဲက ဖယ်ထုတ်ပစ်လိုက်မှသာ၊ တကယ် အောင်မြင်တဲ့ လုပ်ငန်းမျိုးကို အာရုံစူးစိုက်နိုင်မှာ ဖြစ်ကြောင်း တင်ပြထားပါတယ်။


27. How to Win Friends and Influence People by Dale Carnegie

အောင်မြင်ရေး တက်ကျမ်းစာအုပ်ပေါင်းများစွာထဲမှာတော့ အကြီးကျယ်ဆုံး စာအုပ်ပါပဲ။ စီးပွားရေး၊ နိုင်ငံရေ၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုမှာ ကိုယ့်ဖက်ယိမ်းပါလာအောင် စွဲဆောင်စည်းရုံးနိုင်ဖို့ အလွယ်တကူ လမ်းညွှန်နိုင်တဲ့ စာအုပ်ပါပဲ။ ဦးနုက မြန်မာမှုပြု ရေးသားထားပြီး၊ ဗမိုးက တိုက်ရိုက် မြန်မာပြန်ဆိုခဲ့ပါတယ်။

28. Lord of the Flies by William Golding

ဒီစာအုပ် အမည်နဲ့ပဲ ၁၉၆၁ ခုနှစ်မှာ ရုပ်ရှင်ရိုက်ထားပါတယ်။ လူသားတွေရဲ့ အကြင်နာတရားနဲ့ ဆင်ခြင်တုံတရားနေရာတို့မှာ မင်းမဲ့စရိုက်နဲ့ တိရိစ္ဆာန်စိတ်တွေ ၀င်လာပြီး၊ ဥပဒေမဲ့ ပတ်ဝန်းကျင် ဖြစ်သွားပုံ၊ ရက်စက်ကြမ်းကြုပ်မှုနဲ့ ကြောက်မယ်ဖွယ် ဖြစ်နိုင်ချေတွေကို တင်ပြထားတဲ့ စာအုပ်ပါ။


29. The Grapes of Warth by John Steinbeck

ဆရာမောင်ထွန်းသူက 'ဒေါသမာန်' အမည်နဲ့ ပြန်ဆိုထားပါတယ်။ ၁၉၃၀ အမေရိကန် စီးပွားရေး အကျပ်အတည်း ကာလမှာ အမေရိကန်ပြည်တွင်း ရွှေ့ပြောင်းမိသားစုတွေ အသက်ရှင်ရေးအတွက် အလုပ်အကိုင် အရူးအမူး ရှာကြရပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းပါ။ အမေရိကန် အထက်တန်းကျောင်းတွေနဲ့ ဂန္တ၀င်စာပေ သင်ကြားရေးမှာ မကြာခဏ ပြဌာန်းလေ့ရှိတဲ့ စာအုပ်ပါ။


30. The Master and Margarita by Mikhail Bulgakov

ကောင်းမှုနဲ့ မကောင်းမှုကြား လွန်ဆွဲတတ်မှုကို ဖော်ပြထားပြီး၊ ကွန်မြူနစ်ဆန့်ကျင်ရေး တင်ပြထားတဲ့ ရုရှား ၀တ္ထုပါ။ လောဘ၊ အဂတိလိုက်စားမှုနဲ့ လိမ်လည်လှည့်စားမှုတို့ဟာ လူ့သဘာဝနဲ့ ဆက်နွယ်နေကြောင်း တင်ပြတဲ့ စာအုပ်လည်း ဖြစ်တယ်။ ဆိုဗီယက်ခေတ်ကြီးကို သရော်တဲ့ဇာတ်လမ်းဖြစ်ပြီး လန်ဒန်တိုင်းမ်း သတင်းစာက ၂၀ ရာစုရဲ့ အကောင်းဆုံးဝတ္ထုတစ်အုပ်လို့ ညွှန်းခဲ့ပါတယ်။

ရဲမြင့်ကျော်
ရည်ညွှန်း။ Foreign Policy



မဲလုံး လွတ်မြောက်ခြင်း

0
0

by Ter Tee (Notes) on Saturday, June 2, 2012 at 9:50pm
                                                                                                   ရေးသူ - ဖေမြင့်
                                                                                  ( ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ သြဂုတ် ၊ ၁၉၉၀ )


မဲလုံးက ဆရာဝန်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်းမသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ်မှန်းတော့ အလိုလိုသိနေသည်။



သူ့မှာဆက်လက်ရှင်သန်နိုင်လောက်သည့်ခွန်အားမရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓါတ်ပင်မရှိတော့။ တစ်သက်လုံး မတ်တတ်မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင်တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လှဲ၍နေချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြသည်ပဲဟု မဲလုံးတွေးမိသည်။


 သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ်သက်လုံး သူ့ကိုခိုင်းစေလာကြသူများ ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံခန့်ခွဲလာကြသူများ ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင်ခြယ်လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံး အံ့သြမိမည်မဟုတ်ပါ။ ဖြစ်နီုင်မည်ဆိုလျှင် သည်လူတွေကို တစ်ခုလောက် မဲလုံးတောင်းပန်ချင်သည်။ သူ့ရှေ့ ခြေထောက် နှစ်ချောင်းမှာ ချည်နှောင်ထားသည့် သံကြိုးကို သူမသေမီ တဒင်္ဂကလေး ဖြစ်ဖြစ် ဖြေပေးပါဟူ၍ပဲဖြစ်သည်။


သံကြိုး အတုပ်အနှောင်ကင်းသောဘ၀ ၊ တစ်သက်လုံး မျှော်မှန်းတမ်းတခဲ့ရသည့် လွတ်လပ်သော ဘ၀ကို ယခုနောက်ဆုံးအချိန်ကျမှပင် သူအမွတ်သိပ်ကြီး မွတ်သိပ်နေမိတော့သည်။ သို့သော် စင်စစ်တော့လည်း နှောင်ကြိုးမဲ့သောဘ၀၏ အရသာ ၊ လွတ်လပ်သော ဘ၀၏ အရသာဆိုသည်ကို သူသေသေချာချာပင် မှန်းဆမိတော့သည်မဟုတ်။


သည်ဘ၀မျိုးနှင့် ဝေးနေတာကြာခဲ့ပြီ။


တောထဲမှာဆွေအုပ်မျိုးအုပ်နှင့် လွတ်လပ်စွာ လှည့်လည်သွားလာနေထိုင်ခဲ့ရသည့်ဘ၀။ တစ်နေကုန်တစ်နေခန်း စားလိုက်ဝါးလိုက် မြူးတူးပျော်ပါးလိုက်နှင့် နေထိုင်ခဲ့ရသည့် ဘ၀။ ကိုယ့်ခြေလေးခြောင်းလုံးကို ကိုယ်ပိုင်ပြီး ကိုယ့်ကျောပေါ်မှာလည်း ဘယ်သူ့ကိုမှတင်ခေါ်စရာမလို ၊ ဘယ်အလေးအလံတွေကိုမှလည်း တွန်းထိုးဆွဲငင်နေစရာမလိုသည့် ဘ၀။ ယခုတော့ သည်ဘ၀သည် သူမည်မျှပင်တမ်းတသည်ဆိုစေ အာရုံထဲတွင်ကား ၀ိုးတ၀ါးမျှသာ ရှိတော့ပြီ။ သို့သော် နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် ယနေ့ကာလတိုင် သူ့ခေါင်းထဲတွင် ပြက်ပြက်ထင်ထင် မြင်နေဆဲ အဖြစ်အပျက်တစ်ခုကား ရှိနေသည်။


လွတ်လပ်သော ဘ၀ နိဂုံးချုပ်သောနေ့။


ကျွန်ဘ၀သို့ ကျရောက်ခဲ့သည့်နေ့။


                                                     ******************************


သူတို့ဆင်အုပ်ကျက်စားရာအနီးတ၀ိုက်မှာ လူသတ္တ၀ါအချို့  ရောက်ရှိနေတာ သူတို့သတိပြုမိကြသည်။ တောထဲမှာရှိသည့် အခြားသတ္တ၀ါမျိုးစုံ၏ သဘောကို သူတို့ သိကြသည်။ သို့သော် လူဆိုသော သတ္တ၀ါ၏ သဘောသဘာဝကိုမူ သူတို့မသိကြ။ ထိုသူတို့၏ အလေ့အထကို သူတို့နားမလည်။ မကျွမ်းကျင်။
မကျွမ်းကျင်သည့်အတွက်ကြောင့် သူတို့သည် ထိုလူဆိုသော သတ္တ၀ါကို သတိထားကြသည်။ ကြောက်ကြသည်။ ရှောင်ကျဉ်ကြသည်။ သို့သော် ထိုသို့ကြောက်ရင်း ရှောင်ကျဉ်းရင်းပင် လူ၏ထောင်ခြောက်တွင်းသို့ သူတို့သက်ဆင်းခဲ့ကြခြင်းဖြစ်ချေသည်။


ထိုနေ့က တောထဲမှာအ၀ီစိပွက်လေသည်။


 ပတ်ပတ်လည် တောတခွင်လုံးမှာ ကြောက်မက်ဘွယ် ဆူညံသံများ ရုတ်တရက် အဆက်မပြတ်ထွက်ပေါ်သည်။ သည်အသံတွေသည် လူတို့ ဖန်တီးသည့် သေနတ်သံ ၊ ဗျောက်အိုးဖောက်သံ ၊ တုံးခေါက်သံ ၊ သံပုံးတီးသံ ၊ အော်သံဟစ်သံများဖြစ်ကြောင်း မဲလုံးတို့မသိနိုင်။ သူတို့သိသည်မှာ ကြောက်မက်ဘွယ် တစ်ခဲနက် အသံကြီးများ အဆက်မပြတ်ပေါ်ထွက်နေခြင်းသာဖြစ်သည်။
သည်အသံဗလံများနှင့်အတူ မီးတောက်မီးလျှံတွေလည်း အရပ်မျက်နှာအနှံ့အပြားမှာ ခြောက်ခြားစရာမြင်တွေ့ကြရသည်။ တုန်လှုပ်ခြောက်ခြားရသည့် အချိန်အခါမျိုး၌ သူတို့အားကိုးရာသည် အဘ စွယ်စုံကြီးဖြစ်၏။ အဘစွယ်စုံကြီးပြေးရာနောက်သို့ သူတို့အားလုံး ထပ်ကြပ်မကွာ လိုက်ကြလေသည်။ သစ်ပင် သစ်ကိုင်းနှင့် ချုံနွယ်ပိတ်ပေါင်းတို့သည် သူတို့ ဆင်အုပ်ကြီးအောက်တွင် ပြားပြားဝပ်၍ ကျန်ရစ်သည်။ တစ်တောလုံးသည်လည်း လူတို့လုပ်သော အသံများထက်ပင် ပို၍ဆူညံ ပို၍ခြောက်ခြားဖွယ်ကောင်းသည့် ဆင်အုပ်ကြီး၏ ထိတ်လန့်တကြား အော်သံဟစ်သံ ပြေးလွှားသံများကြောင့် ကမ္ဘာပျက်သည့်နှယ် ပွက်ပွက်ညံလျက်ရှိလေသည်။


ကျုံး ...


ရှေ့ လည်း မတိုးနိုင် ၊ နောက်လည်းမဆုတ်နိုင်သော အနေအထားမျိုး တောထဲမှာမဲလုံး တစ်ခါမျှ မကြုံစဘူးခဲ့။ ရှိသမျှ အဆီးအတားကို အုပ်စုကြီး၏ အင်အားဖြင့် တရကြမ်းဖယ်ရှားကာ ကမူးရှုးထိုးပြေးလွှားခဲ့ရာက ရုတ်တရက် ရှေ့ မတိုးနိုင် နောက်မဆုတ်နိုင်ဘေးဘီပင် မလှည့်နိုင်သည့် ထူးဆန်းသော အကျဉ်းအကျပ်တစ်ခုထဲသို့ လျှပ်တပြက် ရောက်သွားသောအခါ မဲလုံး သွေးပျက်မတတ် ထိတ်လန့်သွားမိသည်။


 ကျုံးထဲမှာပိတ်မိနေကြပြီ။


ထုံးစံအတိုင်း အဘစွယ်စုံကြီးကို အားကိုတကြီး လိုက်ရှာကြည့်သည်။ အဘစွယ်စုံကြီးသည် နံဘေးနံရံရှိ သစ်လုံးတိုင်ကြီးများကို တအားတို့ဝှေ့ကာ ဖြိုဖျက်နိုင်ရန် ကြိုးပမ်းနေသည်။ သစ်လုံးတိုင်တွေ ယိုင်၍ယိုင်၍သွားသည်။ သည်တိုင်တွေယိုင်လဲသွားလျှင် သူတို့အားလုံး ထွက်ပြေးလွတ်မြောက်နိုင်ကြမည်။ မဲလုံးတို့မျှော်လင့်တကြီးကြည့်နေဆဲ ရုတ်တရက်အလွန်ပြင်းထန် ကျယ်လောင်ပေါက်ကွဲသော အသံကြီးတစ်ခု အနီးကပ်ကြားလိုက်ရသည်။ အဘစွယ်စုံကြီး တုံ့ခနဲဖြစ်သွားပြီး တဖြည်းဖြည်း ဖင်ထိုင်ကျသည်။ အဘ၏ နားသယ်စပ်ဆီမှ နီရဲသော သွေးစီးကြောင်းတစ်ခု စီးဆင်းကျလာသည်။ ထို့နောက် စွယ်စုံကြီး ဘေးတိုက်လဲကျသွားပြီး နာကျင်စွာ ညည်းညူအော်မြည်သည်။ သို့သော် ခဏမျှသာကြာသည်။ အသံတိတ်သွားပြီး ခန္ဓာကိုယ်ကြီးလည်း မလှုပ်မယှက် ငြိမ်သက်သွားလေသည်။


အဘစွယ်စုံကြီး ကျဆုံးသွားခြင်းနှင့်အတူ မဲလုံးတို့ လွတ်လပ်သောဘ၀လည်း နိဂုံးချုပ်ခဲ့ရလေသည်


                                                    ******************************


သူ့ခန္ဓာကိုယ် အသွေးအသားထဲ သူ့ဦးနှောက်နှင့် သူ့နှလုံးသားထဲမှ အရိုင်းစိတ်ကို လေ့ကျင့်ခန်းအမျိုးမျိုး သင်တန်းအမျိုးမျိုးဖြင့် ချိုးဖျက်ဖောက်ထုတ်ခဲ့ကြသည့် ရှည်လျားသောငရဲခန်းကာလကိုကား မဲလုံးပြန်မတွေးချင်။ သူ့လည်ကုပ်ပေါ် လူတစ်ယောက်ပထမဆုံး ခွစီးခံရသည့် အဖြစ်ကို သတိရလျှင်ပင် သူမျက်ရည်လည်လာသည်။


တကယ်တော့ မဲလုံးသည် ခွန်အားဗလကြီးမားသော်လည်း ဒေါသ အာဃာတနည်းပါးသူ ၊ အစွယ်နှစ်ချောင်း ပြိုင်းပြိုင်းရှိသော်လည်း တိုက်လိုခိုက်လိုစိတ်ကင်းမဲ့သူဖြစ်ခဲ့သည်။ လူသခင်များကို တော်လှန်ဖောက်ဖျက်ကာ ကျွန်ဘ၀မှလွတ်မြောက်ထွက်ပြေးဖို့ မဲလုံး တစ်ခါမျှ မကြိုးစားဘူးခဲ့။ လွတ်မြောက်နိုင်သည်ဟူသော ယုံကြည်ချက်ရော ၊ လွတ်မြောက်အောင်ကြိုးပမ်းမည်ဟူသောစိတ်ဓါတ်ပါ သူ့ရင်ထဲမှာ တစ်ကြိမ်တစ်ခါမျှပင် ပီပြင်ထင်ရှားစွာ မဖြစ်ပေါ်ဘူးခဲ့။ သူ့တစ်သက်လုံး လူတို့ ခိုင်းသမျှ စေသမျှကိုသာ ကျေပွန်စွာထမ်းဆောင်ကာ သဘောကောင်းသော ဆင်ကြီးဘ၀၌ ကျိုးနွံစွာနေထိုင်ခဲ့သည်။ စင်စစ်လည်း အဘစွယ်စုံကြီး ကျဆုံးချိန်တွင် သူ၏အရိုင်းစိတ်ဓါတ်နှင့် အရိုင်းသတ္တိများ တစ်ဝက်ကုန်ခဲ့၍ လေ့ကျင့်သင်တန်းဆင်းကာလတွင် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်ဟု ဆိုရပေမည်။ ထိုကာလမှစ၍ မဲလုံးရင်ထဲ၌ အနှောင်အတည်းမှ ကင်းလွတ်လိုသောဆန္ဒနှင့် အနှောင်အတည်းခံဘ၀တွင် နေရခြင်းအတွက် ၀မ်းနည်းကြေကွဲခြင်း ခံစားမှုများမှတပါး အခြားမရှိတော့။


 သို့သော် မမှန်းဆနိုင်သော အကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလားဟူသော မျှော်လင့်ချက်ကလေးတစ်ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် လူတို့လက်တွင်သည်မျှ အသက်ရှည်ရှည်နေနိုင်ခဲ့ခြင်းဖြစ်သည်။ သူနှင့်အတူ အဖမ်းဆီးခံရသည့်အထဲမှ မဲမကြီး ဆိုလျှင် လေ့ကျင့်သင်တန်းပေးခံရစကာလမှာပင် ရင်ကွဲနာဖြင့်ကွယ်လွန်သွားခဲ့သည်။ တမှိုင်မှိုင် တတွေတွေနှင့် စိတ်ပျက်အားလျော့စွာ အလုပ်လုပ်ရင်း သူ့ထက်စောစီးစွာ သေဆုံးခဲ့ကြသူတွေကိုလည်း မဲလုံး မြင်တွေ့ ခဲ့ရပြီးဖြစ်သည်။


အဆိုးဆုံးကတော့ ဘညို ဖြစ်သည်။ ဘညိုသည် ဆင်သမားတွေ ၀ိုင်းဝန်းရိုက်ပုတ်အော်ဟစ်နေကြသည့်ကြားကပင် ကိုယ့်နှာမောင်းကို ကိုယ်တက်နင်းကာ အဆုံးစီရင်သွားခဲ့သည်။ ဘညို၏လုပ်ရပ်ကို ချီးမွမ်းရမလား ၊ အပြစ်တင်ရမည်လား မဲလုံးမဝေခွဲတတ်။ သို့သော် ဘညိုလုပ်သွားပုံကို ပြန်လည်မြင်ယောင်မိတိုင်း အကြီးအကျယ် တုန်လှုပ်ချောက်ချားရစမြဲ။ သည်မြင်ကွင်းကို ချက်ချင်းပြန်လည်မေ့ပစ်နိုင်ရန် သူအတင်းကြိုးစားစမြဲဖြစ်သည်


                                      *******************************


စင်စစ် မဲလုံးမျှော်လင့်ထားခြင်းသည် လူတို့၏စိတ်သဘောနှင့်ပတ်သက်၍ အကဲခတ်မှားခြင်းကြောင့်လည်းဖြစ်သည်။ မဲလုံး၏စိတ်၌ မိမိသည် လူတို့ခိုင်းသမျှစေသမျှကို မညည်းမညူဆောင်ရွက်ပေးလျှင်တစ်နေ့သောအခါ မိမိအပေါ် စေတနာတုံ့ပြန်လိမ့်မည် ၊ မဲလုံးကြီး သွားလိုရာသွားတော့ဟု ကြိုးဖြေပေးလိမ့်မည်ဟူ၍ တစ်ခါတစ်ရံ မျှော်လင့်နေမိသည်။ တစ်ခါတစ်ရံလည်းလူတွေမှာ တစ်နေ့သောအခါ လုပ်စရာကိစ္စ၀ိစ္စတွေပြီးစီးသွားပြီး သူတို့အရပ်သို့ သူတို့ပြန်သွားကြကာ မိမိတို့အား မိမိတို့သဘာဝအတိုင်း တောထဲတွင် လွတ်လွတ်လပ်လပ် နေကြရန် ထားပစ်ခဲ့ကြလိမ့်မည်ဟုလည်း မရေမရာမျှော်လင့်နေမိတတ်သေးသည်။


သို့သော် လူတို့၏ကိစ္စ၀ိစ္စများမှာ ပြီးဆုံးသည်ဟူ၍ မရှိခဲ့ချေ။ လူတွေလက်ထဲရောက်ရှိပြီး သူတို့အမိန့်ပေးစကားများကို နားလည်အောင် သင်ကြားပြီးသည့်အချိန်ကစ၍ သစ်လုံးတွေကို ဦးခေါင်းနှင့်တွန်းရွှေ့ သည့်အလုပ် ၊ သစ်လုံးရှည်ကို ကြိုးနှင့်ဆွဲသည့်အလုပ်များကို သင်ရင်းလုပ် လုပ်ရင်းသင်ရသည်။ အလုပ်သင်ဘ၀မှာပဲ နှစ်ပေါင်းအတန်ကြာခဲ့သည်။ စင်စစ် လမ်းမရှိသည့် လျှိုမြောင် ချောက်ကမ်းတောတောင်တန်းများကို ဖြတ်သန်းကာ သစ်လုံးများကို မြစ်ဆိပ်အရောက် သယ်ရဆွဲရသည့်အလုပ်သည် အန္တရာယ်များသလောက် ကျွမ်းကျင်မှုလည်း အထူးလိုအပ်သော အလုပ်ဖြစ်သည်။


မဲလုံးက သဘောကောင်းရုံ ၀ီရိယနှင့် ခွန်အားဗလ ရှိရုံသာမက ဥာဏ်ပညာလည်း ထက်မြက်သူဖြစ်သည်။ ထို့ကြောင့် သစ်လုပ်ငန်းပညာကို သူတကာထက် လျင်မြန်စွာတတ်မြောက်သည်။ အားတက်သရော ကျွမ်းကျွမ်းကျင်ကျင်လုပ်သည်။ မဲလုံးနှင့်လုပ်ရလျင် အလုပ်တွင်သည်ဟု လူတိုင်းက မှတ်ချက်ချကြသည်။


စင်စစ် အသက်နှစ်ဆယ်အရွယ်လောက်မှာပင် မဲလုံးသည် တကယ်ခန့်ညား၍ ဥပဓိရုပ်ကောင်းသော ဆင်ကြီးတစ်ကောင်ဖြစ်ခဲ့သည်။ ဦးခေါင်းကြီးသည်။ နဖူးပြင်ကျယ်သည်။ နားရွက်ဖားသည်။ မျက်လုံးများကြည်လင်၍ တကယ်စိတ်နှလုံးကောင်းရှိသောအသွင်အပြင်မျိုးဖြစ်သည်။ ကျောကုန်းက ရှေ့ ပိုင်းညီညာကာ နောက်သို့ပြေလျောကျဆင်းသွားသည်။ လည်ပင်းကတိုသော်လည်း ဗြက်ကျယ်သဖြင့် ဆင်ဦးစီးအတွက် အထိုင်ကောင်းသည်။ ထို့ပြင် ရင်အုပ်ကျယ်သည်။ ရှေ့ ခြေနှစ်ချောင်း ကားပြီးမြင့်လည်းမြင့်သည်။ နောက်ခြေနှစ်ချောင်းက တိုတုတ်သလောက် တောင့်တင်းခိုင်မာဟန်ရှိသည်။ ခြုံ၍ပြောရလျှင် မဲလုံးသည် ဆင်အကြောင်းနားမလည်သူများပင်မြင်ရုံနှင့် နှစ်သက်ကြမည်း ဆင်ခန့် ဆင်လှကြီး တစ်ကောင်ဖြစ်သည်။


သဘောကောင်းသော မဲလုံးကြီးကို ဆင်ဦးစီးများ ၊ ဆင်ခေါင်းများ သဘောကျသကဲ့သို့ ခံ့ညားတည်ကြည်သော ဥပဓိရုပ်နှင့် သူမတူသော လုပ်ရည်ကိုင်ရည်များကြောင့် ဆင်ပိုင်ရှင်များအတွက်လည်း ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့သည်။ မက်ဂရီကာ ကုမ္ပဏီမှ ဖာဂူဆင်တို့ စမစ်တို့ဆိုလျှင် ကုမ္ပဏီဌာနချုပ်မှ ဧည့်သည်အသစ်ရောက်တိုင်း မဲလုံးကို တခမ်းတနား ပွဲထုတ်ပြလေ့ရှိသည်။ သူနှင့်တွဲ၍ ဓါတ်ပုံရိုက်ကြသည်။ သူ့တစ်ကိုယ်တည်းကိုလည်း ဓါတ်ပုံတွေရှုထောင့်အမျိုးမျိုးမှရိုက်ကြသည်။ သူ့ကိုကကြိုးတန်ဆာတွေ အမျိုးမျိုး ဆင်ယင်ကာ စီးကြည့်ကြသည်။ သစ်တုံးကြီးများကိုတွန်းကြည့်ခိုင်း ဆွဲကြည့်ခိုင်းကြသည်။ လေးတန်လောက် ဆေလးသော သစ်တုံးကြီးကို မဲလုံးဆွဲပြသည်ကိုကြည့်ကာ လက်ခုပ်သြဘာပေးကြသည်။ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို တစိမ့်စိမ့်ကြည့်ကာ သူ့အမူအရာအမျိုးမျိုး ၊ သူ့ဟန်ပန်အမျိုးမျိုးကို ရိုက်ကူမှတ်တမ်းတင်ကြသည်။


တစ်ခါတစ်ခါတော့လည်း မဲလုံး၏စိတ်တွင် ဒီလူတွေသည်သူ့ကို တကယ်ပင်ချစ်ခင်တွယ်တာကြလေသလား ၊ တပ်မက်၍များပင် နေလေလားဟု တွေးမိသည်။ သို့သော် ဘယ်လောက်ပင်ချစ်ယောင်ခင်ယောင်ပြုကြသော်လည်း အလုပ်ခိုင်းသည့်နေရာ၌ကား လျော့ပါးသွားသည်ဟူ၍ မရှိခဲ့ချေ။


နှစ်ပေါင်း လေးဆယ်ကျော် ကြာခဲ့သည့် မဲလုံး၏ ကျွန်ဘ၀သက်တမ်းအတွင်း ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့သည်။ ရှမ်းလူမျိုး ဆင်ဖမ်းသမားများထံမှနေ၍ ဖာဂူဆင်တို့ မက်ဂရီကာ ကုမ္ပဏီသို့ရောက်သည်။ မက်ဂရီကာမှတဆင့် မြန်မာဆင်သူဌေး တစ်ဦးလက်သို့ရောက်သည်။ သူဌေးက ကိုယ်ပိုင်သစ်လုပ်ငန်းတွင်ခိုင်းသည်။ ထို့နောက် အခြား မြန်မာဆင်သူဌေးတစ်ဦးထံသို့ ရောင်းချသည်။ ပထမတွင် ကိုယ်ပိုင်အလုပ်။ ထို့နောက်တွင် အစိုးရ သစ်လုပ်ငန်းသို့ငှားရမ်းသည်။ နောက်ပိုင်း လုပ်အားကျလာသောအခါ အစိုးရအလုပ်မှ နှုတ်ထွက်ကာ သူဌေးထံမှာ ဘောက်အလုပ်တွေလုပ်ပြီး နေခဲ့ရသည်မှာ ယခုကွယ်လွန်ခါနီး အချိန်အထိ။


ယင်းနှစ်ကာလများအတွင်း သူ့လည်ကုပ်ပေါ် စီးနင်းခဲ့သည့် ဆင်ဦးစီးတွေလည်း မနည်းတော့။ သူ့ကို အလုပ်အတူ လုပ်ဖော်တစ်ယောက်လို ညီနောင်သားချင်းတစ်ယောက်လို ညှာညှာတာတာ ဆက်ဆံဖော်ရသည့် ရွှေထီးတို့ ဖိုးခတို့လို ဦးစီးများနှင့်လည်း ကြုံခဲ့ရဖူးသည်။ ဘမုန်းတို့လို အလကားနေရင်း စိတ်တိုနေတတ်သော ဦးစီးများ ၊ မညှာမတာ မစာနာတတ်သူများထံမှလည်း ဒုက္ခကြီးစွာ ခံခဲ့ရဖူးသည်။


ဘမုန်းအကြောင်း တွေးမိသောအခါ ဘမုန်းကို ချေမှုန်းခဲ့သည့် လရောင်ကြီးကို သတိရသည်။ လရောင်ကြီး ငါးနှစ်အတွင်း ဦးစီး လေးယောက် အပါအ၀င် လူကိုးယောက်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွင် သေနတ်ဒါဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။


လရောင်ကြီး၏ ပြင်းထန်သောစိတ်ဓါတ်မျိုး မဲလုံးတွင်မရှိပါ။ သူ့တစ်သက်လုံး လူကိုအန္တရာယ်ဖြစ်အောင် မလုပ်ဘူးခဲ့။ မတော်တဆ အထိတ်တလန့်ဖြစ်စေဖူးတာပင် တစ်ကြိမ်တစ်ခါပဲရှိခဲ့ဖူးသည်။ အဲသည်တုန်းက သူနေမကောင်း။ တစ်ကိုယ်လုံးမအီမသာ နာကျင်ကိုက်ခဲနေသည်။ သူနေမကောင်းမှန်းသိသဖြင့် ပိုင်ရှင်တွေက သူ့ကို အလုပ်မခိုင်း။ နေမကောင်းဖြစ်နေတာ မသိဘဲ အတင်းအလုပ်လုပ်ခိုင်းသည့် အခါမျိုးတွင် သူ့မှာ အလွန်ဒုက္ခကြီးမားလှသည်။ ယခု အလုပ်မခိုင်းသည့်အတွက် သူကျေးဇူးတင်နေမိသည်။ သစ်ပင်ရိပ်မှာရပ်ကာ အဖျားဝေဒနာကို ခံစားရင်း သူ့အတွေးများကို ငယ်စဉ်ဘ၀ဆီသို့ လွှင့်မျောနေသည်။


 မပီသသော ကြည်နူးမှုပုံရိပ်များ။


 သို့သော် ကြည်နူးမှုက တာရှည်မခံ။


ထုံးစံအတိုင်း ကံဆိုးမိုးမှောင်ကျသော ထိုတစ်နေ့ဆီက အိပ်မက်ဆိုးများ သူ့ခေါင်းထဲ တိုးဝင်လာသည်။ သေနတ်သံ ၊ ဗျောက်အိုး ပေထုပ်တို့ပေါက်ကွဲသံ ၊ လူတွေ ညာသံပေး အော်ဟစ်သံများ။ ချောက်ချားစဖွယ် တောမီးရောင်များ။ ထို့နောက် အနီးကပ်ပေါက်ကွဲသည့် ဆင်ပစ်သေနတ်သံနှင့်အတူ အဘစွယ်စုံကြီးညည်းညူလဲကျသေဆုံးသွားရပုံ။


ရင်တုန်လှိုက်မောစွာ အတိတ် အိပ်မက်ဆိုးကို မြင်မက်နေဆဲ ညာဘက်နံဘေးမှ ထူးခြားသော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက်မြင်လိုက်ရပြီး နှာမောင်းနှင့် ဆတ်ကနဲယမ်းကာ ကာကွယ်လိုက်မိသည်။ အခြေအနေမှန်ကို သူသတိပြုမိသည့် အချိန်တွင် သူ့အား ဆေးကုရန်လာသော တိရိစ္ဆာန်ဆေးကုဆရာဝန်သည် မြေပေါ်တွင် တလိမ့်ခေါက်ကွေးဖြစ်သွားရာက လူးလဲထကာ နောက်သို့ လေးငါးလှမ်း ဆုတ်ပြေးသည်ကို မြင်လိုက်ရသည်။


မဲလုံးရုတ်တရက်ထိတ်လန့်ပြီးလုပ်လိုက်မိခြင်းဖြစ်ကြောင်းရိပ်မိသည့် ဆင်သမားတစ်ယောက်က ဆရာဝန်၏ ဆေးထိုးအပ်နှင့် ရွှေကိုင်းမျက်မှန်ကို လိုက်ကေက်နေသည်။ ဘေးလူများဝိုင်းရယ်ကြပြီးနောက် ကတုန်ကယင်ဖြစ်နေသောဆရာဝန်အား ဆေးပုလင်းတစ်လုံးထဲမှ အရည်တစ်ခွက်ငှဲ့တိုက်တာတွေ့ ရသည်။


" မဲလုံးက ဒေါသမကြီးတတ်ပါဘူးဗျာ ၊ မတော်တဆဖြစ်သွားတာပါ "   ဟု သူ့အား မဲလုံးကိုယ်စား တောင်ပန်ကြလိမ့်မည်ထင်သည်။


                                       *****************************


ခြေလေးချောင်းလုံးခွေကာ မြေမှာဝပ်စင်းလျက်ရှိသည့် မဲလုံး၏ အနီးတွင် လူတွေ တဖြည်းဖြည်းများလာသည်။ ဒီလူတွေ၏ မျက်နှာတွေသည် မကောင်းကြ။ အထူးသဖြင့် ပိုင်ရှင်၏ မျက်နှာသည် မကောင်း။ သူ့အလုပ်ကို နှစ်ရှည်လများ လုပ်ကိုင်ပေးခဲ့သည့် မဲလုံးကြီးအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေဟန်တူသည်ဟု မဲလုံးတွေးမိသည်။


ကျွန်တော့်အတွက် စိတ်မကောင်းမဖြစ်ပါနဲ့တော့ ၊ ကျွန်တော့်ကိုချစ်ရင် သံကြိုးကလေးသာ ခဏဖြေပေးပါ ၊ တောထဲတောင်ထဲမှာလည်း ပြေးလွှားခုန်ပေါက်မနေနိုင်တော့ပါဘူး ၊ သံကြိုးမပါတဲ့ ခြေနဲ့ တစ်လှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ရရင်ပဲ ကျွန်တော်သေပျော်ပါပြီဟု သူ့စိတ်ထဲပြောနေမိသည်။


လူတွေဟာ ငါ့မျက်နှာကိုချည်းကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့ မကြည့်ကြတာလဲ။ ခြေထောက်တွေကို ကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့်နေမိသည်။ သူတစ်ခါမျှ မမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။ ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းကို ပွတ်သပ်သည်။ သူဝမ်းနည်းသွားသည်။


သူ့အပေါ် ကြင်နာရှာသည်ပဲ။


ခိုင်းစေလွန်းသည့်အခါများတွင် တစ်ခါတစ်ရံ ငြူစူခဲ့ဖူးသည့်အတွက်ပင် သူအားနာသွားမိသည်။ လူစိမ်းက သူ့မျက်နှာကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် သူ့အစွယ်ကို ပွတ်သပ်ကြည့်သည်။ အရှည်အလျားကြီး မဟုတ်သော်လည်း ညီညာဖြောင့်စင်း၍ အလွန်လှပသည့် စွယ်ငှက်ပျောဖူးနှစ်ချောင်း။ အစွယ်နှစ်ချောင်းကို ပွတ်သပ်နေရာက အစွယ်ရင်းရှိ အသားပျော့ထဲသို့ ထိုးကြည့်ဖိကြည့်သည်။


ရုတ်တရက် မဲလုံးသိလိုက်သည်။ ငါသေလျှင် ငါ့အစွယ်ကို ယူကြမည်ပဲ။ ငါသေလျှင်ဖြတ်ရောင်းမည့် အစွယ်ကို ငါမသေသေးခင်မှာပင် အားမနာ ပါးမနာ တိုင်းတာ ကြည့်ရှုနေကြသည်ပဲ။


 သေသည့်နောက်မှာ ယူကြငင်ကြပါ။ အစွယ်သာမက အရိုးရော အသားပါ သူတို့ကြိုက်ရာ စီရင်ကြပါ။ မသေခင်လည်း ခိုင်းစေခဲ့ပြီးပြီ။ သေသည့်နောက်တွင်လည်း ကျန်သမျှကိုယူကြငင်ကြဦးမည်။ ယူကြပါ။ သူတို့အတွက်လုပ်ကြပါ။ သို့သော် ငါ့ကိုသံကြိုးဖြေပေးဖို့ကလေး လောက်ကိုပင် သူတို့လုပ်မပေးနိုင်ကြပြီလား။


တသက်လုံးမှာ ငါအတောင့်တဆုံး ၊ အငတ်မွတ်ဆုံးဖြစ်ခဲ့သည့် ဒီဟာလေးတစ်ခုကို ငါသေခါနီး အချိန်လေးမှာပင် သူတို့လုပ်ပေးရကောင်းမှန်း မသိကြပြီလား။ ဒီလူတွေ ကျေးဇူးကန်းလွန်းလှသည်တကား။


မဲလုံး ဒေါသမထွက်စဘူး အကြီးအကျယ် ထွက်သွားသည်။ လရောင်ကြီးတို့ ဘညိုတို့ကို သူမြင်ယောင်သည်။ ရုတ်တရက် ကုန်းရုန်းထဖို့သူကြိုးစားသည်။ မရ။ သူ့ခြေထောက်များမှာ အားမရှိတော့သလိုဖြစ်နေသည်။ မဲလုံးမလျှော့။ တအားအော်ဟစ်ကာ ရှိသမျှအားကိုညှစ်ထုတ်သည်။ မဲလုံးခန္ဓာကိုယ်ကြီး တဖြည်းဖြည်းကြွတက်လာသည်။ ခြေလေးချောင်းက တဖြည်းဖြည်းမတ်လာသည်။ လူတွေရုတ်တရက် နောက်ဆုတ်သွားကြသည်။ အားလုံးအံ့အားသင့်နေကြသည်။


တစ်သက်လုံး သဘောကောင်းပုံရခဲ့သော မဲလုံး၏မျက်နှာနှင့်မျက်လုံးတွင် ကြီးမားသော ဒေါသနှင့်အာဃာတကို သူတို့မြင်တွေ့နေကြရသည်။ လူတွေ နောက်ဘက် ထပ်ဆုတ်သွားကြသည်။ မဲလုံး ခြေလေးချောင်းပေါ်တွင် မတ်မတ်ရပ်ကာ စူးစူးစိုက်စိုက်ကြီးကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကြီးကို အားစိုက်ပြီး တောင့်ထားသည်။ ရှေ့ သို့တိုးဖို့ သူ မကြိုးစား။ ကြိုးစားလျှင်လည်း မရနိုင်မှန်း သူသိနေသည်။


နေရာမှာပင် တောင့်မတ်ကာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည့်လူစုကို အပြင်းထန်ဆုံးဒေါသဖြင့်စိုက်ကြည့်နေရင်း တဖြည်းဖြည်းယိုင်လာသည်။ ခြေထောက်များကလည်း ခွေညွတ်ကျလာသည်။ တောင့်ထား၍မရတော့။
ဘေးဘက်သို့ယိုင်သွားသည်။


မဲလုံး အသံအကျယ်ကြီးတစ်ချက် ကြွေးကြော်အော်ဟစ်ပြီးနောက် ဗုန်းကနဲ လဲကျသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားလေသည်။


                                                ****************************


မဲလုံး သေဆုံးပြီးသည့်နောက်တွင် သူ့ခြေထောက်မှသံကြိုးကို ဖြုတ်ကြသည်။ မဲလုံးကား သံကြိုးအတုပ်အနှောင် ကင်းမဲ့သောဘ၀ကို ခံစားနိုင်ခြင်းမရှိတော့။


 သို့သော် မည်သည့်ဆင်ပိုင်ရှင် ဆင်ဦးစီးမျှလည်း သူ့အား နှိပ်စက်ခိုင်းစေခြင်း မပြုနိုင်ကြတော့။




လွမ်းရိပ် ဝေေ၀ တက္ကသိုလ်မြေ

0
0


by Hla Shwe (Notes) on Friday, March 29, 2013 at 1:18pm

ဒီဇင်္ဘာလ၏ တနေ့သော နံနက်ခင်း။
အဓိပဓိလမ်း ပလက်ဖောင်းနှင့် ရေတမာပင်ကြားးက လူသွားလမ်းတွင် လမ်းလျှောက်နေသော ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ၊ နိုင်ငံခြားတက္ကသိုလ်မှ ဧည့်ပါမောက္ခများ၊ အာရှ၊ ဥရောပ၊ အာဖရိက တို့မှ ပညာရှာရန်လာကြသော ကျောင်းသားများသည် နံနက်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေကြသည်ကို တွေ့ရသည်။


ရန်ကုန်မြို့၏ ဒီဇင်္ဘာလ ဆောင်းရနံ့သည် ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုနှင့်အညီ ခပ်ပါးပါးလေးပင်။ ဖေါက်ပြန်သော ရာသီဥတုကြောင့်လား ကောင်းကင်တွင် မိုးသားတိမ်ရိပ်များကိုပင် တွေ့နေရသည်။ အနွေးထည်ပင် ၀တ်စရာမလိုတော့။ ဂျက်ဆင်နှင့် သထုံဆောင်ဘေးရှိ ပါမောက္ခများအတွက် ချပေးထားသည့် အိမ်တွင် ကျနော်နေထိုင်ခြင်း ဖြစ်သည်။ ထိုအိမ်များသည် ကိုလိုခေတ်၊ လွတ်လပ်ရေး အကြိုကာလကပင် ရှိခဲ့သော ပညာရှင်တို့အတွက် အေးချမ်းတည်ငြိမ်သော ရိပ်မြုံပင် ဖြစ်သည်။ အိမ်မှစထွက်ပြီး ဂျက်ဆင်ဘုရားရှိခိုးကျောင်းအောက် လူသွားစင်္ကြန်မှ ဖြတ်သွားကာ ဘွဲ့နှင်းသဘင် ခန်းမဘက်နှင့် ရန်ကုန်တက္ကသိုလ်ပင်မဂိတ်၊ ပြန်လည် ဆောက်လုပ်ထားသည့် ကျောင်းသား သမဂ္ဂ အဆောက်အဦး ရှေ့အထိ လမ်းလျှောက်ကာ နာမည်ကျော် ဦးချစ် လ္ဘက်ရည် ဆိုင်တွင် မနက်စာ စားပြီး ပြန်လာလေ့ရှိသည့်မှာ ကျနော်၏ နေ့စဉ် ဘ၀ပင်ဖြစ်သည်။

ကျနော်တို့ကျောင်းနေစဉ်အခါက အဓိပဓိလမ်းဘေးရှိ အစီအရီ စိုက်ပျိုးထားသည့် ရေတမာပင်အောက် ထိုင်ခုံတန်းလျားတို့သည် ချစ်သူစုံတွဲတို့ ချစ်တင်းနှောသည့်နေရာ ဖြစ်ခဲ့သည်။ ယခုအခါကား လက်ချင်းယှက်လျက် သွားလာနေသည့်၊ ချစ်တင်းနှောနေသည့် ချစ်သူများကို မတွေ့ရတော့။ ထိုသစ်ပင်များအောက်တွင် အေးအေးလူလူ စာဖတ်နေသည့် ကျောင်းသား၊ သူများကိုတွေ့ရတတ်သည်။ ယနေ့ခေတ် ကျောင်းသားတို့၏ အပြုအမူသည်လည်း ပြောင်းလဲခဲ့လေပြီ။အသစ်ပြန်လည် ဆောက်လုပ်ထားသည့် သမဂ္ဂ အဆောက်အဦးသည် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့်အတိုင်း မူလ လက်ရာအတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ပြန်လည်နိုးထလာသော ရန်ကုန်တက္ကသိုလ်ကြီးတွင် (Faculty of Asia Pacific Studies)အာရှပစ္စဖိတ်လေ့လာရေးဌာန၏ အကြီးအကဲ ပါမောက္ခတဦးအဖြစ် ပြန်လည်ထမ်းဆောင်ခွင့် ရသည်မှာမိမိအတွက် ဂုဏ်ယူမဆုံး ဖြစ်မိသည်။ ကျနော်၏ မာတာ ပီတုနှစ်ဦးစလုံး အိမ်မက် မက်ခဲ့သော နေရာကို ကျနော်ရောက်အောင် ချီတက်နိုင်ခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်များကာလ ဤနေရာတွင် ဇာတ်တူသားစားသည့် လင်းတငှက်များ ပေါများခဲ့သည်။ တိုင်းပြည်၏ ရတနာများလည်း ဤအဓိပဓိ လမ်းမပေါ်တွင် ကြွေလွင့်ခဲ့ဘူးသည်။  မြောက်ပြန်လေရူးနှင့်အတူ လင်းတငှက်များ ရောက်လာခိုက်တွင် တောင်ဖန်မစုံတစုံ ကြိုးကြာငှက်တို့သည် တောအရပ်ဆီကို ထွက်ခွာသွားခဲ့ကြသည်။  ပြန်လာနိုင်သော ကြိုးကြာငှက်များကား အနည်းစုဟုပင် ပြောရမည်။ ကြမ်းတမ်းလှသည့် သဘာဝတရား၊ ပေါများလှသည့် ရောဂါဘယတို့ကို မကျော်လွှားနိုင်ဘဲ မေခ၊ မလိခ၊ သံလွင်၊ သောင်ရင်း ချောင်းနဘေးတွင် ထာဝရ အိပ်စက် အနားယူသွားခဲ့သော ရဲဘော်ရဲဘက်များကို အောက်မေ့သတိရမိသည်။
ဦးချစ်ဆိုင်တွင် ပဲပြုတ်နှင့်ထ္မင်းဖြူ၊ လ္ဘက်ရည် သောက်ရင်း အတိတ်ကိုပြန်လည် စဉ်းစား နေမိသည်။ ဤအချိန်တွင် မိမိ၏ အသက်သည်ပင် ငါးဆယ်အရွယ်ကို ဆိုက်ခဲ့လေပြီ။ အရာရာတို့သည် ပြောင်းလဲခဲ့သည်။

၁၉၉၀ ကျော်ခုနှစ်များက ကျနော်ယခုထိုင်နေသော နေရာ၏ကြောဘက် တောင်ငူဆောင်နားရှေ့တွင် အစိမ်းရောင်ကားများသာ နေရာယူခဲ့သည်။ သို့ရာတွင် ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ထုတ်ပြန်လိုက်သော တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းသို့ မည်သည့်ကားမှ ၀င်ခွင့်မရှိ၊ ပါမောက္ခများ၏ ကားများပင် ၀င်ခွင့်မရှိတော့။ အသစ်ခန့်အပ် ခံရသော ကချင်အမျိုးသား ရန်ကုန်တက္ကသိုလ် အဓိပဓိ၏ ကားသည်ပင် တက္ကသိုလ်ပရ၀ုဏ်ကို ၀င်ခွင့်မရှိ။ ပင်မဂိတ်၏ ရှေ့တည့်တည့်ရှိ ဆယ်ထပ်ရှိ အဆောက်အဦးသည် ကားထားရာ နေရာပင်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူမျှ မရှိတော့။ ခေတ်တခေတ် ဆန်းခဲ့လေပြီ။ သစ်ခဲ့လေပြီ။

အိမ်ပြန်ရောက်သည်နဲ့ ရေမိုးချိုးကာ အာရှပစ္စဖိတ်လေ့လာရေးဌာန ဘက်ကိုချီတက်ခဲ့လေသည်။ ဤနေ့သည် ဖေါက်ပြန်သော ရာသီဥတုကြောင့် မိုးသား တိမ်ရိပ်တို့က အုံ့မှိုင်းနေသည်။ ဌာန တည်ရှိရာနေရာသည်ကား ယခင်က သမိုင်းဌာနနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန တို့ဖွင့်လှစ်ခဲ့သည့် ဝေသာလီဆောင်ကို ဖြိုဖျက်ကာ ခေတ်သစ် ခေတ်ဟောင်း ဗိသုကာလက်ရာ ပေါင်းစပ်ကာ ဆောက်လုပ်ထားသည့် ငါးထပ်မြင့် အဆောက်အဦးပင် ဖြစ်သည်။ ငါးထပ်မြောက်သည် ကျနော်အလုပ်လုပ်ရာ အာရှပစ္စဖိတ် လေ့လာရေး ဌာနပင် ဖြစ်သည်။ ဌာနကို ရောက်သည်နဲ့ ကျနော်၏ အတွင်းရေးမှူးမှ ဤနေ့အတွက် လုပ်ရမည့်တာဝန်များ၊ ဖိတ်ကြားထားသည့်စာများ၊ တွေ့ဆုံရမည့်သူများ၊ တွေ့ဆုံခွင့်တောင်းထားသည့် ဘွဲ့လွန်ကျမ်းပြု ကျောင်းသားများ၏စာရင်းကို ကျနော့်ရှေ့ စားပွဲပေါ်ကို လာချပေးသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင်တို့မှာကား ပါမောက္ခ ချုပ်ဟု ခေါ်သည့် အစိုးရက စင်တော်ကောက်သည့် ပုဂ္ဂိုလ်တို့၏ သြဇာအမိန့်ပေးမှုအောက်တွင် ပြားပြားဝပ်ခဲ့ရသည်။ ပါမောက္ခ တဦးအဖို့ စာဖတ်ရန်မလို၊ အစည်းအဝေးတက်၊ ကျောင်းသားများ မလှုပ်မရှားနိုင်အောင် အကြံအစည်များကို ထုတ်ပြန်ချက်များထုတ်၊ ကထိကများမှာ ဂိတ်စောင့်ခဲ့ရသည့် အတိတ်တို့သည် ပုံပြင်ဆန်ဆန် ကျန်ခဲ့လေပြီ။

အတိတ်အကြောင်းစဉ်းစားနေဆဲ ဖုန်းခေါ်ဆိုသည့် အသံဝင်လာသည်။ တဖက်မှ ပြောဆိုသည့်သူက “ကျနော်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် မဂ္ဂဇင်း ထုတ်ဝေရေး ကော်မတီ ကပါ၊ မဂ္ဂဇင်း ထုတ်ဝေရေးနဲ့ ပတ်သတ်ပြီး အယ်ဒီတာ ရွှေးချယ်မယ့် အစည်းအဝေးရှိတယ်ဆရာ၊ ရန်ကုန်တက္ကသိုလ် ဌာနပေါင်းစုံက (Dean) တွေကို ဖိတ်ထားပါတယ်၊ အစည်းအဝေးကို မပျက်မကွက် တက်ရောက်ဖို့ အကြောင်းကြားတာပါ”ဟုပြောဆိုလာခဲ့သည်။ အစည်းအဝေး လုပ်မည့်ရက်ကို မေးပြီးတက်ရောက်ရန် ကတိပေးလိုက်သည်။

ကျနော်၏ စားပွဲပေါ်သို့ အတွင်းရေးမှူး တင်ပေးခဲ့သော ဖိတ်စာတခုကို ဖွင့်ဖတ်မိသည်။ “လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှ”ပညာရှင် ဆိုင်ရာ ကြားနာပွဲအတွက် ဖိတ်ထားသည့်စာကို တွေ့ရသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်သည့် “တရုတ်နဲ့ အမေရိကန်တို့၏ အာရှရေးရာ မူဝါဒများကို ဆန်းစစ်ဆင်းခြင်း”ခေါင်းစဉ်ဖြင့် လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကော်မတီ နှစ်ရပ်ပေါင်းတွင် အာရှပစ္စဖိတ်ရေးရာ ကျွမ်းကျင်သူ တဦးအနေဖြင့် ကြားနာရန် ဖိတ်ကြားထားခြင်းဖြစ်သည်။ လာမည့်လဆန်း၏ ပထမပတ် သောကြာနေ့တွင် ဖြစ်သည်။ နိုင်ငံ၏ကံကြမ္မာကို ဖန်တီးမည့်  နိုင်ငံရေးသမားများကို ပညာရှင်တဦး၏ အမြင်ကို တင်ပြရပေမည်။ ထိုနိုင်ငံရေးသမားတို့မှ အင်အားကြီးနိုင်ငံတို့၏ကြားတွင် မိမိနိုင်ငံနဲ့ သင့်တော်မည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကြပေလိမ့်မည်။ ပညာရှင်တို့၏ အခန်းကဏ္ဍသည်လည်း ခေတ်သစ်ကို ရောက်ခဲ့လေပြီ။
အဆိုပါစာကို ဖတ်ပြီးနောက် ရန်ကုန်တက္ကသိုလ် အာရှ ပစ္စဖိတ် လေ့လာရေးဌာနတွင် ဘွဲ့လွန်သင်ယူနေသော အာရှ၊ ဥရော၊ အာဖရိကတို့မှ ကျောင်းသားများ၏ စာတမ်းဖတ်ပွဲကို ယခင်က၀ိဇ္ဖာခန်းမကို နာမည်အသစ်ပေးထားသည့် “ဧရာဝတီ ခန်းမ” တွင်ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် ပြင်ဆင်ရပြန်သည်။

လက်ရှိအချိန်တွင် ပါမောက္ခတဦး၏ တာဝန်မှာ အစိုးရ၏ခိုင်းဖတ် မဟုတ်တော့။ မိမိ၏ ဘာသာရပ်ဆိုင်ရာတွင် ကျွမ်းကျင် ပိုင်နိုင်မှုသည်သာ ပဓါနကျတော့သည်။ နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတို့သည် ပညာရှင်တို့၏ လက်ဝှေ့ပွဲ စင်မြင့်ဖြစ်လာတော့သည်။

ငါးထပ်မှ ဓါတ်လှေကားဖြင့်ဆင်းကာ ဌာနရှေ့တွင် ရပ်နားထားသည့် စက်ဘီးကိုယူကာ ဧရာဝတီ ခန်းမဘက်သို့ သွားရန်ပြင်ဆင်နေစဉ် မိုးဖွေးဖွေးရွာချလိုက်သည်။ အိမ်မှ ထွက်လာစဉ်ကတည်းက ထီးမပါလာခဲ့။ မိုးသည် တဖွဲဖွဲမှ မိုးသီးမိုးပေါက်များပင် ကျလာတော့သည်။
“ကိုလှရွှေ အိပ်ရာကထတော့ မိုးရွာနေတယ်၊ လှမ်းထားတဲ့ အ၀တ်တွေရုပ်၊ မိုးယိုမယ့် နေရာတွေက အ၀တ်အစားတွေကို ပလပ်စတစ် အိပ်ထဲထည့်ရမယ်၊ အမြန်ထတော့”ဟုအမျိုးသမီး၏ ပြောသံကိုကြားရသည်။ မိမိမှာဇဝေဇ၀ါ ဖြစ်နေမိသည်။ ရန်ကုန်တက္ကသိုလ် အာရှရေးရာ လေ့လာရေးဌာန ရှေ့တွင် စက်ဘီးပေါ်ရောက်နေသည်ဟု အိပ်မက် မက်နေရာမှ အမျိုးသမီး၏ ပြောသံကြောင့် လန့်နိုးလာခဲ့သည်။ အိပ်ရာမှ ကမန်းကတန်းထကာ အိမ်အပြင်ဘက်တွင် လှမ်းထားသည့် အ၀တ်များကို သွားသိမ်းမိသည်။ ကျနော်တို့ မိသားစု အိပ်ရာအပေါ်ဘက်တွင် ခေါင်းမိုးက ဟောင်းလောင်း ဖြစ်နေသည်။ မိုးရွာကတည်းက မိုးစက်များ အိပ်ရာပေါ် ကျနေသည်။ ဟုတ်လည်း ဟုတ်ပါပေသည်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင် မနှစ်ကအိမ်မိုးရန် အင်ဖက် မဝေငှခဲ့။ ဖြစ်သလို ဖာထေးကာ မိုးတွင်းကို ဖြတ်သန်းခဲ့ရသည်။ ဒီဇင်္ဘာလ ဆောင်းရာသီ အရောက်တွင်ကား ခေါင်းမိုးမှာ ဟိုတပေါက် ဒီတပေါက်ဖြင့် ကြယ်ကြွေကျသည်ကိုပင် အိပ်ရာက လှမ်းမြင်ရေလေပြီ။

အ၀တ်အစားများကို ပလစတစ်အိတ်ဖြင့် ထုတ်ပိုးပြီး၊ အိပ်ပျော်နေဆဲ သားလေးကို မိုးမယိုသည့် နေရာကို ပြောင်းရွေ့ကာ သိပ်ထားရသည်။ မျက်နှာသစ်ပြီး မီးမွှေးရတော့သည်။ ညနေက ထမင်းကျန်ကို ကြော်လှော်ကာ နံနက်စာကို ဗိုက်ဖြည့်ရပေအုံးမည်။ နံနက်စာစားပြီးပါက ဒုက္ခသည် စခန်းတွင်းက အထက်တန်းကျောင်းတွင် စာသင်ပေးရန် သွားရပေအုံးမည်။

အိပ်မက်ကို ပြန်လည်စဉ်းစားမိရင်း တယောက်တည်း ပြုံးမိသည်။ ညနေက အမေရိကားကို ထွက်ခွာရန်ပြင်ဆင်နေသည့် မိတ်ဆွေတဦးက ထိုင်းတောင်ပေါ်သားများ ချက်သည့် ယမာကာကို ဘတ်( ၂၀) ဖိုးသောက်ရင်း ရန်ကုန်တက္ကသိုလ် အကြောင်း တော်လှန်ရေးနယ်မြေသို့ ရောက်ခဲ့ပုံ စတာတွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ခဲ့ကြသည်။  နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသားဘ၀ ကတိပြုခဲ့ကြသည့် ရန်ကုန်  တက္ကသိုလ် ရာပြည့်တွင် ပြန်လည်တွေ့ဆုံမည် ဆိုသော အရာတို့သည် ယနေ့အထိ အိပ်မက်ပမာပင် ဖြစ်နေချေတော့သည်ကိုလည်း ပြောဖြစ်ခဲ့ကြသည်။ ညနေက မိတ်ဆွေနဲ့ ပြောဖြစ်ခဲ့သော စကားတို့သည် ကျနော်ပိုင်ဆိုင်သော တညတာကို လွှမ်းမိုးခဲ့သည်ကို ပီတိဖြစ်ရင်း ကလေးများကို စာသင်ရန် ဒုက္ခသည် စခန်း၏ အထက်တန်းကျောင်းဘက်ကို ခြေဦးလှည့်ခဲ့တော့သည်။

လှရွှေ
5Like· ·

"ညီအစ်ကို မောင်နှမများ "

0
0

by Ter Tee (Notes) on Friday, March 29, 2013 at 4:57pm
                                                                 - (ကြည်မောင်သန်း)



တိုကျိုမှာ ပန်းကန်ဆေးဆေး
ကွာလာလမ်ပူမှာ ကားရေဆေးဆေး
ရန်ကုန်မှာ ပန်းချီပဲရေးရေး
ကိုယ့်သွေးအမျိုးအစား ကိုယ်သိရမယ်။



ကွမ်းယာပဲ ရောင်းရောင်း
လက်ဖက်ရည်ပဲရောင်းရောင်း
အရက်ဖြူပဲရောင်းရောင်း
ငါတို့ဦးခေါင်းကို ထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်ရမယ်။


လူတွေက
ကားတွေအကြောင်းကိုပြောကြ
လူတွေက
ဖုန်းတွေအကြောင်းကိုပြောကြ
လူတွေက
ငွေစက္ကူတွေအကြောင်းကိုပြောကြ
လူတွေက
လူတွေကိုမေ့နေတဲ့ ကာလမှာ


တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲကငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။



                                                                    ဖေဖော်ဝါရီ ၂၀၀၆
                                                                         ရနံ့သစ်




ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော တပ်မတော်သား ကျင့်ဝတ်

0
0
by Seaman Nayminthu (Notes) on Saturday, March 30, 2013 at 9:00pm
 
(ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့တွင် ပြည်သူ့တပ်မတော်သားများ လိုက်နာကျင့်ကြံရမည့် စည်းကမ်းချက်များကို ချမှတ်ပြဋ္ဌာန်း လိုက်နာကျင့်သုံး ဆောင်ရွက်စေခဲ့သည်)


(၁)     ပြည်သူအပေါင်းတို့အား အရာရှိအရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။ ကိုယ့်အမှား မရှိပါစေနှင့်။ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။

(၂)     ကိုယ်နှင့်မဆိုင်သော အခြားသူတို့၏ အလုပ်များကို အနှောင့်အယှက် မပြုပါနှင့်။ သို့သော် ကိုယ့် ၀တ္ထရား အချိန်အပတွင် မည်သူကိုမဆို အထူးသဖြင့် လူအို၊ ကလေး၊ မိန်းမ၊ ဆင်းရဲသားတို့ကို ကူညီနိုင်သမျှ ကူညီပါ။ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။

(၃)     ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော် လည်းကောင်း၊ ပြင်ပသော် လည်းကောင်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ။ ၄င်းတို့အား အစ်ကိုကြီးများက ညီငယ်များကို အလိုလိုက် သကဲ့သို့ အလိုလိုက်ကြပါ။ ၄င်းတို့ကပင် ဆိုးစေကာမူ သည်းခံနိုင်အောင် ကြိုးစားကြပါ။ ၄င်းတို့၏ ဘာသာစကား အလေ့အထ၊ အယူဝါဒ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း ပြောဆိုခြင်း ဝတ်စားခြင်း နေထိုင်ခြင်း အစရှိသည်များကို မကဲ့ရဲ့ပါနှင့်။ မပြောင်လှောင်ပါနှင့်။ မနှောင့်ယှက်ပါနှင့်။ ၄င်းတို့ မခံချင်သည့် အပြောအဆို အသုံးအနှုံးမျိုးကို ရှောင်ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။

(၄)     ရဲဘော်စိတ် အချင်းချင်းထားကြပါ။ တပ်မှူးက တပ်သားများကို လေးစားပါ၊ ချစ်ခင်ပါ၊ စောင့်ရှောက်ပါ။ တပ်မှူးထက် အသက်ကြီးသော တပ်သားများကို လေးစားစွာခေါ်ပါ၊ တာဝန်အပြင်အပတွင် ရဲဘော်ချင်း ဆက်ဆံသကဲ့သို့ ဆက်ဆံပါ။ အချင်းချင်းလည်း တစ်ဦးကို တစ်ဦးပဲ့ပြင်ပါ။ ကူညီပါ၊ မတတ်သူကို တတ်သူက ကူညီပါ။ အလုပ်မပြီးသူကို ပြီးသူက ကူညီပါ။ အကျင့်မကောင်းသူကို ကောင်းသူက ကူညီပါ။ ရဲဘော်မတရား ဒုက္ခရောက်လျှင် ကူပါ။ ရဲဘော်ဖျားနာလျှင် ကူပါ။ အားမဲ့နေသော ရဲဘော်ကို ပစ်မထားပါနှင့်။ ရဲဘော် အချင်းချင်း မြို့သားတောသား ပညာတတ်မတတ် အစရှိသဖြင့် အထင်မသေးပါနှင့်။ တစ်ဦးကို တစ်ဦး ကူညီပါ။ တစ်ဦးထံမှ တစ်ဦး သင်ယူကြပါ။ ရှက်စရာ မရှိ။ တပ်မှူးထံမှာလည်း တပ်သားများက သင်ရမည်။ တပ်သားများ ထံမှ တပ်မှူးများက သင်ရမည်။ တစ်ဦးနှင့် တစ်ဦး အရာရာမှာ အပေးအယူ ရှိရမည်။

(၅)     အကျင့်စာရိတ္တ ကောင်းကြပါ။ အရက်သေစာ သောက်စားမူးယစ်၍ လူမြင်ကွင်းတွင် တပ်မတော် နာမည်ပျက်စရာ အလုပ်များ မလုပ်ပါနှင့်။ မိန်းမလိုက်စား၊ သုံးမရသည့် တပ်မတော် မဖြစ်ပါစေနှင့်။ မိန်းမမြင်လျှင် ထိန်းမရသိမ်းမရ ရမ်းကားသော တပ်မတော် မဖြစ်ပါစေနှင့်။ သူတပါး ပစ္စည်းများကို လုယက် ခိုးယူခြင်း မပြုပါနှင့်။ လူများအပေါ် မတရား အာဏာမပြပါနှင့်။

(၆)     ဆန္ဒအားကြီးအောင် ကြိုးစားကြပါ။ အမောခံနိုင်အောင် အပင်ပန်းခံနိုင်အောင် အငတ်ခံနိုင်အောင် အဆင်းရဲခံနိုင်အောင် အနိုင်မခံရအောင် အရှုံးမပေးရအောင် ဆန္ဒအားများကြပါ။ တတ်နိုင်သမျှ ရိုးရိုးနေ ရိုးရိုးကျင့် မြင့်မြင့်ကြံကြပါ။ အရက် ဆေးလိပ် မိန်းမ စည်းစိမ်များ ရှောင်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင် သည့်အခါ စိတ်ကို ထိန်းသိမ်းနိုင်ပါစေ။ ကိုယ်နှုတ်ကို ထိန်းသိမ်းနိုင်ပါစေ။
          သံယောဇဉ် မှန်သမျှ ဖြစ်တောက်နိုင်ရမည်။ ငါတို့သည် သားမယား ဆွေမျိုး မိဘများကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမည်။ ၄င်းတို့အား လေးစားချစ်ခင်ကြခြင်းမှာလည်း နည်းမှန်ပင် ဖြစ်သည်။ သို့သော် ၄င်းတို့တွယ်တာမှုကြောင့် ငါတို့ အလုပ်တာဝန်ကြီးကို မထိခိုက်ပါစေနှင့်။ ၄င်းတို့အား ရက်စက်စွန့်ခွာ ရမည့် အခါမျိုးတွင် စွန့်ခွာ၍ တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိရမည်။
(ပြည်သူ့တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရန် ဖြစ်သည်)

( လှမြင့်(ရန်ကုန်တက္ကသိုလ်) ရေးသော “ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူများမှ ပေါက်ဖွားလာသည့် ပြည်သူ့ တပ်မတော် ဟူသည်” ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည် )

မူဆလင်ဆန့်ကျင်ရေးအစွန်းရောက်များအသံနှင့်သာ ပြည့်နှက်နေသော မြန်မာနိုင်ငံ ( Bankok post 29.3.13 )

0
0


by Thanda Win (Notes) on Saturday, March 30, 2013 at 2:11pm
  • လူသတ်အကြမ်းဖက်မှုများသည်  ၆လခန့်ဆူပူအုံကြွနေသော မြန်မာနိုင်ငံတွင် အရေးပါသောမြို့ကြီးများအနီးသို့ ချည်းကပ်လာလျက်ရှိပြီး မူဆလင်အများစုနေထိုင်သော နိုင်ငံများကလည်း သတိထားစောင့်ကြည့်လျက်ရှိသည်။
  • အစိုးရသည် အရေးပေါ်ကြေငြာချက်ထုတ်ရန် ကြောက်ဒူးတုန်နေခြင်း နှင့် စစ်တပ်ကို  ခေါ်ယူခြင်းအပါအ၀င် လူ့အခွင့်အရေးလှုပ်ရှားသူများဧ။် ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ရလျက်ရှိသည်။
  • သေဆုံးမှုများ၊ ဒဏ်ရာရမှုများနှင့် ဖျက်ဆီးမှုများသည် သမ္မတဦးသိန်းစိန် အစိုးရကို ခြိမ်းခြောက်နေသည့်အပြင် ၎င်းတို့ကြိုးပမ်းနေသော ထိရှလွယ်သည့် မြန်မာနိုင်ငံဧ။် စစ်အာဏာရှင်စနစ်မှ လွတ်လပ်သောနိုင်ငံအဖြစ်သို့ အသွင်ပြောင်းလဲမှုကိုပါ ထိခိုက်စေနိုင်သည်။
  • ဒီမိုကရေစီတွင် လွတ်လပ်စွာပြောဆိုခွင့် ရှိရမည်။ သို့သော် ထိုလွတ်လပ်စွာပြောဆိုခွင့်သည် မြန်မာနိုင်ငံကို အန္တရာယ်တောတွင် စွန့်စားစေလျက်ရှိသည်။ အစွန်းရောက်များ၊ အထူးသဖြင့် မူဆလင်ဆန့်ကျင်ရေး အမာခံများသည် လူ့အဖွဲ့အစည်းဧ။် အသံကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ အစိုးရနှင့် ယဉ်ကျေးသော အရပ်ဖက်လူ့အဖွဲ့အစည်းမှ အချိန်မှီ မတုန့်ပြန်လျှင် မြန်မာနိုင်ငံသည် မဆုံးတမ်းအကြမ်းဖက်မှုများနှင့် မမျှော်မှန်းနိုင်သော ဖျက်ဆီးမှုများကို ရင်ဆိုင်ရလိမ့်မည်။
  • အထိန်းအကွပ်မရှိ တိုက်ခိုက်ပြောဆိုနေခြင်းများကို ဖြေရှင်းရန်မှာ ပိုမိုလွတ်လပ်စွာပြောဆိုခွင့်ပြုခြင်းဖြစ်သော်လည်း အာဏာရှင်စနစ်မှ ရုန်းထွက်ကာစ မြန်မာနိုင်ငံတွင်မူ အလုပ်ဖြစ်မည့်ပုံ မပေါ်ချေ။
  • အရေးအကြီးဆုံးသော ပြသနာမှာ အစိုးရ၊ အတိုက်အခံနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့သည် ရှက်စရာကောင်းလောက်အောင် အစွန်းရောက်တို့နှင့် ရင်မဆိုင်ရဲခြင်းဖြစ်သည်။
  • ဦးသိန်းစိန်က ပြောကြားရာတွင် ခေတ်နှင့်မလျော်ညီသော ပြုပြင်ပြောင်းလဲမှုများဟု ဆိုခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်များ ကျုးလွန်လျက်ရှိသည့် လူသတ်မှုများ၊ မျိုးတုန်းသတ်ဖြတ်မှုများကို ရှူံ့ချရန်ငြင်းဆိုခဲ့သည်။
  • နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် လူနည်းစုကို ကာကွယ်သည့် ဥပဒေအသစ်များပြဌာန်းရန် ဆော်သြခဲ့သော်လည်း သတ်ဖြတ်မှုများ၊ မီးရှို့မှုများကို ပြင်းထန်စွာဝေဖန်ခြင်း မရှိခဲ့ချေ။
  • တချိန်က အတိုက်အခံများကို ထောင်ချခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကြောက်ရွံ့စေခြင်းတို့ကို ပြုလုပ်ခဲ့သောစစ်တပ်သည် ထိုအလုပ်ကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။ ယခုအချိန်အထိ သမ္မတညွှန်ကြားမှုအရသာ ၀င်ရောက်ဆောင်ရွက်နေပြီး ငြိမ်သက်လျက်ရှိသည်။
  • သို့ဖြစ်၍ ဆူပူအကြမ်းဖက်သူနှင့် အစွန်းရောက်များသာ ပြောရေးဆိုခွင့်ရှိသလိုဖြစ်နေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချနေကြသည်။ ၎င်းတို့ကို ပြင်းပြင်းထန်ထန် အတိုက်အခံလုပ်မည့်သူလည်းမရှိချေ။
  • အခြားသောပြသနာမှာ အင်တာနက်ပေါ်တွင်ပင် အစွန်းရောက်များကို လွတ်လပ်စွာပြောဆိုတုန့်ပြန်နိုင်မှု မရှိခြင်းပင်။
  • ဝေါစထရိဂျာနယ် သတင်းထောက် ဂျိမ်းဟွန်ဝေးက အကြမ်းဖက်မှုလိုလားသော၊ ဆိုးဆိုးရွားရွား ဆူပူနေသော ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုအဖွဲ့ဧ။် အင်တာနက်ပေါ်တွင် လွှမ်းမိုးနေသော သတင်းများကို ဓါတ်ပုံရိုက်ယူခဲ့သည်။
  • သို့သော် ၉၆၉ အဖွဲ့လွှမ်းမိုးနေသော အင်တာနက်ပေါ်တွင် အမှန်တရားက လွှမ်းမိုးနိုင်စွမ်းမရှိ။
  • မြန်မာတို့ဧ။် လူမျိုးခြားများကို မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့ကို အစွန်းရောက်တို့ဧ။် အသံက ထိန်းချုပ်ထားခြင်းမဟုတ်သော်လည်း ၎င်းတို့သည် ဆက်သွယ်ရေးနည်းစနစ်များ အားနည်းခြင်းကြောင့် ပိုမိုမီးတောက်စေသည်။
  • မြန်မာနိုင်ငံဧ။် ဆက်သွယ်ရေးနည်းလမ်းများကို ကောင်းမွန်သေချာစွာ အတွင်းကျကျလေ့လာဆန်းစစ်ချက်တွင် တွေ့ရှိရသည်မှာ အထိန်းအကွပ်မဲ့ စော်ကားပြောဆိုမှုများကို တုန့်ပြန်ရန် နည်းလမ်းမရှိခြင်းပင်။
  • သတင်းစာနှင့် မဂ္ဂဇင်းများသည် ယုံကြည်ရခြင်းမရှိ။ ရုပ်မြင်နှင့် ရေဒီယိုသည် ပြည်သူ့အသံကို ကိုယ်စားမပြု။
  • ခေတ်မီနည်းပညာနှင့် ဆက်သွယ်ရေးစနစ်များတွင်လည်း ပြည်သူ့အသံကို မကြားရ။
  • သန်း ၆၀ တွင် လူ ၃ သန်း၌ မိုဘိုင်းဖုန်းရှိကြသည်။ လူ ၄ သန်းသည် လုံးဝ အင်တာနက် မသုံးနိုင်။ တိုင်းပြည်ဧ။် ၁ % သည်သာ အင်တာနက်သုံးနိုင်သည်။ မိုဘိုင်းတယ်လီဖုန်းဌာန ၃ ခုလုံးကို အစိုးရကသာ ချုပ်ကိုင်ထားသည်။
  • အတိုချုပ်ဆိုရလျှင် အစွန်းရောက်များသာ အသံထွက်နိုင်သည်။ အာဏာရှင်ဆန်ဆန် ဆရာတော်ဦးဝီရသူကဲ့သို့ ၉၆၉ ဘုန်းကြီးများကို အတိုက်အခံလုပ်မည့်သူမရှိ။ အစိုးရ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် အင်တာနက်အပါအ၀င် မီဒီယာများက မဆန့်ကျင်။
  • ရလာဒ်အနေဖြင့် ယခုအချိန်သည် မြန်မာနိုင်ငံဧ။် လွတ်လပ်စွာပြောဆိုခွင့်ကို မြူဆိုင်းအုံ့မှိုင်းနေချိန်ဖြစ်သည်။ အစိုးရနှင့် ပြည်သူတို့သည် အစွန်းရောက်တို့အား စိတ်တိုင်းကျဆက်ပြောခွင့် ပြုခြင်းဖြင့် ရုန်းရင်းဆန်ခတ် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေရန် ဆက်လက်ခွင့်ပြုမည်၊ မပြုမည်ကို ဆုံးဖြတ်ရတော့မည်။
  • အင်တာနက်မီဒီယာသည် ပြည်သူ့အသံကို ကိုယ်စားမပြုနိုင်မချင်း အစိုးရသည် ယခင်က အသုံးပြုခဲ့သော ထောင်ချခြင်းနည်းလမ်းကိုသာ အစွန်းရောက်တို့အတွက် အသုံးပြုရနိုင်သည်။ ထိုအချက်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သော်လည်း လူနည်းစုဖြစ်သော မူဆလင်များအား သတ်ဖြတ်တိုက်ခိုက်ခြင်းကိုမူ ဟန့်တားကောင်း၊ ဟန့်တားနိုင်မည်။ ကိုယ်ပိုင် စတိုင်ဖြင့် ကမ္ဘာ့အဆင့် ပြုပြင်ရေးသမား ဦးသိန်းစိန်အတွက် ခက်ခဲသောစိန်ခေါ်မှုဖြစ်ပြီး လူမျိုးရေးဘာသာရေးအကြမ်းဖက်သမားများကို ထိန်းမနိုင် သိမ်းမရ မဖြစ်ခင် ခက်ခက်ခဲခဲ ရွေးချယ်ရတော့မည် ဖြစ်သည်။

http://www.bangkokpost.com/news/local/342886/free-speech-runs-riot-as-anti-muslim-radicals-fill-vacuum 

မြန်မာနိုင်ငံ၏ သမ္မတများ

0
0



၁။ စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများလေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။ စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။
၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၂။ ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့လေသည်။ ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ်ဖြစ်လေသည်။ ၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့် လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်ကွယ်လွန်ပြီး နောက် ၁၉၂၃တွင် ဒေါ်အေးနှင့် လက်ထက်ခဲ့ရာ သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x

၃။ ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာတို့မှ ဖွားမြင်ခဲ့သည်။ ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ ၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာသားသမီး ၆ယောက် ထွန်းကားခဲ့သည်။ မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x

၎။ ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊ တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။ ၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့် လက်ထက်ခဲ့သည်။ ထို့နောက် ၁၉၇၆ခုတွင် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x

၅။ ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။ ၁၉၄၇ခုတွင် အင်းစိန်အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန် နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x

၆။ ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ ဒေါ်ရွှေတင်(ခ)ဒေါ်တင်တင်လှိုင်နှင့် လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x

၇။ ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။မွေးချင်းအနက် တစ်ဦးတည်းသော သားဖြစ်သည်။ ၁၉၄၇ခုတွင် ဒေါ်ခင်မြင့် နှင့် လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကား ခဲ့သည်။ ဒေါက်တာမောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၈။ ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။ ၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးရွေးချယ်ခံရသော သမ္မတဖြစ်သည်။ (၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်း နှင့်လက်ထက်ပြီး သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။

Facebook မှ တွေ့ရှိသဖြင့် ကူးယူဖော်ပြပါသည်။

ဖားတွေ...

0
0



ရခိုင်ကိစ္စဟာ တရားမဝင် ခိုးဝင်နေသူတွေနဲ့ ဒီလူတွေကနေ သမိုင်းလိမ်ရေးပြီးတော့ နိုင်ငံတကာ စာမျက်နှာမှာ နေရာကောင်းယူပြီး နယ်မြေချဲ့ဖို့ လုပ်ခဲ့ကြလို့ ဖြစ်ကြတာကို လူတိုင်းသိပါတယ်။ နဂိုကမှ ခြစားပြီးတော့ မလုံတော့တဲ့ တံခါးကနေ စိမ့်ဝင်နေတာတွေကနေ ပြဿနာ အကြီးကြီးတွေ ဖြစ်ပြီးတော့ လူတွေ သေကြေကြ၊ အိုးအိမ်တွေ ပျက်စီးကြရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တာလဲ အားလုံးအသိပါပဲ။


နယ်မြေချဲ့ထွင်ကြတဲ့ သူတွေအားလုံးဟာ တူညီတဲ့ ဘာသာတရား တစ်ခုဖြစ်နေပြီးတော့ သူတို့ဘာသာဝင် လူမျိုးတွေရဲ့ အရင့်အရင်က ရှိခဲ့တဲ့ သမိုင်းကြောင်းနဲ့ လတ်တလော ဝါးမြိုမှုတွေကလဲ နောက်ထပ် တူညီသော ဘာသာတရား တစ်ခုဖြစ်တဲ့ ဌာနေတွေရဲ့ စိုးရိမ်စိတ်ကို ပိုတိုးလာစေပါတယ်။ ဒါ့အပြင် ဒီလို ကျူးကျော်သူနဲ့ အကျူးကျော် ခံရသူတွေဟာ ကိုးကွယ်ရာ ဘာသာကွဲပြားတဲ့ လူမျိုးစုနှစ်ခု ဖြစ်နေတာကိုက ဒီအဖြစ်မှာ အားနည်းချက် ဖြစ်လို့နေပါတယ်။

ကျူးကျော်တဲ့သူ သမိုင်းလိမ်သူတွေက ဒီအားနည်းချက်ကို ကောင်းကောင်း အသုံးချခဲ့ပါတယ်။ သူတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ အချက်တွေကို ဖုံးဖိပြီးတော့ ဘာသာရေးရန်ပွဲအဖြစ် နိုင်ငံတကာမှာ မရအရ ပုံဖော်ခဲ့ပါတယ်။ နောက်ကွယ်က ငွေကြေးအင်အားနဲ့ ကျောထောက်နောက်ခံ ကောင်းမှုတွေကြောင့် သူတို့ပုံဖော်ခဲ့သလိုပဲ လူမျိုးရေး ဘာသာရေး ရန်ပွဲအဖြစ်ပဲ နိုင်ငံတကာက မြင်ခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့ ပျော့ညံ့အားနည်းတဲ့ တုံ့ပြန်မှုတွေကြောင့် အခြေအနေဟာ ကျူးကျော်နေထိုင်တယ် ဆိုတာထက် ဘာသာရေး ပဋိပက္ခအဖြစ် လိုရာပုံသွင်းသလို ခံခဲ့ရတာ လက်တွေ့ပါပဲ။ နိုင်ငံပိုင် မီဒီယာတွေရဲ့ ဗွေဆော်ဦးထုတ်ပြန်ချက် အမှားတွေကြောင့် ရှေ့ဆက်ဖို့ အားနည်းခဲ့တာလဲ လက်တွေ့ပါပဲ။ ပြည်တွင်းက ပုဂ္ဂလိက မီဒီယာတွေရဲ့ ထိုးဖောင်နိုင်စွမ်းဟာ နိုင်ငံတကာမီဒီယာ မပြောနဲ့ ပုစိန်ရိုး အသားထဲက လောက်ထွက်တဲ့ BBC, VOA, RFA, DVB စတဲ့ မီဒီယာတွေကိုတောင်မှ ကျော်အောင်မစွမ်းနိုင်ခဲ့ပါဘူး။

နောက်တစ်ခုကတော့ Social Media လို့ခေါ်ရမယ့် အဓိက Facebook, Twitter စတဲ့နေရာတွေက အမြင်တွေ တုံ့ပြန်မှုတွေပါ။ အွန်လိုင်းမယ် အတော်အသင့် လူသိများကြတဲ့ သူအတော်များများဟာ နိုင်င့တကာက မီဒီယာတွေကနေ တက်လာတဲ့ သတင်းအမှားတွေကို တတ်နိုင်သလောက် ခြေဖျက်ဖို့ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံတကာသုံး ဘာသာစကားနဲ့ ရသလောက် သတင်းအချက်အလက် အမှန်တွေကို ကမ္ဘာကိုပြနိုင်ဖို့ အတော်လေး ကြိုးစားခဲ့ကြသလို။ သတင်းအမှားတွေ အောက်မှာလဲ မမှန်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ခါချဉ်ကောင် မာန်ကြီးတာထက် ပိုမလာပဲ တန်ပြန်အဖွဲ့တွေရဲ့ မုန်းတီးရန်ရှာတာကို ခံခဲ့ကြရတာပါ။ တဖက်က သူတွေရဲ့ ဘာသာရေး ပဋိပက္ခအဖြစ် ပုံဖော်နေတာကို ခြေဖျက်ပြီးတော့ ဒါတွေဟာ တရားမဝင် ဝင်ရောက်အခြေချသူတွေကြောင့် ဖြစ်ရတာပါလို့ ရဲရဲကြီး ထောက်ပြခဲ့ကြတာပါ။

ဒါပေမယ့် မြန်မာ့အွန်လိုင်း သုံးနေကြတဲ့ သူအတော်များများကတော့ တဖက်ဆင်ထားတဲ့ ဂွင်ထဲကို ပျော်ပျော်ကြီး ဝင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ကုတင်ပေါ်က မျိုးချစ်စိတ်၊ ဗွီဒီယိုကြည့်နေရင်း ထွက်တတ်တဲ့ ဇာတိပုည ဂုဏ်မာနတွေနဲ့ ထုံမွှန်းလိုက်တဲ့အခါ ခေါင်းစဉ်က လူမျိုးတုံး သတ်ဖြတ်မှု၊ ဘာသာရေး အနိုင်ကျင့်မှု စတာတွေ ဖြစ်ကုန်ပါတော့တယ်။ တကယ့် လက်တွေ့အခြေအနေထဲက မဟုတ်တဲ့ အပေါ်ယံလူတန်းစားတွေရဲ့ ခပ်ပေါ့ပေါ့ တွေးခေါ်မှု၊ အွန်လိုင်းပေါ်မှာ စိတ်ထွက်ပေါက် ပေးမှုတွေက တကယ့်ဒေသက လူတွေအတွက် အသက်ပေးစရာ၊ အိုးအိမ်တွေ ပျက်စီးစရာ ဖြစ်ခဲ့စေပါတယ်။

ဒီကုလားတွေ များလာရင် ဗုဒ္ဓဘာသာ ပျောက်သွားမယ်၊ မင်းတို့အမေတွေ နှမတွေ အကုန်ကုလားမယား ဖြစ်ကုန်မယ်၊ စောက်ကုလားတွေ အသေသတ်ကွ၊ တယောက်မှ အရှင်မထားဘူး၊ စတဲ့စတဲ့ အွန်လိုင်းပေါ်က လက်ကလေးလှုပ်လိုက်တာဟာ နိုင်ငံတကာ စာမျက်နှာမှာ လူမျိုးရေး ခွဲခြားမှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ မုန်းတီမှုတွေ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိရှိစေဖို့ သက်သေတွေ ဖြစ်သွားခဲ့ပါတယ်။ များသောအားဖြင့် ဒီလူတွေကို ပြန်စီစစ်လိုက်ရင် အပြင်မှာ ကုလားနဲ့တွေ့ရင် ခေါင်းငုံ့သွားကြမယ့်သူတွေ နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်ပြီးတော့ အွန်လိုင်းကနေ ဘေးတီးပေးနေသူတွေ ဖြစ်နေပါတယ်။ လူမသိတဲ့ အွန်လိုင်းမှာ သူရဲကောင်း လုပ်ပြနေပေမယ့် တကယ့်နေရာမှာ လက်ထဲ တုတ်ဒါး ထည့်ပေးရင်တောင် ကြောက်ချေပန်းနေမှာ အမှန်ပါပဲ။

အသံကြောင့် ဖားသေဆိုသလိုပဲ ဒီလူတွေကြောင့် ကောင်ကျိုးတစ်စုံတစ်ရာ မရခဲ့သော်လည်း ဒီလူတွေကြောင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်တယ်လို့ လူတွေအမြင်မှားသွား စေခဲ့ပါတယ်။ လူမျိုးတုံး သတ်ဖြတ်တယ်၊ အမုန်းတရားတွေ ကြီးတယ်၊ လူနည်းစုကို အနိုင်ကျင့်တယ်လို့ သက်သေပြစရာတွေ ဖြစ်သွားခဲ့ပါတယ်။ ရုပ်ဆိုး အကျဉ်းတန်ခဲ့စေပါတယ်။ ဒီလိုဥာဏ်နည်းတဲ့ သူတွေကြောင့် လူမမြင်ရတဲ့ အွန်လိုင်းမှာ သတ္တိပြသူတွေကြောင့် ဆုံးရှုံးမှုတွေက အတော့်ကို ကြီးခဲ့ပါတယ်။

(ဆက်ရန်)

ကိုသာပို

ဖားတွေ... (၂)

0
0





နောက်တစ်ခုဆက်ရရင်တော့ မိတ္ထီလာ ကိစ္စရယ်ပါ။ မိတ္ထီလာက စလိုက်တဲ့ အကြမ်းဖက်မှုဟာ အခုဆိုရင် နေရာအတော်ကို ပျံနှံသွားနေပါပြီ။ အစိုးရ တာဝန်ရှိသူများကကော၊ တွေးခေါ်တတ်တဲ့ လူအများစုရဲ့ ကောက်ချက်ကတော့ နောက်ကွယ်က လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆူပူမှုတွေ ဖြစ်လာအောင် ရှေ့ကနေ သွေးခွဲသပ်လျှိုနေတယ်လို့ ကောက်ချက်ချကြပါတယ်။ နဂိုကတည်းက အထိအရှ မခံနိုင်တဲ့ ဘာသာရေးကိစ္စမှာ သွေးခွဲရတာ၊ ဆူပူမှု ဖြစ်အောင် လုပ်ရတာ အလွန်လွယ်ပါတယ်။ ဘာသာရေး အထိကရုဏ်းဟာ ပြန့်နှံ့လွယ်တာ၊ ထိန်းသိမ်းရ ခက်ခဲတာ၊ အင်အားကြီးစေတာ စတဲ့အချက်တွေနဲ့ ပြီးပြည့်စုံနေပါတယ်။


တနိုင်ငံလုံးမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ အတူတွဲနေကြတာက တနိုင်ငံလုံး အနှံ့ပါပဲ။ ဒါကြောင့်မို့ ဒီကိစ္စမှာ အကျယ်အကျယ် မဖြစ်ရအောင် ပြဿနာတွေ ဒိထက်ကြီးမလာအောင် ရှေ့ရေးကို ကြိုမြင်သူများက တားကြဆီးကြနဲ့ အငြိမ်းချမ်းဆုံးနဲ့ ပြီးဆုံးသွားအောင် ပြောနေကြတာ ဖြန်ဖြေနေကြတယ်ပဲ မြင်မိပါတယ်။ ပြဿနာတစ်ခု အထိကရုဏ်တစ်ခု ဖြစ်လာခဲ့ရင် ဖြစ်တဲ့နေရာက မည်သူမဆို သေကြေတာ၊ ဒဏ်ရာရတာ၊ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ နေစရာ စားစရာမရှိတာ၊ စီးပွားပျက်တာ၊ စီးပွားရေး လုပ်ကိုင်လို့ မဖြစ်တော့တာတွေ ဖြစ်ကြတာပါပဲ။ မိတ္ထီလာကိုပဲ ကြည့်ပါ ဗုဒ္ဓဘာသာလော၊ အစ္စလာမ်လော ခြွဲပီးတော့ ဒုက္ခရောက်ကြတာ မဟုတ်ပါဘူး။

Islamization ဆိုတဲ့ ဖြစ်စဉ်ကို မသိလို့၊ ကုလားကို ဖင်ပေးပေါင်းချင်လို့ ဒီလူတွေက ရွှေပြည်အေးတရား ဟောနေတယ်လို့ မြင်ကြရင်တော့ မှားပါမယ်။ ဒီလိုပြောနေတဲ့ သူတွေကလဲ ဒါမျိုးတွေ မြင်တတ်ပါတယ်၊ တွေးတတ်ပါတယ်။ ပြဿနာတစ်ခုကို ဒေါသနဲ့ ဖြေရှင်းလိုက်တဲ့အတွက် ဘယ်နေရာမှာမှ ကောင်းကျိုး မရနိုင်ပါဘူး။ ဒီဖြစ်စဉ်မှာ ခံလိုက်ရတဲ့ သူတွေကလည်း ဒါတွေကို ခွင့်လွှတ်ကြမှာလား၊ နိုင်ငံတကာ အသိုင်းအဝိုင်းက သူတို့ရဲ့ နောက်ခံ အင်အားစုတွေက လက်ခံကြမှာလားဆိုတာလေး တွေးကြစေချင်ပါတယ်။

ဒီကိစ္စမှာ ငွေကြေးတတ်နိုင်သူတွေက အခင်းကြီးတွေ မဖြစ်ခင်ကတည်းက နေရာကနေ ရှောင်နေတာတွေ၊ လက်မြှောက်ပြီးတော့ နိုင်ငံတကာမှာ ပြစရာ ပုံကောင်းကောင်းတွေ ဖန်တီးပေးခဲ့တာတွေက ကြီးမားတဲ့ သံသယ ဖြစ်စရာတွေပါပဲ။ နောက်ကွယ်က ပြဿနာဖြစ်ပြီး တိုင်းပြည်မဆူဆူအောင် လုပ်နေပါတယ် ဆိုတဲ့ ခေါင်းစဉ်အောက်က ထွက်လိုက်တယ် ဆိုတာနဲ့ ဒါဟာ ဘာသာရေး ပဋိပက္ခ ဖြစ်သွားပါပြီ။ လူနည်းစုကို လူများစုက အနိုင်ကျင့်တာ ဖြစ်သွားပါပြီ။ ဒီဖြစ်စဉ်ကြောင့် မိဘဆွေးမျိုးတွ ဆုံးရှုံးခဲ့သူတွေထဲက အသေခံ ဗုံးခွဲမယ့်သူ ထွက်မလာပါဘူးလို့ အာမခံနိုင်ပါရဲ့လား။ ပြဿာနာတစ်ခုဟာ ဖြစ်ပွားတဲ့ ဒေသတစ်ခုလုံးကို ထိခိုက်စေမှာကို သတိထားသင့်လှပါတယ်။

ဒါပေမယ့် အွန်လိုင်းက ဖားတွေကတော့ အာကျယ်မြဲ အာကျယ်ဆဲပါပဲ။ စိတ်အပျက်ဆုံးကတော့ ပညာတတ်တွေ ကိုယ်တိုင်ကို ပါနေကြတာပါပဲ။ ပြဿနာ စဖြစ်ကတည်းက ဒါငါတို့ဘာသာကို စော်ကားတာ၊ ဒီကုလားတွေ မရှိမှအေးမယ်။ ဒါမျိုးချစ်စိတ်ကွဆိုပြီးတော့ အော်နေကြသူတွေရယ်ပါ။ ဘယ်ကမှန်းမသိတဲ့ ကြိုးကိုင်သူတွေက ရှေ့ကနေ တိုင်ပေးစရာမလိုအောင် ကွတ်တိကို သရုပ်ပါကြပါတယ်။ ဒီလူတွေအတွက် မေးခွန်းကတော့ သူတို့တွေ နေကြတဲ့ အိမ်နားမှာ ဖြစ်မယ်ဆိုရင်၊ မိဘဆွေမျိုးတွေ နေကြတဲ့ ဒေသမှာ ဖြစ်ကြမယ်ဆိုရင် အခုလိုပဲ အော်နိုင်မလား မေးကြည့်ချင်ပါတယ်။

ဒီဖားတွေက ဗမာဖက်ကဆိုရင် ကုလားအမျိုးဖြုတ်ရေး၊ ကုလားဖက်ကဆို ဗမာအမျိုးဖြုတ်ရေး စတာတွေနဲ့ အမျိုးချစ်ပြမယ်၊ ကီးဘုတ်နဲ့ လက်ရဲဇာတ်ရဲပြမယ်၊ ဆဲဆိုကြမယ်၊ မီးထိုးကြမယ့် မြှောက်ပေးကြမယ်၊ ဆွပေးကြမယ်။ ဒါတွေဟာ တကယ်မလုပ်ရပဲနဲ့ ဖြစ်သွားမယ့် သက်သေတွေပါပဲ။ ကိုယ့်ဘာသာစကား၊ ကိုယ့်အရပ်ဒေသ ဖြစ်နေတာတောင် သတင်းတစ်ပုဒ်၊ ဓါတ်ပုံတစ်ပုံကို ကြည့်ပြီးတော့ အခြေအနေကို သုံးသပ်ရတဲ့ အခြေအနေမှာ သိပ်အာမချောင်စေချင်ပါဘူး။ နိုင်ငံတကာက စောင့်ကြည့်နေသူတွေက မြင်ကြမှာက ကိုယ်တွေတောင် မမြင်နိုင်တဲ့ လက်တွေ့အနေအထား မဟုတ်ပါဘူး။ ကိုယ်တွေ ရေးနေပြောနေ ဆဲနေဆိုနေတဲ့ စာတွေပါပဲ။ ဒါတွေကိုပဲ မြင်နိုင်မှာပါ။ ဒီအခါမှာ ဒီလို အမုန်းတရားတွေ လွှမ်းခြုံထားတဲ့ စာတွေကို ဖတ်ရရင် သူတို့တွေ ဘယ်လိုမြင်ကြပါမလဲ ဖြေကြစေလိုပါတယ်။

အွန်လိုင်းမှာ ရဲရဲတောက်ရတာ အင်မတန်လွယ်ပါတယ်။ မိမိရဲ့ Identity ကို လူသိမခံရုံနဲ့ ရဲရဲတောက်နိုင်ပါတယ်။ ကုလားဖြစ်ဖြစ် ဗမာဖြစ်ဖြစ် တစ်ဘက်ဘက်ကနေပြီးတော့ ဆဲဆိုနိုင်ပါတယ်။ သတ္တိတွေ ပြနိုင်ပါတယ်။ အပြင်လောကမှာ မွန်ကျပ်နေတာတွေကနေ ပေါက်ကွဲနိုင်ပါတယ်။ အပြင်လောကမှာ မလုပ်နိုင်တဲ့ ကိစ္စတွေကြောင့် သိမ်ငယ်နေတာတွေကနေ ကိုယ့်ကိုယ်ကို ဟီးရိုးပုံဖော်နိုင်ပါတယ်။ သိမ်ငယ်စိတ်တွေကို ဖုံးထားနိုင်ပါတယ်။ ရိုင်းချင်သလောက် ရိုင်းလို့ရပါတယ်။ မွေးကင်စကနေ နိုင်ငံတော်သမ္မတအထိ ဆဲဆိုချင် အပြစ်ပြောချင် လမ်းညွှန်ချင်လဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခု သတိထားစရာက မိမိလုပ်နေတာတွေက အဓိကရုဏ်း ဖြစ်မယ့်နေရာတွေက သူတွေရဲ့ အသက်နဲ့ဆိုင်ပါတယ်။ နောက်နေ့စားရမယ့် ထမင်းနဲ့ ဆိုင်ပါတယ်။ နေစရာအိမ်နဲ့ ဆိုင်ပါတယ်။ မိသားစု ဘဝတွေနဲ့ ဆိုင်ပါတယ်။ ဒီအဖြစ်တွေကြောင့် စိတ်ထဲ ဒဏ်ရတွေ ရသွားမယ်၊ အမုန်းမီးတောက်တွေ အစပျိုးလာခဲ့ရင်တော့ ကိုယ့်နောက်မျိုးဆက်တွေ အထိပါ အန္တရယ် ဖြစ်လာနိုင်ပါတယ်။

ရှေ့မှာ ပြောခဲ့သလိုပဲ မြန်မာတွေ ကိုယ်တိုင်က သတင်းပြန့်နှံ့စေမှုမှာ သူများထက်စာရင် အားအလွန်နည်းပါတယ်။ သတင်းအမှားတွေ တက်လာခဲ့ရင်တောင် တော်ရုံ နိုင်ငံတကာသုံး ဘာသာစကားနဲ့ လိမ့်ပတ်လည်အောင် ရှင်းနိုင်တဲ့သူ အင်မတန်ရှားပါတယ်။ အကျိုးမဲ့စေမယ့် အတွေးအခေါ်မရှိတဲ့ စာတွေ့ အသံကြောင့် ဒိထက်သေကြဦးမှာပါ။ ရှေ့က ရခိုင်ဥပမာကိုလဲ ခပ်လွယ်လွယ် မေ့ပြစ်ပြီးတော့ လမ်းဟောင်းအတိုင်း လိုက်မှားနေကြပါသေးတယ်။

(ဆက်ရန်)

ကိုသာပို

၂၀၁၅ သို့ ....... (ဆရာ ကျော်ဝင်း)

0
0

by Jollyguy Zaw (Notes) on Saturday, March 30, 2013 at 11:21pm
ဟိုနေ့က၀ယ်ခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ '' မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် ထို သုံးနှစ် ( ၂၀၁၀-၂၀၁၁-၂၀၁၂) '' စာအုပ်ပါ နိဂုံးချုပ်ဆောင်းပါးလေး သူငယ်ချင်းတွေ မိတ်ဆွေတွေ ဖတ်ပြီး တွေးဆ ဆင်ခြင်နိုင်အောင် ရေးတင်ပေးလိုက်ပါတယ်။ ။

ကိုဇော်မျိုးထွန်း (Jollguy Zaw)


၂၀၁၅ သို့ .......

သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ယခုအခါ ၂-နှစ် တင်းတင်းပြည့်တော့မည် ဖြစ်ပါသည်။ ဤကာလအတွင်း ပြည်တွင်း၊ ပြည်ပ သိမှတ်ပြု လက္ခံမှုများကို အံသြဖွယ်ရာရရှိခဲ့သလို၊ မနည်းလှသော စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ စိန်ခေါ်မှုများထဲမှ အချို့ဆိုလျှင် (ဥပမာ- ရခိုင်အရေးနှုင့် လက်ပန်းတောင်းတောင်ကိစ္စ) ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် တစ်ခုလုံးကိုပင်၊ ကတိမ်းကပါး ဖြစ်စေလောက်အောင် အန္တရာယ်ကြီးလှသည်။ ရှေ့တွင်လည်း နောက်ထပ် ကြုံရ ဆုံရဖို့ ရှိနေသေးသည်ဟု ထင်သည်။ (ဒီနေရာမှာ ကျွန်တော်ထပ်ဖြည့်ချင်ပါသည်.. ဆရာကျော်ဝင်းရည်ညွှန်းသလို ယခုလောလောဆယ် မိတ္ထီလာ အစပြု အရေးအခင်းသည် ဖြစ်နေပါသည်။   ကိုဇော် (Jollyguy  Zaw) )

မည်သို့ပင်ဆိုစေကာမူ ဆိုခဲ့ပါ စိန်ခေါ်မှုများကို ယခုအချိန်ထိ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်မှာကား အားတက်ဖွယ်ရာဖြစ်ပါသည်။ ဤသို့ အောင်အောင်မြင် ဖြတ်ကျော်နိုင်ခဲ့သည်မှာလည်း အစိုးရဘက်တွင်ရော၊ အတိုက်ခံ(ဆိုကြပါစို့)ဘက်တွင်ပါ သဘောထား ပျော့ပြောင်းသူများ အပေါ်စီးရနေသောကြောင့် ဖြစ်လိမ့်မည်ဟု ယူဆရသည်။ သို့တစေ ဤအနေအထားမှာ မပြောင်းမလဲ ဆက်လက်ရှိနေလိမ့်မည်ဟု ကံသေကံမ ပြောနိုင်လိမ့်မည် မဟုတ်ပါ။ နောက်ထပ် စိန်ခေါ်မှုများ၊ မတည်ငြိမ်မှုများ ခပ်စိပ်စိပ်ထွက်ပေါ်လာလျှင် နှစ်ဖက်စလုံးတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ပေသည်။ အကယ်၍များ သဘောထားတင်းမာသူတွေသာ အပေါ်စီးရလာခဲ့လျှင် တစ်မျိုးသားလုံး ကံဆိုးဖို့ ဖြစ်လာနိုင်စရာ ရှိပါသည်။

ထားတော့.... ရှေ့လာမည့် စိန်ခေါ်ချက်များကိုကျော်လွှားနိုင်လျှင်ထား၊ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်ဖို့ရာ ရှိနေသည်ဟု စဉ်းစားမိပါသည်။ ၂၀၁၅ ခုနှစ်တွင် ကြုံရနိုင်ဖွယ်ရှိသည့် နိုင်ငံရေးအရ မရေရာ မသေချာမှုကြီးပင်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်နေကြသူများ စိုးရိမ်တကြီးမေးခွန်း ထုတ်နေကြသည်မှာ '' ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၊ လွန်လပ်၍ တရားမျှတမှုရှိပါ့မလား '' ဆိုသော ပုစ္ဆာဖြစ်ပါသည်။ စာရေးသူအနေနှင့်မူ အစိုးရဘက်မှ ခက်ခက်ခဲခဲ ရယူထားသော တိုင်းပြည်၏ ဥပဓိကို အထိခိုက်ခံလိမ့်မည် မထင်ပါ။ ဤရှုထောင့်မှ စဉ်းစားလိုက်လျှင် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတလိမ့်မည်ဟု မျှော်လင့်ရသည်။

၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံအရ ၂၀၁၅ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှုရှိလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရဖို့ ဖြစ်နိုင်ခြေများသည်။ အကယ်၍သာ ဤအတိုင်းဖြစ်လာပါက လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သာမက အခြား ဒီမိုကရက်တစ်ပါတီများရော လူမျိုးစု ပါတီများပါ ဘေးရောက်သွားနိုင်သည့် အန္တရာယ် ရှိနေသည်။ ဤသို့ဆိုလျှင် (USDP) အနေနှင့် မည်သို့ တုန့်ပြန်လေမည်နည်း? ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုး မတိုးနိုင်ပါသလော? လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကလည်း ရှိနေရာ နိုင်ငံရေး အကျပ်အတည်းတစ်ရပ်သို့ ဦးတည်ကောင်း ဦးတည်သွားနိုင်ပေသည်။

စတင်းဖို့(ဒ) တက္ကသိုလ်မှ ပါမောက္ခ လာရီဒိုင်းမွန်းကမူ အဆိုပါ နိုင်ငံရေးအကျပ်အတည်းမျိုးကို ရှောင်ရှားနိုင်ရန်၊ နှစ်ဖက်စလုံးမှ သဘောထား ပျော့ပျောင်းသူများ (ဆိုရလျှင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်) ၂၀၁၅ခုနှစ် မတိုင်ခင် ညှိနှိုင်း အဖြေရှာကြပါဟု အကြံပြုထားသည်။ အကယ်၍ ဤအစီအစဉ် မအောင်မြင်လျှင်လည်း အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်) ကျင့်သုံးဖို့ ဆိုပြုသည်။ PR စနစ်သာ ကျင့်သုံးမည်ဆိုလျှင် NLD အပါအ၀င် မည်သည့်ပါတီမှ အများစု နေရာမရနိုင်၍ ဆိုခဲ့ပါ နိုင်ငံရေး အကျပ်အတည်းမျိုး ကြုံရဖွယ်မရှိဟု ဆိုပါသည်။ သို့နှင့်တိုင် PR စနစ်တွင်လည်း အားနည်းချက်အချို့ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် စရွေးကိုက်မကိုက် ချိန်ဆဖို့ လိုပါလိမ့်မည်။ ထို့ထက် PR စနစ်ကို NLD ဘက်မှ လက်မခံလျှင်လည်း နောက်ထပ် နိုင်ငံရေး အကျပ်အတည်း တစ်ခုသို့ ဦးတည်သွားနိုင်စရာ ရှိနေပြန်သည်။

လက်ရှိ ပြုပြင်ပြောင်းလဲရေး အရေးတော်ကြီးမှာ စာရေးသူတစ်သက် ပထမဦးဆုံး ကြုံဖူးသည့် မျှော်လင့်ချက်အိပ်မက်ကြီးဖြစ်သလို နောက်ဆုံး အိပ်မက်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။ ဤအိပ်မက်ကြီးမှာ မြန်မာတစ်မျိုးသားလုံး၏ မျှော်လင့်ချက်ကြီးဖြစ်ပါသည်။ မည်သည့် အကြောင်းနှင့်မှ ဤအရေးတော်ကြီးကို ထိခိုက် ပွန်းပဲ့၊ ပျက်ပြယ် မသွားစေချင်ပါ။ သို့အတွက် မြန်မာ့နုငိငံရေး ခေါင်းဆောင်အားလုံး၊ စုစည်းညီညွတ်စွာဖြင့် ဆိုခဲ့ပါ အရေးတော်ပုံကြီး အရှိန်မပျက် ခရီးဆက်နိုင်စေရန် ကြိုးပမ်းပေးစေလိုပါသည်။ ကြိုးပမ်းပေးကြပါဟုလည်း မေတ္တာရပ်ခံအပ်ပါသည်။

စာရေးသူ ဉာဏ်မီသမျှ တင်ပြရလျှင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှ တစ်ခုတည်းသော ထွက်ရပ်လမ်းမှာ လွတ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လမ်းပြခဲ့သော '' တပ်ပေါင်းစုလမ်းကြောင်း '' ဟု သဘောရပါကြောင်း။ ။

ကျော်ဝင်း ( ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်။



၂၀၁၅ သို့ ....

ရိက္ခာ

0
0
by Seaman Nayminthu (Notes) on Sunday, March 31, 2013 at 6:50pm
 
‘မိန်းမရေ ဒီနေ့ ရိက္ခာရမယ်ဟေ့’
‘ဒီလ နည်းနည်းစောသလားလို့’
‘လပဲကုန်တော့မယ့်ဟာ ဘယ်လိုစောမတုန်း’

မနက်စောစော ရုံးမသွားမီ အဆာပြေစားနေရင်း ဇနီးဖြစ်သူကို သတိပေးလိုက်၏။ ဇနီးသည်က လုပ်နေကျ ထုံးစံအတိုင်း ယိုးဒယားလက်ဆွဲခြင်းလေး ထုတ်လာကာ ဆာလာအိတ်တလုံးနှင့် ကြွပ်ကြွပ်အိတ် တချို့ ထည့်လိုက်သည်။ ပြီးတော့ ဆီဘူးထဲမှ လက်ကျန်ဆီကို ပုလင်းလွတ်တခုထဲ လှယ်ထည့်ကာ ဆီဘူးနှုတ်ခမ်း မှာ ပေရေနေသော ဆီချေးများကို အဝတ်စုတ်ဖြင့် ပွတ်ကာ ဆီဘူးမျက်နှာပြင် တခုလုံးကို အကြမ်းဖျင်း သုတ်သင်ပြီးမှ ဆွဲခြင်းထဲသို့ ထည့်လိုက်၏။

‘ဒီလ ငရုတ်သီး ကောင်းရင် ယူလာခဲ့အုံး’
‘အေးပါကွ’

အားလုံးအဆင်သင့်ဖြစ်တော့ ဆွဲခြင်းလေးကို ကိုင်လျက် ရုံးရှိရာ ထွက်လာခဲ့သည်။ အိမ်ရှေ့ လမ်းမပေါ် ရောက်ခါနီး ‘ဖေကြီး ဘီစကွတ်မုန့် ယူလာခဲ့’ ဟု အိမ်ထဲမှ လှမ်းအော်ပြောလိုက်သော သားငယ်၏ မပီကလာ အသံစာစာလေးကို ကြားလိုက်ရသည်။
ရုံးရောက်တော့ တနေ့တာ အလုပ်တွေက အသင့်ဆီးကြိုလျက်။
…………………………………………………………………………………………………………………………..

MCT MRE's are stacked in boxes outside a shop in the "Bush" Market of Kabul, Afghanistan, November 9, 2009. Known for carrying American goods and products many of the shops sell military items like MRE's, clothing and other assorted items. (Chuck Liddy/Raleigh News & Observer/MCT) MCT
နေ့လည်ခင်း ရိက္ခာထုတ်သူ ပါးလောက်မဲ့အချိန်မှာ ဂိုဒေါင်ဘက်ကို လျှောက်လာခဲ့၏။ ထင်သည့်အတိုင်းပင် ရိက္ခာထုတ်သူ သုံးလေးဦးသာ ရှိသည်။ ဂိုဒေါင်တာဝန်ခံ ဆရာကြီးသက်ကို တချက်ပြုံးပြနှုတ်ဆက်ပြီး တံခါးဝမှာ ရပ်နေလိုက်သည်။

လူရှင်းသလောက်ရှိတော့ အကူရဲဘော် မောင်ထွန်းက ဆန်ခြင်ပေးသည့်နေရာသို့ မျက်ရိပ်ပြပြီး ခေါ်သည်။ မဲ့ခွက်ခွက် ပြည်တောင်းကလေးဖြင့် ၉ ခွက်တိတိ ခြင်ပေးသည်။ ဆန်ရပြီးတော့ ဆီချိန်ရန်အလှည့်။  ချိန်သည်ဆိုသော်လည်း အလေးနှင့်ချိန်သည်မဟုတ်။ တဆယ်သားခွက်၊ ငါးကျပ်သား ခွက်နှင့် ချိန်ပေးခြင်းသာ။ ဆီအရောင် နည်းနည်းရင့်သလိုလို ထင်ရသည်။ တန်တော့ ယခင်လ လက်ကျန် ဖွဲ့နုဆီနှင့် ရောနှောနေတာ ဖြစ်မည်။ မောင်ထွန်း ဆီတခွက် ပိုထည့်ပေးလိုက်သည်ဟု ပြော၏။ တဆယ်သား ခွက် ခုနှစ်ကြိမ်ထည့်ပါမှ ခြောက်ဆယ်သား မပြည့်တပြည့်။ ဆီဆိုသည်က သခင်ကို ခင်တွယ်တတ်သော ပစ္စည်းတမျိုး မဟုတ်ပါလား။

ဆီချိန်လို့ ပြီးခါနီးမှာ ဆရာကြီးသက် အနားရောက်လာသည်။ ‘ဒီလအတွက် ကုလားပဲ မရဘူး။ ပဲစဉ်းခုံ တွေ ရတယ်ကွ။ ပဲကတော့ သန့်တယ်။ ပိုးကိုက်ရာတောင် မပါဘူး’ ဟု အမွှမ်းတင်နေပြန်သည်။ ပဲစင်းခုံက ကုလားပဲ လို အရောင်းမသွက်။ စားသုံးသူအဖို့တော့ ဘာပဲဖြစ်ဖြစ် ရရာကို စားသုံးရပေမည်။ ပဲစဉ်းခုံက ချက်လိုက်ရင် ပြစ်ချွဲချွဲ နေပေမင့် စားလို့တော့ အကောင်းသား။

ငရုတ်သီးအိတ်ကို သွားနှိုက်ကြည့်လိုက်သည်။ အောက်သက်သက် မွှန်တွန်တွန် အနံ့တက်လာ၏။ ဖလံဖြူတွေ ရောရာနှင့် ငရုတ်သီးတောင့် ပိန်ကပ်ကပ်များ။ မောင်ထွန်းက စေတနာကောင်းသည်။ ‘အကို ငရုတ်သီးယူချင် တယ်ဆိုရင် ကျနော် နောက်တအိတ် ဖွင့်ပေးမယ်’ ဆိုကာ အိတ်သစ် တလုံးကိုကြိုးဖြေလိုက်သည်။ သုံးလေး တောင့် လက်ထဲဆုပ်ကာ တံခါးဝဆီ ထွက်လာပြီး ထက်ပိုင်းချိုးကြည့်လိုက်သည်။ အူတိုင်မှာ မှိုနည်းနည်းကပ် နေသော်လည်း နေဝဝ လှန်းလိုက်လျင် ပျောက်သွားနိုင်သည်ဟု ယူဆသဖြင့် ယူမည့်အကြောင်း ခေါင်းညိတ် ပြလိုက်သည်။
ငရုတ်သီးအိတ်နှင့် ဘေးချင်းယှဉ် နေရာယူလျက်သော ငါးပိအိတ်၊ ဆားအိတ်၊ နနွင်းမှုန့်အိတ်များမှာ ထိတို့ စမ်းသပ်မည့်သူ မရှိသဖြင့် ထောက်ပံ့ရေးတပ်က ထုတ်ယူလာသည့်အတိုင်း ခြေရာလက်ရာမယွင်း ငြိမ်ချက်သား ကောင်းလျက်သာ။

ထို့နောက် သကြားမတ်ခွက်တလုံးစာနှင့် နို့ဆီ ၄ ဘူး ထုတ်ယူရသည်။ သည်လိုနှင့် ရိက္ခာထုတ်ခြင်း ကိစ္စ ပြီးမြောက်သွားလေပြီ။ ဆရာကြီးသက် ကိုကြည့်လိုက်တော့ စားပွဲနားမှာ ကက်ကူလေတာတလုံးနှင့် အလုပ် ရှုပ်နေဟန် တွေ့ရ၏။

NEW MRE"S WWI re-enactor, Army Spc. James Lewis samples the latest in combat meal technology during a combat feeding demonstration at the Pentagon March, 5 2008. The "Combat Feeding Demonstration" included re-enactors who displayed rations from past wars. The demonstration introduced the new food options and technology that will fuel our troops in combat. Tom Brown/Staff Army Times Publishing Co.
‘ဆရာကြီး အပိုဆောင်း ဘီစကစ်လေးဘာလေး မရှိတော့ဘူးလား’ ဟု စကားပစ်လိုက်သည့်အခါ ‘အေး ရှိတယ်ကွ…. ဒါပေမဲ့ သိပ်တော့ မလတ်ဘူး လိုချင်ရင် အိတ်ထဲမှာ နှိုက်သာ ယူသွား’ ဟု သဘောကောင်းစွာ ခွင့်ပြုသဖြင့် ဘီစကစ် ငါးထုပ် ယူလာခဲ့သည်။

ဘီစကစ်က အပိုဆောင်း ရိက္ခာအမယ်ဖြစ်သည်။ စစ်သည်တိုင်း ရတာမဟုတ်။ လုပ်ငန်းခွင်အခြေအနေလိုက်၍ စားသုံးခွင့်ပြုခြင်း ဖြစ်၏။ ဥပမာ- ထမင်းချက်၊ စက်ပြင်၊ လက်နက်ပြင်၊ ရေယာဉ်ကိုယ်ထည်ပြင် စသည့် အလုပ်တာဝန် ထမ်းဆောင်ရသော ပညာသည် အမျိုးအစား အခြားအဆင့်များကို ထုတ်ပေးခြင်း ဖြစ်သည်။ ဟိုယခင်က ပစ္စည်းအမယ် အတော်စုံလင်သည်ဟု သိရသော်လည်း ယခုနောက်ပိုင်း နို့ဆီနှင့် ဘီစကစ်သာ ရတော့၏။
……………………………………………………………………..

ညနေ ရုံးဆင်းခါနီးသောအခါ သားတော်မောင် နှစ်ယောက် ရုံးသို့လိုက်လာ၏။ အိမ်အပြန်မှာ သားကြီးက လက်ဆွဲခြင်း ကူဆွဲပြီး သားငယ်က နို့ဆီ နှစ်ဘူးကို ဘယ်တလုံး ညာတလုံးကိုင်ကာ သီချင်းတစာစာဖြင့် လိုက်လာခဲ့သည်။

လိုင်းခန်းရှေ့ ရောက်တော့ နို့ဆီဘူးတွေကို အမေဖြစ်သူထံ ပေးပြီး အိမ်ထဲ ဝင်ပြေးသွားသည်။ ပြီးတော့ အုန်းသီး ပိုက်ကာ ပြန်ထွက်လာ၏။ နောက်တခေါက် ဝင်သွားပြန်သည်။ ဓားတလက်ပါလာ၏။ ဆန်ထုပ်ကို ဝရန်တာပေါ်သို့ ခဏတင်ထားပြီး အုန်းသီးတလုံး ခွဲပေးလိုက်ရသည်။ သူတို့ ညီအစ်ကို သကြားနှင့် စားကြ မည်လေ။ အမေဖြစ်သူ မုန့်လုပ်ရောင်းသဖြင့် အိမ်မှာ အုန်းသီးအဆင်သင့် ရှိနေခြင်းပင်။

‘ဒီလ ဆန် ဘယ်လိုနေလဲ’
‘ထုံးစံအတိုင်း ပိုးတွဲနည်းနည်းတော့ ပါတာပေါ့’
‘ဘာဖြစ်ဖြစ် ခဲ(ဂဲ)မစင် ရေပေါ် အောက်စော် မနံရင် ပြီးတာပါပဲ’
ဟုတ်ပေသည်။ တလတလ ရလာသည့် ရိက္ခာဆန်ကို မိသားစုထမင်းပွဲ အဆင့်ရောက်အောင် ပြုပြင် မွန်းမံရသည့် အလုပ်က အိမ်ရှင်မ ရဲမေများအတွက် ဝန်ထုပ်တခု ပမာ။ မြက်သီးနှင့်ဂဲ ရောနှော ပါလာသည့် လများတွင် မည်မျှပင် ရွေးကောက်ပွဲ လုပ်ပါစေ။ လုံးဝကင်းစင်တယ် မရှိတော့။ ဆန်အိုးထဲ ရေထည့်လိုက် လျှင်လည်း ပိုးထိုးဆန်က မြုပ်တဝက် ပေါ်တဝက်။ ရေဘယ်နှပ်ထပ်ပင်ဆေးဆေး ချက်ပြီးသား ထမင်းက ပြုတ်ဆန်နံ့နှင့် မတူသော အောက်သိုးသိုးအနံ့ တသင်းသင်း။

သူက ပြောပြောဆိုဆို ဆန်အိတ်ဖွင့်လိုက်ပြီး အပေါ်ဆုံးမှ ထည့်လာသော ဘီစကစ်ထုတ်များကို အရင်ဆုံး ထုတ်ကာ ဘေးမှာချထားလိုက်သည်။ သားအငယ်ကောင် သူ့လက်ထဲမှ အုန်းသီးစိတ်ကို အသာပစ်ချ၍  ဘီစကစ် တထုပ်ပြေးကောက်ကိုင်ပြီး ကိုက်ဖောက်နေသဖြင့် ဖမ်းဆွဲထားလိုက်ရသည်။
‘နေဦးကွ  အမေကြော်ပေးလိမ့်မယ်’

030408-N-5362A-001 030408-N-5362A-001 Near Al Najaf, Iraq (April 08, 2003) -- An Iraqi boy holds a humanitarian food ration given to him by U.S. Army soldiers during an effort to distribute food and water to Iraqi citizens in need. The U.S. military is working with international relief organizations to help provide food and medicine for the Iraqi people in support of Operation Iraqi Freedom. Operation Iraqi Freedom is the multinational coalition effort to liberate the Iraqi people, eliminate Iraq's weapons of mass destruction and end the regime of Saddam Hussein. U.S. Navy photo by Photographer's Mate 1st Class Arlo K. Abrahamson. (RELEASED) N/A
ဒီကောင်က အစားသောက်ဆို ဆက်တိုက်စားရမှ ကျေနပ်သည်။ အရင်လ တုန်းက နို့ဆီ သောက်ချင်သည် တကဲကဲ ဖြစ်နေသောကြောင့် ဓားချွန်ဖြင့် အပေါက်သေးသေး ဖောက်ပေးလိုက်ရာ ညီအစ်ကို နှစ်ဦးသား တယောက်တလှည့် စုပ်လိုက်ကြတာ တညနေတွင်းချင်း ပြောင်တလင်းခါသွားတော့သည်။ အဲဒီညနေ နှစ်ယောက်လုံး ထမင်းမစားတော့။ မစားသဖူး…. ဘာများဖြစ်လေမလဲ တွေးတော ပူပင်ရသည်။ မဖြစ်၍သာ တော်လှ၏။

အိမ်ခန်းထောင့်မှာ နို့ဆီ ဘူး ၃၀ ခန့်နှင့် သကြား ၃ ပိဿလောက် စုပုံထားတာတွေ့လိုက်ရသည်။ အခန်းနီးချင်း ရဲဘော်မိသားစုများထံမှ ဇနီးသည် ဝယ်ယူထားခြင်း ဖြစ်လေသည်။ တပ်တွင်းပေါက်ဈေးနှင့် ကောက်ပြီး ရွာထဲမှ ကုန်စုံဆိုင်တွင် သွားသွင်းလျှင် နို့ဆီတဘူးကို ၁ ကျပ် ၂ ကျပ် စသဖြင့် အမြတ်ရ၏။ အိမ်အတွက်ရသည့် နို့ဆီကို သွားရောင်းရင်း သူ့အဖို့ နေ့တွက်ကိုက်အောင် လုပ်ဆောင်ခြင်းပင်။

‘သားကြီး ညနေအေးရင် အမေနဲ့ ရွာထဲကို အဖော်လိုက်ခဲ့ပါလား’
မီးဖိုးကို ကားယားခွထိုင်ကာ မီးမွှေးနေသော သားကြီးကို အဖော်စပ်နေပြန်သည်။  ခဏနေတော့ သားအမိတွေ ခေါင်းချင်းဆိုင်လျက် ဘီစကစ်ကြော်နေကြသည်။ အငယ်ကောင်က အမေ့ပုခုံးကို နောက်က သိုင်းဖက်ထားရင်း ဒယ်အိုးဆီ ညွှန်ပြကာ တတွတ်တွတ်နှင့် ဘာတွေပြောနေသည်မသိ။ ဆီကြော်ဘီစကစ်တချို့ ပန်းကန်ပြားထဲ ရောက်လာချိန်မှာ ဘီစကစ်ကို လက်ညှိုးဖြင့် ထောက်ကြည့်လိုက်ပြီး ဆတ်ခနဲ နောက်ပြန်တွန့်သွားသည်။ သို့သော် ဒီကောင် လက်မလျှော့။ စက္ကူဖြင့် ခုကိုင်ကာ တဖူးဖူး မှုတ်ရင်း ကိုက်ဖဲ့တီးနေတော့သည်။

သူတို့လေးတွေကို ငေးကြည့်ရင်း ကိုယ်ငယ်ငယ်က ကြုံခဲ့တာတွေကို ပြန်မြင်ယောင်နေမိသည်။ ကိုင်း သီးနှံ ပေါ်ချိန်မှာ မီးဖိုခွင်ပေါ်က ပြောင်းဖူးပြုတ်၊ ကန်စွန်းဦးပြုတ် ပူပူကို တုတ်နဲ့ထိုးပြီး အလောတကြီး ဟပ်ထိုးစားမိ သဖြင့် အာခေါင်တွေပူပြီး လျှာကျက်မတတ် ဖြစ်ခဲ့ရတာ၊ အမေ မသိအောင် မြေပဲဆံ အစိမ်းတွေ ဝါးစားပြီး ရင်ပြည့် ရင်ကယ် မအီမသာ ခံစားခဲ့ရတာတွေ ….။

အခုတော့ ငယ်ဘဝ နှစ်ခုကြားမှာ နှစ်ကာလတွေ ခေတ်တွေ အတန်ငယ် ခြားနားသွားခဲ့ပြီ။

နေမင်းသူ
၃၁-၀၃-၂၀၁၃

Viewing all 1811 articles
Browse latest View live