Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

"ကျွန်တော်နှင့် ကြောက်ခြင်း (၂) "

0
0

***********
(၁)
"မိုက်ရင် ထွက်ခဲ့ကွ ဘယ်ခွေးမှ လူထင်တဲ့ ကောင်မဟုတ်ဘူး"
"အေး ဗလ မရှိပေမဲ့ ဇ ရှိတယ်ကွ စိတ်ပေါက်ပြီဆို အသက်ပါပျောက်သွားမယ် ဘာမှတ်လဲ "
"ရာထူးတွေ၊ နေရာတွေ၊ ငွေတွေလာမပြောနဲ့ လဲပစ်လိုက်မယ် "
စိတ်ထဲမှာ ထောင်းလမောင်းထအောင် ဟောက်ပစ်လိုက်တယ်။ နှုတ်ကလည်း လေပြင်းတိုက်ပစ်လိုက်တယ်။ ဘက်တူရင် လူမရွေးတဲ့စိတ်၊ ဘက်မတူလဲ ဘယ်သူကိုမှ ဂရုမစိုက်တဲ့စိတ်နဲ့ ထစ်ခနဲရှိ တစ်လောကလုံးကို ပတ်ပြီး စိန်ခေါ်ပစ်လိုက်တယ်။

အထိမခံကြွေပန်းကန်မဟုတ်ပေမဲ့ မျက်ခုံးပေါ် ဖြတ်လျှောက်တာ၊ လက်တစ်လုံးလေးလာတင်တာ၊ နည်းနည်းလေး လာကျောတာကိုပဲ မရတဲ့စိတ်။ မခံချင်တဲ့စိတ်။ ကိုယ့်လုပ်စာကိုယ်စား၊ ကိုယ့်အိမ်ကိုယ်နေ နေတာ။ ဘယ်သူ့ကိုမှလည်း မတရားမလုပ်ဘူး၊ ဘယ်သူမှလည်း ကိုယ့်ကို မတရားလာမလုပ်နဲ့ မရဘူး။ စိတ်က လက်တစ်ဆစ်နဲ့ လောကပတ်ဝန်းကျင်ကို ထီမထင်တဲ့စိတ်။ ဘယ်သူ့ကိုမှ မကြောက်တတ်တဲ့စိတ်။
ရန်ဖြစ်တိုင်း ကိုယ်မဟုတ်ပေမဲ့၊ ကိုယ့်ရှေ့မှာ ရန်ဖြစ်လို့ မတရားခံနေရရင် ကိုယ်ပါတတ်တယ်။ မှန်၏ မှား၏ အသာထား လူနည်းနဲ့ လူများဆိုရင် လူနည်းဘက်က၀င်ပြီး မိုက်ကြေးခွဲတတ်တယ်။ ဘယ်ကြားမှ ၀င်လို့မကောင်းပေမဲ့ ဘယ်အရာမှလဲ လက်ပိုက်ကြည့်မနေတတ်ဘူး။ ကြောက်တတ်ရင် နှစ်ခါသေသတဲ့။ ဘယ်တော့မှ နှစ်ခါ မသေစေရဘူး။
ကြောက်နေရင် ပိုပိုဖိချင်တဲ့ ပတ်ဝန်းကျင်ကို လက်ခမောင်းခတ်လိုက်တယ်။ မကြောက်လို့ တစ်ယောက်တည်း မွေးလာတာ။ ဘာကြောက်ရမှာလဲ၊ ဘာကြောက်စရာလိုလဲ၊ အားလုံး သူမသာ ကိုယ်မသာကြီးပဲ လာမပြောနဲ့၊ ကြက်သီးမွေးညင်းကို မထတာ။ အဲသလို အဲသလောက် အပြင်းစား စိတ်အခြေအနေ။
(၂)
ဒေါသအိုး ပြင်းထန်နေတဲ့ မြွေဟောက်ကဲ့သို့သော အပြင်းစားစိတ်အခြေအနေတွေက ယခုတော့ လွန်ခဲ့ပါပြီ၊ ကျန်ခဲ့ပါပြီ၊ အစွယ်တွေငုပ်လျှိုးကုန်ပါပြီလို့ ပြောရမှာပင်။ ခုတော့ ကြောက်တတ်တဲ့ စိတ်တွေက မကြောက်တတ်ခြင်းကို ကန်ထုတ်နေကြပြီ။ တောင်တွေး၊ မြောက်တွေး၊ ဟိုတွက်၊ ဒီတွက် တွက်တတ်လာတဲ့ စိတ်တွေက မကြောက်တတ်ခြင်းနေရာမှာ အစားထိုး နေပြီ။
"မင်းဒါလေးတောင် မလုပ်တတ်ဘူးလား "
"မဟုတ်ဘူးဆရာ ကျွန်တော်က "
"ကဲ စကားမရှည်နဲ့ ငါပြောသလိုသာလုပ် မင်းထက် တတ်လို့ ဒီနေရာယူထားတာ "
တကယ်တော့ စည်းမျဉ်းစည်းကမ်းအရ၊ လုပ်ထုံးလုပ်နည်းအရ သူဆောက်ရွက်ခဲ့တဲ့အရာက မှားယွင်းနေလို့ ကျွန်တော်ပြင်ပေးခဲ့ပေမဲ့ သူက လက်မခံ။ ဒီအချိန်မှာ "ခင်ဗျားက ဘယ်လောက်တတ်လို့လဲ၊ ခင်ဗျားဘာရာထူးဖြစ်ဖြစ် ခင်ဗျားလုပ်နေတာ မှားနေလို့ ကျွန်တော်ပြင်တာဗျာ၊ ခင်ဗျားမကြိုက်ရင် ထုတ်ပစ်လိုက်၊ မှားနေတဲ့ အရာကို မှားမှန်းသိလျက်နဲ့ ကျွန်တော် မလုပ်နိုင်ဘူး"လို့ ကျွန်တော် မပြောဖြစ်။
"ဟုတ်ကဲ့ ကျွန်တော်ပြန်ပြီး ပြင်လိုက်ပါမယ် ခင်ဗျာ "
ဒီလစာ၊ ဒီနေရာရဖို့ ကျွန်တော်အများကြီး ပေးဆပ်ခဲ့ရတာ၊ အချိန်အား၊ ငွေအား။ ဒီနေရာက စွန့်ပြီး နောက် တစ်နေရာစာ ဆိုတာကလည်း သေချာလှတာမဟုတ်။ ဒီအလုပ်ပြုတ်တာနဲ့ လောလောဆယ် နောက်ဆက်တွဲ ထမင်း လုတ်တွေပါ ရပ်သွားမယ်။ ထမင်းအိုးလေး အထီးကျန်သွားမယ်။ ကမ္ဘာကြီးက ကျယ်ဝန်းလှပေမင့် ကြပ်တည်းလှတဲ့ လူနေမှုဘ၀မှာ ဖက်တွယ်ရုံ၊ အသက်ဆက်ရုံ နေရာလေး၊ ၀င်ငွေလေးအတွက် ဒီနေရာလေးကို ဖက်တွယ်ထားရတာ။ သူမှားတာတွေ၊ မတတ်တွေ အတွက် ကျွန်တော့် ထမင်းအိုးကွဲလို့မဖြစ်။ ဒီတော့ သူတာဝန်ခံတဲ့အလုပ် သူပြင်ပေးဆို ပြင်ပေးလိုက်ရုံပေါ့။
အင်း နေရာလေး ပျောက်သွားမှာကို ကြောက်တာလည်း ပါတာပေါ့လေ။
ဒါလုပ်ငန်းခွင်တွင်ပဲလား မဟုတ်။ နေထိုင်ရာ၊ ဆက်ဆံရာ ပတ်ဝန်းကျင်မှာလည်း ပေါင်းသင်းဆက်ဆံတဲ့အခါ ကြောက်စိတ်လေးတွေ ၀င်လာမိတယ်။ နေထိုင်ရာ မြို့လေးမှာ အာဏာရှိတဲ့သူ၊ ငွေရှိတဲ့သူ၊ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေကို ကြောက်ရ၊ ပေါင်းသင်းထားရတာပါပဲ။
တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ လောလောဆယ် ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးဘက်က မခံရအောင်၊ မနာရအောင်၊ ပြီးတော့ လုပ်ငန်းကိစ္စအ၀၀အဆင်ပြေရအောင် ကြည့်ပေါင်း၊ ကြည့်စား၊ ကြည့်ကြောက်ရတာပါပဲလေ။ ကိုယ်က မကြောက်ရအောင်၊ မကြောက်နိုင်တဲ့ အနေအထားတစ်ခုဖြစ်ဦးမှ ဖြစ်မှာလေ။
ဒီတော့လည်း ကြောက်ရမဲ့အချိန်မှာ ကြောက်နေရသေးတာပါပဲ။ လောလောလတ်လတ်မှာ ကြောက်ခြင်းဟာ ကျွန်တော့်အတွက် ဘေးအန္တရာယ်ကင်းနေစေတယ်။ ၀င်ငွေတိုးပွားစေနေတယ်။ ထိုင်ခုံလေးကို မြဲနေစေတယ်လေ။
(၃)
"လက်နက်ကိုင်ထားတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ အာဏာရှိတယ်၊ ငါတို့ အုပ်ချုပ်နေတယ်ဆိုပြီး လာမလုပ်နဲ့ မရဘူး၊ အထင်မကြီးဘူး၊ ဂရုမစိုက်ဘူး၊ မတရားဖိနှိပ်တာ မခံဘူး "
"တိုင်းပြည်အကျိုးအတွက် ဘာမှ မသယ်ပိုးပဲနဲ့ ရှိသမျှ၊ ရသမျှ ကိုယ့်အတွက်၊ ကိုယ့်ဆွေမျိုးအတွက် အိတ်ကပ်ထဲ ထည့်သွားကြတာ ခင်ဗျားတို့ မဟုတ်လား "
"ကျွန်တော်က ကိုယ့်လိပ်ပြာကိုယ်သန့်တယ်ဗျ၊ ဓားပြစာ၊ မတရားစာ၊ အပင်းစာ တစ်လုတ်မှ မစားခဲ့ဘူးဗျ ရှင်းလား၊ အစာက အဆိပ်မဖြစ်ဘူး၊ ခင်ဗျားတို့သာ ပြည်သူတွေပေါ်က ဂုတ်သွေးကို ခွစုပ်နေကြတာ "
"ပြောတော့ ဘာဖြစ်လဲဗျာ၊ ဘာကြောက်ရမှာလဲ၊ ယောက်ကျား ထောင်အပြင်တန်းမရှိဘူး မှတ်ထား "
နိုင်ငံရေးဆိုတာ ဘာလဲ ကျွန်တော်မသိဘူး။ ကျွန်တော် နိုင်ငံရေးအလုပ် လုပ်နေ၊ ပြောနေသလား ကျွန်တော် မသိဘူး။ ကျွန်တော်သိတာက အာဏာရှိသူတွေက အာဏာရှင်ဆန်စွာ လုပ်ချင်ရာလုပ်နေတာကို ကိုယ်တတ်နိုင် သလောက်ထောက်ပြ၊ ပြောပြနေတာ။ ကိုယ့်အခွင့်အရေးအတွက် တပါးသူအခွင့်အရေးတွေကို လာထိပါးတာ နည်းနည်းမှ မခံလိုဘူး။ လူလူချင်း နင်းတက်ချင်တဲ့ ခြေထောက်တွေကို ဖြတ်တောက်ရမှာ ကိုယ့်အလုပ်လို့ ကိုယ်ယုံကြည်ထားတယ်။
ဒါတွေလုပ်လို့၊ ခေါ်မေးလည်း မကြောက်ဘူး၊ ခေါ်စစ်လည်းမကြောက်၊ မစစ်မကြောပဲ ထောင်ထဲတန်းပြီးထည့်လည်း မကြောက်ဘူး။ အကြိမ်ကြိမ်မသေနိုင်ဘူး၊ တစ်သက်မှာ တစ်ခါပဲသေတာ။ ဒီတော့ သေလည်း ကျွန်တော်မကြောက်ဘူး။ မတရားဖိနှိပ်ခံရတဲ့ လုပ်ငန်းခွင်၊ နိုင်ထက်ကလူပြုကျင့်တဲ့ ပတ်ဝန်းကျင်၊ အာဏာ ပါဝါပြပြီး အုပ်ချုပ်တဲ့ စနစ်မျိုးတွေကို ပေါက်တူးတစ်ချက်စာ ပေါက်နိုင်ပေါက်နိုင်၊ တူရွှင်းတစ်ချက်စာ တူးနိုင် တူးနိုင်၊ မြေကနေအမြစ်လှန်ပစ်ရမယ်၊ ဖယ်ထုတ်ပစ်ရမယ်။
ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်မယ်၊ ငါတို့သွေး ရဲစေရမယ်၊ ရဲတို့စိတ် ထက်စေရမယ်၊ ငါတို့ အကြောက်တရား ကင်းရမယ်။ ကြောက်ခြင်းကြောင့် အမှန်တရားတွေ မဆိတ်သုဉ်းစေရ။
(၄)
"ဟလို ယောက်ျား "
"ဟလို မိန်းမ ပြော "
"ရှင် Facebook ပေါ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ တင်နေတယ်ဆို "
"ဟုတ် မဟုတ်ပါဘူးမိန်းမရာ "
"နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ရှယ်လဲမရှယ်နဲ့၊ မန့်လည်းမမန့်နဲ့၊ တင်လည်း မတင်နဲ့ "
"အေးပါကွာ အဲသလောက်လည်း ကြောက်မနေပါနဲ့ ပြောင်းလဲနေပါပြီကွ "
"ပြောင်းလဲတာတွေ စပါးလဲတာတွေ ကျွန်မလာမပြောနဲ့ ရှင့်ကိုယ်ရှင် ပြောင်းလဲနေပြီဆိုတာကိုပဲ သတိရ "
"ဟေ ငါ ဘာတွေ ပြောင်းလဲလို့တုန်း "
"ဘာတွေပြောင်းလဲလာတာမသိဘူးလား၊ ခု ရှင့်မှာ ရှင့်မိဘ အပြင် မိန်းမရှိလာပြီ၊ ကလေးရှိလောက်ပြီ၊ အရင်က မိဘကို ရှင်မှီခဲ့တာ ခု ရှင့်ကို မှီနေတဲ့ မိသားစု ရှိနေပြီဆိုတာ မမေ့နဲ့ "
"အေးပါကွာ အေးပါ နောက်ဆင်ခြင်ပါ့မယ် "
"နောက်တွေ ရှေ့တွေ ဆင်ခြင်တာမပြောနဲ့ မလုပ်နဲ့ဆို မလုပ်နဲ့ ဒါပဲ ."
"ဂွပ် "
ဟင်း စိတ်ကို ချုပ်ထားတာနော်။ ဒီမိန်းမတော့။ မကြောက်ဘူးများ အောက်မေ့နေသလားမသိ။ ဒီလောက် တော့ ငါနားလည်ပါတယ်ကွ။ အတွေ့အကြုံတွေ၊ အသက်အရွယ်တွေက သင်ပေးထားပြီးပြီကွ။ ရှောင်တတ်တိမ်းတတ်၊ လက်တစ်လုံးခြားလုပ်တတ်နေပါပြီကွ။
စိတ်ချ၊ စီးပွားရေး၊ ကြီးပွားရေးအတွက်ပဲ စကားပြောမယ်၊ ဟိုခေါ်မေး၊ ဒီခေါ်စစ်ခံရတဲ့ စကားတွေ မပြောနိုင်ဘူး၊ မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးရနိုင်ဖို့ ရှာဖွေနေတာ၊ အစောင့်အရှောက်နဲ့ နေရတဲ့ ထောင်တန်းလျားကို ရှာနေတာမှ မဟုတ်တာ။
ဒီတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီမှ မပါဘူး၊ ဘယ်နိုင်ငံရေးမှ မလုပ်ဘူးစိတ်ချ။ သား သား ကြောက် ကြောက်။
(၅)
သြော် ကြောက်ခြင်း မကြောက်ခြင်းဆိုတာ အသက်အရွယ်၊ အတွေ့အကြုံတွေနဲ့ ဆိုင်လေသလား။ ဘယ်အရာတွေ အတွက် ကြောက်ခြင်းကင်းသင့်သလဲ။ ရဲဝံ့သင့်သလဲ။ ဘယ်အရာတွေက ကြောက်အပ်ပြီး ဘယ်အရာတွေက မကြောက်အပ်ပါသလဲ။
ကိုယ်နေထိုင်ရာ၊ ကိုယ်လုပ်ကိုင်ရာ၊ ကိုယ့်မိသားစု၊ ကိုယ့်ဘ၀အခြေအနေတွေနဲ့ ကြောက်ခြင်း၊ မကြောက်ခြင်းနဲ့ ယှဉ်တွဲသင့်ပါသလား။
အမှန်တရားကို ကြောက်သင့်သလား၊ မကြောက်သင့်ဘူးလား။
ကြောက်ခြင်းကြောင့် အမှောင်ကျနိုင်ပေမဲ့ ကြောက်ခြင်းကြောင့် အလင်းရောင်တစ်စ ရနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မကြောက်ခြင်းကြောင့်ရော ထိုနည်းတူ ဖြစ်လိမ့်မယ်ဟု ကျွန်တော်ထင်ပါတယ်။
ဘာအကြောင်းပဲဖြစ်နေပါစေလေ လောလောဆယ်တော့ ကျွန်တော် ကြောက်တတ်နေပါတယ်။ ကျွန်တော် ကြောက်ခြင်းကို အဖော်အပေါင်းပြုနေပါတယ်လို့ ၀န်ခံပါရစေလားဗျာ။
……………………….
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၅-၁၁-၂၀၁၆ (၁၇၁၇)
ရန်ကုန်မြို့။

"ကျွန်တော်နှင့် ကြောက်ခြင်း (၃) "

0
0

***********
(၁)
တချို့ တချို့သော ကိစ္စတွေနှင့် တချို့ တချို့သော အကြောင်းအရာတို့တွင် ကြောက်ခြင်းသည် ကောင်းသော အကျိုးများ ပေးသည်ဟု ကျွန်တော်ယုံကြည်သည်။ ကျွန်တော် သေခြင်းတရားကို ကြောက်ရွံ့ခဲ့သည်။ ထို ထိုသော ဘ၀အရေးအခြေအနေအရ သတ္တိရှိခြင်းက ငုပ်လျှိုး၍ ကြောက်ခြင်းက ခေါင်းမော့ခဲ့ရသည်။ တစ်ထွာသော ၀မ်းအပိုအပင်တွေကို ဖြည့်နိုင်ရေးအတွက် ပြည်ထဲရေးထက် ၀မ်းရေး ခက်လှသည့်အချိန်တွင် နိုင်ငံအရေးကို ကြောက်ရွံ့နေခဲ့မိပါသည်။

သို့သော် ကျွန်တော် ကြောက်ရွံ့နေခြင်းကား ရပ်၍ မသွားသေးပါ။ ကြောက်ရွံ့နေရသော အကြောင်းအရာများ တိုး၍ ကျန်၍ နေပါသေးသည်။ ထိုကျန်နေသော အချို့သော ကြောက်ရွံ့ခြင်းတို့ကိုဖြင့် ကျွန်တော်မြတ်နိုးစွာ ဖက်တွယ် ထားနေဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိဦးမှာပင်။
(၂)
"သတ္ထ၀ါဆိုတာ လူချွတ်မှာ ကျွတ်တာကွ "
"နောင်ဘ၀ရှိ နောင်ဘ၀မှ ခံလိမ့်မပေါ့ကွ၊ ခုဘ၀တော့ ကောင်းကောင်းလေး စားပစ်မယ် "
လောက်လေးခွလေး တစ်လက်ကိုယ်စီကိုင်ပြီး ကျွန်တော်တို့ ကလေးတစ်သိုက် ငှက်ပစ်ထွက်ကြသည်။ ပိစိကွေးစာကလေးကအစ ကျီးကန်း၊ ဇရက်ပါမချိန် တွေ့သမျှ ငှက်ပစ်သည်။ ပစ်ချက်ထိ၍ ရသည့်အခါ ရသည်။ ရသည့်အခါ အမွှေးအတောင်နုတ်ပြီး ကြော်စားသည့်အခါ စား၊ ကင်စားသည့်အခါ ကင်စားကြသည်။
တစ်ခုသောအခါက အဆောက်အဦကြီး၏ ထပ်ခိုးပေါ်တွင် အသိုက်လုပ်နေကြသည့် ခိုသိုက်များကို ၀င်ဖမ်း ကြသည်။ ထို့အတူ တစ်ခါကလည်း အပင်ပေါ်တွင် တန်းစီ၍ အိမ်ဆောက်ထားသော စာကလေးငှက်သိုက်များကို ၀င်နှိုက်ကြသည်။ တစ်ခါတခါ သတ်၍စားကြသော်လည်း တစ်ခါတခါတော့ အပျော်သာ လုပ်ကြခြင်းဖြစ်သည်။
ငှက်တင်ပဲလား မဟုတ်ကြ။ အုပ်စုဖွဲ့ စုမိပြီဆိုလျှင် သန်းခေါင်းဟင်း ချက်ပြုတ်စားသောက်ကြသည်။ မွေးထားသည့် ကိုယ့်အိမ်က ကြက်ဖြစ်စေ၊ တခြားသူအိမ်က ကြက်ဖြစ်စေ ဖမ်း၍ ခိုး၍ ချက်စားကြသည်။ တစ်နေ့ ကျွန်တော့ကို ကြက်သတ်ခိုင်းသည်။ ကျွန်တော်က ကြက်၏ ခြေထောက်ကို ကိုင်၍ လည်မျိုကို လက်ဝါးစောင်းဖြင့် ရိုက်သည် ကြက်ကမသေ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။ သုံးလေးချက်ရိုက်သည် မရ။ နောက်ဆုံး တစ်ယောက်က လာ၍ "ဒီလိုသတ်ရတယ်ကွ"ဟ တစ်ချက်တည်း ရိုက်ပြမှ ကြက်ခမျာ ဇီဝိန်ချုပ်ရရှာလေသည်။
ထိုမျှမကသေး ပြုလွယ်ဖြစ်လွယ်သော အကုသိုလ်တရားတို့သည် အသိအားငယ်သေးသည့် လူငယ်ဘ၀၌ ပို၍ပြုလွယ်ဖြစ်လွယ်သည်လော။ ဘ၀နေထိုင်မှုအခြေအနေ၊ ပတ်ဝန်းကျင်တို့နှင့်လည်း ဆက်စပ်နေပါဦးမည်။ လယ်တောတွင် နေထိုင်ရသော ကျွန်တော့်အဖို့ ပုစွန်လုံး(ဂဏန်း)နှိုက်သည်၊ မီးဖုတ်စားသည်။ အိုင်ပက်ခြင်း၊ စလူးထိုးခြင်း၊ ငါးမျှားခြင်းတို့သည်လည်း ကျွန်တော်တို့အတွက် ပျော်စရာ၊ ကစားစရာအလုပ်ပင် ဖြစ်နေတော့သည်။
(၃)
"ခဲတံလေးတစ်ချောင်းလောက်ကတော့ ဘာမှ မဖြစ်ပါဘူး "
"ပေတံလေးတစ်ချောင်းလောက်တော့လည်း ဘာမှ ဖြစ်မနေပါဘူး "
"မုန့်လေးတစ်ခုလောက်များ သတိရတော့ ပြန်ဝယ်ပေးလိုက်တာပေါ့ "
ခပ်ငယ်ငယ် ကျောင်းသားဘ၀တွင် သူတပါးဥစ္စာကို ကြိုတင်ကြံစည်၍ဖြစ်စေ ဂရုတစိုက်ဖြစ်စေ၊ သူတပါးမသိအောင် ယူငယ်ခြင်း၊ ခိုးဝှက်ခြင်းတို့ ပြုခြင်းတော့မဟုတ်။ ကောက်ရ၍ဖြစ်စေ၊ နေရာမှားရောက်လာ၍ ဖြစ်စေ ယူငင်တတ်ပါသည်။ ဤမျှလောက်ဖြင့် ဘာမှ မဖြစ်ဟု၍သာ တွေးထင်မိခဲ့သည်။ ပိုင်ရှင်သိသော်လည်း လက်ထဲရောက်ရှိလာခဲ့သည့် ပစ္စည်းကို ပြန်၍ မပေးချင်တော့။ ထို့ကြောင့် တချို့သော ပစ္စည်းတို့တွင် ကိုယ့်အမည်ကို ရေးထိုးလိုက်တော့သည်။
နည်းနည်းအသက်ကလေးရလာ၍ စာအုပ်တွေကို သည်းကြီးမည်းကြီးဖတ်နေသည့် အချိန်မျိုးတွင် ထိုသို့သော ခိုးဝှက်ခြင်း ကြုံရပြန်သည်။ ကိုယ်ကြိုက်သည့် စာအုပ်တွေ့လျှင် အထူးသဖြင့် ရှားပါးစာအုပ်ဖြစ်နေလျှင် ခပ်တည် တည်ဖြင့် ယူငင်တတ်သည်။ စာအုပ်အရောင်းဆိုင်မှ ယူငင်ခြင်းတော့မဟုတ်။ စာအုပ်အငှားဆိုင်မှ ငှားပြီး ပြန်မအပ် သည်မျိုး၊ ကိုယ်နှစ်သက်သည့် စာမျက်နှာတို့ကို ဖြုတ်ယူထားခြင်းမျိုး၊ စာကြည့်တိုက်မှ ယူငင်ခဲ့ခြင်းမျိုး ပြုလုပ်မိ ပြန်သည်။
သြော် ငါစာပေကို တကယ်ချစ်လို့ပါလားဆိုသည့် စိတ်သာဖြစ်မိသည်။ ထိုစာအုပ်အား ယူငင်ပြီး ကိုယ်က ဖတ်သည်။ ကိုယ်ဖတ်ရာမှ ရသည့်အသိ အတွေးတို့ကို ပြန်ချရေးဖြစ်သည်။ ထိုရေးဖြစ်သည့်အရာကို ဝေငှပေးသည်။ ထို့ကြောင့် ကုသိုလ်ပင်ရသေးသည်ဟု စိတ်က မှတ်ယူသည်။
ဤမျှပင်လား မပြီးသေးပါ။ အခွင့်အရေးလေးကြုံလာသည့်အချိန်၊ ကိုယ့်လုပ်ပိုင်ခွင့် ခွင် ထဲဝင်လာသည့်အချိန်၊ အမြတ်အစွန်းတွက် ခပ်ပျက်ပျက်ကို ခပ်မြတ်မတ်လေး နင်းရောင်းလိုက်ရသည့်အချိန်မျိုးတို့တွင်လည်း တပါးသူ၏ ဥစ္စာပစ္စည်း၊ စီးပွားရေးတို့ကို အမြတ်ထုတ်ပြန်သည်။ မတရားဟုမထင်သော ကိစ္စရပ်များအား မတရားနည်းဖြင့် အနုကြမ်း စီးပြန်သည်။ ရသင့် ရထိုက်တာဟု ဆုံးဖြတ်ရင် သူတပါးတို့၏ ဥစ္စာကို ရယူပြန်တော့သည်။
ခိုးခြင်း၊ လေအေးဖြင့် အနုကြမ်းစီးခြင်း၊ သာသာထိုးထိုး အလေးခိုးခြင်းတို့သည် ဘ၀ ဘ၀ထဲ၌ လက်ယဉ်နေသော၊ လက်ရဲ ဇက်ရဲနိုင်လှသော ပြုမူဆောင်ရွက်ဖွယ်တို့သာ ဖြစ်နေကြသည်။ ထို့ကြောင့်လည်း ခိုးမြဲ၊ တိုမြဲ၊ တိုက်မြဲ။
နောက်တစ်ခုသည်ကား လာဘ်ယူခြင်းပင်တည်း။ လာဘ်သပ်ပကာကို ပို၍ မက်တွယ်လာခြင်းကြောင့် လာဘ်လာဘတိုးပွားစေခြင်းအား စိတ်ပါလက်ပါ ဆောင်ရွက်နေမိပြန်တော့လေသည်။
(၄)
"အား ပူလိုက်တာ "
အားလပ်ရက်မို့ မီးပူတိုက်နေစဉ် ထောင်ထားသည့် မီးပူကို လက်ဖြင့် ထိမိလိုက်ခြင်းဖြစသည်။ လက်ကို တံတွေးခပ်မြန်မြန်စွတ်လိုက်သည်။ မီးပူထိုးခြင်း ခဏနားလိုက်ပြီး ဆရာခိုလိမ်းဆေးလေး လိမ်းလိုက်သည်။ ပူလိုက်တာ။ မီးနှင့် ကိုယ့်အသား ဒီတစ်ကြိမ်မှသာမဟုတ် ခဏခဏ ထိပ်တိုက်တွေ့မိတတ်သည်။ နည်းမျိုးစုံဖြင့် တွေဆုံတတ်ခြင်းဖြစ်သည်။ ခြင်ဆေးခွေ ထိပ်ဖျားလေးကို ခြွေသည်။ ကိုယ်ခြွေလိုက်သည့် ခြင်ဆေးခွေကို တက်နင်း မိသည်။ လက်ထောက်မိသည်။ မီးအပူဟပ်ခံရသည်။
နည်းမျိုးစုံဖြင့် ကိုယ့်အသားပူသည့်အခါ ခံစားလိုက်ရသည့်အပူက လေးငါးရက်မျှ ခံရသည်။ အသည်းခိုက် အောင်နာကျင်လှသည်။
ထို ကိုယ်အသားနာကျင်လေမှ သူတစ်ပါးအပေါ်ကျူးလွန်ခဲသည့် သတ်မိလေခြင်းအား စာနာမိတော့သည်။ သူတို့ သတ္တ၀ါလေးတွေဆိုလျှင် မည်မျှနာကျင်လေမည်မသိ။ ခဲမှန်သည့် ငှက်ငယ်၊ မြားမှန်သည့် သားရဲ၊ ပါးဟပ် တွင်ချိတ်မိလေသည့် ငါးသတ္တ၀ါ စသည့်စသည့် သတ္တ၀ါလေးတို့ တော်တော်ခံစားရမည်ပင်။
အသက် ပေးလိုက်ရမည့် အချိန်အတွက် ပူပင်သောကကြီးပေမည်။ ကိုယ်၌ကတော့ သေမှာကြောက်သည် သူတပါး၏ အသက်ကိုဖြင့် ရက်ရက်စက်စက် သတ်ခဲ့မိပြန်သည်။ အကုသိုလ်အမှုသည် ပြန်၍ စားမြုံပြန်မတွေး အပ်သော်လည်း တွေးမိလိုက်တိုင်း ကြောက်ရွံ့ခြင်းက ၀င်လာသည်။
ထိုကြောက်ရွံ့ခြင်းကို မြဲနေဖို့ သတိချပ်ရမည်။ ထိန်းချုပ်ရမည်။ သူတပါး၏ အသက်သတ်လျှင် ကိုယ့် အသက်ပြန်အသက်ခံရမည်ကို ကြောက်လာသည်။ ကိုယ့်အသားနာကျင်သလို သတ္တ၀ါလေးတို့၏ အသားနာကျင် သွားမှာကို ကြောက်လာမိပြန်သည်။ မိမိကြောင့် သူတပါး၏အသား၊ အသက် ထိပါးသွားမည်ကို ကြောက်ရွံ့ နေမိပါသည်။
ဤ ကြောက်ရွံ့ခြင်းသည်ကား ကျွန်တော့်အတွက် တန်ဖိုးရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
(၅)
ရုံး ၃ ရက်ဆက်ပိတ်သည်မို့ မိသားစုရှိရာ နယ်ကို ပြန်ရမည်။ တစ်လလျှင် နှစ်ကြိမ်လောက်သာ မိသားစုနှင့် အချိန်ပေးအတူနေနိုင်သည်။ တစ်ကြိမ်လျှင်လည်း ၁ ရက်ခွဲ ၂ ရက်မျှသာ၊ တစ်လလျှင် ၄ ရက်ခန့်သာ မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေရသည်။
သြော် မိသားစုနှင့် အတူမနေချင်သူ ရှားပါလိမ့်မည်။ ကျွန်တော်လည်း နေချင်ပါသည်။ အတူနေနိုင်ရေး အတွက်လည်း ကြိုးစားရုန်းကန်နေရသည်။ သို့သော် လုပ်တိုင်းလည်း မဖြစ်နိုင်သေးသည့် အနေအထားတွင် ၀ဋ်ရှိသမျှ ခံနေပေရဦးမည်ဟု ဖြေသိမ့်မိသည်။
ဝဋ် ဟုတ်သည် ၀ဋ်။ အရင့် အရင် ဘ၀တွေဆီက မည်သို့ပြုလုပ်ခဲ့သည်ကို အသာထား လက်ရှိဘ၀ အရွယ် ငယ်ငယ်တွင် ပြုလုပ်ခဲ့သည့် အကုသိုလ်ကံတို့သည် အကျိုးပေးနေလေပြီဟုလည်း တွေးမိသည်။ ၀ဋ် ဘ၀မဆိုင်း လည်နေပေပြီဟု မှတ်ယူသည်။
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲမဟုတ်ပါလော။ ဆင်းရဲသည်။ ထိုဆင်းရဲသည် ၀ဋ်ဆင်းရဲ ဖြစ်သည်။ သူ့အသိုက်ကို ဖျက်သည်၊ သူ့ဥကို ခွဲသည်၊ သူ့သားကို သတ်သည်။ သူတပါး၏ ချစ်ခြင်းမေတ္တာတရားကို ကွဲအောင်ပြုလုပ်ခဲ့မိသည့် အကြွေးသည် ဆပ်ရလေပြီ။ ငရဲကို ပ လပ်နိုင်သော်လည်း ၀ဋ်သည်ကား အမြဲဖြစ်သည်။ ထို့ကြောင့် ၀ဋ်ဆင်းရဲကို ကြောက်သည်။ ၀ဋ်လည်မည်ကို ကြောက်သည်။ ၀ဋ်ကြွေးများ ထပ်တင်မည်ကို ကြောက်သည်။
ဝဋ်ထပ်လိုက်နိုင်မည့် စိတ်အမှု၊ ကိုယ်အမှု၊ နှုတ်အမှုတို့ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ထိန်းသိမ်းသည်။ စောင့်အပ်သည်။ ၀ဋ်ကို ကြောက်ရွံ့ခြင်းသည်လည်း ကောင်းမြတ်သော စိတ်အခြေအနေတစ်ပါးဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
(၆)
"စိတ်မရှိပါနဲ့၊ ဒါ ကျွန်တော်လုပ်ရမဲ့ အလုပ်၊ ကျွန်တော့် တာဝန်မို့ပါ "
"မဟုတ်ပါဘူး ဘော်ဒါရယ် ဒါက "
"ကဲ မိတ်ဆွေ ကျွန်တော်လည်း မတောင်းဘူး၊ ခင်ဗျားလည်း လာ မေးနဲ့ မယူဘူး၊ ဒါပဲ "
"အေးဗျာ ကျေးဇူးပါပဲ "
ကိုယ်လုပ်ရမည့်အလုပ်၊ ကိုယ်လုပ်ရမည့် စာရွက်စာတမ်းကိစ္စ၊ ဘာမျှ ခက်ခဲလှသည် ပင်ပန်းလှသည်မဟုတ်။ ဒါကြောင့် တောင်းစရာမလို၊ ယူစရာမလို။ ပေးမှ လုပ်၊ ရမှ လုပ်တတ်သည့် အကျင့်ကို ကျွန်တော် မကြိုက်တော့။ အနုနည်းဖြင့် အေးဓားပြတိုက်တတ်သည့် စရိုက်ကို မနှစ်သက်တော့။
အဘယ်ကြောင့်နည်း ကိုယ့်ပစ္စည်းများ ဆုံးရှုံးခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ ကိုယ့် မေ့၍ ကျန်ခဲ့သည်။ သူတပါးက ခိုး၍ ပျောက်ဆုံးသည်၊ သဘာဝဘေးကြောက် ပျက်စီးရသည်။ ထိုသို့သော နည်းလမ်းတို့ဖြင့် ချွေးဖြင့် ကိုယ်ရှာဖွေထားသည့်အရာ၊ ကိုယ်မြတ်နိုးအရာတို့ ဆုံးရှုံးရသည့်အခါ ရင်ထုမနာတော့၊ ၀မ်းနည်းမဆုံး ကြေကွဲမဆုံး တော့ချေ။
ထို့ကြောင့်လည်း သူတပါး၏ ပစ္စည်းဥစ္စာအပေါ် စာနာမိလာသည်။ မတရားသောနည်းဖြင့် မယူချင်၊ အမြတ်ကြီးစား မလိုချင်၊ သူတပါးမသိအောင် ခိုး၍မယူချင်တော့။ သူတပါး၏ စိတ်သောကဖြင့်၊ စိတ်ဒေါသဖြင့် ပေးလိုက်ရသည့် လုယူခြင်းဖြင့် သာ၍ မလိုချင်တော့။ သူတပါး၏ မျက်ရည်ကြီးငယ်ဖြင့် ကိုယ်ဝမ်းစာ မဖြည့်ချင်၊ ကိုယ့် တစ်ကိုယ်စာတွေကို မဆင်ယဉ်ချင်တော့။ ရှိတာလေးနှင့်သာ စားမည်။ ရှိတာလေးနှင့်သာ ၀တ်ချင်မိတော့သည်။
ကိုယ်သောက ရောက်မှာကြောက်သည်။ ကိုယ် ဒေါသဖြစ်မှာ ကြောက်သည်။ ထိုအကြောက်တရားကြောင့် သူတပါးသောကဖြစ်ကြောင်း၊ ဒေါသဖြစ်ကြောင်း အလုပ်တို့ကို မလုပ်ချင်တောပါ။ လုပ်မိသွားမည်ကိုလည်း ကြောက်ရွံ့နေမိပါသည်။
ခိုးခြင်း၊ ၀ှက်ခြင်း၊ လုယက်ခြင်း၊ လာဘ်ယူခြင်း၊ ကြီးသောအမြတ်ယူခြင်းတို့သည် မိမိဥစ္စာတို့အား တစ်ချိန်တွင် ပြန်လည်ဆုံးရှုံးစေခြင်းသော အကြောင်းတရားတို့ဖြစ်သည်။ အကြောင်းတရားတို့ကို သတ်မှတ်သာလျှင် အကျိုး တရားတို့ သေစေမည်ဖြစ်သည်။ အကြောင်းတရားတို့ကို ကြောက်ရွံ့မိဖို့လိုပါမည်။
ကျွန်တော် ရှာဖွေရသမျှ မဆုံးရှုံးချင်ပါ။ ဆုံးရှုံးမည်ကို ကြောက်ပါသည်။ ထိုနည်းတူ မိမိ၏ အကြောင်းတရားကြောင့် တပါးသူ၏ ဥစ္စာများ ပျက်စီးသွားမည်ကို ကြောက်ရွံ့နေမိပါသည်။
(၇)
ကျွန်တော် တချို့သော အကြောင်းတို့ကို ကြောက်ရွံ့နေမိပါသည်။ ထိုကြောက်ရွံ့နေသော အကြောင်းတို့မှ အချို့သော ကြောက်ရွံ့ခြင်းတို့ကို ကျွန်တော်မြတ်နိုးစွာ ဖက်တွယ် ထားနေဦးမှာပင်။ ချစ်မြတ်နိုးနေဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်လိပ်ပြာ ကိုယ် သန့်နေဦးမှာ ဖြစ်ပါတော့သည်။
ကျွန်တော် ကြောက်ပါသည်။
**********************
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၉-၁၁-၂၀၁၆ (၂၂၅၉)
ရန်ကုန်မြို့။

ကျနော်နှင့် ကိုကိုးကျွန်းခရီးစဉ် ( အပိုင်း-၁)

0
0


သို့ မဟုတ်
=====================
#စစ်ရေယာဉ်မှူးမအိပ်ပါ
=================
"""""ဒါဒီးဒါ ဒီးးးးးးးးးးးဒါ"""""
""""ရေယာဉ်ခွာရန် အသင့်ပြင်"""
"""ဒါဒီးဒါ ဒီးးးးးးးးးးးးးဒါ"""""
""""ရေယာဉ်ခွာရန် အသင့်ပြင်"""

ဒီအသံကတော့ ကျနော်တို့  ရေတပ်ထုံးစံ
Naval Pipe လေး တချက်မှုတ်လိုက်
ပါးစပ်ကနေ တခါအော်လိုက် လုပ်နေတဲ့
တာဝန်ကျ စစ်သည်တဦးရဲ့ စစ်ရေယာဉ်စတင်ထွက်ခွာဖို့ သတိပေး နှိုးဆော်သံလေးဘဲ ဖြစ်ပါတော့တယ်။
စစ်ရေယာဉ်တစီးမှာ တာဝန်ခံသို့မဟုတ်
စီအို(Commanding Officer )က ရေယာဉ်စတင်ထွက်ခွာဖို့ 
အမိန့် ပေးပြီဆိုတာနဲ့  ဆင့်ကဲဆင့်ကဲ လှုပ်ရှားကြပြီး
ရေယာဉ်အကြီးအသေးအလိုက် ကိုယ့်တာဝန်ကိုယ်
ယူနိင်ကြစေဖို့  သတိလိုက်ပေးတဲ့ အချိန်ပါ။
ခုတခါ ကြားနေရတဲ့ အသံကတော့ ခုနှစ်မမှတ်မိတော့တဲ့
တရက်သော နေ့လည်ခင်းမှာ စစ်ရေယာဉ် ""ရန်လုံးအောင်""( 200 ) လို့  ခေါ်တဲ့ ဂျပန်ဖြစ်
Torpedo Mother Ship ပေါ်ကနေ သတိပေးနေတဲ့
အသံဘဲဖြစ်ပါတယ်။
စစ်ရေယာဉ်က တချိန်တခါက A-Class မို့  စီအိုက
ဒုတိယဗိုလ်မှုးကြီးလောစောကြိုင်ပါ။
တပ်မတော်(ရေ)တခုလုံး တခေတ်တခါက ""ဗိုလ်လောဟေ့"""ဆိုရင် ပြေးပုန်းကြရလောက်အောင်
စည်းကမ်းစံနစ်ကြီးသူတဦးပါ။
သူစစ်ရေယာဉ်တစီးပြောင်းရွှေ့ တာဝန်ထမ်းဆောင်တိုင်း
သူနဲ့ အတူ ပါလာတတ်တဲ့ ပစ္စည်း ၄ မျိုး ရှိပါတယ်။
ဒါတွေကတော့ မှတ်စုစာအုပ် အစိမ်း/အဝါ/အနီ ၃အုပ်နဲ့
A4 စာရွက်ပေါ်မှာ ""Commander Never Sleep""လို့ 
ရေးထားပြီး ပလပ်စတစ်အသေလောင်းထားတဲ့
စာရွက်လေးပါ။
အဲ့စာရွက်ကိုတော့ သူ့ အိပ်ခန်း ( Captain's Cabin )
အဝင်ဝ တံခါးမှာ ကပ်ထားဖို့ ပါဘဲ။
သဘောက သူအနားယူချိန်ရှိသော်လည်း
ဘယ်တော့မှအိပ်ပျော်မနေပါ။
အားနာစရာမလိုပါ။
အရေးပေါ်ကိစ္စ အရေးကြီးကိစ္စရှိပါက အချိန်မရွေး
ခေါ်ယူပါ/သတင်းပို့ ပါဆိုတဲ့ သဘောပါတဲ့။
#စာအုပ်စိမ်း
ဒီစာအုပ်ထဲမှာတော့ စစ်ရေယာဉ်တစီးကမ်းကပ်ထားစဉ်
နေ့ စဉ်ဆောင်ရွက်ရမဲ့ အချက်တွေ သူ့ လက်ရေးမူနဲ့ 
ရေးထားပါတယ်။
#စာအုပ်ဝါ
ဒီစာအုပ်ထဲမှာတော့ သူ့ လက်ရေးနဲ့ ဘဲ
စစ်ရေယာဉ် ပင်လယ်ပြင်ထွက်စဉ် ဆောင်ရွက်
လိုက်နာ ရှောင်ကျဉ်ရန်များပါ။
#စာအုပ်နီ
သူ့ လက်ရေးမူနဲ့  စစ်ရေယာဉ် အရေးပေါ်အခြေအနေ
ကြုံတွေ့ စဉ် ဆောင်ရန်/ရှောင်ရန်များပါ။
ဒီစာအုပ် ၃ အုပ်ကိုတော့ သူရောက်ရှိရာ ရေယာဉ်မှာ
သူ့ စိတ်ထဲ ပေါ်တဲ့ အရာရှိတယောက်ယောက်ကို
ပုံတူကူးရေးခိုင်းပြီး အဲ့လိုကူးရေးပြီးတဲ့ စာအုပ်ရဲ့
နောက်ဆုံး စာရွက်လွတ်တွေမှာ သူရောက်ရှိတာဝန်
ထမ်းဆောင်တဲ့ ရေယာဉ်နဲ့  ကိုက်ညီမဲ့ အချက်အလက်တွေ
ထပ်မံဖြည့်စွက်ပါတော့တယ်။
ဒါတွေဘယ်လိုသိလဲဆို
ကျနော်က အရာရှိငယ် သင်တန်းပြီးလို့ 
စစ်ရေယာဉ်တွေမှာ စတင်တာဝန်ထမ်းဆောင်ပါလို့ 
ကြေးနန်းထွက်တာနဲ့  စရောက်တဲ့ သင်္ဘောက
#ရန်တိုင်းအောင် လို့ခေါ်တဲ့ US သင်္ဘော
PCE-827 Type Corvette ရေယာဉ်ပါ။
စစ်ရေယာဉ်မှုးကတော့ ဆရာစီအိုကြီးလောစောကြိုင်
ပါဘဲခဗျ။
အားလုံးကတော့ """""နိုင်ဇာမြင့်တော့ သေပြီဟေ့""ပါဘဲ။
သူက စည်းကမ်းကြီးသလောက် ကျနော်က လစ်တာနဲ့ 
ကမ်းပေါ်မှာ ပျော်ပါးနေတတ်သူလေ။
ကုသိုလ်များထူးပုံပြောပါတယ်----
ဒီနေ့  အမိန့် ထွက် နောက်နေ့  ရေနံစင်လုံခြုံရေး
စစ်ဆင်ရေးထွက်ပါတဲ့။ ထပ်နာပြန်ပြီပေါ့ နိုင်ဇာမြင့်တို့ ။
:-) :-) :-)
ဟုတ်ကဲ့ အများမျှော်လင့်ထားသလို ကျနော် မခံရပါဘူးခဗျ။
ရွှေဘ နောက်ဆုံးတော့ နိုင်ပါတယ် ဆိုသလို
စီအိုကြီး နောက်ပိုင်းပြောင်းတဲ့ စစ်ရေယာဉ် #ရန်လုံးအောင် #အောင်ဇေယျ စတာတွေကို
သူပြောင်းတိုင်း ကျနော့်ကို အပါဆွဲခေါ်သွားတော့တာပါဘဲ။
ကျနော့ရဲ့ ဗရုတ်ဗယက် လုပ်ရည်ကိုင်ရည်ကို
သဘောကျတာလား????
ကျနော်ညံ့လွန်းလို့  နောက်စီအိုလက်ထဲထားခဲ့ရမှာ
စိတ်မချတာလား???????
ဒီငတလေး ဘယ်လိုသင်သင်မတတ်ဘူး
အပြစ်ပေးလည်းမမှတ်ဘူး
ငါသင်လို့ အားရသေးဘူးလို့  သဘောထားတာလား??တော့
ဆရာစီအိုကြီးဘဲ သိပါလိမ့်မယ်။
ဟ!!!!!
မင်းဟာ အရာရှိ အပြောင်းအရွေ လွယ်လှချည်လား???
ဖြစ်နိုင်ပါ့မလားဆိုရင်တော့
ကျနော်တို့ ရေတပ်မှာ(ကျနော်တို့ အချိန်က/ခုတော့မသိ)
ဗျူဟာတခုထဲအောက်ဆို ဗျူဟာမှူးနှုတ်မိန့် နဲ့ 
မိနစ်ပိုင်းအတွင်း အပြောင်းအရွှေ့ ပြုနိုင်ပါတယ်။
တရားဝင် ပြောင်းရွှေ့ /တွဲဖက် အမိန့် ကတော့
နောင်များမှ အေးဆေး Follow up လိုက်ပေါ့
ပြီးတော့ စီအိုကြီးရဲ့ Seniority ကလည်း ဗျူဟာမှူး
ထက်တောင် စီနီယာကျချင်သေးသမို့ 
ဗျူဟာမှူးကို """"ကိုဘယ်သူရေ ဒီသပွတ်ကို ကျနော်ပြောင်းတဲ့ရေယာဉ် ခေါ်သွားမယ်ဗျို့ """ဆိုပြီးပါပြီ
အဲ့တော့ ခြေလျှင်မှာဆ
ိုတပ်ရင်း ၃ ရင်းဆက်တိုက်သဘောမျိုး
ရေတပ်မှာဆိုတော့ A- Class ၃စီးဆက်တိုက် အတူတာဝန်ထမ်းဆောင်ဖူးသမို့ 
ကျနော်သာ ဆရာစီအိုကြီးရဲ့ သင်ကြားသမျှကို
နာယူနိုင်ဖို့ အရည်အချင်း မရှိရင်သာနေမယ်
ဆရာ့ရဲ့ အိပ်ယာထမှသည် အိပ်ယာဝင်ထိ
အမူအကျင့်အားလုံးကိုတော့ ကျနော်ကအလွတ်ကို ရနေပါရောဗျ။
ကဲကဲထားပါလေ ဒါတွေရေးနေတာနဲ့ ဘဲ
ရေယာဉ်က ကမ်းကနေ မခွာနိုင်တော့ဘူး :-) :-) :-)
ကျနော်တို့  ရေယာဉ် ရန်လုံးအောင်(200) ဆိုတာက
မူလက ရေငုပ်နဲ့ ရေအောက်ပြင်ဆင်ရေးအပါ
#ေတာ္ပီတိုမိခင္သေဘာၤျကီးပါ
နောက်ပိုင်းတော့ ခေတ်စနစ်အရ ပဲ့ပိုင်းမှာ
ကုန်ပေါက်ကျယ်ကျယ်ဝန်းဝန်းပါသမို့  မိုင်းချလည်းသူ
လူပို့ လည်းသူ ကုန်သယ်လည်းသူ ဖြစ်လာပါတော့တယ်။
ခုလည်း ကျနော်တို့ နဲ့ အတူပါလာတဲ့ ကိုကိုကျွန်းအတွက်
ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ရိက္ခာ ယန္တယားတချို့ 
ဘိလပ်မြေ သံချောင်း ဆောက်လုပ်ရေးပစ္စည်း
လမ်းဖောက်GEအလုပ်သမား စတဲ့ လူအင်အား
ရာကျော်နဲ့  ကိုကိုကျွန်းဖွံ့ ဖြိုးရေးအစီအစဉ်နဲ့ 
ချီတက်ရပါတော့မယ်။
စစ်ရေယာဉ် Crew ကတော့ ၁၀၀ ဝန်းကျင်ပါ။
အဲ့တော့ စုစုပေါင်း လူ ၂၀၀ ကျော်ပါတယ်ပေါ့။
အတိအကျတော့ မမှတ်မိတော့ပါ။
ဒီနေရာမှာ ရန်လုံးအောင်သဘောကြီးရဲ့ ထူးခြားချက်
လေးတွေကို လျှာရှည်ပါရစေ။
သူက ၁၉၆၇ခုနှစ်ကရောက်တဲ့ ဂျပန်ဖြစ်သင်္ဘောပါ။
သဘောက တော်ပီတိုမိခင်သာဆိုတယ် အဖွားအိုကြီးပေါ့။
တော်ပီတိုတင်တဲ့သင်္ဘောပါ။
သူကနေ တော်ပီတိုပစ်လို့မရပါဘူး။
တော်ပီတိုပစ်တဲ့ တော်ပီတိုဘုတ်လေးတွေကို
တော်ပီတိုလိုက်ဖြည့်ပေးတဲ့ မေမေကြီးပါ။
သူ့ မှာ Nick Name ရှိပါတယ်ဗျ။
#ရန်လူးအောင် ပါတဲ့ :-)
ဘာလို့ လည်းဆို သူက တခြားရေယာဉ်တွေနဲ့ မတူဘဲ
လှိုင်းလေးနည်းနည်းလေးရှိတာနဲ့  လူလိမ့်နေလို့ တဲ့ဗျို့။
နောက်ပြီးသူ့ ကျောက်ဆူးကလည်း ရေတပ်မှာ စံချိန်တင်
အလေးဆုံးကျောက်ဆူးပါတဲ့ဗျ။
ကျနော်ဒါတွေ ရေးပြနေတာကတော့ ရေယာဉ်စတင်ထွက်ခွာပြီး နောက်ရက်မှာ
ကျနော်တို့ မထင်မှတ်ဘဲရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တရယ်ဆိုးကြီးကို
ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကြိုသိထားစေချင်လို့ ပါ .....

ကျနော်နှင့်ကိုကိုးကျွန်းခရီးစဉ် ( အပိုင်း-၂ )

0
0


တကယ်တော့ အဲ့ခေတ်က ကိုကိုးကျွန်းဆိုတာ အင်မတန်မှ သွားရေးလာရေး ဆက်သွယ်ရေး ခက်တဲ့
ဒေသကျွန်းကြီးတခုပါ။
ဖုန်းဆိုတာမရှိ Internetဆိုတာ ကြားတောင်မကြားဖူးသေးတဲ့
ခေတ်ပေါ့။

ရန်ကုန်တိုင်းထဲပါတယ် မိုင် ၂၆၀ ဝန်းကျင်ဘဲဝေးတယ်
ဆိုပေမဲ့ တလနေလို့  တခါ ရန်ကုန်နဲ့ အသွားအလာ
မရှိပါဘူး။
၃လတခါ ၄လတခါ နဲ့  မိုးတွင်းဆို လုံးဝကို
အဆက်အသွယ်ပြတ်တဲ့ ကျွန်းကြီးပါ။
ပြောရရင် အဲ့ကျွန်းမှာ နေရတဲ့ မူလဒေသခံနည်းနည်းလေးကလွဲလို့ 
ဝန်ထမ်းအားလုံးဟာ သနားစရာပါ။
အထူးသဖြင့် ကျမ္မာရေးကိစ္စကတော့ ကံနဲ့  ဘုရားသခင်ထံသာ အလုံးစုံအပ်နှင်းထားရတဲ့
အခြေအနေကြီးပါဗျ။
အဲ့တော့ ဘာဖြစ်လာလည်းဆိုတော့ကာ
ကျနော်တို့  ခရီးစဉ်သည် ရန်ကုန်က သွားမဲ့သူကလည်း
မိသားစုတွေပါ ရိက္ခာအပြည့်အစုံ
ဟိုမှာရှိတဲ့ မိသားစုတွေကလည်း ဆက်သွယ်ရေးဆက်တွေနဲ့  တဆင့်ဆင့် မှာကြတဲ့
စားသောက်ကုန်တွေကလည်း အတော်ကိုများပါတယ်။
ဆိုတော့ကာ ရေယာဉ်က အတော်ကို ဝန်များတယ်
ဆိုကြပါတော့ဗျာ။
သိတဲ့အတိုင်း
ခေတ်မီ အချိန်အတွယ်ကရိယာကလည်းမရှိ
ရန်ကုန်ကသွားမဲ့သူရော ဟိုမှာရှိတဲ့ မိသားစုတွေကို
သနားတာကြောင့် တော်ရုံ ကုန်တင်တာကို
မသိချင်ယောင်ဆောင်ရင်း
ရေယာဉ်ရဲ့ Water Line ကိုဘဲ
အရိပ်တကြည့်ကြည့်နဲ့ အကဲခတ်နေမိပါတော့တယ်။
ဒါနဲ့ ဘဲ ရေယာဉ် စထွက်ခွာကြပြီပေါ့။
ရေတပ်ထုံးစံအတိုင်း Yangon Channel လို့ ခေါ်တဲ့
ရန်ကုန်မြစ်ကြောင်းအတွင်းကိုတော့ စီအိုကြီးကဘဲ
ဦးဆောင်မောင်းနှင်ပေးပါတယ်။
Fairway ပင်လယ်ဝ လောက်ရောက်မှသာ
ကျန်တဲ့ အရာရှိတွေ အလှဲ့ ကျ မောင်းကြတာပေါ့။
မောင်းတယ်ဆိုတာလည်း ကိုယ်တိုင်မဟုတ်ပါဘူး
ဒီဂရီနဲ့  စက်အားကို ပါးစပ်က ပြောပေး
Wheel နဲ့  စက်ကိုင်တဲ့ စစ်သည်တွေက ပြောတဲ့အတိုင်း
လိုက်ထိန်းပေးရတာပါ။
ပင်လယ်ဝသာဆိုတယ် လှိုင်းလေးက မစိုစလောက်လေး ရှိနေတာမို့ 
ဆရာမတွေ ခလေးတွေနဲ့  ခံနိုင်ရည်မရှိသူတွေက
ခရီးအကွာအဝေးနဲ့  ရေယာဉ်အိုရဲ့ Speed ကြောင့်
နောက်ထပ် ၂ ညမောင်းရအုံးမှာပါ။
ဒီလိုနဲ့  သူတလှဲ့ မောင်း ကိုယ်တလှဲ့ မောင်းနဲ့ 
တညကုန်သွားပါတော့တယ်။
နောက်နေ့ မနက်မှာတော့ ရာသီဥတုကလည်းကောင်း
မနက်စောစောကလည်းဖြစ် ပင်လယ်ထဲလည်း
ဖြစ်နေသမို့  အင်မတန်မှ ပျော်ရွင်စရာ ခရီးစဉ်တခု
ဖြစ်ပါတော့တယ်။ တခုတော့ရှိတာပေါ့လေ
တာဝန်အရ အခန်းတွေ လိုက်စစ်ချိန်မှာတော့
အံဖတ်နံ့တွေ ထောင်းထောင်းထနေလို့ 
ကိုယ်ပါအနံ့ ကြောင့် ရောပြီး မအံမိခင် ပြန်ပြေးရတာပေါ့။
နေ့ လည်ပိုင်းထိ အေးအေးဆေးဆေးပါဘဲ။
Hydro Notice လို့ ခေါ်တဲ့ မိုးလေဝသ
အခြေအနေကလည်း Fair Weather ပါဘဲ။
နေ့ လည်စာကို ပဲ့ပိုင်းမှာ စုချက် စုစားပြီး
နေ့ လည် ၂ နာရီလောက်က စလို့  မိုးအုံလာပြီး
နောက်ပိုင်းမှာ လှိုင်းလည်း တဖြည်းဖြည်းကြီးလာပါတော့တယ်။
အထက်ဌာနကို ပုံမှန်ချိန်ဆက်သွယ်တော့လည်း
ရာသီဥတုထူးခြားပြီး ဖောက်မနေပါ။
လက်တွေ့ မှာတော့ မဲမှောင်ပြီး လေ/မိုး/လှိုင်း
ပိုပို ဆိုးလာပါပြီ။
ဒါနဲ့ ဘဲ ညနေစာအတွက် ရသလောက်စီစဉ်
ပါလာတဲ့ ခရီးသည်တွေကို ကြိုဝေထားလိုက်ပါတယ်။
Crewတွေကတော့ စစ်သားတွေမို့ ကြုံသလိုစားလို့ ရလို့ ပါ။
ကျနော့အတွက်ကတော့ ညစာအတွက် ထုံးစံအတိုင်း
ကျနော့ရဲ့ လှိုင်းကြီးရိက္ခာပုံစံ ကျွတ်ကျွတ်အိပ်ထဲ
ထမင်း/ဆီ/ဆားနဲ့  အိမ်က ယူလာတဲ့ ပုဇွန်ခြောက်ကို
ရောမွှေဇွန်းတပ်ပြီး အိပ်စင်မှာ ချိတ်ထားလိုက်တာပေါ့။
ဒါဆို လှိုင်းဘယ်လောက်ကြီးကြီး ကျနော် ထမင်းမငတ်တော့ပါဘူး :-) :-) :-)
နောက်ပိုင်းမှာ မိုးက ပိုသည်းလာ လေက ပိုထန်လာ
ပါတယ်။
စီအိုကြီးက ပြင်ဆင်စရာရှိတာ ပိုတိုးပြီးပြင်ဆင်ကြဖို့ 
အသေးစိတ်ညွှန်ကြားပါတယ်။
ဒါပေမဲ့ ပေါ့လေ
ဇရာကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူးဆိုသလို
ခပ်အိုအို ရေယာဉ်ဟာ လေဒဏ် လှိုင်းဒဏ်ကြားမှာ
အတော်ကို ဆိုးဆိုးဝါးဝါး လူးလိမ့်နေပါတော့တယ်။
ကျနော် အားနာစွာနဲ့ ဘဲ အဲ့တုန်းက ကျနော်တို့ ရေယာဉ်ရဲ့
အခြေအနေကို ပြောပြပါ့မယ်။
ကျနော်တို့ မှာ ရေယာဉ်ပိုင် ရေဒါရှိပေမဲ့
အရမ်းဟောင်းပြီး Gain တွေကျနေတာမို့ 
ရပဆ လို့ ခေါ်တဲ့တပ်ကနေ ခဏဌားခဲ့ရတာပါ။
အလားတူ GPS ကလည်း ခေတ်သစ် အသုံးအဆောင်
ဖြစ်နေတဲ့ကာလမို့  ဌားခဲ့ရတာပါဘဲ။
ရေတပ်သုံး ဆက်သွယ်ရေးစက် တခုသာပါပါတယ်။
နောက်ဆုံးပြောရရင် ကုန်းပတ်ကနေ စီးဝင်လာတဲ့
မိုးရေ ပင်လယ်ရေတွေက အောက်ခန်းထဲတွေအထိ
တစိမ့်စိမ့် ဝင်လာလို့  အားလုံး လိုက်သုတ်နေရတဲ့
အနေအထားဖြစ်ကုန်ပါတယ်။
Crew ကလွဲပြီး ကျန်ခရီးသည်များအားလုံးလည်း
ညစာစားဖို့ နေနေသာသာ မှောက်ကုန်ကြပါပြီ။
ဘာမှ မတတ်နိုင် ရည်မှန်းချက်ရောက်ဖို့ 
ဆက်မောင်းရန်သာရှိတော့သည်။
စီအိုကြီးရော Crew အားလုံးဟာ သတိကြီးကြီးနဲ့ 
ကျော်ဖြတ်နေကြပါတယ်။
ဒီလိုနဲ့  ည ၁၂ ဝန်းကျင်ရောက်တော့ ကိုယ့်Watch
မဟုတ်သေးလို့  အခန်းထဲ ဝင်ပြီး ခဏနားလိုက်ပါတယ်။
ကျနော့် Watch က မနက် ၄ နာရီမှ ဝင်ရမှာပါ။
လှိုင်းနဲ့ မို့  အိပ်စင်ပေါ်မှာလည်း လူးလိမ့်နေပါတယ်။
နောက်တော့ ၄နာရီထိုးခါနီး Bridge ပေါ်တက်
အရင် Watch ဝင်နေတဲ့ သူငယ်ချင်းသန်းဇော်ကို
ရေယာဉ်အခြေအနေမေးပြီး ဆက်မောင်းမယ်ပေါ့။
ဒါပေမဲ့ အဲ့ချိန်မှာ သူငယ်ချင်းသန်းဇော်ပြောတဲ့စကားက
""""နိုင်ဇာကြီးရ သင်္ဘောက အရမ်းထိန်းရခက်တယ်
ဦးတည်ပြောင်းရင်လည်း ရာဒါ(ပဲ့)မလိုက်ဘူး
ပြီးတော့ သင်္ဘောဦးက လှိုင်းထဲကကို
မထနိုင်ဘူးဟ""""တဲ့။
ကျနော်လည်း အေးဆေးပါဘဲ ရေဒါကြည့် GPSကြည့်
ရေယာဉ်သံလိုက်ညွှန်းကြည့်ပေါ့။
ရေယာဉ်ကတော့ လမ်းကြောင်းမှန်ပေါ်မှာပါဘဲ။
မနက်လေးနာရီဆိုတော့ မြင်ကွင်းက မလင်းသေးသလို
မိုးလေကြောင့်လည်း မှောင်နေပါသေးတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဘဲပြောရမလား ကံကောင်းတယ်ဘဲ
ပြောရမလားတော့မသိပါဘူး
ရေယာဉ်ရဲ့ ဦးပိုင်းအခြေအနေကို သိချင်တာနဲ့ 
Floodlight ကို ဖွင့်ကြည့်လိုက်တော့ ရေယာဉ်ရဲ့
ရှေ့ပိုင်းကုန်းပတ်ပေါ်မှာ ပင်လယ်ရေက တချက်တချက်
ပြေးနေပြီး သဘောဦးက လှိုင်းထဲ ဝင်လုနီးပါး
ဖြစ်နေပါပြီ။
ပထမတော့ ဘာလဲဟ?????ပေါ့
နောက်တော့ ဒီမြင်ကွင်းကြီးက ပုံသေလိုဖြစ်နေပြီး
လှိုင်းနဲ့ အတူ သဘောင်္ဦး နိမ့်ချီမြင့်ချီမရှိတော့ပါဘူး။
အပိုင်း-၁ မှာ တွဲတင်ထားတဲ့ စစ်ရေယာဉ်ပုံလိုဘဲ
ဖင်ထောင် ခေါင်းစိုက်အနေကထားဖြစ်နေပါတယ်။
အမှန်ဆို ခုအပိုင်း-၂ မှာ ပူးတွဲထားတဲ့ပုံထဲကလို
ဦးက လှိုင်းကို ရံဖန်ရံခါသာ နိမ့်ဝင်ပြီး
ပုံမှန်အားဖြင့် လှိုင်းကို နိမ့်လိုက်မြင့်လိုက်
စီးနေရမှာပါ။
ဒါနဲ့  သူငယ်ချင်းသန်းဇော်ကို
"""သူငယ်ချင်း မင်းဆက်မောင်းထားကွာ
ငါတချက်ဆင်းကြည့်လိုက်အုံးမယ်"""ဆိုပြီး
LifeJacket ဝတ် အရေးအကြောင်းဆို
အရမ်းသတ္တိရှိတဲ့ တပည့်ကျော် မျိုးလွင်ကို ရွေးခေါ်ပြီး
ခါးမှာ Life Line တပ်လို့  ဦးပိုင်းကို မိုးထဲရေထဲ
ချီတက်လိုက်ပါတော့တယ်။
နောက်ပိုင်းမှ မျိုးလွင်သတ္တိကောင်းပုံတွေ ရေးပြပါ့မယ်။
Lifeline သာပြောတာပါ။ ဒီမိုးဒီလေနဲ့  ပြုတ်ကျလည်း
သေမှာပါဘဲ။
ရှေ့ကို ဒယီဒယိုင်နဲ့  ကျနော်ရယ် ဂေါ်ရခါးလူမျိုးစစ်သား
မျိုးလွင်ရယ်ဟာ ရှေ့ဦးပိုင်းကိုရောက်လို့ 
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့
မြင်လိုက်ရတဲ့ မြင်ကွင်းကြီးကြောင့်----------------
ဟာ!!!!!!!!!!သွားပြီ SO ရေ!!!!!!!!!!
အဲ့အသံက မျိုးလွင်ရဲ့အော်သံ
SO ဆိုတာက ကျနော့ ရာထူးကို ခေါ်တာပါ။
စောစောက ခပ်အေးအေးဖြစ်နေတဲ့ ကျနော့စိတ်တွေလည်း
မြင်ကွင်းကို ကြည့်ပြီး လန့် ဖြန့် သွားသလို့ ကြောင်အမ်းအမ်းကြီးလည်း ဖြစ်သွားပါတော့တယ်။
-
-
-
ပုံက စစ်ရေယာဉ်မဟုတ်ပါ။ အလားတူ မြင်သာအောင်
ပြထားခြင်းသက်သက်ပါ။

ကျနော်နှင့် ကိုကိုးကျွန်းခရီးစဉ် အပိုင်း-၃

0
0


ဟာ!!!!!!! သွားပြီ SO ရေ!!!!!!
မျိုးလွင်ရဲ့အသံ
ထိုးထားတဲ့ ဓါတ်မီးရောင်အောက်မြင်ကွင်း
စတာတွေကြောင့် ကျနော် အံ့သြတုန်လှုပ်မိသွားပါပြီ။

မြင်လိုက်ရတဲ့ မြင်ကွင်းက ရေယာဉ်ဦးပိုင်းမှာရှိတဲ့
Cable Locker လို့ ခေါ်တဲ့ သဘောင်္ကျောက်ကြိုးတွေ
အသွင်းအထုတ်လုပ်တဲ့ အခန်းတခုလုံး ရေတွေပြည့်နေပါပြီ။
ဒီအခန်းက သေးသေးလေးတော့မဟုတ်
Manhole လို့ ခေါ်တဲ့ ကုန်းပတ်ပေါ်က ရေလုံတံခါးတပ်
လူဝင်ပေါက်ကနေ ဟိုးအောက်ထိ ကျောက်ကျိုးပုံထိဆို
လူ သုံးလေးရပ်လောက် နက်ပြီး ကျောက်ရစ်စက်ကြီးပါ
ထားတဲ့အခန်းမို့  ၈ပေ ပတ်လည်လောက်တော့
အနည်းဆုံး ရှိမယ်ထင်ပါတယ်။
ဒါနဲ့  ၂ယောက်သား မတိုင်ပင်ထားဘဲ ကျနော်တို့ 
ကုပ်ကပ်ပြီး လေးဘက်ထောက်နေရတဲ့ အောက်ခြေက
Manhole ရဲ့ ယုံနားရွက် နပ်တွေကို ဖွင့်ကြပါတော့တယ်။
ဘာလို့လည်း ဆိုတော့ စောစောက ပင်လယ်ရေ
ပြည့်နေတဲ့ အခန်းက ရေယာဉ်ရဲ့ ဦးပိုင်းထိပ်ဆုံးခန်း။
ခုကျနော်တို့  ထပ်ဖွင့်တဲ့အခန်းက သူ့ အခန်းရဲ့ နောက်က
လက်နက်/ခဲယမ်းခန်းဘေး
ခဲယမ်းတင်/ချလုပ်တဲ့ အပေါက်မို့ ပါ။
နပ်တွေ ကျွတ်လို့  အံဖုံးကို ဖွင့်လိုက်တော့---------
သွားပြီဟေ့!!!!!! ဒီတခါတော့ ကျနော့အသံပါ။
ရေယာဉ်တစီးလုံးအတွက် လက်နက်ငယ်မျိုးစုံ
ခဲယမ်းမျိုးစုံ ထားတဲ့အခန်းတံခါဲးမှလည်း ရေတွေ
ယိုစီးလို့  ဖြစ်နေပါပြီ။
ကြမ်းပြင်မှာလည်း ရေတွေက အများကြီး။
မတတ်နိုင်တော့ ရေယာဉ်ရဲ့ ဦးပိုင်း အခန်းကတော့
ရေပြည့်သလောက်ဖြစ်နေပြီး
ကျနော်တို့ ခပ်ထုတ်လို့ရတဲ့ အနေအထားလည်းမဟုတ်။
ဒါနဲ့  ၂ ယောက်သား အဖုံးကိုပြန်ပိတ်
ယုံနားရွက်တွေပြန်ကျပ်ပြီး နောက်ပြန်လှည့်ခဲ့ပါတော့တယ်။
ရှေ့က Cable Locker ပေါက်ကိုတော့
သွားဖို့ ခက်တာ လှိုင်းတချက်ချက်ကျော်နေတာကြောင့်
ဒီအတိုင်းဘဲထားခဲ့ရပါတယ်။
ရေယာဉ်ရဲ့  အလယ်ပိုင်းပြန်ရောက်တာနဲ့ 
နီးရာလူတွေဆွဲခေါ်ပြီး အောက်ထပ်ကိုဆင်း
လူနေခန်းတွေ လိုက်ကြည့် တော့ ရေတွေက
Titanic ဇာတ်ကားထဲကလို ခြေသလုံးလောက်နဲ့ 
ရေယာဉ်လိမ့်တဲ့အတိုင်း တဝုန်းဝုန်းနဲ့  ဘေးနံရံတွေကို
ရိုက်ခတ်နေပါတယ်။
ကြောက်တဲ့သူတွေက ရေလွတ်ရာမှာ ကုပ်ကုပ်လေးနေ
မူးတဲ့လူတွေကခွေနေ အံပုံးတွေရော
အမှိုက်သရိုက်မျိုးစုံပါ ရေနဲ့ အတုပြေးနေပါတယ်။
အပြေးအလွှား ဦးပိုင်းနဲ့  အလယ်ပိုင်းကို ပြန်စစ်
အပေါ်ပြန်တက် အပေါ်ကနေမှ အင်္ဂျင်စက်ခန်းထဲ
ဝင်ကြည့်လိုက်တော့ စက်အဖွဲ့ တွေ တကိုယ်လုံးရွဲပြီး
အင်္ဂျင်ခန်းထဲက ရေတွေ စုတ်ထုတ်နေတာ တွေ့ ရပါတယ်။
EOကြီးကို အခြေအနေမေးကြည့်တော့ ရေတွေက
ဘက်စုံကနေဝင်နေတာ Damage Control အတွက်
အတော်ကို ခက်နေတဲ့ အနေအထားပါတဲ့။
COကြီးသိပြီလားဆိုတော့ Watch Officer သိမယ်ထင်တယ်တဲ့။
သေပြီ သေပြီ ----------
ကျနော် အမြန်အပေါ်ပြန်ပြေးတက်ရပါပြီ။
ကျနော်ဘာလုပ်မယ်ထင်ပါသလဲ??????
ဟုတ်ကဲ့ ကျနော် #စီအိုကြီးလောစောကြိုင်တပည့်ပါ
ချက်ချင်းဘဲ """"Commander Never Sleep"""
စာတန်းကပ်ထားတဲ့ စီအိုကြီးအခန်းတခါးကို
ခပ်ပြင်းပြင်းခေါက်ရင်း တံခါးဖွင့်လာတဲ့ စီအိုကြီးကို
လက်ရှိရေယာဉ်အခြေအနေကို ခပ်သွက်သွက်
တင်ပြလိုက်ပါတယ်။
စီအိုကြီးလည်း Uniform ကောက်စွပ်
Bridge ပေါ်တက်ဖို့  ပြင်ရင်း ပါးစပ်က
နိုင်ဇာမြင့် ဒါလုပ် ဟိုဟာလုပ်ဆိုပြီး တတွတ်တွတ်မှာပါတယ်။
ပြီးတာနဲ့  စီအိုကြီး Bridge ပေါ်တက်ပြီး ကွပ်ကဲမှု
ပေးပါတော့တယ်။
Crew အားလုံးနှိုး ပါလာတဲ့ ခရီးသည်ထဲက
သန်စွမ်းတဲ့သူမှန်သမျှ အကုန် လူုစုရပါတယ်။
ဒီနေရာမှာ တခုကြိုပြောပါရစေ။
ဒီလောက်ဖြစ်နေတဲ့ သင်္ဘောကြီးမှာ
အရာရှိက ခင်ဗျားတယောက်ထဲမို့  ခုလိုဖြစ်နေတာလား
ဆိုရင်ဖြင့် အရာရှိရောစစ်သည်ပါ ဖွဲ့ စည်းပုံအပြည့်
ပါပါတယ်။
ဒါပေမဲ့ ဖြစ်စဉ် စခါစမှာ All Crew Stand-by မဟုတ်သလို
နောက်ပိုင်း ဆောင်ရွက်ချက်အားလုံးမှာတော့
အရာရှိ/စစ်သည်အားလုံးဟာ တညီတညွတ်တည်း
တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြတာပါ။
ဒီစာကိုသာ ကျနော်က ရေးရတာမို့  ဝထ္တု ကျနော်ရေး
ကျနော်မင်းသား ကျနော်ဒါရိုက်တာ ဖြစ်ကာ
ကျနော်တယောက်ထဲရဲ့ လှုပ်ရှားမှုကို
ရေးသားနေမိခြင်းပါ။
တကယ်တော့ Crew အားလုံးညီကြလို့ 
အသက်ရှင်ခွင့်ရခဲ့တာပါ။
Bride ပေါ် စီအိုကြီးရောက်တာနဲ့  ခါတိုင်းလို
သူသင်ထားတဲ့ အတိုင်း သတိဆွဲ အလေးပြု
"""""Captain on the Bridge""""တွေအော်
Ship Heading , Speed စတာတွေကို အင်္ဂလိပ်လို
သတင်းမပို့ နိုင်တော့သလို စီအီုကြီးကိုယ်တိုင်လည်း
GPS ပြေးကြည့် တည်နေရာရှာ Floodlightဖွင့်ပြီး
ရေယာဉ်အခြေအနေကြည့် ပြီး
ရေယာဉ်ကို လှိုင်းဒဏ်ခံ သက်သာစေဖို့ 
ဦးတည်အနည်းငယ်ပြောင်းပြီး စက်ရှိန် နည်းနည်းလျှော့လိုက်ပါတယ်။
အဲ့နောက်ပိုင်းလည်း အရာရှိများကို သူ့ အဖွဲ့ နဲ့ သူ
တရစပ် ပြောနေရင်း တာဝန်ပေးပါတယ်။
ဒီနေရာမှာ ရှက်ရှက်နဲ့  ဝန်ခံရမဲ့ ကိစ္စတခုရှိနေပါတယ်။
ကျနော်တို့  ရေယာဉ်ဟာ ရေယာဉ်အိုကြီးဖြစ်နေသလို
Annual Dock ဆိုတဲ့ နှစ်စဉ် ဒေါက်တင်ပြင်ဆင်ရမဲ့
ရက်ကလည်း အကြောင်းအမျိုးမျိုးကြောင့်
တင်ခွင့်မရသေးပါဘူး။
ရေယာဉ်မှာရှိတဲ့ Crew အားလုံးအတွက်
အသက်ကယ်အကျီင်္က လုံလောက်မှုရှိပေမဲ့
ခရီးသည်တွေအတွက်မရှိလို့  လုံလောက်အရေအတွက်
ဖြစ်စေဖို့  တခြားရေယာဉ်နဲ့ တပ်ကနေ ဌားခဲ့ပါတယ်။
အဲ့အတွက်တော့ စိတ်ပူစရာမရှိပါဘူး။
ဒါပေမဲ့ ကျနော်တို့ မှာ
ကုန်သွယ်ရေကြောင်းသင်္ဘောတွေမှာသုံးတဲ့
Channel 16 ဆိုတဲ့ ဆက်သွယ်ရေးစက် မရှိပါဘူး။
ဒါကြောင့် ရေယာဉ်သာနစ်ခဲ့မယ်ဆိုရင်
အနီးအနားမှာရှိနေနိုင်တဲ့ ကုန်သွယ်ရေကြောင်း
အရပ်ဖက်ရေယာဉ်တွေကို အကူအညီတောင်းလို့ မရဘူးပေါ့။
နောက်ပြီး GMDSS လို့ ခေါ်တဲ့ ပင်လယ်ပြင်အရေးပေါ်
အချက်ပေးစနစ်ကိုလည်း မသုံးနိုင်သေးပါဘူး။
ဒီတော့ စီအိုကြီးကိုယ်တိုင် ရေယာဉ်ပဲ့ပိုင်း အလည်ပိုင်း
စက်ခန်းတွေကို တွေကို ဆင်းစစ်ပြီး ကိုယ်တိုင်ကြေးနန်း
ရေးကာ အထက်ဌာနသို့  တင်ပြပါတယ်။
အဲ့တော့မှ အထက်ဌာနက နီးစပ်ရာ တပ် စခန်း
ရေယာဉ်တွေကို ကြေးနန်းထုတ်ပြီး
ကယ်ဆယ်ရေးအတွက် ပြင်ဆင်စေပါတယ်။
အဲ့အချိန်ကစလို့  ရေယာဉ်တခုလုံးဟာ
Titanic ပုံစံ စစ်စစ်ကို ပေါက်သွားပါတော့တယ်။
ဘာလို့ လဲဆို နဂိုထဲက ကြောက်နေကြတဲ့ ခရီးသည်တွေဟာ
ကျနော်တို့  Crew တွေ ပြေးလွှားနေတာ
သူတို့ ကို Lifejacket တွေ မဝတ်မနေရ ဝတ်ခိုင်းတာ
ချောင်ထဲမှာမနေခိုင်းဘဲ ကုန်းပတ်ကိုတက်ရလွယ်မဲ့ နေရာ
တွေကို ရွှေ့ ပေးနေတာတွေကြောင့် တချို့ 
သေပါပြီဆိုပြီး အော်ဟစ်ငိုယို ကယောင်ကတမ်း
ပြောဆိုတဲ့သူတွေပါ ရှိလာပါတယ်။
ခရီးသည်ကိစ္စတွေ အရင်ဆုံးစီစဉ်ပြီးတာနဲ့ 
ကျနော်အပါအဝင် နောက်ထပ်အရာရှိတဦး
EOကြီးနဲ့ အတူ စစ်သည်စုပြီး ရေယာဉ်ဦးပိုင်းက
ရေတွေစုပ်ထုတ်ဖို့  ရေဝင်ပေါက်ကိုရှာဖို့ 
စတင်လှုပ်ရှားကြပါတယ်။
ဒီနေရာမှာ ရေဝင်သတိပေးတဲ့ ALARM စနစ်
မရှိဘူးလား ဆိုရင်ဖြင့်
ရှိပါတယ် ရေယာဉ်အိုကြီးမို့ 
Sensor တွေ အလုပ်မလုပ်တော့တာ ကြာခဲ့ပါပြီ။
EO ကြီးက Fitted Bilge Pump တွေသုံးပြီး
ရေထုတ်ဖို့ ကြိုးစားပြန်တော့ ပင်လယ်ရေဝင်တာ
များသွားလို့ လား ဝါယာတွေ ရှော့်ခ်ဖြစ်တာလာမသိ
လုံးဝအလုပ်မလုပ်တော့။
ဒီကိစ္စတော့ ကျနော်က Engineer side က မဟုတ်လို့ 
သိပ်နားမလည်ပါ။
နောက်ဆုံးမှာတော့ ကူဘိုတာလို့  အလွယ်ခေါ်တဲ့
အင်္ဂျင်တပ် ရေစုပ်စက်နဲ့  စုတ်ထုတ်ဖို့  စီစဉ်ကြပါတယ်။
ဒါပေမဲ့လည်း စက်ခန်းရော အလယ်ခန်းမှာပါ
သူ့ အဖွဲ့ နဲ့ သူ Crew ရော အရပ်သားယောက်ကျားများပါ
ရေစုပ်ထုတ်နေရတာမို့  တလုံးထဲသာမျှယူခဲ့ရပါတယ်။
ရောက်တော့ ရေစုပ်ဖို့  အမြန်ဆုံးပြင်ဆင်ပြီး
ခဲယမ်းခန်းနားက ရေတွေကို RPM အမြင့်ဆုံးနဲ့ 
စုတ်ထုတ်ပါတယ်။ စုတ်သာစုတ်တယ် ရေတွေက
ထင်သလောက်မြန်မြန်မကျ။
ခဲယမ်းခန်းနဲ့  Cable Locker ကြားကနေ ရေတွေက
ကူးနေဆဲပါ။
ဒါတောင် ခဲယမ်းခန်းနဲ့  Cable Room ကြားမှာ
အခန်းသေး တခန်းခံနေပါသေးတယ်။
ရှေ့ဖက်က Cable Locker ကိုကြည့်တော့လည်း
ရေက သိသိသာသာကျမသွား လျှော့သလိုဖြစ်လိုက်
ပြန်တက်လာလိုက်နဲ့ ပါ။
အားလုံးရဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တွေက
တဖြေးဖြေးတိုးတိုးလို့ လာပါတယ်။
Damage Control ခေါ်တဲ့ ပျက်စီးထိန်း လုပ်ဖို့ နေနေသာသာ
ရေဝင်တဲ့နေရာ ရှာမရဘဲ ရေဝင်ကိုပင်
မထိန်းနိုင်တဲ့ အနေအထား။
Cable Lockerကိုအရင်မစုပ်တဲ့အကြောင်းကတော့
ရေယာဉ်ဦးစိုက်နေဆဲမို့  လူတွေ အသက်အန္တရယ်နဲ့ 
အရမ်းနီးနေလို့ ပါ။
အဲ့အချိန်မှာ ကျနော်ဆောင့်ဆောင့်ထိုင် နေတဲ့
ကုန်းပတ်အောက်ကနေ ရေယာဉ်တခါယိမ်းလိုက်တိုင်း
ခပ်ပြင်းပြင်းဆောင့်နေတာကို ဖိနပ်မပါတဲ့ ခြေဗလာက
ခံစားမိလိုက်ပါတယ်။
ပထမတော့ မိုးသံလေသံလှိုင်းသံ စက်သံတွေကြား
သာမာန် ပစ္စည်းချင်း ထိခိုက်မိသံလို့ ထင်မိပေမဲ့
နောက်ပိုင်းပုံမှန်လို ဖြစ်လာတော့ စိတ်ထဲမသင်္ကာတော့ဘဲ
အနားကစစ်သည်တယောက်ကို ခြေထောက်ကဆွဲခိုင်း
နောက်တယောက်ကို ခါးက Life Line ကို ဆွဲခိုင်းကာ
ရေယာဉ်ကုန်းပတ်ပေါ်ဝမ်းလျှားမှောက်လို့ 
Guard Railတိုင်( Stanchion )ကို အားပြုရင်း ရေယာဉ်ရဲ့
ဦးပိုင်း ဝမ်းပိုင်းကိုငုံ့  ကြည့်လိုက်ပါတော့တယ်။
အဲ့အချိန်မှာ အာရုံတက်အလင်းရောင်နဲ့ မို့ 
အလင်းရောင်က မြင်နိုင်စွမ်းတော့ ရှိနေပါပြီ။
လှိုင်းကြောင့် ရေယာဉ်တချက် အလိမ့်မှာ
တချက်ပေါ်လာတဲ့ ရေယာဉ်ဝမ်းဗိုက်ကို
ရသမျအလင်းရောင်ကြား အားရုံစိုက်ကြည်တော့
ကျနော်တို ရေယာဉ်ရဲ့ ကျောက်စူးကြီးဟာ
အောက်ကို လျှောကျနေပြီး ရေယာဉ်ဝမ်းဗိုက်သားကို
လှိုင်းချက်အတိုင်း ထိုးခွဲနေပါတော့တယ်။
ကျနော်သိလိုက်ပါပြီ ကျောက်ဆူးက အောက်ကိုလျှောကျ
လှိုင်းကြောင့် ရေယာဉ်နံယံကို ထိုးခွဲ
အဲ့အကွဲကြောင်းမှတဆင့် ရေတွေက
ရေယာဉ်သွားနှုန်းအတိုင်း အရှိန်နဲ့ တိုးဝင်နေပြီဆိုတာကိုပါ။
ကျနော်လည်း EOကြီးကို သတင်းပို့ 
ရေစုပ်အားတိုးသင့်ကြောင်း ထင်တာကိုပြောပြပြီး
Bridgeကိုသွားပြီး စီအိုကြီးကို သတင်းပို့ ရတာပေါ့။
စီအိုကြီးက ချက်ချင်းဆိုသလို ရေယာဉ်ကို
လှိုင်းဒဏ်ခံနိုင်တယ်ဆိုရုံ လျှော့ချပြီး ရေဝင်ကို
ထိန်းပေးပါတယ်။
နောက်ပြီး အဓိက ရေဝင်နေရာကိုသိပြီမို့ 
ရေယာဉ်ဦးမော့လာစေရေး ဦးစားပေးပြီး
ရေစုပ်စက် ရသလောက် တပြိုင်ထဲ စုပ်ထုတ်ဖို့  ညွှန်ကြားပါတယ်။

ကျနော်နှင့် ကိုကိုးကျွန်းခရီးစဉ် အပိုင်း (၄)

0
0


တကယ်တော့ ခုလို ရေယာဉ် ရေဝင်ပြီး
ဖင်ထောင် ခေါင်းစိုက် ဖြစ်ရခြင်းသည်
ကျောက်ကြိုးလျှောကျပြီး ကျောက်ဆူးထိုးလို့ 
ဖြစ်ရတယ်ဆိုတာ သေခြာနေပါပြီ။

တင်ထားတဲ့ ကျောက်ကြီးတခုလုံး ခုလိုလျှောကျဖို့ က
Winch Motor , Capstan ခေါ် ကျောက်ရစ်ဘီး
, Cable Stopper , Cable Break စတာတွေကို
စက်အားရော လူအားပါ
အဆင့်ဆင့် ဖြုတ်ချမှသာလျှင် လျှော့ကျနိုင်တဲ့ ကိစ္စ။
ဒါပေသိ ဒီနေရာမှာ ဘုရားဟောထဲကလို
မြားပစ်တဲ့ နေရာကို ရှာဖို့ထက် လတ်တလော
မြားဒဏ်ရာကို ကုသဖို့ က ပိုအရေးကြီးနေချိန်ပါ။
ဒါကြောင့် ဘာလို့  ကျောက်ဆူးလျှောကျတယ်ဆိုပြီး
အဖြေရှာနေတာထက် လျှောကျနေတဲ့ ကျောက်ဆူးကို
ပြန်ဆွဲတင်ဖို့ စဉ်းစားကြရာမှာ
Winch Motor တွေ ရေငုပ်နေပြီမို့ 
စက်အားနဲ့  ဆွဲတင်ဖို့ တော့ လုံးဝ မဖြစ်နိုင်တော့ပါ။
Manual နည်းနဲ့  Capstan ကြီးကို
သံချောင်းထိုးပြီး လှဲ့ ဖို့ ကြတော့လည်း
နေရာကန့်သတ်ချက်ကြောင့် လူအများကြီးအတွက်
နေရာမရှိသလို
လှိုင်းဒဏ်ကြောင့် လူတွေတောင် မနည်းရပ်နေရတာမို့ 
ဘယ်လိုမှ ပြန်ဆွဲတင်မရပါ။
ပုံမှန်အလေးချိန်အားဖြင့်တောင် တခေတ်တခါက
Navy ရဲ့ အလေးဆုံးကျောက်ဆူးလို့  သတ်မှတ်တဲ့
ကျောက်ဆူးကြီးကို စက်ကပျက် ရာသီဥတုကဆိုး
ရေယာဉ်ဦးပိုင်း နစ်နေလို့  လူတွေ ရပ်တည်ရာမရှိ
ဖြစ်နေတဲ့ အနေအထားမျိုးမှာ အလွန်အမင်း
ခက်ခဲတဲ့ အတားအဆီးကြီး တခု ဖြစ်နေပါတော့တယ်။
ရေစုပ်ထုတ်ပြန်တော့လည်း ဝမ်းကွဲလို့  ရေတိုက်ရိုက်
ဝင်နေတဲ့ ထိပ်ဆုံး Cable Locke ခန်းကို မစုတ်နိုင်လို့ 
နောက်တခန်းကျော်ကနေ စုပ်နေရတဲ့ အနေအထားမို့ 
သိသိသာသာ ရေကမကျဖြစ်နေတာပေါ့။
စက်ခန်းနဲ့  အလယ်ပိုင်း မှာကလည်း ရေစုတ်ထုတ်နေကြဆဲပါ။
နောက်ဆုံး စီအိုကြီး EOကြီးတို့  ခေါင်းချင်းဆိုင်
တိုင်ပင်ရပါပြီလေ။
လှိုင်းနဲ့ အတူ လွှဲနေတဲ့ ကျောက်ဆူးကို
ဘယ်လိုဖမ်းထိန်းကြမလဲ??????
ဒါက အတော် မဖြစ်နိုင်တဲ့ကိစ္စ။
ဘာလို့ လဲဆို ကျောက်ဆူးကကို တချက်တချက်မှသာ
ရေပေါ်ပေါ်ပြီး မြင်ရတာပါ။
ရေဝင်ပေါက်ကို Damage Control လုပ်ကြမှာလား???
ဒါကတော့ သေခြာပေါက်ကို လုပ်ရမှာပါ။
ဒါပေမဲ့ သူ့ ရေဝင်ပေါက်သည် အပေါ်ယံမဟုတ်ဘဲ
ဝမ်းဗိုက်အောက်ခြေ ရေအောက်မှာဖြစ်နေသလို
သူ့ ကို ပြုပြင်နိုင်ဖို့  နေရာဖြစ်တဲ့ CableLockerကလည်း
ရေပြည့်နေတာပါ။
Cable Locker ခန်းဆိုတာက မြင်သာအောင်ပြောရရင်
သင်္ဘော Deck မှသည် ဟိုး သင်္ဘောဝမ်းနားလောက်ထိ
ဒေါင်လိုက် အခန်းရှည်လေးကို လူတက်လို့ ဆင်းလို့ 
ပစ္စည်းထားသိုလို့ ရအောင် အဆင့်ဆင့်နဲ့ 
အကန့်တွေလုပ်ထားတာပါ။
အပေါ်ကလှမ်းကြည့်ရုံနဲ့ တော့ အောက်ခြေတွေ နံရံတွေ
အားလုံးကို မမြင်ရနိုင်ပါဘူး။
ဒီတော့ အဓိကပြစ်ချက်ဖြစ်တဲ့ ရေဝင်ပေါက်ကို ဖာရမယ်
ဒါမှ ရေဝင်ထိန်းနိုင်မယ်။
ရေဝင်ထိန်းနိုင်မှ ရေစုပ်ထုတ် အားပိုမယ်။
ရေစုတ်ထုတ်အားကောင်းမှ သင်္ဘောဦးမော့မယ်။
သင်္ဘောဦးမော့မှ ရေဝင်ပေါက် ရေပေါ်ရောက်မယ်။
ရေဝင်ပေါက်ရေပေါ်ရောက်မှ Damage Control
လုပ်နိုင်မယ်ဆိုတဲ့
ဂျာအေးသူ့ အမေရိုက်
မုန့်လုံးစက္ကူကပ် ဇာတ်လမ်းကြီး ဖြစ်နေတာပေါ့။
နောက်ဆုံးမှာတော့ လူစွမ်းကောင်းရှာရပါပြီ။
ဘယ်သူ သတ္တိရှိလဲ????
ဘယ်သူ စွန့်စားရဲလဲပေါ့။
ဒီနေရာမှာ လက်မကို သံစိုက်ပြီး ရွေးနေစရာမလိုပါဘူး။
အရာရှိနဲ့  စစ်သည်ကြား အတူလက်တွဲနေကြတာမို့ 
ဘယ်သူဟာ ဘယ်လို လက်စလက်နရှိတယ်ဆိုတာ
ဒါနဲ့ ဘဲ စီအိုကြီးရဲ့ ကွပ်ကဲမှု EOကြီးရဲ့ စီမံပေးမှုတွေကို
တပည့်ကျော် မျိုးလွင်ကို ခပ်ပါးပါးပြောပြလိုက်တော့
၂ ခါမပြောလိုက်ရ
"""""ရတယ် SO ကျနော် လုပ်မယ်"""တဲ့။
ဒါနဲ့ ဘဲ EOကြီးရယ် ကျနော်တို့ ရယ် လှုပ်ရှားရပါတော့တယ်။
ဒါကတော့ ရေမြုပ်နေတဲ့ Cable Lockerခန်းထဲကို
အဆင့်ဆင့် ရေငုပ်ပြီး ရေဝင်ပေါက် ရှာ
ရေဝင်ပေါက်တွေ့ ရင် အခြေအနေ ကိုပြန်ပြော
အခြေအနေပေါ်မူတည်ပြီး အပေါက်ဖာဖို့  စီစဉ်
စသဖြင့်ပါဘဲ။
ပြောတော့သာ လွယ်တာပါ တကယ်တော့
ရေကမြှပ်နေ လှိုင်းကရှိနေ ရေယာဉ်ကလူးနေ
စတဲ့အခြေအနေမှာ အကန့်တွေ အဆင့်ဆင့်ကြောင့်
ပလုံခနဲ ငုပ်လို့ ရတာမဟုတ်ဘဲ
တဆင့်ချင်း ငုပ်ယူရမှာမို့  အချိန်ပေး သတိထားလုပ်ရမဲ့
ကိစ္စကြီးပါ။
ဘယ်မှာလဲ အသက်ရှူဖို့ လေဗူး?????
ဘယ်မှာလဲ ရေငုပ်လေပေး Compressor???
ဘယ်မှာလဲ ရေငုပ်မျက်မှန်???
နတ္တိ လုံးဝ ဥသုံ မရှိပါခဗျ။
နောက်ဆုံးတော့ GE ဆောက်လုပ်ရေးအဖွဲ့ ရဲ့
ရေချိန်( Level ) ပိုက်ပျော့သည်သာ တခုတည်းသော
အသက်ရှူ ကိရိယာ ဖြစ်လာပါတော့တယ်။
ပိုက်ကိုယူ သူ့ ပါးစပ်မှာတပ် ပါးစပ်ကရှူ
နှာခေါင်းကထုတ်တဲ့ အကျင့်ကို အချိန်တိုတွင်း
လေ့ကျင့်ယူရပါတယ်။
နောက်ဆုံးမှာတော့ တာဝန်ခံရတဲ့စီအိုကြီးရော
အနီကပ် ဆောင်ရွက်နေရတဲ့ ကျနော်တို့ ပါ
ရင်တထိတ်ထိတ် စိုးရိမ်စိတ်ကြီးစွာနဲ့ 
သူရဲကောင်း မျိုးလွင်ကို စေလွှတ်တာဝန်
ပေးလိုက်ရပါတော့တယ်။
တကယ်တော့ သူ့  ပညာသည်အုပ်စုက
Diver မဟုတ်ပါဘူး။ သူ့ ရဲ့ စိတ်ကကို စွန့် စားရဲတာပါ။
ရေယာဉ်ဖွဲ့ စည်းပုံထဲမှာလည်း Diver တယောက်မှ
မပါပါဘူး။
သူ လုပ်ရတဲ့ အလုပ်ကတော့ စပါပြီ။
အတွင်းခံဘောင်းဘီလေးဝတ်
အကျီမပါ
Lifejacketမပါ
ရေအောက် ငြိမှာစိုးလို့ ခါးကြိုး(Life Line )မပါဘဲ
လက်ထဲမှာ လေရှူ ပလပ်စတစ်ပိုက်လေးတဖက်
တဖက်မှာ ဓါတ်မီးနဲ့  အချက်ပြကြိုးကိုတဖက်ကိုင်ပြီး
ရှေ့ဆုံးက Cable Locker ပေါက်ကို ကုပ်ကပ်
တွားသွားလိုက်ပါတယ်။
ဟိုရောက်တော့ အပေါက်ထဲတဆင့်ဝင်ပြီး
ပါးစပ်မှာ ပိုက်ကိုကိုက် ကျနော်တို့ ကို လက်ပြပြီး
ငုပ်သွားပါတော့တယ်။
ဒီအချိန်က အားလုံးရဲ့ စိတ်ထဲမှာ အစိုးရိမ်
အထိတ်လန့် ဆုံး အချိန်ဘဲ ဖြစ်မယ်လို့  ထင်မိပါတယ်။
တော်ရုံ ဘုရားမရှိခိုးတဲ့ ကျနော်တောင် လက်ကနာရီကို
ကြာချိန်ကိုကြည့် ရသမျှ ဂုဏ်တော်တွေရွတ်နေသလို
ဘာသာတရားကိုင်းရှိုင်းတဲ့ Christian ဘာသာဝင် စီအိုကြီးလောစောကြိုင် သည်လည်း
Bridge ပေါ်ကနေ လှမ်းကြည့်နေရင်း
ဘုရားသခင်ရဲ့နာမတော်နဲ့ အတူ ဆုတောင်းခြင်းတွေ
ထပ်ခါတလဲလဲ လုပ်နေလိမ့်မယ်လို့  ယုံကြည်မိပါတယ်။
နောက်ခန်းက ရေစုပ်သူက အဆက်မပြတ်စုပ်
လေပိုက်ကို ရေမဝင်အောင်ထိန်းသုကထိန်း
ပိုက်မခေါက်ဖို့  ကြည့်သူကကြည့်နဲ့ 
အားလုံးရဲ့ ရင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တယောက်
ရေထဲငုပ်သွားပြီး ပြန်အပေါ်လာကို တစောင့်စောင့်
စိုးရိမ်စိတ်အပြည့်နဲ့  မျှော်နေကြပါတော့တယ်။
နာရီက တစက္ကန့် ၂စက္ကန့်  ၃စက္ကန့် 
လက်ထဲက အချက်ပေးကြိုးကို ဆယ်စက္ကန့်တကြိမ်
ဆွဲဆွဲပြီး မျိုးလွင့်အခြေအနေကို မေးပေါ့။
ကျနော်ကြိုးတချက်ဆွဲလို့ မှ သူ့ ဖက်က ချက်ချင်း
ပြန်မဆွဲဘူးဆို စိုးရိမ်စိတ်က တက်လာပြီ။
သူ့ဖက်က ပြန်ဆွဲလိုက်မှ စိတ်အေးသွားပြန်ရော။
ဒီလိုနဲ့  တစက္ကန့်  ၂စက္ကန့် -----------------
တမိနစ် ၂မိနစ်----------
ပုံကတော့ Capstan လို့ ခေါ်တဲ့ ကျောက်ကျိုးရစ်စက်ပါ။
မြင်သာအောင် ပုံတူတခု ပြထားခြင်းပါဗျ။
သူကတော့ Hawser လို့ ခေါ်တဲ့ ကြိုးလုံးကြီးတွေ
ရစ်တာပေါ့။
ကျောက်ကြိုးရစ် Capstan ကတော့ ကျောက်ကြိုးနဲ့ 
ကွက်တိ အထစ်တွေ ပါပါတယ်။

ကျနော်နဲ့ ကိုကိုကျွန်းခရီးစဉ် ( အပိုင်း-၅ )

0
0


တစက္ကန့် -----နှစ်စက္ကန့်
တမိနစ်----နှစ်မိနစ်------
-
-
-
အားလုံးရဲ့ စိတ်ပူနေတဲ့ အချိန်မှာဘဲ
ပင်လယ်ရေ ပြည့်လုပြည့်ခင်ဖြစ်နေတဲ့ Manholeကနေ
မျိုးလွင် ပြန်တက်လာပါပြီ။

ကျနော်အပါအဝင် အားလုံးက
အခြေအနေကို သိချင်ကြပေမဲ့
ဘယ်သူမှ စကားမေးမထွက်။
ဘာလို့ လည်းဆို မျိုးလွင်အနေနဲ့  Diverမဟုတ်ပါဘဲ
သူ့ ရဲ့ စွန်းစားရဲ့မှု တခုထဲနဲ့  အားလုံးအတွက်ဆိုတဲ့
စိတ်ကြောင့်သာ အရဲစွန့် ဆင်းငုပ်သွားတယ်ဆိုပေမဲ့
သူ့ မျက်နှာမှာ ပင်ပန်းမွမ်းကျပ်နေတဲ့ အနေအထားက
ဖုံးကွယ်ထားမရ။
ခဏလောက်သူအမောဖြေပြီးမှာတော့ EOကြီးကစပြီး
အခြေအနေဘယ်လိုရှိလဲ စမေးပါတော့တယ်။
ဒီမှာတင် သူက
""""အသက်ရှူမဝလို့  အနားထိတော့ မရောက်ဘူး
ဒါပေမဲ့ အပြင်ရေအောက်အလင်းရောင်ကြောင့်
အပေါက် ၂ပေါက်တော့ တွေ့တယ်။
တပေါက်က လက်သီးဆုပ်လောက် ထင်ပြီး
တပေါက်ကတော့ တပေ ပတ်လည်လောက်
ရှိမယ်ထင်ပါတယ်"""""တဲ့။
ဒါနဲ့  ကျနော်တို့ လည်း Bridge ပေါ်က စီအိုကြီးကို
သတင်းပို့ ဖို့  သွားတော့ စီအိုကြီးက
ထမင်းစားခန်းမှာဘဲ စုပြီး ပြောဖို့  စီမံထားပါတယ်။
ဒီနေရာမှာ မင်းသားက မျိုးလွင်ပါဘဲ။
သူ ဆင်းငုပ်တဲ့အချိန် ပိုက်သေးသေးလေးကနေ အသက်ရှုရ သိပ်ခက်တယ် ဒါကြောင့်ကြာကြာမနေရဲဘူး
ဝေးဝေးလည်း မသွားရဲဘူး"""တဲ့။
ဒီအချိန်မှာ EOကြီးရဲ့ Damage Control အတွက်
စဉ်းစားရသလို
ရေငုပ်မဲ့သူကို လေပေးနိုင်ဖို့ အတွက်ကလည်း
အရေးကြီးဆုံး စဉ်းစားစရာဖြစ်လာပြီ။
ဒါနဲ့ အဖွဲထဲက တယောက်က GEအဖွဲ့ တွေသယ်လာတဲ့
ပစ္စည်းတွေထဲမှာ ရေသွယ်တဲ့ ပလပ်စတစ်ကြိုးပိုက်ပျော့ခွေတွေ တွေ့ မိပါသတဲ့။
အဲ့မှာတင် ရေယာဉ်ပေါ်ပါလာတဲ့ GE လမ်းဗိုလ်ကို
ခေါ်လိုက်ပြီး မေးကြည့်တော့ ဟုတ်ပါတယ်တဲ့။
အားလုံးရဲ့ ပျော်သွားတဲ့ မျက်နှာက ဖော်မပြတတ်တော့။
ဒါနဲ့  စီအိုကြီးက Level ပိုက်က သေးလို့ 
ကြိုးပိုက်ခွေ သုံးချင်တယ်လို့  ပြောတာမှမဆုံးသေး
လမ်းဗိုလ်ကြီးက ဝုန်းဆိုထရပ်ပြီး
""""ကျနော်ခုသွားယူပေးမယ် ဗိုလ်မှူးကြီး""ဆိုပြီး
သွားယူချလာပါလေရော။
သူသွားယူနေချိန် ဆက်ဆွေးနွေးကြတာပေါ့။
ကျနော်ကတော့ ကိုယ်တိုင်ဘဲ အခန်းထဲက
Army Rum ( ကျနော်တိုခေတ်မှာ Navy Rum မရှိပါ ၊
ခုရှိလား မရှိလားလည်း မသိပါ ) ပုလင်းထဲက
Rum နည်းနည်းကို ပလပ်စတစ်သောက်ရေခွက်ထဲ
နည်းနည်းထဲ့ ရေကိုတော့ မျိုးလွင်ကိုဘဲ
သူ့ စိတ်တိုင်းကျ ရောခိုင်းပြီး မော့ခိုင်းလိုက်ပါတယ်။
တကယ်တော့ သူက အရက် အင်မတန်ကြိုက်သူပါ။
ခုဟာကတော့ သူ့ အကြိုက်ကို တိုက်တာထက်
စိတ်ဓါတ်တက်ကြွအောင် Up Spirit လုပ်ပေးရင်း
ခန္ဓာကိုယ်နွေးစေဖို့ လည်း ရည်ရွယ်လိုက်လို့ ပါ။
နောက်တော့ ထမင်းစားခန်းကို ပြန်သွား ယူလာတဲ့
ူကြိုးပိုက်ပျော့အခွေကို လိုသလောက်ခန့် မှန်းဖြတ်
အသက်ရှူကြည့် လုပ်ရပါတယ်။
All OK ပါ။
သူပြောတာက စောစောကထက် အလွန်သာပါ သတဲ့။
ဒီနောက် နည်းနည်းကြာတော့ EOကြီးနဲ့ အဖွဲ့ ပြန်လာပြီး
ပျက်စီးထိန်းဘယ်လို လုပ်ကြမယ်
ဘယ်ပစ္စည်းဘယ်လို ကိုင်မယ်
ဘယ်နေရာထည့်မယ် ဘယ်သူလုပ်မယ်
စသဖြင့် အားလုံး တိုင်မင်ကိုက်ရပါပြီ။
ဒီနေရာမှာတော့ စီအိုကြီးထက် EOကြီးရဲ့
ဆုံးဖြတ်စီစဉ်ပေးမှုကို နာခံရပါတယ်။
လောလောဆယ် ရေဝင်များတဲ့ အပေါက်ကြီးကို အရင်ဖာမယ်
သင်္ဘောဦးရေပေါ် ပေါ်မှ အပေါက်သေးကို ဆက်ဖာကြမယ်ပေါ့။
သူစားပွဲပေါ် တင်ထားတဲ့ ပစ္စည်းတွေက
ကြိုးခွေ ဖော့ဖြူအတုံး တပေပတ်လည်သာသာ
စက်ဝိုင်းပုံ သံပြားကို အလယ်တည့်တည့်မှာ
သံချောင်းတွဲထားတဲ့ ပစ္စည်း ( နာမည်မခေါ်တတ်ပါ )
ဒီသံပြားကိုမှ ၂၈လမ်း ဖိနပ်ဆိုးလ်ပြားကြီးဆိုင်မှာ
ရောင်းတဲ့ ရာဘာစကြီး ကော်သုတ်ကပ်ထားပါတယ်။
ဒီလိုဖော့ပြားတွေက ရေယာဉ်တိုင်းနီးပါးရှိကြပါတယ်။
ပူးပေါင်းပါဝင်ရမဲ့သူအားလုံးကို ၂ ခါ ၃ ခါ
ဘယ်သူ ဘာလုပ်ရမယ် သင်ပေးရတာပေါ့။
ကျနော်ကတော့ မျိုးလွင်ကိုဘဲ တတွတ်တွတ်မှာရတာပေါ့လေ။
နောက်ဆုံးမှာတော့ အစီအစဉ် စကြပါပြီ။
ပထမတခေါက်လိုဘဲ မျိုးလွင်ရေငုတ်ပေါ့။
ဒါပေမဲ့ ပထမအခေါက်ထက်ပစ္စည်းတွေက ပိုသွားပြီ။
လက်ထဲမှာ ဖော့ဖြူစပါတဲ့ ကြိုးခွေနဲ့  အသက်ရှူပိုက်။
ကံကောင်းတာက လေပိုက်က ပိုကြီးသလို
ကြိုးပိုက်မို့  ပိုက်ခေါက်ပြီး လေပိတ်မှာ မစိုးရိမ်ရတော့။
မျိုးလွင် စငုပ်သွားပါပြီ
ကျနော်ကတော့ အရင်လိုဘဲ နာရြီကည့်
တဖက်စကို ရေယာဉ်မှာချည်ထားတဲ့ ကြိုးစကို အလိုက်သင့်လျှော့ပေးပေါ့။
ဒီအချိန်မှာ စစ်အန်ဒါဝယ်ယာ ( Underwear ) ဝတ်ထားတဲ့ EOကြီးနဲ့ အဖွဲ့ က
ရေယာဉ်ဘေးကနေ ကုပ်ကပ်ပြီး
ကျောက်ဆူးရှိရာဖက်ကို ငုံ့ကြည့်သူကြည့်
ပြင်ဆင်သူပြင်ဆင်နဲ့  ရှုပ်နေကြပါတယ် ။
ဒီအချိန်မှာ ရေယာဉ်ရဲ့ Speedကလည်း
သွားတယ်ဆိုရုံ လှိုင်းဒဏ်ခံနိုင်တယ်ဆိုရုံဘဲ ရှိတာပေါ့။
ရပ်ထားလို့ တော့ လုံးဝမရကြောင်း စီအိုကြီးက
စောစောထဲက ပြောပြပါတယ်။
တပည့်တွေကို သင်ပေးတာလည်း ပါတာပေါ့။
လက်ရှိရေယာဉ်ရဲ့ Stabilityအရ ရေမျှောထားတုန်း
ဘေးတိုက်လှိုင်းသာမိလို့ ကတော့ ရေယာဉ်လဲသွားနိုင်တယ်တဲ့။
ကျနော့အနေနဲ့ ကတော့ မျိုးလွင်ဆင်းသွားတာကို
အချိန်ကြည့်တာထက် စိတ်လှုပ်ရှားတာက
ပိုပို လာတာပေါ့။
သိပ်မကြာပါဘူး EOကြီးနဲ့ အဖွဲ့ က ဟေးးးးးးးးးးဆိုတဲ့အသံနဲ့ အတူ
လှုပ်ရှားမှုတွေ မြင်လိုက်ရပါတယ်။
စိတ်က ချက်ချင်းပြေးကြည့်လိုက်ချင်ပေမဲ့
ကျနော်တာဝန်ယူထားတဲ့ မျိုးလွင် ရေပေါ်ပြန်တက်မလာသေးလို့ 
သွားမရ။
မှန်တာပြောရရင် ကျနော် နာရီမကြည့်မိတော့ ။
လက်ထဲကိုင်ထားတဲ့ ကြိုး ရေအောက်ပါပါသွားထဲက
မျိုးလွင် Ok နေတာသိပြီး ဒီကြိုးမြန်မြန်နဲ့  များများလျှော့ပါစေဘဲ ဆုတောင်းနေမိတာပေါ့။
နည်းနည်းကြာတော့ ကြိုးလျှော့တာ တန့်သွားတာနဲ့ အတူ
မရှေးမနှောင်းမှာဘဲ Manhole ဘောင်ကို
လက်မဲမဲတဖက် ( မျိုးလွင်က ဂေါ်ရခါးပါ) ဖမ်းကိုင်လိုက်ချိန်မှာတော့
ကျနော် မနေနိုင်မထိုင် ကျနော့နေရာကနေ
သူ့ နားကို ထပြေးမိပါတော့တယ်။
တကယ်တော့ ထပြေးတယ်သာ ပြောတာပါ
ဘယ်လိုပုံစံနဲ့  ကျနော်သူ့ နားရောက်သွားတယ်ဆိုတာ
ယနေ့ တိုင် ကျနော်စဉ်းစားမရ-----

#အပိုင်း၆ ဆက်ရန်


ကျနော်နဲ့ကိုကိုးကျွန်းခရီးစဉ် ( အပိုင်း-၆ )

0
0


ကျနော် Manhole နားရောက်ချိန်မှာ
သူလည်း ကိုယ်တပိုင်း အပေါ်ရောက်နေပါပြီ။
ကျနော် သူ့ လက်ဖျံကို ကိုင်ရင်း ချက်ချင်းဘဲ
"""မျိုးလွင်အခြေအနေကောင်းလားဟေ့???"""လို့ 
မေးလိုက်မိပါတယ်။

ဘာလို့ လည်းဆို သူ့ မျက်နှာက အရင်တခါလို
မွန်းကျပ်နေတဲ့ပုံ လုံးဝမဟုတ်ဘဲ
တက်ကြွနေတာမို့ မေးရဲတဲ့ သဘောလည်း ရှိတာပေါ့လေ။
သူက ချက်ချင်းမဖြေသေးဘဲ
""""SO ရေရေ ရေပေးပါ""""ဆိုမှ
ကျနော်လွယ်ထားတဲ့လွယ်အိပ်( တကဲ့ချည်လွယ်အိပ်ပါ)
ထဲက ရေဗူးထဲက ရေကို ထုတ်ပေးဖို့ သတိရပါတော့တယ်။
ဟုတ်ပါတယ် ပထမတခေါက်မှာထဲက
ပင်လယ်ရေငံထဲ ငုပ်ထားရသူတယောက်အတွက်
ရေချို/ရေသန့် စီစဉ်ပေးဖို့  မေ့နေခဲ့လို့ 
ခုတခေါက်မှာတော့ ကြိုပြီး လွယ်အိပ်နဲ့  ထည့်လာခဲ့တာပါ။
သူရေသောက် မျက်နှာသစ်ပြီချိန်မှာတော့
""""အားလုံး OKတယ် SO ရေ
EOကြီးတို့ ရော အစဉ်ပြေလား??ဖော့တုံး ရပြီလား??"""တဲ့
ဒီတခါလည်း သူပြောမှဘဲ သတိရသွားပြီး
နောက်ပြန်လှဲ့ ပြီး EOကြီးတို့ ထံကို သွားလိုက်ကြပါတယ်။
EOကြီးတို့ လူစုလည်း ကုန်းကုန်းကွကွနဲ့ 
အလုပ်များနေရာကနေ ကျနော်ရောက်သွားပြီး
မျိုးလွင်မျက်နှာကို မြင်လိုက်ရချိန်မှာ
အားလုံးက ဟေးခနဲဖြစ်ပြီး
မျိုးလွင်ကို ချီးကျူးစကားတွေ ပြောကြတာပေါ့။
ချီးကျူးစကားသာပြောနေကြတာပါ
သူတို့ လုပ်လက်စအလုပ်ကိုတော့
ဆက်လုပ်နေကြဆဲ။
ဒီနေရာမှာ နောက်တခု စကားကြုံလေး ပြောရရင်
ကျနော်တို့ က Deck Officer လိုင်းကမို့ 
အရာရှိငယ်ဘဝမှာ GEK( General Engineering Knowledge ) Damage Control စတာတွေကို
Minor သဘောလောက်သာသင်ရပြီ EO တွေလိုတော့
အသေးစိတ်သင်ကြားလေ့ခွင့် မရခဲ့ပါဘူး။
ဒါကြောင့် သီအိုရီသာသာသာ သင်ခဲ့ရပြီး
တကဲ့လက်တွေ့ ဘဝမှာ အကြိမ်ကြိမ်ကြုံဖူးနေတဲ့
EOကြီးနဲ့ အဖွဲ့  လုပ်ပုံကိုင်ပုံတွေက ကျနော့အတွက်
အဆန်းတွေချည်းပါဘဲ။


သူလုပ်နေတာကတော့-----------------------
စောစောက မျိုးလွင် ရေငုပ်ရင်းသယ်သွားတဲ့
ကြိုးထိပ်မှာချည်ထားတဲ့ ဖော့တုံးကိုဖယ်ပြီး
စက်ဝိုင်းပုံသံပြားပေါ်က တိုင်မှာ ပြောင်းချည်။
နောက်တကြိုးကို စက်ဝိုင်းပုံသံပြားနှုတ်ခမ်းမှာ
ဖောက်ထားတဲ့ အပေါက်မှာ လျှိုပြီး ချည်နေကြတာပါ။
တကယ်တော့ ဒီဖော့စကို မျိုးလွင်က ရေငုပ်ပြီးသယ်။
သင်္ဘောဝမ်း ရေအောက်ထဲကနေ အပေါက်ကနေတဆင့်
အပြင်ကို ထိုးထုတ်လိုက်တဲ့အခါ ဖော့ရဲ့ ဖော့ဂုဏ်
ရေစီးပင့်အားကြောင့် ရေယာဉ်ရဲ့ အပြင်ဖက် ရေပေါ်ကို
တက်သွားပြီး မျိုးလွင်နဲ့ ကျနော်လျှော့ပေးသလောက်
ရေပေါ်မျောပါသွားတာကို EOကြီးနဲ့ အဖွဲ့ က ဆယ်ယူပေးထားတာပါ။
ဘယ်လိုဆယ်လိုက်ကြလဲတော့ ကျနော်မသိလိုက်ပါ။
EOကြီးတို့ အားလုံး စီစဉ်ပြီးတော့
နောက်ထပ် အစီအစဉ်အတွက် ဆက်လုပ်ရပြန်ပါပြီ။
""မျိုးလွင်ရေ ရသေးလားဟေ့ """"ဆိုတော့
""""Okတယ်SO ကျင့်သားရလာပြီ """တဲ့။
ဒါနဲ့ ဇာတ်လမ်းဆက်ကြပေါ့။ အချိန်ဆွဲလို့ မှမရတာ။
ကျနော်တို့ အဖွဲ့ က ကျနော်အရင်နေရာယူထားတဲ့
နေရာကို ပြန်သွားပြီး စောစောက လျှော့ချပေးတဲ့ကြိုးကို
ဖြေးဖြေးချင်း ပြန်ဆွဲယူကြပါတယ်။
ဆွဲနေရင်း တချက်တချက် အပေါက်ကြားကြိုးညှပ်လို့ 
ကျနော်တို့ ဖက်နဲ့  EOကြီးဖက် အတိုးအလျှော့
ကစားပေးရပါသေးတယ်။
နောက်ဆုံး လုံးဝတင်းသွားပြီဆိုမှ EOကြီးတို့ လက်ထဲက
သံပြားဝိုင်းအစို့ ကြီးကို ရေထဲ ကြိုးလျှော့ပစ်ချပြီး
ကျနော်တို့ ဖက်ကဆွဲယူရပါတော့တယ်။
ဒီအချိန်သည်လည်း တကယ်ကို သည်းထိတ်ရင်ဖို အနေအထားကြီးပါဘဲဗျ။
ပထမတော့ ကြိုးချည်းသက်သက်မို့
ဆွဲရလွယ်သလို ရှိနေပေမဲ့ခုတော့
သံပြားဝိုင်းကြောင့် ရေဆွဲအားများပြီး
အတော်ကို အားသုံးရပါတယ်။
ဒါပေမဲ့ အားသုံးတယ်ဆိုရာမှာလည်း ကြိုးခံနိုင်အားက
ရှိသေးတာမို့ ဆွဲချင်တိုင်းလည်း ဆွဲလို့ မရပါဘူး။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ကျနော်တို့  လိုအပ်တဲ့အနေအထားရောက်လောက်ပြီလို့ 
ထင်တဲ့အခါမှာတော့ မျိုးလွင်ကို နောက်တကြိမ်
ငုပ်ခိုင်းဖို့  ပြင်ရပြန်ပါပြီ။
ထုံးစံအတိုင်း လေပိုက်ကို ရေပိတ်မပိတ်ပြန်စစ်
မျိုးလွင်လက်ထဲထိပ်ချိုးပြီး ပေးလိုက်ပါတယ်။
ကျနော်က
"""မျိုးလွင် တကယ်ရတာသေခြာလား???""ဆိုတော့
သူက ကျနော့ကို
"""အာ အေးဆေး SO
ဒါပေမဲ့ ပြီးရင်တော့ တလုံး(Army Rum)ပေးရမယ်နော်
Wheel လည်း မကိုင်ခိုင်းနဲ့ တော့
သောက်ပြီး တခါထဲအိပ်တော့မှာ"""
ဆိုပြီး ပြန်တောင် နောက်လိုက်ပါသေးတယ်။




ဗိုလ်မိုးကြိုး၊ ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်

0
0

ဒီနေ့မနက် (၂၇ ဒီဇင်ဘာ ၂၀၁၆) မှာတော့ မြန်မာ့တပ်မတော်မှ အရာရှိငယ် ၂၀ နဲ့ ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူမှာ သွားရောက် ဂါရ၀ပြုရင်း ဗိုလ်မိုးကြိုးနေထိုင်ခဲ့တဲ့ အိမ်ကိုလည်း အလည်အပတ် ရောက်ခဲ့တယ်... အဲ့ဒီအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်လှမြိုင် (ဗိုလ်ရန်အောင်) တို့ တစ်လကျော်ကျော်လောက် ပုန်းအောင်း နေခဲ့ကြတယ်။ [တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ၂၆ စက်တင်ဘာ ၂၀၁၄ မှာ သွားရောက် ဂါရ၀ ပြုခဲ့ပါတယ်။ 


ကျွန်တော်ကိုယ်တိုင်လည်း ၁၅ ဇွန် ၂၀၁၅ ရက်နေ့က တပ်မတော်အရာရှိ ၉ဦးနဲ့အတူ ပထမဦးဆုံးအကြိမ် ရောက်ခဲ့ဘူးပါတယ်။] ဗိုလ်မိုးကြိုးဟာ ကျွန်တော်တို့မြန်မာတွေနဲ့ မစိမ်းတဲ့ လူတစ်ယောက်ပါ။... ၆ ဖေဖေါ်ဝါရီ ၁၈၉၇ မှာ မွေးဖွားခဲ့တဲ့ ဗိုလ်မိုးကြိုးကို ဂျပန်ဘုရင့်တပ်မတော်မှာတော့ Major General Keiji Suzuki အဖြစ် သိကြပါတယ်... ဒီနေ့ (၂၇ ဒီဇင်ဘာ ၂၀၁၆)ဟာ ရဲဘော်သုံးကျိပ်နဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းတဲ့ (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်လည်းဖြစ်တယ် (ဘီအိုင်အေ ဖွဲ့စည်းတာနှင့်ပတ်သက်ပြီး ၀ိဝါဒကွဲပြားမှု အနည်းငယ်တော့ရှိပါတယ်... Dhammika U Ba Than ရဲ့ The Roots of The Revolution မှာနဲ့ တက္ကသိုလ်စိန်တင်ရဲ့ ရဲ့ဘော်သုံးကျိပ်မော်ကွန်း မှာ ဘီအိုင်အေဖွဲ့စည်းသည့်နေ့ကို ၂၆ ဒီဇင်ဘာ ၁၉၄၁ ဆိုပြီး ရေးထားပါတယ်။ တပ်မတော်သမိုင်းပထမတွဲ၊ ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ်နှင့် ဗိုလ်ချုပ်ဆောင်ဆန်းမိန့်ခွန်းပေါင်းချုပ်တွင် ၂၇ ဒီဇင်ဘာ ၁၉၄၁ ဟုဆိုပါတယ်)

ဗိုလ်မိုးကြိုးနှင့်ရဲဘော်သုံးကျိပ်ဝင်များရဲ့ ခင်မင်ရင်းနှီးမှုကတော့ အလွန်ကို ခိုင်မာတယ်လို့ ဆိုရပါမယ်... သူ့ကို ရဲဘော်သုံးကျိပ်ဝင်တွေက အဘလို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်လက်ျာဆီကိုရေးတဲ့ စာတစ်စောင်မှာတော့ "အဖိုးကြီး"ဆိုပြီး ရည်ညွှန်းခဲ့ဘူးတယ်။... ဆူဇူကီးကလည်း ရဲဘော်သုံးကျိပ်ဝင်တွေအပေါ် တော်တော်လေးသံယောဇဉ်ကြီးရှာတယ်... ဗမာ့လွတ်လပ်ရေးအတွက်လည်း အားသွန်ခွန်စိုက် ကူညီဖို့ ဆုံးဖြတ်ထားပုံရတယ်...

ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ်တွေ စစ်ပညာသင်နေစဉ် ဗိုလ်မှူးကြီး ဆူဇူကီးရောက်လာတဲ့ တစ်ခေါက်မှာ ပျော်ပျော်ပါးပါး ၀ိုင်းဝန်းစားသောက်ကြတယ်လို့ သိရတယ်... မြန်မာ့တပည့်များက တတ်သည့်ပညာမနေသာ ဆိုသည့်အတိုင်း အစွမ်းကုန်ချက်ပြုတ်ဧည့်ခံခဲ့ကြတယ်... အဲဒီ့ဧည့်ခံပွဲမှာ သခင်ဗဂျမ်း (ဗိုလ်လရောင်) ရဲ့ လက်ရာ “ငါးနဲ့ ကန်စွန်းဥကြော်” မှာ အများကြိုက်ဟင်းတစ်ခွက်ဖြစ်ခဲ့ပါတယ်တဲ့။ သခင်ထွန်းရှိန် (ဗိုလ်ရန်နိုင်) ကလည်း “မီဂျီဘုရင်” ဂျပန်သီချင်း၊ ... သခင်လှဖေ (ဗိုလ်လက်ျာ) ကတော့ မျောက်အကနဲ့... သခင်ခင်မောင်ဦး (ဗိုလ်တာရာ)က "တရုတ်ပြည်မှ ညနေခင်း” သီချင်းနဲ့ ဖျော်ဖြေခဲ့တယ် ... လို့ဆိုပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးက သူ့ကို တခမ်းတနားဧည့်ခံတဲ့အတွက် ၀မ်းသာနေပါတယ်... ဗိုလ်မိုးကြိုးတစ်ယောက် မျက်မှန်ကြီး တဝင်းဝင်းနဲ့ ရဲဘော်သုံးကျိပ် သင်တန်းသားတွေကြားမှာ ဝင်ထိုင်ပြီး လက်ခုတ်တီးကာ ပျော်ခဲ့ကြတယ်။ သူက ရဲဘော်များ ပျော်ရွှင်နေတာကို တွေ့ရတဲ့အခါ များစွာအားရကျေနပ်ပြီး “စစ်သားဆိုတာ တစ်ခါတစ်လေ ပျော်ပေးရတယ်... စစ်တိုက်တဲ့အခါလည်း မနားမနေတိုက်ရတယ်... ဗမာပြည်ကို ၀င်တိုက်လို့ အောင်နိုင်ပြီးတဲ့အခါ ဒီထက်ပိုပြီး အောင်ပွဲခံမယ်” ဟု ပြောခဲ့တယ်...လို့သိရတယ်။

ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာများသင်ကြားပြီးတော့ ရဲ့ဘော်သုံးကျိပ်ဝင်များ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြောင်းရွှေ့လာပြီး ဗိုလ်ဝင်ခံသည့်အခါတွင် သင်ခင်အောင်ဆန်းသည် ဗိုလ်တေဇ၊ သခင်ရှုမောင်သည် ဗိုလ်နေ၀င်း၊ ကိုလှမောင်သည် ဗိုလ်ဇေယျဖြစ်လာသလို "မီနာမီကီကန်"လှို့ဝှက်အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ကာနယ်ဆူဇူကီးသည်လည်း ဗိုလ်မိုးကြိုးဟု အမည်တွင်လာခဲ့တော့တယ်။ ၃၁ ဒီဇင်ဘာ ၁၉၄၁ ခုနှစ် ဘီအိုင်အေတပ်ထွက်တော့လည်း ဗိုလ်မိုးကြိုးက စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးမိုးကြိုးဟု အမည်ခံကာ တပ်ထွက်ခဲ့သည်။

ကနဦးကပေးထားသော ကတိဖြစ်တဲ့ မြန်မာကို လွတ်လပ်ရေးပေးမည်ဆိုသောကတိကို ဂျပန်စစ်ဘက်အာဏာပိုင်များက ချိုးဖောက်တဲ့အခါ ဗိုလ်မိုးကြိုးတစ်ယောက် အတော်ပေါက်ကွဲခဲ့တယ်လို့ သိရှိရတယ်။ ဒါကြောင့် ဗိုလ်မိုးကြိုးဟာ ရဲဘော်သုံးကျိပ်ဝင်တွေကို ဆင့်ခေါ်လိုက်ပြီး မီနာမီအဖွဲ့ဝင်တွေနဲ့ လျှို့ဝှက်စွာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြပါတယ်... ဒါကို ဒီလိုမှတ်တမ်း တင်ထားတာတွေ့ရတယ်။

“အလွန်အရေးကြီးတဲ့ ကိစ္စအတွက် ရဲဘော်တို့နဲ့ ဆွေးနွေးချင်လွန်းလို့ အခုလို ဆင့်ခေါ်လိုက်ရပါတယ်...” ဟု ပြောကာ ဗိုလ်မိုးကြိုးသည် သူ့ခါးပတ်က စစ်ဓားရှည်ကို ဖြုတ်ကာ စုရုံးထိုင်နေကြတဲ့ စားပွဲပေါ်ကို အေးဆေးစွာ တင်ထားလိုက်ပါတယ်... အဲဒီ့နောက်တော့ သူက အချိန်ရှိခိုက်ဆွေးနွေးကြရသူများပီပီ ဒဲ့ဒိုးပြောလိုက်ပါတယ်... “မင်း ဂျပန်ကို ခံချဖို့ စီစဉ်နေတာ ဟုတ်သလားဟု” ဗိုလ်မိုးကြိုးက ဗိုလ်ချုပ်အောင်ဆန်းကို မေးမြန်းလိုက်ရာ ရဲဘော်သုံးကျိပ်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာမှာ ရုတ်တရက်ဖြူရော်သွားတာကြောင့် ချက်ချင်းမျက်နှာထားကို ပြန်ပြင်ထားလိုက်ပါတယ်... ဗိုလ်မိုးကြိုးက သူ့စကားကိုဆက်ကာ “ငါသာ မင်းတို့လို မြန်မာလူမျိုးဖြစ်ရင် ဒီဂျပန်ကောင်တွေကို မုချတော်လှန်မှာပဲ... ငါတို့ဟာ ငါတို့ရဲ့နစ်နာချက်တွေကို အမြဲတမ်းတင်ပြနေပေမယ့် ဘယ်တော့မှ ဂရုမစိုက်ဘူး... ဒီကောင်တွေအတွက် ခံချဘို့နည်းပဲ ရှိတော့တယ်... မင်းတို့က ဘာကြောင့် ခုထိမတော်လှန်ရသေးတာလဲ” လို့ ပြောလိုက်ပါတယ်... ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့လဲ ခင်ဗျားအယူအဆအတိုင်း ဒီကောင်တွေကို ခံချချင်တာပဲ.... ကျုပ်တို့ ဒါကို ဆွေးနွေးစီစဉ်နေကြတုန်းပဲ ရှိသေးတယ်” ဟု ပြန်ပြောလိုက်ပါတယ်... ဗိုလ်မိုးကြိုးက “ဒီမှာ နားထောင်... မင်းတို့ ခံချချင်တယ်ဆိုတာ ဘာမှမဆန်းဘူး... ဒါသဘာဝပဲကွ... ငါ မင်းတို့အားလုံးရဲ့ စိတ်ဓာတ်ကို ယုံကြည်နားလည်ပါတယ်... ငါသာ ဗမာတစ်ယောက်လို့ဆိုရင် ငါလဲ မင်းတို့လုပ်သလို လုပ်မှာပဲ... ဒါပေမယ့် ငါက ဂျပန်လူမျိုးလည်းဖြစ်... မင်းတို့ကို ဦးဆောင်ပေးနေတဲ့ ခေါင်းဆောင်လဲဖြစ်နေတယ်... ဒါကြောင့် ဂျပန်စစ်တပ်ကို ခံချဖို့ ကိစ္စမှာ ဂျပန်တစ်ယောက်ဖြစ်နေတဲ့ငါက မင်းတို့ ခေါင်းဆောင်အဖြစ်နဲ့နေဖို့ မဖြစ်တော့ဘူး... ငါကတော့ ကျည်ဆန်တစ်တောင့် မထွက်ရက်ပါဘူး... မင်းတို့ကသာ လုပ်ငန်းတကယ်စကြတော့မယ်ဆိုရင် ဂျပန်စစ်တပ်ကိုမတိုက်မီ ငါ့ကို ဒီနေရာမှာတွင်ပဲ ပစ်သတ်သွားကြပါ” ဟု စိတ်ထိခိုက်စွာနဲ့ ရှင်းလင်းပြောကြားပါတယ်... ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ဦးစီးခေါင်းဆောင်များမှာလည်း ဘာမျှမပြောနိုင်ကြဘဲ ငြိမ်သက်နေကြပါတယ်... အတန်ကြာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသံတစ်သံကသာ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်ပါတော့တယ်... “ကဲ... ကျုပ်တို့တစ်ခုတော့ ကတိပေးသဗျာ... ခင်ဗျား ဒီဗမာပြည်မှာ ရှိနေသရွေ့ ကျုပ်တို့လုပ်ငန်းကို ရပ်ထားလိုက်မယ်... ခင်ဗျားရှိနေတုန်း ကျုပ်တို့ တော်လှန်ရေးမလုပ်ဘူး” ဟု ဗိုလ်တေဇက ပြောခဲ့ပါတယ်..."

ဒီအချက်သည်ပင် ဗိုလ်မိုးကြိုးနဲ့ ရဲဘော်သုံးကျိပ်ကြားမှာ ယုံကြည်မှုဘယ်လောက်ခိုင်မာနေတယ်ဆိုတာကို ပြဆိုနေပါတယ်... ဒီဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာပဲ ဇူလိုင် ၁၉၄၂ခုနှစ်မှာ ဗိုလ်မိုးကြိုးကို မြန်မာပြည်မှ ဘုရင့်ကြည်းမတော် ဂျပန်စစ်ဌာချုပ်သို့ ပြန်လည်ခေါ်ယူလိုက်တော့တယ်။ ဗိုလ်ချုပ် (少将)ရာထူး တိုးမြှင့်ချီးမြင့်သော်လည်း အရေးမပါတဲ့ တာဝန်များကိုသာ ပေးအပ်ခဲ့တယ် လို့သိရတယ်။ ဗိုလ်မိုးကြိုးကို နှုတ်ဆက်တဲ့အနေနဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်က ၁၂ ဇူလိုင် ၁၉၄၂ ရက်စွဲနဲ့ သြဘာစာ ရေးသားပြီး တခမ်းတနား ဂုဏ်ပြုပေးခဲ့တယ်။

စစ်ကြီးပြီးဆုံးပြီး ဗိုလ်မိုးကြိုးတစ်ယောက် ဂျပန်ဘုရင့်တပ်မတော်မှ အနားယူသွားကာ စီးပွားရေးလောကထဲသို့ ၀င်ရောက်သွားခဲ့တယ်လို့ သိရသည်... ဂျပန်နှင့် မြန်မာနိုင်ငံအကြား ၁၉၅၄ ခုနှစ် နိုဝင်ဘာလအထိ တရားဝင်စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းမရှိဘဲ သံတမန်ဆက်ဆံရေး မထူထောင်နိုင်သေးသည့်တိုင် ဂျပန်နှင့် မြန်မာနိုင်ငံအကြား ကူးလူးဆက်ဆံမှုတော့ ရှိခဲ့တယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်တစ်ယောက် ပြန်လည်ထူထောင်ရေးဝန်ကြီးအဖြစ် ဂျပန်ပြည်သို့ ရောက်လာစဉ် ၃ ဧပြီလ ၁၉၅၀ ပြည့်နှစ်မှာ တိုကျိုမြို့ “အိုအိမချိ”မီးရထားဘူတာရုံအနီးရှိ “တကာရာယ”ဟော်တယ်မှာ ဗိုလ်မိုးကြိုးက ဂုဏ်ပြုညစာစားပွဲကျင်းပပေးပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြတယ်... ထို့နောက် များမကြာမီတွင် စက်တင်ဘာ ၁၉၅၂ ခုနှစ်တွင် ဗိုလ်မိုးကြိုးတစ်ယောက် မြန်မာနိုင်ငံသို့ သွားရောက်လည်ခဲ့ပါတယ်... ၂၇ စက်တင်ဘာ ၁၉၅၂ ခုနှစ်မှာ ရန်ကုန်မြို့ Kwan Lock ဟိုတယ်တွင် ရဲဘော်သုံးကျိပ်ဝင်များက ဗိုလ်မိုးကြိုးအား ပြန်လည်ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်...

ဗိုလ်မိုးကြိုးသည် ဒုတိယတစ်ကြိမ်အဖြစ် ၆ ဇန်န၀ါရီ ၁၉၆၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။ ၈ ဇန်န၀ါရီ ၁၉၆၇ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကမကထပြုမှုကြောင့် ဗိုလ်မိုးကြိုးနှင့် ရဲဘော်သုံးကျိပ်ဝင်များ ပျော်ပျော်ပါးပါး အတူတကွ ညစာသုံးဆောင် ခဲ့ကြတယ်လို့ သိရတယ်။ထို့နောက် များမကြာမီ ၂၀ စက်တင်ဘာ ၁၉၆၇ တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်... ဗိုလ်မိုးကြိုး၏ မြန်မာ့လွတ်လပ်ရေးအပေါ်ထားရှိသော စိတ်စေတနာကို ဂုဏ်ပြုသောအားဖြင့် ၃၁ ဇန်န၀ါရီ ၁၉၈၁ နှစ်မှာ နိုင်ငံတော်ကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇/၈၁ ဖြင့် မြန်မာနိုင်ငံအစိုးရက အောင်ဆန်းတံခွန်ဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ၁ ဖေဖေါ်ဝါရီ ၁၉၈၁ ရက်နေ့တွင် ကျင်းပသော ထိုအခမ်းအနားကို ဗိုလ်မိုးကြိုး၏ဇနီး Misao Suzuki တက်ရောက်ခဲ့လက်ခံခဲ့ပါတယ်... ဗိုလ်မိုးကြိုး၏ဇနီး Misao Suzuki သည် အသက် ၁၀၆နှစ်အရွယ် ၂၀၁၀ခုနှစ်တွင် ကွယ်လွန်ပါသည်။

ဒီဆောင်းပါးရေးနိုင်ဖို့ ကူညီပေးခဲ့တဲ့ Ei Ei Htwe ကိုလည်းကျေးဇူးတင်ပါတယ်။


ရေးသားသူ .... ဒေါက်တာ မောင်အောင်မျိုး

(Maung Aung Myoe  Facebook စာမျက်နှာ)

မြန်မာရဲ့ ဘက်မလိုက်နဲ့ ကြားနေရေး နိုင်ငံခြားရေးဝါဒ

0
0

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အရာရှိတစ်ယောက် ၀န်ကြီးချုပ်အာဘေးရဲ့ ဟာဝိုင်အီ ခရီးစဉ်ကို သမိုင်းဝင် ပထမဦးဆုံး ခရီးစဉ်ဆိုပြီး ပြောလိုက်တဲ့နောက် (သမိုင်း)ပညာရှင် အသိုင်းအ၀ိုင်းကဒီအချက်ဟာ မမှန်ကန်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တယ်။


မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရကတည်းကစပြီး ဘက်မလိုက်နဲ့ကြားနေရေး နိုင်ငံခြားရေးဝါဒ ကျင့်သုံးခဲ့တယ်ဆိုပြီး ပြောပြောနေကြလို့ နည်းနည်း အထွန့်တက်ပြမလို့ပါ။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သည့်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမည်ဆိုတာကို ဖေါ်ပြထားခြင်းမရှိပါ။ ပုဒ်မ ၂၁၁ မှာ - "ပြည်ထောင်စု မြန်မာနိုင်ငံသည် စစ်မက်ကို နိုင်ငံတော်ဝါဒ၏ လက်နက်သဖွယ် အသုံးမပြု စွန့်ပယ်သည်။ ထို့ပြင် နိုင်ငံခြားနှင့် ဆက်ဆံရာ၌ ပြည်ထောင်စုချင်းချင်းဥပဒေ၏ သဘောတရားများကို ကျင့်စဉ်အဖြစ်ဖြင့် လိုက်နာလက်ခံသည်။"ပုဒ်မ ၂၁၂ တွင် - "ပြည်ထောင်စု မြန်မာနိုင်ငံသည် ပြည်ထောင်ချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက်အပ်သော ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို နိုင်ငံတကာ တို့နှင့် မိတ်ဝတ်မပျက် ပေါင်းဖက်ဆောင်ရွက်ရေးကို၎င်း ရှေ့ရှုမည်ဟူ၍ ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုသည်။"ဟုသာ ပါရှိပါသည်။

တကယ်တော့ ၁၉၅၀ ပြည်နှစ် ပထမ လေးလပါတ် ကာလအထိ မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ ကြားနေရေးနဲ့ဘက်မလိုက်ရေး မဟုတ်သေးပါ။ အနောက်နဲ့ပေါင်းဖို့ ကြိုးစားတာ မအောင်မြင်တဲ့နောက်မှ ဘက်မလိုက်ကြားနေရေး ဖြစ်လာတာပါ။ ၀န်ကြီးချုပ်ဦးနု ၁၄ ဇွန် ၁၉၄၉ ရက်နေ့မှာ ပါလီမန်မှာ ပြောတဲ့မိန့်ခွန်းမှာ စစ်မဟာမိတ်စာချုပ်ချုပ်ဖို့ လိုနေပြီဆိုပြီးတော့ ပြောခဲ့တယ်။ များမကြာမီဘဲ ထိုစဉ်က ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းရယ် နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်ရယ် ဇူလိုင်နဲ့ သြဂုတ် ၁၉၄၉ခုနှစ်မှာ ဗြိတိန်နဲ့ အမေရိကန်ရောက်တော့ "ပါစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးစာချုပ် (Pacific Area Security Pact)"တစ်ခုလုပ်သင့်ကြောင်းနဲ့ အဲ့ဒီမှာ ပါဝင်ချင်ကြောင်း ပြောခဲ့ကြတယ်။

နောက်တော့ ၁၉၅၀ပြည့်နှစ် ဖေဖေါ်ဝါရီလလယ် (၁၄ရက်ဖြစ်ဖို့များတယ်) မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်စင်္ကြာကို အမေရိကန်သံရုံးက တာဝန်ရှိသူတစ်ဦးကို သွားတွေ့စေပြီး အမေရိကန်ပြည်တောင်စုအနေနဲ့ စစ်လက်နက်နဲ့ ပညာရှင်များအပါအ၀င် ရေရှည်ကူညီမယ်ဆိုရင် အနောက်အုပ်စုနဲ့ မဟာမိတ်ပြုဖို့ လုံးဝအဆင်သင့်ဘဲ - Burma is fully prepared to align with the West if the United States is willing to extend long-term assistance, including military supplies and technicians. - ဆိုပြီး သွားပြောခိုင်းတယ်။ [အဲ့ဒီအချိန်မှာ သံရုံးမှာ သံအမတ်မရှိပါ၊ သံအမတ်အသစ် David McKendree Key က ဧပြီလမှ ရောက်တာပါ။] ဒါနဲ့ အမေရိကန်သံရုံးက တာဝန်ရှိသူက ၁၄ ဖေ ၁၉၅၀ ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (Secretary of State) ကို ကြေးနန်းရိုက် အစီရင်ခံတယ်။ ၃ရက်အကြာ - ၁၇ ဖေ ၁၉၅၀ရက်နေ့ - မှာ နိုင်ငံခြားရေးဝန်ကြီး Dean Acheson က ရန်ကုန်ရှိ အမေရိကန်သံရုံးကို ကြေးနန်းပြန်ရိုက်ပြီး အကူအညီပေးနိုင်မည့် နည်းလမ်းများ ရှာကြံပါဆိုပြီး အကြောင်းပြန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ KMT ကိစ္စ ပေါ်လာပြီး အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ် မြန်မာအစိုးရက သဘောမတွေ့တော့တာကို တွေ့လာရတယ်။

မြန်မာ့နိုင်ငံခြားရေးဝါဒဟာ လွတ်လပ်ရေး ရပြီးကာစ ကနဦးအပိုင်းမှာ collective security ကိုအခြေပြုတဲ့ ကုလသမဂ္ဂနဲ့ collective defence ကိုအခြေပြုတဲ့ စစ်ဖက်မဟာမိတ်တစ်ခုခုမှာ ပါဝင်ထားပြီး မိမိနိုင်ငံလုံခြုံရေးကို ရယူထားဖို့ ကြိုးစားခဲ့တာ တွေ့ရတယ်။ နောက်တော့ ကုလသမဂ္ဂကလည်း အားကိုးလို့မရ၊ စစ်မဟာမိတ်အဖွဲ့ကလည်း မဖြစ်နိုင် (SEATO ဟာ ၁၉၅၄ခုနှစ် အနှောင်းပိုင်းမှ ပေါ်တာပါ။) ဆိုတော့ ၁၉၅၀ပြည်နှစ် အနှောင်းပိုင်းလောက်ကစပြီး ကြားနေရေးနဲ့ဘက်မလိုက်ရေးကို မဏ္ဍိုင်ပြုလိုက်ရတော့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ကြားနေရေးနဲ့ဘက်မလိုက်ရေး နိုင်ငံခြားရေးဝါဒကို စတင်ကျင့်သုံးတယ်ဆိုပြီး - ကိုယ်ပြောခဲ့တာကို ကိုယ့်ဟာကိုမေ့ပြီး - ပြောခဲ့တာ ၀န်ကြီးချုပ်ဦးနုပါ။ ၅ ဧပြီ ၁၉၆၀ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောတဲ့ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ "လွတ်လပ်ရေးရကတည်းက positive neutrality and non-alignment"မူဝါဒ ကျင့်သုံးခဲ့တယ်ဆိုပြီး ပြောသွားတာပါ။ ဒါကိုဘဲ နှောင်းလူတွေက ဆက်လက်ပြီး သံယောင်လိုက်ပြောနေကြ တယ်လို့ထင်ပါတယ်။ သမိုင်းအထောက်အထားအရဆိုရင်တော့ ၁၉၅၀ပြည်နှစ် ပထမ လေးလပါတ်ကာလအထိ မြန်မာနိုင်ငံဟာ ကြားနေရေးနဲ့ဘက်မလိုက်ရေး ကျင့်သုံး တယ်လို့ ပြောလို့မရပါဘူး။ အနောက်အုပ်စုနဲ့ (စစ်)မဟာမိတ်ပြုချင်ခဲ့တာပါ။



ဒေါက်တာ မောင်အောင်မျိုး  

တစ်ခြမ်းပဲ့စေတနာ (သို့) နောက်ခံပုံရိပ်

0
0




တပ်မတော်(ရေ)မှာ နှစ်ကာလအတန်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ကျနော်ဟာစစ်တပ်အကြောင်း၊ စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ အကြောင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ များစွာရ ခဲ့ပါတယ်။အထူးသဖြင့် စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးဖြစ်သူ အရာရှိတွေရဲ့ စိတ်နေ သဘောထားနဲ့ လုပ် ရပ်ကိုအများပြည်သူ သိခွင့်ရအောင် လက်လှမ်းမီသမျှ တင်ပြလိုပါတယ်။





အဲဒီအကြောင်းတွေကို မပြောမီကျနော် မေတ္တာရပ်ခံ လိုတာကတော့ စစ်တပ်ကိုလေ့လာ သုံးသပ်တဲ့အခါမှာ ကမ်း ကုန်အောင် ရက်စက်ယုတ်မာ မှားယွင်းဖေါက်ပြန်တဲ့ စစ်အာဏာရှင် စနစ်ရဲ့ သရုပ်သကန်နဲ့ စစ်မှုထမ်း တစ်ဦးချင်းရဲ့ စိတ်ဓါတ်၊လုပ်ရပ်တွေကို တပြေးညီထားပြီး မကြည့်ကြဖို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ စစ်သားတွေဟာလည်း လူသား တွေဖြစ် နေလို့ပါပဲ ။ သူတို့ဟာ အကြောင်း အမျိုးမျိုးနဲ့ တပ်ထဲကိုရောက်လာကြပြီး စစ်အာဏာရှင်တွေ အလိုကျပုံစံသွင်းတာခံထားကြရပေမယ့် သူလိုကိုယ်လိုလူသားသဘာဝ ဗီဇလက္ခဏာ တွေရှိနေကြသူ တွေပါ။

ပညာရှင်များ အဆိုအရ လူသား တစ်ဦးရဲ့စိတ်ပိုင်းဆိုင်းရာ ဖော်ပြချက်ကို အမိစိတ်၊အဖစိတ်၊ ပတ်ဝန်းကျင်စိတ်နဲ့ သတ္တ၀ါဗီဇ စိတ်တွေက အစိတ်အပိုင်း အနည်း အများလိုက်ပြီး လွမ်းမိုးပြဌာန်းတယ်လို့  ဆိုပါတယ်။

စစ်တပ်ထဲမှာ စိတ်ထားဖြူစင်ပြီး ယဉ်ကျေးသိမ့်မွေ့သူတွေ ရှိသလို ကြမ်းတမ်းရိုင်းပြပြီး ကောက်ကျစ် သူတွေလည်း ဒုနဲ့ဒေးပါ။ အရာရှိရယ်မှ မဟုတ်ဘဲ အလွာတိုင်းမှာ ဒိလို ပဲရှိနေကြပါတယ်။ 
တူညီတဲ့ အချက်ကတော့ စစ်မှုထမ်းအားလုံး အထက်အမိန့်ကို တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြ ရပါတယ်။ 

ကျနော်ပြောပြပေးမဲ့ လူကြီးသားသမ်ီး အရာရှိတွေ ထဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ စစ်သည်တွေအပေါ်မှာ ညီရင်းအစ်ကို သဘောထားပြီး တန်းတုတွေအပေါ်လေး စားသမှုပြုသူရှိသလို မိဘအရှိန်အ၀ါကို ခုတုံးလုပ်ပြီး မာန်တံခွန်ထူ တစ်ဖက်သားကို လူလိုမဆက်ဆံ သူတွေလည်း ရှိပါတယ်။ သူတို့တွဟာ ဥပဒေရဲ့ အထက်မှာ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား နိုင်တဲ့ အခွင့်ထူးခံ လူအလွှာတစ်ရပ် ဖြစ်ပါတယ်။ 

ကျနော်တွေ့ကြုံဆက်ဆံရတဲ့ အထက်ပါပုဂ္ဂိုလ်တွေ ထဲမှာ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းရဲ့ သား တစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့သားမက် တော်စပ်သူ ရေ(၃၇၄၇) ဗိုလ်မှုးပြည်အောင်ရဲ့ အကြောင်း ကို ဦးစွာတင်ပြလိုပါတယ်။ ဗိုလ်မှူးပြည်အောင်ဟာ တက္ကသိုလ်  အမှတ်စဉ် (၃၆) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး  အောင်စစ်သည်ဆုနဲ့ လေ့ကျင့်ရေးထူးချွန်ဆု ရရှိထားသူလို့ သိရပါတယ်။ 




သူဟာဗိုလ်ကြီးအဆင့်နဲ့ ရေတပ်ထောက်လှမ်းရေး တပ်မှာ တပ်ဖွဲ့မှုးတာဝန်ထမ်းဆောင်ခဲ့ ပြီး ထောက်လှမ်းရေး အဖွဲ့တွေ နှိပ်ကွပ်မခံရမီ (၆)လခန့် အလိုလောက်မှာ အခြားတပ်ဖွဲ့တစ်ခု ပြောင်းရွှေ့သွားပါ တယ်။ 

သူမပြောင်းမီမှာ ထောက်လှမ်းရေး တပ်က ဆရာကြီးအချို့ကို ခေါ်ပြီးမကြာမီ ထောက်လှမ်းရေးတွေ နှိပ်ကွပ်ခံရ တော့မယ် သတိဝိရိယနဲ့ နေကြလို့ မှာကြားသွားကြောင်း သိရပါတယ်။

၂၀၀၄ ခုနှစ် အကုန်ပိုင်းမှာတော့ သူဟာ သံလျင်မြို့ အောက်နားက သီလ၀ါမှာရှိတဲ အမှတ်(၁)ဗျူဟာစစ်ရေ ယာဉ်စုကို စစ်ဦးစီးမှူး (ဒုတိယတန်း)G.2 အဖြစ်နဲ့ ရောက်ရှိလာပါတယ်။ အဲဒိအချိန်မှာ သူက ယာယီအစမ်းခန့် ဗိုလ်မှူးဖြစ်ပြီး ဗျူဟာမှူးကတော့ ရေ(၁၂၈၂) ဗိုလ်မှူးကြီး သူရသက်ဆွေဖြစ် ပါတယ်။ ဗိုလ်မှူးပြည်အောင် မတိုင်မီက အဲဒီG2နေရာကို စိနီယာဗိုလ်မှူး တဦးကိုခန့်အပ် လေ့ရှိပါတယ်။ ဘာကြောင့်ဆိုတော့ ဗျူဟာစစ်ရေယာဉ်စု အုပ်ချုပ်မှု အောက်က စစ်ရေယာဉ်မှူးတွေဟာ ဒုတိယဗိုလ်မှုးကြီး အဆင့်ထိရှိပြီး ဗျူဟာရုံးမှာက ဗျူဟာမှူးပြီးရင် G2 ကလုပ် ပိုင်ခွင့် အရှိဆုံးမို့ပါ။ ဌာနချုပ်တွေမှာတော့ ဌာနချုပ်မှူးပြီးရင် ဒုဌာနချုပ်မှူး၊ G1 စသည်ဖြင့် အဆင့်ဆင့် ရှိတာကြောင့် G2 လုပ်ပိုင်ခွင့်သိပ်မရှိပါဘူး။


ဗိုလ်မှူးပြည်အောင် G2 တာဝန်ထမ်းဆောင်ချိန်ကစပြီး ဗျူဟာရုံးမှာထူးခြားတဲ့ ပြောင်းလဲမှုးအချို့ ဖြစ်ပေါ်လာ ပါတယ်။စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ကိုယ်တိုင်ရုံး အခြေအနေကို လာကြည့်သွားပြီး လိုအပ်တဲ့ စာရေးကိရိယ တွေနဲ့ ရုံးသုံးပစ္စည်းတွေလှူဒါန်းပါတယ်။
ဗျူဟာမှာ စစ်ဦးဌာန(ဦး)၊ စစ်ရေးဌာန(ရေး)၊ စစ်ထောက်ဌာန (ထောက်)၊စက် မှုလက်မှုဌာန(စက်) ရယ်လို့ရှိကြပြီး ဌာနတစ်ခုချင်းကို ဗိုလ်မှူး တစ်ဦးစီ အုပ်ချုပ်ပါတယ်။ အဲဒိအထဲမှာ ဗိုလ်မှူးပြည် အောင်ကဂျူနီယာ အကျဆုံးပါ။ 
သို့သော်လည်း ၀န်းကြီးနောက်က ပါလာတဲ့အလှူရှင်တွေ လှူဒါန်းသွားတဲ့ ပစ္စည်းအများ စုကို ဦးရုံးက ယူသွားပါတယ်။ ဒါ့အပြင်ဗိုလ်မှူး ပြည်အောင်က သူ့ရုံးမှာရှိတဲ့စစ်သည်တွေကို ယူနီဖေါင်း အကောင်းစားတွေ ချုပ်ပေးပါ သေးတယ်။

သူစင်္ကာပူမှာသွားပြီး ဆေးကုသခံက အပြန်မှာလည်း လက်ဆောင်တွေ ၀ယ်လာပြီး သူ့ရုံးကလူ တွေကိုပဲ ဝေငှပေးပါတယ်။ (မှတ်ချက်။ ထောက်လှမ်းရေး အဖွဲ့တွေ အသဲအသန် အဖမ်းခံနေရတဲ့ ချိန်မှာ ဗိုလ်မှူးပြည် အောင် တယောက်ဒူးနာတယ် ဆိုပြီး စင်္ကာပူသိုသွားကာ လအတန်ကြာ ဆေးကုသမူခံယူပါတယ်။)

အကျည်းတန် အရုပ်ဆိုးဆုံးကတော့ ရုံးခန်းကြမ်းပြင်ကို ကြွေပြားခင်းတဲ့ကိစ္စပါပဲ။ ဗျူဟာ စစ်ရေယာဉ်စု ရုံးကို တည်ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ(E) နဲ့ ခပ်ဆင်ဆင် ခက်ရင်းခွပုံသဏ္ဌာန်ပါ။ အလယ်မှာ ဗျူဟာမှူးရုံးခန်းရှိပြီး တစ်ဖက်ခြမ်းမှာ G2 ရုံးခန်း G3 ရုံးခန်း၊ဦးရုံးနဲ့ အစည်းအဝေး ခန်းမ ရှိပါတယ်။ 
အခြားတစ်ဖက်မှာတော့ အရာရှိစားရိပ် သာ ၊AQ2 ရုံးခန်း၊AQ3 ရုံးခန်း၊ရေးရုံး၊ထောက်ရုံး၊စက်မှုဌာန၊ဆေးခန်းနဲ့ တာဝန်မှူးကြီးရုံးခန်းတို့ ဖြစ်ပါတယ်။

ဗျူဟာ ရုံးကြီးတစ်ခုလုံး ကိုပြုပြင်မွမ်းမံဖို့ ဗိုလ်မှူးပြည်အောင်က အစီအမံလုပ်ပါတယ်။ လက်တွေပြုပြင်တဲ့ အခါမှာ အလယ်ဗ ဟိုမှာရှိတဲ့ ဗျူဟာမှူးရုံးခန်းကစပြီး G2 ရုံးခန်းရှိတဲ့ ဖက်ခြမ်းကိုသာ ကြွေပြားခင်းပြီး နံရံဆေးသုတ် ပါတော့တယ်။ 

ကျန် တဲ့ဖက်အခြမ်းကိုတော့ အရာရှိစားရိပ်သာက လွဲပြီး အခြားရုံးတွေအားလုံးကို ရှေးမူမပျက်နဂို အတိုင်းထားပါ တယ်။

ဗျူ ဟာမှူးရုံးခန်းနဲ့ G2 ရုံးခန်းကိုတော့ အပိုဆုအနေနဲ့ လေအေးစက် တပ်ဆင်ပါတယ်။ လျှပ်စစ်မီးက မမှန်လေတော့တပ် ပိုင်မီးစက်ကို အမြဲစက်မောင်း ထားရပါတယ်။

အဲဒီအခြေအနေတွေကြောင့် ရုံးမှာထပ်ပြီး တိုးလာတဲ့ စည်းကမ်းချက် အသစ်က ကြွေပြားခင်းထားတဲ့ အခန်းထဲ ကိုဝင်ရင် ဖိနပ်မစီးရတဲ့။ 

ဟာသနှောတတ်တဲ့ သူငယ်ချင်းတစ်ဦး ကတော့ အဆင်မပြေ လှတဲ့မြင်ကွင်း ကိုကြည့်ပြီး ဇရပ်နဲ့ ကျောင်းပေါင်းပြီး ဆောက်ထားတဲ့ရုံးလို့ မှတ်ချက်ပြုလိုက်ပါတယ်။ ရုံးအဆောက် အဦးရဲ့ ဧရိယာတစ်ဝက်မှာ ဇရပ်လို သဘောထားပြီး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်ပေမဲ့ ကျန်တစ်ဝက်ကိုတော့ သာသနာမြေလို အတားအဆီး သတ်မှတ်ချက်တွေ လုပ်ထားတာကို ရည်ညွှန်းပုံ ရပါတယ်။

တကယ်ပါပဲကျနော်တို့ တတွေစစ်ရုံးချုပ်ကို သွားတာတောင် ဘယ်အခန်းဝင်ဝင် ဖိနပ်မချွတ်ရပါဘူး။ 
ဗိုလ်ကြီးတဦးက စိတ်ရူးပေါက်ပြီး လုပ်ထားတဲ့ ဒီမြင်ကွင်းကို ဗျူဟာမှူး ဗိုလ်မှူးကြီး တဦးက ဘာမှမဝေဖန်ဝံ့ သလို တပ်စစ်ဆေးလာရောက်တဲ့ ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း ကလည်းမသိသလို ရေငုံနှုတ်ပိတ် နေပါတယ်။

ယခုအခါ ဗိုလ်မှူးပြည်အောင်ဟာ အမှတ်(၃၆) စစ်ရေယာဉ်စုမှူး ဒုဗိုလ်မှူးကြီး ပြည်အောင် ဖြစ်နေပါပြီ။
ခေါင်းဆောင်ကောင်းပီသစွာနဲ့ တပ်မတော်ကြီး တစ်ခုလုံးကို ကျောသားရင်သား မခွဲခြားဘဲ တစ်သွေး တည်းတစ် သားတည်း တန်းတူရည်တူ အုပ်ချုပ်နေပါတယ် ဆိုတဲ့ တပ်မတော်ဒုတိယ ထိပ်သီးကြီးရဲ့ သားမက်လည်းဖြစ် လူထု ကောင်းကျိုးစီးပွားကို အမြဲရှေ့ရှု၊ ဆောင်ရွက်နေပါတယ် ဆိုတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်ကြီး တဦးရဲ့ ရင်နှစ် သည်းချာ သားလည်း ဖြစ်လေတဲ့ တပ်မတော်အရာရှိ တဦးက တပ်မတော်အပေါ်ထားတဲ့ စေတနာကို သေးငယ်တဲ့ ရုံးကလေးတစ် ရုံးမှာပဲ ထင်းရှာပေါ်လွင်စွာ မြင်လိုက်ရပြီမို့ သူတို့တစ်တွေ ဦးဆောင်မဲ့ တပ်မတော်ကြီးရဲ့ အနာဂတ်အရေးကို တွေးကြည့် ရင်ဖြင့် တကယ့်ကို ရင်းလေးစရာ………..။ 

တပ်ကြပ်ကြီး နေမင်းသူ 


1-6-2010
Viewing all 1811 articles
Browse latest View live