(၁)
"စစ်ကို ပြင်ဆင်နေတဲ့ လူရိုင်းတွေက
လူ့ဘောင်ကြီးရဲ့ အနာဂတ်ကို
ဖျက်ဆီးဖို့ ကြံနေကြတယ်
ဘာဖြစ်လို့လဲဆိုတော့
အနာဂတ်ဟာ သူတို့အတွက် မဟုတ်ဖူး"
ကျွန်တော်က စစ်သားတစ်ဦးဖြစ်တာနှင့်အညီ ကျွန်တော့်စိတ်ထဲ သွေးထဲမှာ စစ်သားစိတ်ဓာတ်ရှိနေမှာ ပါပဲ။ စစ်သားစိတ်ဓာတ်ရှိလို့ တိုက်ချင်ခိုက်ချင်နေတာမဟုတ်ရပါဘူး။ ဆိုကြပါစို့ ရပ်ကွက်ထဲ သူခိုးသူဝှက်ထ ရင်တောင် အနည်းဆုံးကိုယ့်အိမ်မှာ တုတ်လေးတစ်ချောင်း၊ လေးခွလေးတစ်လက်တော့ ရှိထားသင့်ပါသည်။ ဒါ့အပြင် တုတ်ကို ကောင်းကောင်းကိုင်တတ်ရိုက်တတ်ဖို့နှင့် လေးခွကို တန်းတန်းမတ်မတ်ပစ်တတ်ဖို့လည်း လို ဦးမှာပါပဲ။
တပ်မတော်သားဆိုတာ တုတ်ဆောင်ယုံ၊ လေးခွဆောင်ယုံအပြင် ရိုက်တတ် ပစ်တတ်တဲ့ ပညာတတ် ထားသည့်လူလို့ ကျွန်တော်က ခံယူထားသည်။ ထိုရိုက်ခြင်း ပစ်ခြင်းသည် ကိုယ်အိမ့်သားကို ရိုက်ဖို့မဟုတ်ပါ။ စိတ်လည်း မကူးမိပါ။ သို့သော်လည်း တစ်ခါတစ်ခါ မိသားစုအတွင်းတွင် အလွန်ဆုံးမရခက်ပြီး ဆိုးသွမ်းတတ် သည့် မိသားစုဝင် တစ်ဦးတစ်လေကိုတော့ တုတ်ကလေးနဲ့ ရိုက်ပြီးဆုံးမတတ်တာပါပဲ။ ဒီယူဆချက်က ကျွန်တော့်ယူဆမှု သက်သက်ပါပဲ။ အထင်အမြင်တော့ ကွဲလွဲနိုင်ပါသည်။
စစ်သားဖြစ်စေ၊ သာမန်ပြည်သူဖြစ်စေ မည်သူမှ သေစေလိုသည့် လက်နက်တော့ ကိုင်ချင်ကြမှာ မဟုတ်ပါဘူး။ နောက်ဆုံး လေးလွန်းလှသည့် သေနတ်ကိုင်မည့်အစား ပေါ့ပါးလှသည့် ဘောပင်ကိုပဲ ကိုင်ချင် တာပေါ့။ အဲကွန်းခန်းမှာ ကွန်ပျူတာလေးနှိပ်၊ စာလေးရိုက်ပြီး နေချင်ကြတာပါပဲ။ တောတောင်ထဲမှာ အငတ်ခံ၊ အဆင်းရဲခံပြီး ဘယ်သူမှ နေချင်ကြမှာမဟုတ်ပါဘူး။
စစ်သားက စစ်သားဘက်လိုက်ပြောသည်လို့ ထင်ချင်လည်း ထင်နိုင်ကြပါပေသည်။ တစ်ခုတော့ရှိ သည် စစ်သားတိုင်းသည် ရိုင်းစိုင်း၊ စစ်သားတိုင်းသည် သေနတ်ကိုင်ချင်နေကြသည်မဟုတ်ပါ။ စစ်ကိုလိုလား နေကြသည်မဟုတ်ပါ။ စစ်သားသည်လည်း လူသားတစ်ဦး ဖြစ်သည်။ ဘ၀တစ်ခုဖြစ်ပါသည်။ အသက်တစ်ခု သာလျှင် ပါပါသည်။ အသက်အပိုပေးဆောင်ထားသည့် အခွင့်ထူးခံ လူတန်းစားများ မဟုတ်ကြရပါ။
(၂)
"ဒီည စောစောအိပ်ကြ။ မနက်ဖြန်အစော ခရီးတိုချီတက်လေ့ကျင့်ခြင်းနှင့်အတူ စက်ပစ်ကွင်း သွားရမယ်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင်၊ ယူစရာရှိတာတွေယူဖို့ ထည့်ကြ။ စွတ်ပြီး အ၀တ်အစားတွေ မထည့်နဲ့ဦး ကိုယ့်ကျောပိုးအိတ်ကိုယ်သယ်ရမှာ "
တန်းစီပြီး စစ်ကြောင်းတာဝန်ခံအကြပ်ကြီးမှ မှာကြားသည်။ ခရီးတိုလေ့ကျင့်ခြင်းနှင့်အတူ စက်ပစ် ကွင်းသွားရမည်ဆိုတော့ စက်ပစ်ကွင်း စခန်းချရာတွင် ညအိပ်ရမည်ဖြစ်သည်။ ကျွန်တော်လည်း လိုအပ်သည့် သွားတိုက်ဆေး၊ သွားပွတ်တံ၊ မြေခင်း၊ အသုံးအဆောင်၊ ရေဗူးရေဖြည့်ခြင်းတို့ကို ဆောင်ရွက်ရသည်။ ထို့အပြင် ဟိုရောက်လျှင် သေနတ်ကို တကယ်လက်တွေ့ ပစ်ခတ်ရတော့မည်မို့ စိတ်ကူးဖြင့် ရင်ခုန်နေမိသည်။
ချွေးထွက်များမှ သွေးထွက်နည်းမည်တဲ့။ သင်တန်းစပြီဆိုကတည်းက နဖူးမှချွေး ခြေမကျအောင်လေ့ ကျင့်ကြရသည်။ တပ်မတော်သားတစ်ဦးအဖို့ ကျန်းမာကြံ့ခိုင်နေမှုသည်လည်း အထူးအရေးကြီးသည် မဟုတ် ပါလော။ တကယ်တော့ ကျွန်တော့်ကိုယ်ခန္ဓာသည် တပ်မတော်သားတစ်ဦးအတွက် လုံလောက်သည့် ခန္ဓာ ကိုယ်ကြီးမား ထွားကြိုင်းမှုမရှိလှပါ။ လူကောင်သေးသည်။ လေ့ကျင့်ရင်း လူကောင်ထွားလာမည်ဟု ကျွန်တော် တွေးထင်ထားသော်လည်း ဘယ်ဘ၀အကြောင်းကံကြောင့် ဘယ်သူ့ကို ဘယ်လိုဖြတ်ရိတ်ခဲ့သောကြောင့်လည်း မသိချေ။ အရပ်နှင့် ကိုယ်ခန္ဓာက ဒုံရင်းက ဒုံရင်းပါပဲ။
ဒီတော့ လေ့ကျင့်သားရှိ၍သာ ကိုယ်ထည့်ခဲ့သည့် ပစ္စည်းနှင့် ကျောပိုးအိတ်ကို သယ်နိုင်ခဲ့ခြင်းဖြစ် သည်။ သူများတွေတောင်လုပ်နိုင်သေးသည် ကိုယ်က ဘာကြောင့်မလုပ်နိုင်မည်လဲ ဆိုသည့်စိတ်ဖြင့် အား တင်းရင်း ခရီးတိုချီတက်ခြင်းနှင့်အတူ စက်ပစ်ကွင်းရှိရာသို့ ကျွန်တော်တို့ ချီတက်ခဲ့ကြပါသည်။
တချို့သော သင်တန်းသားတွေအဖို့ကတော့ လိုက်ပါချီတက်နိုင်ခြင်း မရှိသဖြင့် ချက်ပြုတ်ရေးအဖွဲ့ ကားနှင့် လိုက်ပါခဲ့ကြပါသည်။ သင်တန်းကာလတစ်လျှောက် အများနည်းတူ လိုက်ပါလုပ်ဆောင်နိုင်ခဲ့ခြင်း၊ အရပ်ဒေသပေါင်းစုံ၊ စရိုက်ပေါင်းစုံတို့ဖြင့် ကြုံတွေ့ ဆက်ဆံခဲ့ရသော်လည်း ပြဿနာတစ်စုံတစ်ရာ မဖြစ်ခဲ့ခြင်း ကြောင့် ပြန်တွေးလေတိုင်း ပီတိတို့ ဖြစ်ရပါသည်။
ဘယ် ဌာန၊ ဘယ်သင်တန်း၊ ဘယ်နေရာတွင်မဆို အလုပ်တစ်ခုကို အလွယ်လိုက်တတ်သူ၊ သက်သာ သောနည်းဖြင့်လိုက်တတ်သူ၊ မျှောလိုက်တတ်သူတွေ ရှိနေကြသည်မဟုတ်ပါလော။
(၃)
"ဒိုင်း "
ပစ်မှတ်ကို ကြည့်လိုက်သည်။ အဆင်မပြေလှ မှန်သည့်ပုံမပေါ်။ သေနတ်ကိုထပ်ပြီး စိတ်ကြိုက်ချိန် သည်။ ခလုတ်ကိုဖြည်းဖြည်းချင်းဆွဲလိုက်သည်။
"ဒိုင်း "
ဟာ ဒီတစ်ခါလည်းလွှဲသဟ။ ပစ်မှတ်နောက်တွင်ရှိနေသည့် တောင်ကုန်းကြီးကိုပင် မှန်ရဲ့လားမသိ။ ကျွန်တော်တို့ ပစ်ရသည့် ပစ်ခတ်စဉ်က စိတ်ကြိုက်ပစ်ခတ်စဉ်။ အမြန်ပစ်ခတ်စဉ်၊ လှုပ်ရှားပစ်ခတ်စဉ်၊ မောပန်းပစ်ခတ်စဉ်တို့ ရှိသည့်အနက် ဒီ စိတ်ကြိုက်ပစ်ခတ်စဉ် ပစ်သည့်အချိန်မှာမှ သေချာချိန် သေချာလွှဲ လို့နေသည်။
ရှေးအပတ်စဉ်တွေက အဖြစ်အပျက်လေးတစ်ခုကို သတိရမိသည်။ စိတ်ကြိုက်ပစ်ခတ်စဉ်တွင် ၁၀ တောင့်စီပစ်ကြသည်။ ပစ်ခတ်သည့် သင်တန်းသားက လက်တော်တော်ဖြောင့်သည်။ ၄ လက်မကျည်စု ရဖို့ သေချာနေသည်။ ပစ်လိုက်တာပစ်ချက်က တော်တော်ကောင်းသည်ဟုဆိုသည်။ စိတ်ကြိုက်ပစ်ခတ်စဉ်အပြီး ပစ်ချက်များကို ကြည့်သည့်အခါ ကျည်ပေါက်က ၁၁ ချက်ဖြစ်လို့နေသည်။ ဒီတော့ သူပစ်တာလား ဘေးကပစ် လို့ မှန်တာလား ဝေခွဲမရဖြစ်သည့်အတွက် သင်တန်းသားခင်မျာ ကျည်စုပေးမည့် ဆုမရရှိတော့ချေ။
ကြည့်လိုက်လျှင် သေနတ်ပစ်ရသည်က ခက်ခဲလှသည်မဟုတ်ဟု ထင်စရာရှိသည်။ တကယ်တမ်း ပစ် ကြည့်လျှင် သေနတ်အလေးချိန်၊ ကိုယ့်အယူအဆ၊ လက်အနေအထား၊ ပစ်မှတ်ချိန်ရွယ်မှု မှန်မမှန်၊ လေတိုက် အားစသည့် အချက်တို့ပါနေသည့်အတွက် မလွယ်ကူလှချေ။ ပစ်မှတ်နောက်ကျောတွင် ရှိနေသည့် မြင့်မှားလှ သည့် တောင်ကုန်းကြီးကိုတောင် မမှန်ပဲ ထောင်ထွက်သွားသူက သွားသည်။ ပစ်လိုက်သမျှ ပစ်မှတ်စက်ဝိုင်း ကြီးကိုမမှန်ပဲ ပစ်မှတ်တိုင်ခြေထောက်များကို မှန်ပြီး ပစ်မှတ်ကြီးလဲသွားအောင်ပစ်သူက ပစ်သည်။
တစ်ခါက ဦးကျော်သူတို့ဇာတ်ကားရိုက်ခဲ့သည့် "လှလေးစိန် "ဇာတ်ကားအမည်တွင်ခဲ့သောကြောင့် ပစ်မှတ်များကို ပစ်ခတ်စဉ်တိုင်း လွဲချော်သည့် လှလေးစိန်တစ်သိုက်ကလည်း ၁၀ ယောက်မျှရှိခဲ့ကြသည်။ သူ များတွေ လမ်းလျှောက် ခရီးနှင်ချိန်တွင် သူတို့က အပြေးတက်ဖြင့် ချီတက်ခဲ့ကြရသည်။ တော်သေးသည် ကျွန်တော့်သည်လည်း လှလေးစိန်မဖြစ်ခဲ့ပါ။ သို့သော် ကိုယ်ပစ်ခတ်မှု ကိုယ်မကြိုက်။ အားမရ။ ထပ်၍ ထပ်၍ ပစ်ကြည့်ချင်သည်မှာလည်း စိတ်ထဲ၌ ဖြစ်ပေါ်နေခဲ့ရပါသည်။
(၄)
"ရဲဘော်တို့ …
အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်၊
ဆင်းရမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆင်ရမယ်။ ဗမာ ပီပီ ဗမာ့သွေးကို ပြပါ။
အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက် ဗိုလ်တွေကလည်း သာတူညီမျှ
ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင်
ရဲဘော်တို့နဲ့အတူ ချီတက်မယ်။
ဗမာ့ရန်သူကို ချေမှုန်းကြ။
အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ
ဒါပဲ။ "
၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် အရှင်းလင်းဆုံး၊ အတိုဆုံး၊ အထိရောက်ဆုံးသော တပ်ထွက်မိန့်ခွန်းပင်ဖြစ်သည်။
လူတစ်ယောက်အဖို့ ရိုးရိုးသာမန်ဘ၀တွင် နေထိုင်စဉ်က မသိသာသော်လည်း၊ ငွေကြေးလေးရှိလာပြီ၊ ရာထူးလေးရှိလာပြီ၊ အာဏာလေးရှိလာပြီဆိုလျှင် ရှိသည့်အစွယ်ကို ထုတ်ထုတ်ပြတတ်ကြပါသည်။
သင်တန်းကာလတွင် သင်တန်းသားတွေကို တွေ့သည့်နေရာ၊ တွေ့သည့်အချိန်တွင် ကျစ်(အနုနည်း နှိပ်စက်နည်းဟုဆိုချင်ပါသည်)ချင်သည့် အရာရှိများကိုလည်း ကြုံတွေ့ဆက်ဆံခဲ့ရပါသည်။ လူဆိုသည်ကား စရိုက်မျိုးစုံ၊ စိတ်ဓာတ်မျိုးစုံရှိနေကြသည်မို့ ကိုယ်ပြုမူသည့် အပြုအမူသည် ကိုယ့်ကိုယ်ကျင့်တရားပင်ဖြစ်သည် ဟုကျွန်တော်မြင်မိပါသည်။ သို့အတွက်လည်း မည်သို့ပင် ကြုံတွေ့စေကာမူ ကိုယ်ကောင်းလျှင် ကိုယ့်ခေါင်း ဘယ်မရွေ့ဟူသော ထုံး နှလုံးမူ၍ သင်တန်းကာလတွင်ဖြတ်ကျော်ခဲ့ကြပါသည်။
လောကလူ့ပတ်ဝန်းကျင်တွင် ဆိုးသွမ်းသောသူသာ ရှိသည်မဟုတ်ပါ။ စိတ်ဓာတ်အလွန်ကောင်းမွန် သည့်သူများလည်း ရှိပါသည်။ ဗိုလ်ချုပ်ပြောသည့် သာတူညီမျှ စိတ်၊ စာနာသနားကြင်နာနွေးထွေးသောစိတ် ရှိသူတို့နှင့် ကြုံတွေ့ခဲ့ကြရပါသည်။ ကိုယ့်လက်အောက်ငယ်သားအား ရင်ဝယ်သားကဲ့သို့ မေတ္တာစေတနာကြီး သော အထက်အရာရှိများကိုလည်း ထိတွေ့ဆက်ဆံခဲ့ကြရပါသည်။
လက်အောက်ငယ်သားများအဖို့သည်လည်း တချို့က ကိုယ်လုပ်ကိုယ်ခံဆိုပြီး အဖွဲ့အစည်းစိတ်ဓာတ် မသွင်းနိုင်သူ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုအားနည်းသူ၊ အမိန့်ဆိုသည်မှာ တင်းကြပ်ခြင်းဟူသော အမြင်ဖြင့် လုပ် ချင်ရာကို လုပ်နေတတ်ကြသူတွေလည်း ရှိနေကြသည်မို့ မတစ်ထောင်သားများကို အုပ်ချုပ်ရသည့် အုပ်ချုပ်သူ များအဖို့သည်လည်း လွယ်ကူလှသည်မဟုတ်ပါ။ တစ်ခါတခါ တစ်ယောက်အတွက် အများကို အပစ်ပေးချင် ပေးရသည်။
အလျဉ်းသင့်လို့ ကျွန်တော်တစ်ခု ပြောလိုပါသည်။ ပြစ်မှုနှင့် ပြစ်ဒဏ်အကြောင်းဖြစ်သည်။ ပြစ်ဒဏ် သည်ပြစ်မှုကို ပေးဆပ်ရခြင်းဖြစ်သည်။ ထိုအတွက် ပြစ်မှုနှင့် ညီသော ပြစ်ဒဏ်ပေးရမည်ဖြစ်သည်။ ထိုက်သင့် သောပြစ်ဒဏ်မဟုတ်က နှိပ်စက်ခြင်းဖြစ်တတ်ပါသည်။
ဤသည်ကား တပ်မတော်တစ်ခုထဲ၌ ဖြစ်နေသည့် ဖြစ်စဉ်မဟုတ်ပါ။ တောတွင်းက သားရဲတရိစ္ဆာန် များတွင်လည်း ခွန်အားကြီးသူက မင်းမူခြင်း၊ လူမှုပတ်ဝန်းကျင်တွင် ငွေဂုဏ်၊ ကြေးဂုဏ်၊ အာဏာဂုဏ်ရှိသည့် သူက သာမန်လက်လုပ်လက်စားများအပေါ် ဖိနှိမ်ဆက်ဆံတတ်ခြင်း၊ ဌာနဆိုင်ရာများတွင်လည်း အဆင့်ဆင့် ပညာပြတတ်ခြင်း၊ ပညာပေးတတ်ခြင်းတို့သည်လည်း ရှိနေကြသည်မဟုတ်ပါလား။
ထို့ကြောင့်လည်း မြန်မာပြည်ကြီး တိုးတက်သင့်သလောက် မတိုးတက်နိုင်ခြင်းဖြစ်သည်ဟု ကျွန်တော် ကတော့ တွေးထင်မိပါသည်။
မောင်ပိုင်
၃၀-၁၂-၂၀၁၃။
( *** မိတ်ဆွေများခင်ဗျား
ကျွန်တော်စာတွေကို ယခုအချိန်အထိ စိတ်ရှည်လက်ရှည် ဖတ်ရှုအားပေးနေကြသည့်အတွက်၊ ဝေဖန် ပေးနေကြသည့်အတွက် များစွာ ကျေးဇူးတင်မိပါသည်။ အပိုင်းခွဲရခြင်းမှာ သက်သက်အပိုင်းရှည်အောင်ခွဲရ ခြင်းမဟုတ်ပါ။ အတွေးထွက်သလောက်ရေးနေရခြင်း၊ အချိန်ပေးအားနိုင်မှုနည်းခြင်းကြောင့်ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော့်ဘ၀က ရေးပြလျှင် တစ်မျက်နှာပင်ပြည့်မည်မဟုတ်ခြင်းကြောင့်ရော အချိန်ပေးပြီး ဖတ်ရှု ရသည့် မိတ်ဆွေတို့အတွက် ကျွန်တော့် ဘ၀နှင့် ကျွန်တော့်အတွေး၊ ကျွန်တော့်ခံယူချက်များမှ အသိတရား တစ်ခု(ကောင်းတာရော ဆိုးတာရော) တစ်ခုခုရစေခြင်းငှာကြောင့် ရောထွေးယှက်၍ ရေးနေရခြင်း ဖြစ်ပါ သောကြောင့် ခွင့်လွတ်ပေးကြပါကုန် ***)