(၁)
ဒီစာရေးဖြစ်ဖို့အတွက် တွန်းအားပေးသည့် အကြောင်း ၃ ချက်ရှိသည်။ ပထမအချက်ကတော့ ဒီနေ့ တွေ့ကြုံခဲ့ရသည့် အကြောင်းတစ်ခုကြောင့်ပါ။ အထက်ဌာနမှ ဗိုလ်မှူး တစ်ဦးနှင့် ဆုံဖြစ်သည်။ သူက …... ဆိုတာမင်းလားဟု ကျွန်တော့ကိုမေးသည်။ သူမေးမြန်းသူမှာ ကျွန်တော့် friend list တွင်ပါဝင်သူဖြစ်ပါသည်။ ကျွန်တော်က မဟုတ်ကြောင်း friend ထဲတွင်တော့ ပါကြောင်းပြောပြလိုက်သည်။
နောက် သူမှ သူ့တွင်ရောက်ရှိနေသည့် ကျွန်တော်၏ စာများကိုပြသည်။ FB ပေါ်တွင် ကျွန်တော်တင် ဖြစ်သည့် (မောင်ပိုင့်အကြောင်းမှ) ဓာတ်ပုံများ၊ စာများကို ပြသသည်။ ကျွန်တော်တွေးထင်မိသည်က မင်း သတိထားဟုဆိုလိုသည်ဟု ကျွန်တော်ထင်မိပါသည်။ မှားချင်လည်း မှားနိုင်ပါလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ထိုဗိုလ်မှူးမှာ ကျွန်တော်နှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် အထက်အရာရှိဖြစ်သလို ကျွန်တော်နှင့်ခင်မင် ခဲ့သည့် ကျွန်တော့်ကျေးဇူးရှင်လည်းဖြစ်ပါသည်။ ကျွန်တော့်ဘ၀အတွက် သူလုပ်ဆောင်ပေးခဲ့သည့် အချက်များ ရှိပါသည်။ သို့အတွက် ကျွန်တော်ကို စေတနာဖြင့် ထုတ်ဖော်ပြသခြင်းလည်း ဖြစ်ပါလိမ့်မည်။
ဤအဖြစ်အပျက်တစ်ခုကြောင့် ဒီစာလေးရေးချင်စိတ်ပေါ်လာခြင်းဖြစ်ပါသည်။ ဒုတိယအချက်မှာ ကျွန်တော်သည် မည့်သူကိုမျှ ထိခိုက်ရေးသားနေခြင်း၊ အကျိုးမဲ့အချည်းနှီးရေးသားနေခြင်းမဟုတ်ကြောင်း ပြောပြလိုရင်းဖြစ်သည်။
တတိယအချက်ကတော့ ဆရာ(ယက္ခ)ရဲကြီး၏ စကားအတိုင်းပြောရပါမူ ကျွန်တော်ယုံကြည်သလို ရေးသည့်စာများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။

(၂)
ကျွန်တော့် Friend list မှ တစ်ဦးက တပ်အကြောင်း တစ်ခါက တင်ထားတာတွေ့ရပါသည်။ သူရေး ထားသည်မှာ အောက်ခြေက လုပ်ဆောင်နေရသည့်အကြောင်းအချက်တစ်ချို့၊ တပ်တွင် ဖြစ်နေသည့် ဖြစ်စဉ် တချို့ကို ရေးသားထားခြင်းဖြစ်သည်။ သူရေးသားသည့် စာအား ကျွန်တော်နှစ်သက်သည့်အတွက် ရှယ်ပါ သည်။
ကျွန်တော်နှစ်သက်ရခြင်းမှာ သူ၏ရေးသားချက်သည် တစ်ဖက်ရှုထောင့်ဖြစ်ခြင်းနှင့် အကျိုးလိုလား ၍ရေးခြင်းဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့်ဖြစ်ပါသည်။ အထက်လူကြီးသည် အထက်လူကြီး၏ အမြင်ဖြစ် မည်။ အောက်ခြေကလူသည် အောက်ခြေအမြင်ဖြစ်မည်။ အမြင်ဆိုသည်မှာ အမျိုးမျိုးကွဲပြားနိုင်ပါသည်။ သို့အတွက် အမြင်မတူရန်သူဟု မယူဆပါ။ တစ်ဖက်ရှုထောင့်က ပြောပြလိုက်ခြင်းဖြင့် ကိုယ်ဘာမှားနေ သနည်း၊ ဘာလိုအပ်သနည်းကို သိရှိနိုင်သလို သူ၏အမြင်မှာ ဘာတွေအထင်မှားနေသလဲဆိုသည်ကို ရှင်းပြ နိုင်ပါသည်။
နောက် သူ့ရေးသားချက်သည် တပ်၏ လျှို့ဝှက်ချက်များ၊ တပ်၏လုံခြုံမှုများ၊ စစ်ဆင်ရေး ဆိုင်ရာများ မပါဝင်ဟု ကျွန်တော်ထင်ပါသည်။ ခံစားနေရသည့်စိတ်ခံစားချက်တချို့တော့ ပုဂ္ဂိုလ်ရေးအရ ပါချင်ပါလိမ့်မည်။ သို့သော် ကောင်းစေလိုသော စေတနာပါသည်ဟု ယူဆသောကြောင့် ကျွန်တော် Friend ဖြစ်ရသလို၊ သူ့စာအား ရှယ်ခြင်းဖြစ်ပါသည်။ သို့အတွက် ကျွန်တော့်ကို ခြေရာခံလိုက်နေခြင်း၊ ကျွန်တော်၏ လှုပ်ရှားမှု များကိုစောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ တကယ်တော့ ခြေရာခံစရာပင်မလိုဟု ထင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် "ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း"တွင် တပ်နှင့်ပတ်သက်၍ ကျွန်တော်တွေ့ကြုံသမျှ၊ ကျွန်တော်ခံစားမိသမျှကို မကွယ်မ၀ှက်ရေးသားနေခြင်း၊ ကျွန်တော့်ဓာတ်ပုံများ တင်ထားခြင်းကြောင့် ဖြစ်ပါသည်။
သြော် ဟုတ်ကဲ့ ကျွန်တော်ခု ရေးသားနေခြင်းမှာလည်း ကိုယ့်အပေါ်ထိခိုက်မလာအောင် လျှောက်လှဲ နေခြင်းမဟုတ်ကြောင်းပါ။
If you're headed in the wrong direction, God allows U-turn.
အကယ်၍ သင်ဟာ မှားယွင်းတဲ့ လမ်းကြောင်းကို လျှောက်ခဲ့မိပြီဆိုရင် ဘုရားက ဂ ငယ်ကွေ့ ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်။
ကျွန်တော့်လုပ်ဆောင်ချက်များသည် မှားသည်ဟု ထောက်ပြလာပါက၊ ကျွန်တော်ကိုယ်တိုင်လည်း မှားနေသည်ဟု ထင်ပါက အချိန်မရွေးပြင်ဆင်ဖို့အသင့်ဖြစ်ပါသည်။ ရှေ့တွင် ချောက်ရှိမှန်းသိလျက် မည်သူမျှ ဆက်မလျှောက်ပါ။ ဆက်လျှောက်သူသည် လူမိုက် သို့မဟုတ် အသိဥာဏ်နုံနည်းသူဖြစ်နိုင်ပါသည်။
ခုတော့ ကျွန်တော် ဆက်လျှောက်ဆဲဖြစ်ပါသည်။

(၃)
He gets his passage for nothing and then winks at the captain's wife.
သဘောင်္လည်း အလကားစီးသေး၊ ကက်ပတိန်ရဲ့ ဇနီးလည်း မျက်စိမှိတ်ပြသေး။
ကျွန်တော်သည် တပ်မတော်ဟူသော သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းနေသူဖြစ်ပါသည်။ သို့သော် တပ်မတော်ကြီး၏ ပျက်ဆီးရာပျက်ဆီးကြောင်း၊ ထိခိုက်ရာ ထိခိုက်ကြောင်းကို တစ်ခါမျှ ရေးသားခဲ့ခြင်းမရှိပါ။
ကျွန်တော်ရေးသားနေသည်မှာ တပ်မတော်အတွင်းမှာ မှားယွင်းနေသော(ကျွန်တော့အမြင်)အချက် လေးများ၊ လိုအပ်ချက်လေးများကို တင်ပြနေခြင်းသာဖြစ်သည်။ တပ်မတော်အပေါ် သစ္စာဖောက်မှုကို တစ်ခါ မျှမလုပ်ခဲ့ဖူးသလို၊ တပ်မတော်ကို အလွဲသုံးစားမလုပ်ခဲ့ဖူးပါ။
ထို့ကြောင့်လည်း ဆက်လက်၍ တပ်မတော်နှင့်နှီးနွယ်ပြီး စာများ ရေးသားနေဦးမည်ဖြစ်ပါသည်။ ကျွန်တော်ကိုယ့်လိပ်ပြာကိုယ်လုံသည်။ ကိုယ့်သစ္စာ ကိုယ်ယုံသည်။ နောက် အမှန်တရားကို ချစ်မြတ်နိုး ပါသည်။

(၄)
မှန်ကန်လျှင် ကွဲတတ်သည်ဟူသော အမှန်တရားကို ကြောက်ရွှံ့အောင်ပြုသော စကားကို ကျွန်တော် မုန်းပါသည်။ အမှန်တရားဆိုသည်မှာ မတရားမှု၏ ဆန့်ကျင်ဘက်ဖြစ်သည်။
ကိုယ့်ဘက်ကမြင်ရသော လက်ဖ၀ါးသည်လည်း အမှန်တရားဖြစ်သလို သူ့ဘက်ကမြင်ရသော လက်ခုံ သည်လည်း အမှန်တရားဖြစ်ပါသည်။ အဘက်ဘက်မှမြင်ရသော အမှန်တရားဖြစ်ပါသည်။(လောကီကိုသာ ဆိုလိုပါသည်)။ ထိုအဘက်ဘက်မှမြင်ရသော အမှန်တရားပေါ်တွင် ငါ့ဘက်က ကြည့်တာမှ အမှန်ကွ လက်ခံဟူ၍ ခြိမ်းခြောက်၍သော်လည်းကောင်း၊ ရာထူး၊ အာဏာ၊ ပါဝါကိုသုံး၍ လက်ခံခိုင်းခြင်းသည် အမှန်တရားကို မျက်ကွယ်ပြုသော မတရားမှုသာ ဖြစ်ပါလိမ့်မည်။
သို့အတွက် အနည်းငယ်မျှသော မှားယွင်းမှုများကို ဝေဖန်ထုတ်ပြခြင်းသည်ဖြစ်ပါသည်။ အနည်းငယ်မျှ ဟုဆိုလိုက်ရခြင်းသည်မှာလည်း ကျွန်တော်ကိုယ်တိုင် ပုထုဇဉ်လူသားပီပီ အမှားနှင့်ကင်းနိုင်မည်မဟုတ်သော ကြောင့်ဖြစ်ပါသည်။
လူကိုခင်လျှင် မူကိုပြင်သည်။ လူကိုမုန်းလျှင် မူကိုသုံးသည်ဟူသော စကားနှင့်အညီ ကျွန်တော့်ကို ထိခိုက်လာနိုင်စရာအကြောင်းရှိပါသည်။ သို့သော် ကျွန်တော်ယုံကြည်ရာကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါ သည်။ မည်သူကိုမျှ အငြိုးအတေးမရှိ။ ထိခိုက်ပုတ်ခတ်ခြင်း၊ နစ်နာစေလိုခြင်းမရှိပါ။ အကြောင်းရင်းတစ်ချို့ ဖြစ်လာပါကလည်း သူ့ကြွေးရှိလို့ ပေးဆပ်ရသည်ဟုသာ ထင်ပါသည်။ မည်သူ့ကိုမျှ အပြစ်တင်လိုစိတ်မရှိပါ။
ထို့အတူ ယခင်မကောင်းလို့ ခုမကောင်းပါ။ ခုကောင်းလျှင် နောင်ကောင်းပါလိမ့်မည်ဟူသော ဘာသာ တရားဆုံးမစကားနှင့်အညီ ပစ္စုပ္ပန်ကာလတိုင်းတွင် စိတ်ကောင်း၊ နှလုံးကောင်း၊ ကိုယ်ကောင်းအောင် အတတ်နိုင်ဆုံး နေထိုင်နေပါသည်။ နေထိုင်သွားမည်ဖြစ်ပါသည်။

(၅)
ပွန်းတစ်ကောင်သည် ဘုရင်ကြီးအတွက် ရှေ့တန်းတွင် ပါဝင်ရသူ၊ စတေးခံရသူ၊ အသုံးချခံရသော ပွန်းတစ်ကောင်ဖြစ်ပါလိမ့်မည်။ ဒါ့အပြင် တစ်ဖက်လူ၏ ကစားကွက်ကို တွန့်သွားအောင်လုပ်တတ်သော ပွန်း တစ်ကောင်လည်းဖြစ်နိုင်ပါလိမ့်မည်။
ဟုတ်ကဲ့ ကျွန်တော်သည် ပွန်းတစ်ကောင်ဖြစ်ပါသည်။ တိုင်းပြ၄၅ည်နှင့် တပ်မတော်အတွက် (တိုင်းပြည့်နှင့် တပ်မတော်အတွက်) ရှေ့တန်း တွင်ပါဝင်နေသူ၊ စတေးခံဝံ့သူ၊ အသုံးချခံဝံ့သူဟု ကိုယ့်ကိုယ်ကိုထင်ပါသည်။ ထို့ပြင် မိမိစည်းစိမ်အတွက်သော်လည်းကောင်း၊ မိမိရာထူးအာဏာအတွက် သော်လည်းကောင်း၊ မိမိကောင်းစားရေးအတွက်သော်လည်းကောင်း အတ္တကိုရှေ့တန်းတင်ပြီး ကစား နေသူတွေကို နည်းနည်းမျှဖြစ်စေ တွန့်သွားအောင် စွမ်းဆောင်ပေးချင်သော ပွန်းတစ်ကောင် ဖြစ်ပါသည်။
ကျွန်တော်သည် ပွန်းတစ်ကောင်ဖြစ်ပါသည်။
****************
မောင်ပိုင်
၂၀-၁-၂၀၁၄။— with William Tuntunko and 24 others.