နိဂုံး သို့တည်းမဟုတ် မျက်မှောက်ကာလ
အခုတော့ မန္တလေးနန်းမြို့တည်ခဲ့သည်မှာ နှစ်ပေါင်း၁၅၀ကျော်ခဲ့လေပြီ။
သို့သော် ရတနာပုံခေတ်၏ နိဂုံးသည် မလှပခဲ့။ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်အဖြစ် နှစ်ပေါင်း၁၂၄နှစ်မျှနေခဲ့ရသည့်အနက်မန္တလေးနန်းမြို့သည်အင်္ဂလိပ်စစ်သံခွာအောက် ၆၃နှစ်မျှ ကျရောက်ခဲ့ကာ ထောင်းထောင်းကြေမျှ အဖျက်အဆီးခံခဲ့ရသည်။ မြန်မာဟေ့ဟူသော စိတ်ဓါတ်တို့ နာလန်မထူနိုင်အောင် နယ်ချဲ့တို့က စိတ်ပိုင်း၊ ရုပ်ပိုင်းအားလုံးကို ခြေနင်းခဲ့ကြသည်။
သီပေါဘုရင်၏ နောက်ဆုံးနေ့ရက်များသည် အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ၌ ရင်နင့်စဖွယ် ကုန်ဆုံးခဲ့သည်မှာ မေ့ရက်ဖွယ်မရှိ။ ဤသည်မှာ နယ်ချဲ့၏ ယုတ်မာပက်စက်လှသော အုပ်ချုပ်ရေးပရိယာယ် ဖြစ်ပါ၏။ နယ်ချဲ့၏ အမျိုးပျောက်အောင် စီမံကိန်းချ ဖျက်ဆီးခဲ့ခြင်းမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ခြင်းကိုမူ အငြင်းမပွားနိုင်။ အမျိုးဖျက်ရေးစီမံကိန်းကို နယ်ချဲ့တို့ မည်သို့ပင်ဆောင်ရွက်ခဲ့သည်ဖြစ်စေ ထိုစီမံကိန်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းမှာ ကာယကံရှင်၏ စိတ်ဓါတ်ကြံ့ခိုင်မှုနှင့်သာ ဆိုင်သည်။
စပ်၍ဆိုရပေဦးမည်။နယ်ချဲ့တို့ကမြန်မာနိုင်ငံ၏နောက်ဆုံးဧကရာဇ်ဖြစ်သည့်သီပေါမင်းနှင့်မိသားစုအား ပြည်နှင်ဒဏ်ခတ်လျက် ၁၈၈၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ တောမြို့ကလေးသို့ ပို့ကာ ဇာတ်မြုတ်ပစ်ခဲ့သကဲ့သို့ အိန္ဒိယနိုင်ငံ၏ မဂိုမင်းဆက် နောက်ဆုံးဧကရာဇ်ဖြစ်သော အဗ္ဗဒူဇဖား ဗဟာဒူးရှား (Abu Zafal Bahadun Shah)ဘုရင်နှင့် မိသားစုကိုလည်း ၁၈၅၇ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်သို့ ပို့၍ သေသည့်တိုင် ပြည်နှင်၍ ဇာတ်မြှုတ်ပစ်ခဲ့သည်။

ထိုမင်းသည် ၁၈၆၂ခုနှစ်တွင် ရန်ကုန်မြို့၌ပင် သေဆုံးသည်။ ထိုသို့ မင်းနှစ်ပါးအား တစ်ရပ်တစ်ကျေးသို့ လူမျိုးပျောက်အောင်၊ မျိုးပျက်အောင် စီမံချက်ချဆောင်ရွက်ခဲ့သည့်တိုင် ဇဖားရှားဘုရင်၏ မိသားစုမှာ မျိုးပျက်သွားသည်ဟူ၍ ကျွန်တော်တွေရှိ မှတ်သားဖူးခြင်းမရှိ။ ဤသို့သော ခြားနားချက်သည်ပင် ကိုယ်ညံ့ကြောင်း သာဓကထူနေရသည်နှင့်ထူလှပေဘိ။
ယခုလည်း ဤအဆင့် မရောက်သေးသည့်တိုင် မန္တလေးမြို့တော်၏ နှစ်၁၅၀ပြည့်သည့်ကာလဝယ် မြို့ပေါ်ရှိ ဟိုတယ်ခန်းမများ၌ ဘင်သံပေး၍ ဂါဝန်ရှည်ဝတ်ကာ အနောက်တိုင်းစဟန် မင်္ဂလာပွဲများကို လက်ညှိုးထိုးမလွဲ တွေ့နေရလေပြီ။ ချိတ်ထဘီနှင့် ပိုးပုဆိုးယဉ်ကျေးမှုသည် ခေတ်ရေစီးကြောင်းကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်တွန်းလှန်နိုင်ခြင်း မရှိတော့ပြီလော မပြောတတ်နိုင်။
ကျွန်တော်သည်ပစ္စင်၊ရင်တား၊ပြအိုးများနှင့်သူရဲခို၊ သူရဲပြေးတို့နှင့် ထီးထီးရှိနေသော နန်းမြို့ ဟောင်းကို ကြည့်လျက် သက်ပြင်းရှည်ချမိပါ၏။ ဘိုးဘေးတို့ တည်ထားခဲ့သော ဤရေ ဤမြေ၊ ဤထီး ဤနန်းတို့၏ ဝိညဉ်ကို အစဉ်ရှင်သန်နေအောင် ကျွန်တော်တို့၌ ထိန်းသိမ်းရန် တာဝန်မရှိပါသလော။ သေနတ်ဆွဲကိုင်၍ ရှေ့တန်းထွက်တိုက်မှ နိုင်ငံကို ကာကွယ်ခြင်း မည်သည်မဟုတ်။
ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းခြင်းဆိုသည်မှာ နိုင်ငံသားတိုင်းက အမျိုးသား စိတ်ဓာတ်အခြေခံသော ဝံသာနုရက္ခိတတရားဖြင့်သာ ကိုယ်စီစောင့်ထိန်းအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ကျွန်တော်အနက်ဖွင့်လိုသည်။
အရည်အသွေးမရှိ ညံ့ဖျင်းနုံချာလှသည့် ခေါင်းဆောင်၊ တာဝန်မဲ့ သစ္စာပျက်သော ဝန်ထမ်း၊ ဆင်ခြင်မှုကင်း လက်ကြောမတင်းသော ပြည်သူ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်၊ ဝါးအစည်းပြေသောညီညွတ်မှုတရားတို့ပေါင်းဆုံလာလျှင်တိုင်းပြည်ကျွန်ဖြစ်တတ်ကြောင်း မှန်ကင်းရောင်ကင်းမဲ့ နေသည့် နန်းပြဿဒ်များက ကျွန်တော်တို့အား သြဝါဒခြွေ ဆုံးမနေပါ၏။
နှစ်တစ်ရာ့ငါးဆယ် သက်တမ်းရှိသော မန္တလေးနန်းမြို့သည် ကိုယ့်မင်းကိုယ့်ချင်းအောက်၌ စိန်မှန်ကင်းရောင် တပြောင်ပြောင်ဖြင့် ရပ်တည်ခဲ့ရသောကာလမှာ နှစ်ပေါင်း၃၀မျှသာရှိသည်။ သူ့ကျွန်ဘဝ နယ်ချဲ့၏ သံခွာအောက်၌ ၆၃နှစ်ကြာခဲ့သည်။ မျိုးချစ်အင်အားစုတို့၏ အသက်သွေးချွေးဖြင့် လွတ်လပ်ရေး ရယူခဲ့သည့်နောက် လွတ်လပ်သောခေတ်သစ် မြန်မာနိုင်ငံတော်တွင် ယဉ်ကျေးမှုမြို့တော်အဖြစ် ရပ်တည်ခဲ့သော မန္တလေးမြို့တော်၏ သက်တမ်းသည် ယခုသော် နှစ်ပေါင်းခြောက်ဆယ် ပြည့်ခဲ့လေပြီ။

နယ်ချဲ့တို့ကနှစ်ပေါင်းခြောက်ဆယ်ကျော်ကာလအတွင်းမြန်မာ့စိတ်ဓာတ်ကိုမူလအခြေခံစိတ်ဓာတ်များ ပျောက်ဆုံးပြီး အောက်တန်းအကျဆုံး အဆင့်ရောက်အောင် ရိုက်ချိုးဖျက်ဆီးသွားနိုင်ခဲ့၏။
ယနေ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အရှင်၊ ကိုယ့်သခင်ဖြင့် လွတ်လပ်သော နိုင်ငံတော်အဖြစ် နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့သည့် ကာလအတွင်း ကျွန်တော်တို့သည် ထိုပျက်စီးနေသော စိတ်ဓာတ် အဆောက်အအုံကို အဘယ့်ကြောင့် ကိုယ်လိုသည့် စံနှုန်းအဆင့်ရောက်အောင် မပြုပြင်နိုင် ကြပါသနည်း။
မူရင်းမြန်မာ့စိတ်ဓာတ်ဖြစ်သော ရဲရင့်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ တည်ကြည်ခြင်းတို့ကို အဘယ်ကြောင့် ပြန်လည်မတည်ဆောက်နိုင်ပါသနည်း။ ကျွန်တော်တို့သည် ဘိုးဘေးတို့၏အမွေကို ဆက်ခံထိုက်သော သားကောင်းသမီးမွန်များ ဖြစ်ကြပါသလား။ ဤမေးခွန်းအတွက် ကျွန်တော့်တွင် အဖြေမရှိပါ။

မည်သို့ဆိုစေ၊ နောင်အဘယ်သို့သော ကာလတွင်မှ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ညံ့ဖျင်းမှုကြောင့် နောက်ထပ်တစ်ဖန် သူ့ကျွန်ပြန်မဖြစ်ရေးကို ကျွန်တော်တို့ ရှေးရှုတည်ဆောက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း နှစ်၁၅၀ပြည့် နန်းမြို့ရိုးနှင့် ပြအိုး၊ ပစ္စင်တို့က ကျွန်တော်တို့အား ကြေကွဲသံစဉ်ဖြင့် မှာကြားနေသည်ဟု ကျွန်တော်ခံစား ကြားယောင်မိပါသည်။
သဗ္ဗေသင်္ခါရာ အနိစ္စာ
ထက်ခေါင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အပိုင်း(၁-မှ ၅) အစ အဆုံးကို Google Drive နှင့် Drop Box တို့တွင် တင်ပေးသွားပါမည်
အပိုင်း(၁)➳https://www.facebook.com/38silvertiger/posts/717102574980700
အပိုင်း(၂)➳https://www.facebook.com/38silvertiger/posts/718766734814284
အပိုင်း(၃)➳https://www.facebook.com/38silvertiger/posts/719247761432848
အပိုင်း(၄)➳https://www.facebook.com/38silvertiger/posts/719736738050617(5 photos)