နောက်ထပ် ၅ မိနစ်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် တိုက်ပွဲအရှိန်မှာနှေးလာသည်။ တရုတ်တို့မှာ ၎င်းတို့၏ စက်သေနတ်များ
မရှိတော့သဖြင့် နောက်ဆုတ်လိုက်ရန် ဆုံးဖြတ်လိုက်ကြပုံရသည်။ ယန်ဆီ ယခုမှ သူ့
ူBAR ကြီးအားကြည့်မိသည် သေနတ်ပြောင်းမှာ အပူဒဏ်ကြောင့် ဖြူနေပေပြီ ယန်ဆီလက်မှာလဲ အပူလောင် ဒဏ်ချက်ကြောင့် လက်ကောက်ဝတ်အရေပြားတွေမရှိတော့။
ရန်သူများမှာလောလောဆယ် ဆုတ်ခွာသွားသည်မှန်သော်လည်း ပွိုင့် ၆၉၈ အားအောင်နိုင်လိုက်သည်ဟု ပြောရန် အတော်ခပ်နေသည် ။ သူ့တပ်စုတွင် လူ ၆ ယောက်ဘဲကျန်တော့သည်။ လူ ၃၂ ယောက်မှ ၆ ယောက် မျှသာ ကျန်တော့သည်။ တရုတ်တို့ကဒီအတိုင်းနေမည်မဟုတ် မကြာမှီ တန်ပြန်တိုက်စစ် ဆင်နွှဲကြပေတော့မည်။ ယန်ဆီ ဝေါ်ကီတော်ကီကို ကောက်ကိုင်၍ တပ်ခွဲမှုးနှင့် ဆက်သွယ်လိုက်သည်။
“ ဟဲလို …. အစ်ကိုကြီး ….” “ ယန်ဆီ …တော်တယ်ကွာ … မင်းလူဘယ်လောက်ကျန်သေးလဲ” “ကျွန်တော် လူ ၆ ယောက်ဘဲ ရှိတော့တယ် … အမြန်ဆုံး ..အင်အားဖြည့်ပေးမှ … ရမယ် ..အကိုကြီး …” “တပ်စု(၁) ကို ငါမင်းဆီပို့ထားတယ်ကွ … ဒါပေမဲ့ … တရုတ်တွေက … လမ်းမှာဖြတ်တောက်ရေးလုပ်ပီး .. ဟန့်စစ် ဆင်ထားတယ်ကွ”
ယန်ဆီ နောက်သို့လှည့်ကြည့်လိုက်သည်။ ဟုတ်ပ ညာဘက်ဆင်ခြေလျောတွင်မော်တာကျည်များ တ၀ုန်းဝုန်း ကျရောက်ပေါက်ကွဲလျက် စက်သေနတ်ကျည်များကလဲ တ၀ှီဝှီ ဖြတ်သန်းနေသည်။ တရုတ်များ၏ အစီအစဉ်မှာ ရှင်းရှင်းလေး … မိမိထံလာမည့် စစ်ကူများအား ဖြတ်တောက် ထိန်းသိမ်းလျက် မိမိတို့အား လှံစွပ်ထိုးချေမှုန်းပစ်ရန်ဖြစ်သည်။ များမကြာမှီမှာပင် ပွိုင့် ၆၉၈ ၏ အခြားဘက် လျှိုမြောင်များကြားမှ စစ်ခရာသံ များ ပျံ့လွင့်လာသည်။ တရုတ်တို့တန်ပြန်တိုက်စစ်အတွက် ပြင်နေကြလေပြီ။ တပ်စု(၂) အနေနှင့်ကတော့ သူတို့ တတ်နိုင်သလောက် ပတ်လည်ခံစစ်ကလေး ဆင်နိုင်ရန် အဆင်သင့်ပင်။ ယန်ဆီ မှာ နောက်ထပ် BAR တလက် ရောက်ရှိနေပေပြီ။ ဟူလ်မန်ကြီးလဲ မသေသေး၊ သို့သော် မလှုပ်နိုင်မရှားနိုင်ဖြစ်နေရှာပြီ၊ ရော်ဘင်ဆင်ကြီးဆီမှာ လဲ လက်ပစ်ဗုံး သုံးလုံးသာ ကျန်တော့သည်။ ဖိလစ်မှာလည်း ကမူစွန်းတွင် ယခုတိုင်ချောင်းမြောင်းလျက်၊ တပ်ကြပ်ကြီး မက်ဒင်းကြီးကတော့ သူ့ရိုင်ဖယ်ပေါ်မှီလျက် အနားယူနေသည်။ ထိုစဉ် တရုတ်တို့၏ စစ်ခရာသံ ထပ်မံထွက်ပေါ်လာပြန်သည်။ ရုတ်ချည်းဆိုသလို မရင်းလူထွားကြီးတယောက် ဘယ်ဘက်ဆင်ခြေလျောဆီမှ ကုန်းပေါ်သို့ ရောက်လာသည်။ သူနှင့်အတူ ဒသမ ၃၀ ကာလီဘာ စက်သေနတ်ကြီးတစ်လက် ၎င်းကျည် နှစ်ပုံး ပါလာသည်။ သာမန်စစ်သည် နှစ်ယောက် သယ်ဆောင်မည့် ၀န်များဖြစ်သည်။ တပ်သားကျော် ဂလောက်ဂေါ်ဖြစ် သည်။ သူသည် ယန်ဆီတို့အား စစ်ကူပေးလာသည့် တပ်စု(၁) မှ အင်အားဖြစ်ကာ သူတဦးတည်းအရင် ရောက် လာခြင်း ဖြစ်ပေသည်။ ဂလောက်ဂေါ်ကြီး သည်သူ၏ ကိုယ်ခန္ဒာကြီးအား ယန်ဆီနံဘေးသို့ပစ်ချလိုက်ယင်း သူ့ စက်သေနတ်ကြီးအား တပ်ဆင်နေသည်။ သူ့သေနတ်ကြီး ပစ်ခတ်ရန်အသင့်ဖြစ်သွားချိန်မှာပင် တရုတ်တို့၏ စစ်ခရာသံ စူးစူး ထွက်ပေါ်လာပြန်ပါသည်။
ဒီတခါတော့ တကယ်လာပါချေပြီ။ ကုန်းတန်းအစွန်း ကိုက် ၄၀ အကွာခန့်မှနေ၍အတန်းလိုက် တည်ငြိမ် စွာဖြင့် တိုက်စစ်ဆင်လာချေပြီကော … ကျွေးကြော်သံများနှင့်အတူ .. “ကျား … ဟေ့ မရင်းတွေ … မင်းတို့အသက်တွေ ဖက်နဲ့ ထုပ်ထားပေတော့ ကွ ..” ကျား ……. ဂလောက်ဂေါ် ကြီး .. သူ့သေနတ်နောက်တွင် အဆင်သင့် မှောက်လျက်နေရာယူထားယင်း .. စိတ်ရှည်လက်ရှည်စောင့် နေသည်။ ထို့နောက် .. နီးကပ်လာနေသော .. တရုတ်တပ်များဆီသို့ ချိန်ရွယ်ယင်း သေနတ်မောင်းအား .. ဖြည်းညှင်းစွာ ညှစ်လိုက် လေသည်။ “ .. ဒက်ဒက်ဒက်ဒက် …. ၀ရော .. ၀ရော ..” ဂလောက်ဂေါ် ၏ သေနတ်ကြီး ဘယ်မှ ညာ .. ညာ မှ ဘယ် ဝှေ့ယမ်းယင်း သွင်သွင်ကြီး အလုပ်လုပ်နေပေပြီ .. ကျန်အဖွဲ့သားများလည်း .. မိမိတို့ သေနတ်များအား အသီးသီး အလုပ်ပေးနေကြလေပြီ၊ သို့သော် မိနစ်အနည်းငယ်အကြာတွင်မတော့ .. ဂလောက်ဂေါ်ကြီးမှ လွဲ၍ ကျန်လူများ၏ သေနတ်များ အလုပ်မလုပ်နိုင်ကြရှာတော့ .. ကျည်ဆံ ကုန်ကြလေပြီ ..
တရုတ်များမှာ ဂလောက်ဂေါ်ကြီး၏ စက်သေနတ်ကြီး ကို မျှော်လင့်မထားကြသဖြင့် ဒသမ ၃၀ ကျည်ဆံ များ၏ ဒဏ်ချက် ကိုကောင်းကောင်းခံစားလိုက်ကြယင်း အထွေးလိုက် ကျ ကုန်တော့သည်။ စကောထဲ ထဲ့အလှိမ့် ခံရသော ဇီးဖြူသီးများပမာ အလူးလူးအလှိမ့်လှိမ့်ကျဆုံးကုန်တော့သည်။ ထပ်တက်လာကြလေ ထပ်ကျကုန်လေ ဖြစ်နေတော့သည်။ အတွဲတို အတွဲရှည် ထပ်ကာထပ်ကာ ဖြင့် စက်သေနတ်ကြီးအလုပ်လေလေ တရုတ်များ ခံစား ရလေဖြစ်နေတော့ ကာ ထပ်တက်လာဘို့ မ၀ံ့မရဲဖြစ်ကုန်တော့သည်တကား ။
ဆက်ရန်
ttkots73—