၃-၅-၂၀၀၂
ရှေ့သို့ဘ၀ခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက် အခဲဆုံးမှာရေပင်ဖြစ်သည်။
နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက် လာခဲ့သည်။ ရေကိုလမ်းခရီးတလျှောက်ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ခုနှစ်၊သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင်ဆင်နွှဲလိုက်ရသည့်အဖြစ်ကယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို(၁၄)ရက်ခန့်ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ် တပ်စခန်းရှိရာသို့ပြန်ရောက်လာခဲ့သည်။
ကျနော်ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army )မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ်ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင် ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်ကအခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်(၁၅၀၀)ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့ တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသောစခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင်မြင်တွေ့နိုင်ပေသည်။
ကျနော်တို့ BPA တွင် လူအင်အားနှင့်လက်နက်အင်အားက မျှတမှုမရှိ။ မီးကျိုးမောင်းပျက် သေနတ်အချို့သာရှိနေခဲ့သည်။ ကိုယ်ပိုင်လက်နက်ရရန်အတွက် အသက်ကိုအရင်းတည်၍ ကြိုးစား တည်ဆောက်ခဲ့ကြရသည်။ စစ်ဝတ်ယူနီဖေါင်းနှင့်လိုအပ်သည့်ရိက္ခာဆန်ကို ကရင်နီတပ်မတော်မှကူညီ ပံ့ပိုးပေးသည်။ အခြားသောနည်းလမ်းများနှင့်လည်း အကူအညီတောင်းခံခဲ့ရသည်။ ငွေကြေးအချို့ကို NCGUB (မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ)မှကူညီပံ့ပိုးခဲ့သည်။
ထိုသို့ကိုယ်ပိုင်တပ်မတော်တစ်ခုအဖြစ် ကြိုးစားတည်ဆောက်နေချိန်တွင် အချောင်သမားအချို့မှ သူတို့အဖွဲ့အစည်းလက်အောက်ခံအဖြစ်အမှု ထမ်းရန်ကမ်းလှမ်းခဲ့ကြသည်။ လိုအပ်သည့်လက်နက်၊ ငွေကြေးတို့ဖြင့်ဆွဲဆောင်သိမ်းသွင်းခဲ့ကြသည်။ မည်သို့မျှသိမ်းသွင်းမရသည့်အဆုံး သုတ်ခြေတင် ကာပြန်သွားကြသည်။ သူခေါင်းဆောင်လုပ်နေသော အဖွဲ့အစည်းမှာ လက်နက်အင်အား၊ လူအင်အားမည်မျှရှိနေသည်ကိုတော့မသိ၊ လေ့လာကြည့်လိုက် တော့ တိုက်ပွဲပင်မဖေါ်ဆောင်ဘူးပဲ လေတိုက်ပွဲဆင်နွှဲနေသူများသာဖြစ်နေသည်။ သို့သော်သူကနိုင်ငံ ရေးမှာတော့ တန်းဝင်သည်။ ၀င်ငွေကောင်းသလို၊ဟိတ်ဟန်လည်းကောင်းသည်။ ပညာတတ်ဆရာဝန် တစ်ဦးလည်းဖြစ်နေသည်။ လေတစ်လုံး၊မိုးတစ်လုံးနှင့်အပြောကောင်းသလောက် ကတုံးပေါ်ထိပ်ကွက် ရန်သာ အမြဲစဉ်းစားနေသောတော်လှန်ရေးအချောင်သမားဖြစ်မှန်းမသိဖြစ်နေသည်။
မည်သို့ပင်ဆိုစေ မြန်မာ့တပ်မတော်မှအကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေးနယ်မြေသို့အသွင် ကူးပြောင်းရောက်ရှိလာသောတပ်မတော်သားများကို ဥမကွဲသိုက်မပျက်၊စည်းစည်းလုံးလုံးရပ်တည် နိုင်ခဲ့ကြသည်။ ပြစ်မှုတစ်စုံတရာကျူးလွန်ခဲ့ပါကလည်း အရင်ကလိုလက်လွတ်စပယ်မလုပ်ကြတော့။ သက်ဆိုင်ရာသို့အကြောင်းကြားပြီးပူးပေါင်းဖြေရှင်းကြသောကြောင့်ကြီးမားသောဆုံးရှုံးမှုများမှ ကာ ကွယ်နိုင်ခဲ့သည်မှာအမြတ်တစ်ခုဟုဆိုရမည်။ တပ်တွင်းစားသောက်ရန်အတွက်ဆန်မှာပူပင်ကြောင့်ကြ ရန်မလိုသော်လည်း ကွမ်းဘိုးဆေးဘိုးရရန်အတွက်ရဲဘော်များအလှည့်ကျ ထိုင်းနိုင်ငံ၊မဲ့ဟောင်ဆောင် မြို့အနီးကျေးရွာများသို့အလှည့်ကျသွားရောက်အလုပ်လုပ်ကာ ရံပုံငွေရှာကြရသည်။ ရရှိလာသောငွေ ကြေးကို မျှဝေစားသောက်ကြရသည်။
တစ်နေ့တွင် ရဲဘော်လေးနိုင်ဦးအလုပ်မှပြန်လာသော်လည်းငွေကြေးဟူ၍တစ်ပြားတစ်ချပ်မှပါ မလာခဲ့ပေ။ အလုပ်ရှင်မှငွေမရှင်းပေးသောကြောင့် ပြန်လာရခြင်းသာဖြစ်ကြောင်းပြောပြသည်။ ကျနော် လည်းသူ့ကို ဘာမှအပြစ်မတင်၊လုပ်စရာရှိသည့်အလုပ်ကိုသာလုပ်နေမိသည်။ BPA တွင်သူက အသက် အငယ်ဆုံး (၁၆နှစ်စွန်းစွန်း)သာရှိသောရဲဘော်လေးဖြစ်သည်။ တောင်ကြီးဖက်မှဖြစ်သည်။ မိဘများမှာ ချမ်းသာကြွယ်ဝကြကြောင်းသိရသည်။ မိဘနှင့်စိတ်ဆိုးကာ တပ်မတော်ထဲရောက်လာသူလေး ဖြစ် သည်။
တစ်နေ့သောညနေ တပ်စခန်းအောက်မှသေနတ်သံကြားသောကြောင့်ကျနော်ရှာဖွေကြည့်ရာ ရဲဘော်လေးနိုင်ဦး သေနတ်ထမ်းရင်းစည်းရိုးထဲသို့ဝင်လာသည်ကိုကျနော်တွေ့လိုက်သည်နှင့် “တပ်မှူး ရယ် ကျနော်တောကြက်ပစ်လိုက်တာလွတ်သွားတယ်ဗျာ၊ ဒီတောကြက်တွေရဲ့စားကျက် ကျနော်သိ ထားတယ်” ဟုဆိုလာသည်။ “ဟုတ်လားကွ၊ မင်းကလည်းပစ်ရင်သေသေချာချာပစ်လေကွာ၊ဟင်းစား တစ်နပ်ရရင်လည်းနည်းတာမှတ်လို့” ဟုဆိုလိုက်မိသည်။
သူလည်းသူ့တဲအတွင်းသို့ခေတ္တ၀င်သွားပြီး နောက် “တပ်မှူး ကျနော်တောကြက်သွားချောင်းလိုက်ဦးမယ်”ဟု ပြောပြောဆိုဆိုသေနတ်ဆွဲကာ တောင်ကြောအောက်ဖက်သို့ဆင်းသွားတော့သည်။ မိုးချုပ်သည်အထိ ပြန်မရောက်ခဲ့။ ကျနော်အတော် စိတ်ပူသွားရသည်။ ရဲဘော်များကိုအနီးတစ်ဝိုက် လိုက်လံရှာဖွေ ခိုင်းသော်လည်းမည်သို့မျှရှာဖွေ၍မတွေ့ တော့။ နီးစပ်ရာတပ်စခန်းများသို့ စက်ဖြင့်မေးမြန်းသော်လည်း မရောက်ရှိကြောင်းသာ သိလိုက်ရ သည်။
နောက်ဆုံးရဲဘော်များကို မိသားစုများရှိရာရွာသို့သွားရောက်ရှာဖွေရန် တာဝန်ပေးရတော့သည်။ ရဲဘော်များလည်းညတွင်းချင်း မိသားစုများရှိရာသို့ အသော့နှင်၍ဆင်းခဲ့ကြရတော့သည်။ ရွာနှင့် တပ် စခန်းမှာ သုံးနာရီခန့်သွားရသည်။ ကျနော်လည်းစခန်းပေါ်တွင်နေမထိ၊ထိုင်မထိနှင့်အတော်ညဥ့်နက်မှ စက်ဝင်လာသည်။ ရဲဘော်လေးနိုင်ဦး ဆာလာအိတ်တစ်လုံးထမ်း၍ရွာသို့ဝင်လာကြောင်းနှင့် ဆက်၍ ထိုင်းနိုင်ငံဖက်သို့ ထွက်သွားကြောင်းသာသိလိုက်ရသည်။
နောက်တစ်နေ့နံနက်သတင်းဆိုးတစ်ခုကျနော့ထံရောက်လာခဲ့ပြန်သည်။ ကျနော့ကိုထိုင်းစစ်တပ် နှင့်ရဲများမှတွေ့ဆုံလိုကြောင်း အကြောင်းကြားလာခြင်းပင်ဖြစ်သည်။ ကျနော်လည်း သူတို့ချိန်းဆို သည့် နန်းဆွယ်ရွာထိပ်ရှိ ထိုင်းရဲစခန်းသို့ရောက်သည်နှင့်စကားပြန်မှ “ခင်ဗျားတို့တပ်ကရဲဘော်လေး တစ်ယောက် အမ်-၁၆တစ်လက်နဲ့ ထိုင်းတစ်ယောက်ကိုလာပစ်သွားတယ်၊ခင်ဗျားတို့သူ့ကိုရအောင်ဖမ်း ပေးရမယ်” ဟုဆိုလာခဲ့သည်။ မည်သို့မျှမငြင်းသာသည့်အဆုံးဖမ်းပေးမည်ဖြစ်ကြောင်းကတိပေးလိုက် ရသည်။ ရဲဘော်လေးနိုင်ဦး၏ရုပ်ပုံကိုလည်း ထိုင်းတီဗွီများမှထုတ်လွှင့်နေသည်ကိုလည်းတွေ့လိုက်ရ သည်။ ဖမ်းဆီးရန်အတွက်လိုအပ်သည့်လက်နက်၊ရိက္ခာနှင့်ဓါတ်မီး၊ဆိုင်ကယ်၊ကားတို့ကိုလည်း ထိုင်း ဖက်မှစီစဉ်ပေးသည်။
ကျနော်လည်းသူသွားလာနိုင်သည့်နေရာများသို့ဝင်ရောက်ရှာဖွေရသည်။ တစ် နေရာပြီးတစ်နေရာရှာဖွေကြရာ နောက်ဆုံး စွပ်ဆွယ်ရွာလေးနံဘေးသို့ပင်ရောက်ရှိခဲ့သည်။ ကျနော် စီးနင်းလာသောဆိုင်ကယ်ကို ထိုင်းရဲ ကြာအောမှမောင်းနှင်လေသည်။ စွပ်ဆွယ်ကြိုးတံတားနားသို့ မရောက်မီ ရဲဘော်လေးနိုင်ဦး ငိုက်စိုက်ငိုက်စိုက်နှင့်ကားလမ်းအတိုင်းလှမ်းလာသည်ကို တွေ့လိုက်ရ သည်။ လက်ထဲတွင် ဓါးမြှောင်တစ်ချောင်းကိုကိုင်ဆောင်ထားလျက်ရှိသည်။ ကျနော်သူ့ကိုတွေ့သည် နှင့် “ နိုင်ဦး မင်းလက်ထဲကဓါးချပြီးငါ့စီကိုလာခဲ့” ဟုပြောလိုက်သည်နှင့်နောက်ကြောင်းပြန်ပြေးရန်ပြင် လိုက်သည်။
သူ့နောက်တွင်လည်း ထိုင်းတပ်မတော်မှစစ်သားများဝိုင်းရံထားကြောင်းသိလိုက်သည် နှင့် ကျနော့ထံသို့လှမ်းလာခဲ့တော့သည်။ ကျနော်ကလည်း “ မင်းကွာ ဘာတွေလျှောက်လုပ်နေတာလဲ၊ အခုတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ကုန်ပြီ” ဟုဆိုလိုက်သည်နှင့် “ တပ်မှူးရယ် ကျနော်လည်း ဘယ်လုပ်ချင်ပါ့မလဲ၊ အလုပ်သွားလုပ်တော့လုပ်အားခမပေးတဲ့အပြင် ပါးပါကျနော့ကိုရိုက်လိုက်တယ်၊ စိတ်နာလွန်းလို့တပ်ကသေနတ်ပြန်ယူပြီး ကျနော်လာပြန်ပစ်တာ၊လမ်းမကျွမ်းတာနဲ့ မျက်စိလည်ပြီး ထွက်မရဖြစ်နေတာ၊ကျနော့ကိုကယ်ပါအုံးဗျာ” ဟုဆိုရုံရှိသေးချိန် ထိုင်းစစ်သားနှင့်ရဲများမှ သူ့ကိုဝင် ရောက်ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်သွားတော့သည်။
ကျနော်တို့အားလုံး သည်နေရာ၊သည်ဒေသတွင် ရှေ့ဆက်ရပ်တည်နိုင်ရေးအတွက် သူ့ဘ၀ကိုကျနော်ဘာများကူညီပေးနိုင်ပါအံ့နည်း။
ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
၅-၂-၂၀၁၄