ကနေ့ ခေတ်လို ဒီမို မှ ဒီမို…ဖြစ်နေတဲ့ အချိန်မှာတောင်…ဒီမိုကရေစီ (လစ်ဘရယ် ဒီမိုကရေစီ) ထက် စေတနာကောင်းအာဏာရှင် (benevolent dictatorship) ကပဲ မြန်မာပြည်ရဲ့ အဖြေဖြစ်နိုင်မယ်လို့ ထင်နေဆဲပါပဲ…။ အာရှအောင်မြင်မှုတွေမှန်သမျှ (ဂျပန်၊တောင်ကိုရီးယား၊ စင်္ကာပူ၊တိုင်ဝမ်၊ လက်ရှိ တရုပ်အဆုံး) ဟာ ဒီ benevolent dictatorship နဲ့ တက်လာတာချည်းပဲ…။ ဒါကြောင့် လည်း အရှေ့ အာရှက အောင်မြင်မှုတွေကို Asian Miracle ဆိုပြီး ဘာသာရပ်တစ်ခု ပေါ်ထွန်းလာတာ…။ အရှေ့ ဟာ အရှေ့ အနောက်ဟာ အနောက်ပါပဲ..”East is East, West is West” ပါပဲ..။ အခြခံယဉ်ကျေးမှု ၂ ခုက တူမှမတူတာ..။
အနောက်နိုင်ငံတွေရဲ့ ဖွံ့ ဖြိုးမှုလမ်းကြောင်း (Development Path) မှာ အရင်းရှင်စံနစ်သည် ညှင်းပန်းမှု၊ လက်ဝါးကြီးအုပ်မှု တွေနဲ့ ရင့် ကျက်လာခဲ့ရပြီး အဆုံးစွန်အားဖြင့် ဈေးကွက်လုရင်း၊ ကုန်ကြမ်းတွေအတွက် ကိုလိုနီနုယ်မြေတွေ ချဲ့ ထွင်ရင်း…ကမ္ဘာစစ်ကြီးတွေနဲ့ ဒုက္ခပေးခဲ့လေတော့ ဒါကို တန်ပြန်ဖို့ ကွန်မြူနစ် စံနစ်ဆိုတာ ပေါ်လာတာပဲလေ....။ တကယ်က ဂရိအေသင်ခေတ်က စလို့ ဒီမိုကရေစီဆိုတာဟာလည်း ညှင်းပန်းမှု၊ ၀ိုင်းပယ်မှု၊ စတာတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့သမိုင်းပဲ…။ အရင်းရှင်စံနစ်အောင်မြင်မှုဖို့  ဒီမိုကရေစီစံနစ်ကျင့်သုံးပါတယ်ဆိုတဲ့ နိုင်ငံတွေ ဟာ တကယ့် သဘာဝမိခင် အမေရိကတိုက် (လက်တင် အမေရိက + မြောက်အမေရိက) ကို ကျွန်ပြုသိမ်းပိုက်တာတွေ၊ သဘာဝရင်းမြစ်တွေကို ထင်သလိုထုတ်ယူသုံးစွဲတာတွေ၊ ဒေသခံ တိုင်းရင်းသားတွေကို မျိုးတုန်းသတ်ဖြတ်တာတွေ ဟာ သမိုင်းမှာ ထင်ရှားခဲ့တာကိုး..။
ဒါတွေလုပ်ဆောင်ဖို့ အကြောင်းပြချက် (rationalization) က ဒီတိုင်းရင်းသားတွေဟာ လူရိုင်းတွေမယဉ်ကျေးတဲ့သူတွေမို့ ခရစ်ယန် ဘာသာသွတ်သွင်းပြီး ယဉ်ကျေးအောင်လို့ (civilize) ပါတဲ့….။ ကဲ ဖြေရှင်းချက်ကလေးက ဘယ်လောက်သင်းလိုက်သလဲ..။ လူဖြူတို့ အတွက် ၀န်ထုပ်ဝန်ပိုး (White Men’s Burden) ဆိုပြီးတောင် စာရေးဆရာအကျော်ကြီးက ရေးခဲ့မင့်ဟာပဲ..။ သနားစရာ သတ္တ၀ါလေးတွေမို့ လူဖြူအရှင်သခင်ကြီးတွေက ကယ်တယ်ရတယ့် ၀န်ထုပ်ဝန်ပိုးပေါ့လေ…။ ဒါကြောင့်ပဲ ဒီမိုကရေစီနိုင်ငံအချင်းချင်း စစ်မခင်းပါဆိုတဲ့စကားကို ဟစ်ကြွေးကြပေမယ့် ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရက်တိုက်ဇေးရှင်းက မျိုးတုန်းသတ်ဖြတ်မှုတွေ..့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ခဲ့တဲ့သမိုင်းကြောင်းက ထင်ရှားကျန်ရစ်ခဲ့တာပဲ..။ အနောက်က ချမ်းသာတဲ့ နိုင်ငံကြီးတွေ ဒီနေ့ ဒီအချိန်လို ရောက်လာဖို့ က အခြားသော နိုင်ငံတွေအပေါ် သွေးစုပ်ပြီးစုဆောင်းထားတဲ့ သယံဇာတတွေ ၊ ရင်းမြစ်တွေ စုပုံပြီး ဖြစ်ထွန်းလာတာ..။ Development of underdevelopment ဆိုတာ ဒါကြောင့်ပေါ်လာတာပဲ..။ “သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မာတာတည်း” ဆိုတာဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမှာ ခါးသီးတဲ့ အမှန်တရားတစ်ခုပဲ..။ သတ္တလောကမှာ ကြီးနိုင်ငယ်ညှဉ်း သဘောတရားလိုပေါ့..။
ဒီလိုပဲ …နိုင်ငံရေး၊စီးပွားရေး အယူအဆ စံနစ်တွေမှာလည်း ဖွံ့ ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ လမ်းကြောင်းအတိုင်း လိုက်ရင်ဖြင့် သူတို့ လိုပဲ ငါတို့ ဖြစ်မယ်ဆိုတာမျိုးကို တထစ်ချ တွေးပြီးလုပ်ခဲ့ကြတာပဲလေ…။ အထူးသဖြင့် စစ်ပြီးခေတ်လွန် နိုင်ငံငယ်တွေရဲ့ လမ်းစဉ်သဘောတရားတွေမှာပေါ…ဒါကို Encountering Development လို့ ခေါ်တာပဲ..။ ဖွံ့ ဖြိုးမှုဆိုတာ မလွဲမသေ မြေကြီးလက်ခတ်မလွဲ ကြုံရမယ့်အရာဆိုတဲ့ အယူအဆ။ ဒါကို အခြေခံပြီး Convergence Theory ဆို တဲ့ အဆုံးတနေ့ မှာ ကမ္ဘာ့နိုင်ငံအားလုံးဟာ ချမ်းသာမှု ဖွံ့ ဖြိုးမှုမှာ စုဆုံလာမယ်ဆိုတဲ့ လမ်းကြောင်းအယူအဆကို အဟုတ်တကယ်ထင်ခဲ့ကြတာကလား..။ ကနေ့ ခေတ်မှာ တိုင်းပြည်တွေအချင်းချင်းကြားမှာတင်မက…တိုင်းပြည်တစ်ခုအတွင်းမှာကိုပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက ပိုပိုကျယ်လာ ကြီးလာတာကို မြင်ရတော့ ဆန့် ကျင်ဘက် Divergent Trend ကွဲပြဲလာတဲ့ လမ်းကြောင်းက ထင်ရှားလာလေရဲ့ ..။
ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုးရေးရှင်းကြီးတွေရဲ့ ပိုင်ဆိုင်မှုက ဆင်းရဲတဲ့ အောက်ခြေဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ဂျီဒီပီ ထက် များစွာပိုနေတာကို တွေ့ ရတာပဲလေ..။ ဆန္ဒရှိရင် ဘီလ်ဂိတ်က မြန်မာလို နိုင်ငံမျိုးကို တီရှပ် ၀ယ်သလို ၀ယ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ဒါကိုပဲ Inequality ခေါ်ကြတာပါပဲ.။
အဲ..အချို့ ကိုလိုနီလွတ်မြောက်ခါစနိုင်ငံတစ်ချို့ ကတော့ ဒီနိုင်ငံကြီးတွေကို
အမှီလိုက်ဖို့  ဖြတ်လမ်းနည်း rapid development ဆိုပြီး စီမံကိန်းချ စီးပွားရေးစံနစ် (planned economy) ပုံစံတွေကို လက်ဝဲ ၀ါဒအောက်မှာ အကောင်အထည်ဖေါ်လိုက်တာမှာ ၉၀ ၀န်းကျင် ဆိုဗီယက်ကြီး ပြိုလဲတာနဲ့ အတူ ချုံးချုံးကျ ပြိုလဲကုန်တော့တာပဲ….။ သူတို့ ရဲ့ အကြောင်းပြချက်က ကမ္ဘာ့စီးပွားရေးစံနစ်၊ နိုင်ငံရေးစံနစ် တွေဟာ အထက်မှာပြောခဲ့သလို ကြီးနိုင်ငယ်ညှဉ်း သွေးစုပ်ဖို့ ခွင်ကြီးအဖြစ် ဖန်တီးပြီးသားဖြစ်နေတယ်တဲ့…(Exploitative Structure)။ World System Theory တို့ ဘာတို့ ဆိုတာ ဒါပဲ..။ လက်တင်အမေရိက ပြဿာတွေ ကို အခြေပြုလေ့လာပြီး ဖေါ်ထုတ်ခဲ့တဲ့ အယူအဆ..။ ဒီစံနစ်ကြီးက လွတ်မြောက်ဖို့ ဆိုရင် ဒီ သွေးစုပ်တဲ့စံနစ်ကြီးကဝေးရာမှာနေရမယ်ဆိုပြီး တံခါးပိတ်နေလိုက်တာ ဒီနေ့ လင်တင်အမေရိကားဟာ တချိန်က အပြတ်အသတ်သာတဲ့ အရှေ့ အာရှက တောင်ကိုရီးယားကို မမှီတော့တဲ့ အခြေကို ဆိုက်သွားတာပေါ့..။ အကောင်းဆုံးသက်သေကတော့ ရွှေမြန်မာပေါ့..။ တချိန်က ငတ်ပြတ်နေတဲ့ ကိုရီးယားကို တောင်ဆန်ချေးနိုင်ခဲ့တဲ့ နိုင်ငံဟာ မဆလ၊န၀တ တံခါးပိတ် (Isolation) ပေါ်လစီအောက်မှာ စုတ်ပြတ်သတ်သွားတော့တာပဲ..။
အဲ…အခု မင်းသားတောင်ကိုရီးယားဟာ ဖက်ဆစ်ဂျပန်ကို အတုခိုးပြီး ဒီနေ့ ဇတ်ခုံပေါ်ရောက်လာတာ..။ အထက်မှာပြောခဲ့သလို အနောက် ကမ္ဘာ နိုင်ငံတွေရဲ့ စီးပွားရေးစံနစ်၊ လူမှုရေးစံနစ်၊ နိုင်ငံရေးစံနစ်တွေဟာ သူတို့ သမိုင်းကြောင်းဖွံ့ ဖြိုးမှုနဲ့ တွဲရက် ဖွံ့ ဖြိုးလာတာ..။ တကူးတက သူများဆီကသင်ယူပြီး တည်ဆောက်ယူလာခဲ့တာမဟုတ်ဘူး….ကျွဲကူးရေပါဖြစ်လာတာ..။ ဒါက သူတို့ ရေခံမြေခံယဉ်ကျေးမှု.။ အဲဒါကို အာရှသားတွေဖြစ်တဲ့ ဂျပန်တို့  ကိုရီးယားတို့ က လုံးဝ ထပ်တူကျ အတုခိုးအကောင်အထည်မဖေါ်ပဲ ကိုယ်ပိုင်နည်းနဲ့ အကောင်အထည်ဖေါ်လို့ Asian Miracle ဆိုပြီးဖြစ်လာတာ..။ အရင်က အာရှသားတွေဆိုတာ သူတို့ ဥရောပသားတွေလောက် အတွေးအခေါ်မကောင်းဘူးထင်တာကိုး..။ ဆိုတော့ ဒီ့ Asian Miracle အာရှရဲ့ အံ့သြဘနန်းမှုဆိုတာ ဘာလဲ..။
ဂျပန်က အစပြုလိုက်တဲ့ ဒီဖွံ့ ဖြိုးမှုလမ်းကြောင်းကို State-led Development သို့ မဟုတ် Developmental State ဆိုပြီးခေါ်ကြတာပဲ..။ အနောက်နိုင်ငံတွေမှာ အစိုးရက စီးပွားရေးမှာ ၀င်ပါတာမှမရှိပဲ..။ အရင်းရှင်ဈေးကွက်စီးပွားရေးဆိုတာ အစိုးရက ၀င်နှောင့်ယှက်လို့ ရတာမှမဟုတ်ပဲ..။ အစိုးရက သူ့ အလုပ် သူလုပ် စီးပွားရေးသမားက သူ့ စီးပွားသူရှာ..အစိုးရကို အခွန်ပေး..။ အစိုးရက စည်းမျဉ်းစည်းကမ်းတွေနဲ့ စောင့်ရှောက်…ဒီလို အပြန်အလှန်သွားတဲ့ သမိုင်းကြောင်ကိုး..။ ဆိုရှယ်လစ်ဘရယ်လို့ ခေါ်ကြတဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ အချို့ လုပ်ငန်းတွေမှာ နိုင်ငံတော်က ကိုင်တာတော့ရှိတာပေါ့လေ..။ ဒါပေမယ့် အစိုးရက အရာရာရှေ့ ကနေဦးဆောင်၊ ဖွံ့ ဖြိုးမှုစီမံကိန်းတွေချ၊ အစွမ်းအစရှိတဲ့ စီးပွားရေးသမားတွေကိုရွေးချယ် ပြီးကူညီလုပ်တာမျိုးမှမရှိပဲ..။
ဒီလိုနိုင်ငံတော်က ဦးဆောင်တဲ့ ဖွံ့ ဖြိုးမှုလမ်းကြောင်းကို စပြီးဖေါ်ထုတ်တာ ဂျပန်ပဲ..။ ဒါကို ကိုရီယားက အတုယူတာ..။နောက် ဆုံးအခု တရုပ်ကြီးထိ..။ ဒီလို Developmental State တွေရဲ့ အားနည်းချက်က ဒီဖွံ့ ဖြိုးမှုစီမံကိန်းတွေရဲ့ ဒဏ်ကို အောက်ခြေပြည်သူတွေ ခါးစည်းခံရတာပဲ..။ လူ့ အခွင့်အရေးတွေ ချိုးဖေါက်ပြီးတည်ဆောက်ကြတာပဲ…။ ဂျပန်မှာ ဒိုင်ဘတ်ဆု (စီးပွားရေးလုပ်ငန်းစုကြီးတွေ) တွေဖွံ့ ဖြိုးဖို ပြည်သူတစ်ဦးချင်းစီရဲ့ ချွေးနှဲစာ အခွန်တွေနဲ့ ထောက်ပံရတယ်..။ တောင်ကိုရီးယားရဲ့ ပတ်ချုံဟီးဟာ သူ့ ရဲ့ ချေဗိုတွေ (စီးပွားရေးလုပ်ငန်းစုကြီးတွေ) အောင်မြင်ဖို့ အလုပ်သမားလူတနုးစားကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တာပဲလေ..။ ဒါပေမယ့် ဒီစီးပွားရေးအုပ်စုကြီးတွေ အောင်မြင်လာတာနဲ့ အတူ စီးပွားရေး ကြီးထွားမှု (Economic Growth) ရဲ့ အကျိုးဆက်အဖြစ် ဒီလုပ်ငန်းကြီးတွေရဲ့ အောင်မြင်မှုအသီးအပွင့်ကို တိုင်းပြည်တစ်ခုလုံး ဝေမျှခံစားလာကြတာ….ဒါကို Trickle Down Effect လျှံကျလာတဲ့ စီးပွားရေးအကျိုးသက်ရောက်မှုလို့ ခေါ်တာပေါ့….။
ဒီလို အစိုးရဦးဆောင် ဖွံ့ ဖြိုးမှုကို အကောင်အထည်ဖေါ်ဖို့ ဆိုရင် သန်မာတဲ့ အစိုးရ (strong government) နဲ့ အုပ်စိုးမှုကောင်း (good governance) ရှိဖို့ လိုတယ်...လူကြိုက်မများတဲ့စကားလုံးကိုသုံးရရင် dictatorship လိုတယ်ပေါ့.။ ဒီ developmental state တွေအကြောင်းပြောရင် ကိုရီးယားပညာရှင်တွေကိုယ်တိုင်က ဒီရွေးခြယ်မှုကို လုပ်တော့မယ်ဆိုရင် ၂ ခါပြန်စဉ်းစားပါဦးတဲ့…။ အခန့် မသင့်ရင် အာဏာရှင်စံနစ်ကြီးတည်မြဲသွားတာကိုး..။ အကြွင်းမဲ့ အာဏာရှင် ကိုမွေးထုတ်ဖို့ အကောင်းဆုံးလမ်းကြောင်းဖြစ်နေတာကိုး…။ တောင်ကိုရီးယားရဲ့ ပတ်ခြုံဟီးသည် အရက်စက်ဆုံး အာဏာရှင်ပါ..ဒါပေမယ့် စီးပွားရေးကို တဟုန်ထိုး ဦးမော့လာအောင် သူက အာဏာကိုရက်စက်စက်အသုံးပြုခဲ့တာ…။ စီးပွားရေး စွမ်းဆောင်ရည် (Economic Efficiency) ဆိုတာ ဟိုလိုလို ဒီလိုလို ခေါင်းဆောင်မှုမျိုးနဲ့ မရဘူးကိုး..။ Development State မှာ ခေါင်းဆောင်တွေ အားလုံးက အာဏာရှင်တွေဖြစ်ပေမယ့်..လိကွမ်ယူးလို ကောင်းမွန်တဲ့ benevolent ဖြစ်တဲ့ ခေါင်းဆောင်ထက် မူဂါဘီလို ခေါင်းဆောင်တွေက များတာက လက်တွေ့ ပဲ…။ ဒါကြေင့် ဒီလို နိုင်ငံတော်ခေါင်းဆောင် ဖွံ့ ဖြိုးမှုလမ်းကြောင်းက အန္တရာယ်များတာ..။
ဒါပေမယ့်လည်း အာရှလူ့ အဖွဲ့ အစည်းတွေရဲ့ ယဉ်ကျေးမှုက အနောက်နဲ့ မတူပဲ အာဏာရှင်ရေခံမြေခံတွေလို့ ဆိုစရာရှိတယ်…။ အထူးသဖြင့် ဆိုခဲ့တဲ့ အရှေ့ အာရှကျားတွေ (East Asian Tigers) ဟာ အထက်လူကြီး၊ ဆရာသမား၊ မိဘ စတာတွေကို အနောက်နိုင်ငံတွေနဲ့ မတူ ပျတ်ဝပ်ရိုကျိုးရတဲ့ ကွန်ဖျူးရှပ်ယဉ်ကျေးမှုထွန်းကားတဲ့တိုင်းပြည်တွေ..။ မြန်မာနိုင်ငံမှာလည်း ဒီသဘောပဲ..။ ဘုန်းကြီးတွေဆိုတာ အနောက်နိုင်ငံသားတွေရဲ့ အမြင်မှာ အာဏာရှင်တပိုင်းပုဂ္ဂိုလ်တွေပဲ..။ ဒီလို အရိုအသေးပေးမှုကို ထောက်ပြထားတဲ့ ဟားဗတ်က ကျောင်းသားအုပ်စု သုတေသနပြုထားတဲ့စာတမ်းကို သီတဂူဆရာတော်ဝေဖန်တာ တွေ့ ဖူးတယ်…။ ဒေါက်တာ မောင်မောင်ကြီးကလည်း ဒီအာဏာရှင်စရိုက်အားပေးတဲ့ မြန်မာ့ နိုင်ငံရေးဓလေ့နဲ့ယဉ်ကျေးမှုအကြောင်းရေးတထားတာလည်းဖတ်ဖူးတယ်...။ ဆိုလိုတာက မြန်မာ့ယဉ်ကျေးမှုဟာ လည်း အာဏာရှင်ရေခံမြေခံဆိုတာပါ…။
ဒါပေမယ့် benevolent ဖြစ်တဲ့ စိတ်ကောင်းစေတနာကောင်းရှိတဲ့ ခေါင်းဆောင်အာဏာရှင်ဆိုတာမျိုးကလည်း ရှာမှရှားဆိုတာ သမိုင်းက သက်သေခံနေပြန်ရော..။ မြန်မာ့ခေါင်းဆောင်မှုအရည်အသွေးက Absolute power corrupts absolutely ဆိုတာ လယ်ပြင်မှာဆင်သွားသလို ကိုး..။ အောက်ခြေ ပြည်သူရဲ့ အသိအမြင်နဲ ယဉ်ကျေးမှုက အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုနဲ့ ပြောင်းလဲမှဖြစ်မယ်မြင်တယ်..။ အထူးသဖြင့် Agrarian Change လို လယ်ယာကန္တအပြောင်အလဲဟာ တွန်းတွန်းတိုက်တိုက်လုပ်ရတဲ့ dictatorship နဲ့ သွားမှရတာ..။ မြန်ဆန်တာ..။ ဗီယက်နမ်ရဲ့ စုပေါင်းလယ်ယာနဲ့ သမ၀ါယမ စံနစ်တွေအောင်မြင်တာ ဒါကြောင့်ပဲ..။ ဒီလို အခင်းအကျင်းမှာ ဒီမိုကရေစီ နဲ့ သွားတာက အချိန်ကြာမယ်..။ အခန့် မသင့်ရင် တ၀ဲလည်လည်နဲ့ ပဋ္ဋိပက္ခ လမ်းကြောင်းမှာ ပတ်မိတော့တာပဲ..။ ဒီကနေ့ မြေသိမ်းယာသိမ်း ပြဿနာတွေ ၊ ကျူးကျော်တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တဲ့ စီမံချက်တွေ ဆိုတာ ဒီမိုကရေစီဆန်ချင်တဲ့ အစိုးရ လက်ထက်မှာ သောသောညံလာတာက သက်သေပေါ့..။ အစိုးရဘက်က ကြည့်ရင်လည်း ဒါတွေက နိုင်ငံတော်တည်ဆောက်ခြင်း လို့ မြင်လို့ ရတာပေါ့လေ….ခစားမှု၊ ခရိုနီ စတာတွေ က တပိုင်းပေါလေ။နိုင်ငံတော်တည်ဆောက်တာ (State building) ဆိုတာဒီ စီမံချက်တွေမရှိပဲ မပါဘဲ ဖြစ်မှမဖြစ်တာ..။
နောက်တစ်ခုက ဒီလို Development as Social Process ဆိုပြီး ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားဖို့ ဆိုရင် နိုင်ငံသားတွေရဲ့ အသိအမြင်ရေချိန်ကစကားပြောတယ်..။ Right & Obligation ကို မသိပဲနဲ့ ဆိုရင် ဆန္ဒပြပွဲတွေသာ တရုန်းရုန်းဖြစ်လာဖို့ ရှိပြီး ရှေ့ ဆက်မတိုးနိုင်မှာကလည်း တခက်ပေါ့..။ အစိုးရကိုယ်တိုင်က လည်း ရိုးသားရဦးမယ်..။ ပြည်သူဘက်ကလည်း ရိုးသားမှုရှိရဦးမယ်..။ ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့ Obligation ကိုလည်း ၂ဘက်စလုံးကနားလည်မှ..။ တောင်းသာတောင်းတတ် (Right) ပြီး ကိုယ်ကပေးရမယ့် (Obligation) ကို တော့ မပေးဘူးဆိုရင် ပဋ္ဋိပက္ခတွေကနေ ရှေ့ တက်မှာမဟုတ်ဘူးကိုး..။
နောက်တစ်ခုက ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဆိုရင် ပြည်တွင်းစစ်တွေ ပြေငြိမ်းသွားမလား..။ ဒါလည်း အပ်ကျမတ်ကျ သေချာတဲ့ လမ်းကြောင်းတော့လည်းမဟုတ်ဘူး..။ နော်ဝေ အထောက်အပံ့ကိုယူပြီး Liberal Peace သဘောတရားတွေနဲ့ အကောင်အထည်ဖေါ်တာမအောင်မြင်ဘဲ ရက်ရက်စက်စက်ခြေမှုန်းမှ ပြည်တွင်းစစ်ရပ်သွားတဲ့ သိရိလင်္ကာ ဥပမာကလည်းရှိနေသေးတယ်…။ မြန်မာပြည်မှာတော့ ခုထိ အခြေအနေကောင်းဆဲမို့ မျှော်လင့်စရပဲ…။ နောက်တစ်ခုက ဒီမိုကရေစီပြုခြင်း (Democratization) နဲ့ အတူ တွဲပါလာလေ့ရှိတဲ့ အမျိုးသားရေးဝါဒ (Nationalism) အားကောင်းလာတာကို ဘယ်လို ထိမ်းသိမ်းမလဲ..။ ဒီ အင်အားစုကို ထိပ်တိုက်တိုးရင်တော့ ကိုယ်ကျိုးနဲဖို့ ပဲရှိတယ်…မဟုတ်ရင် လူမျိုးရေး၊ ဘာသာရေးအဓိကရုန်းတွေထဲမှာ ပိတ်မိတော့မယ်..။
ဘာပဲပြောပြော ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွားရင်တော့ အချိန်ကြာမယ်...အထူးသဖြင့် ပျော့ညံ့တဲ့ခေါင်းဆောင်မှုနဲ့ စိတ်ကူးယဉ်လွန်းတဲ့ ခေါင်းဆောင်မှုအောက်မှာဆိုရင် ပဋ္ဋိပက္ခထောင်ချောက်မှာပိတ်မိမယ်…။ လူတွေကတော့ လွတ်လပ်တာပေါ့..။ ဆင်းရဲတွင်းထဲမှာ ရှိနေဦးမယ်ဆိုတာကလည်း မေ့ လို့ မရဘူးကိုး..။ ဒီမိုကရေစီဘိုးအေကြီးတွေ မျှော်တလင့်လင့်နဲ့ အားပေးတဲ့ မြန်မာ့မော်ဒယ်ကတော့ လာမယ့် နှစ်တွေမှာ ကောင်းကောင်းကြီး အစမ်းသပ်ခံရတော့မှာပါ…။
ဂျပန်ကြီးက ရှေ့ ဆုံးက သူ့ နောက်က ကိုရီယားအစရှိတဲ့ အာရှနိုင်ငံတွေအသီးသီးလိုက်ကြတဲ့ Flying Geese Model မှာ ရွှေ မြန်မာဟာ ရှေ့ တဆင့်တက် ရောက်လာမလားဆိုတာ…
By
Athenian Ahnyarthar
https://www.facebook.com/socretes.athensian/posts/537261903038698 မှကူးယူဖော်ပြသည်