"မောင်ဖိုးချို နှင့် အော်ပတီမစ်ဇင်း " ( Optimism = အကောင်းမြင်ဝါဒ )
( for the sake of heading "တို့တိုင်းပြည် မောလိုက် ရယ်လိုက်" )
= = = = = = = = = = = = = = = = = = = = = = = = = = = = =
. . . . . ယနေ့ကား အဆင်မပြေသောနေ့ဟုပင် မောင်ဖိုးချိုထင်မိသည်။ အိပ်ယာမှ ထ ၊ မျက်စိနှစ်လုံးပွင့်၍ ၀ါးခနဲ တစ်ချက်သမ်းသည်တွင် ပါးစပ်ထဲသို့ ယင်ကောင် ၀င်လေဧ။်။ ချီးယင်ကောင်ဟုခေါ်သော ယင်ကောင်ကြီးမျိုးဖြစ်ရကား အတော်ပင် အော့ချင်စရာကောင်းတော့သည်။
. . . . . ကုတင်ခေါင်းရင်းတိုင်မှ သားရေကွင်းကိုယူပြီးနောက် ယင်ကောင်ကို သေချာစွာ ချိန်ရွယ်ဧ။်။ လွှတ်မည်ပြုသော် ဘုရားခန်းမှ မိခင်ဖြစ်သူဧ။် နောင်ခနဲထုသော ကြေးစည်သံကို ကြားရချေဧ။်။ မျက်နှာမှ မသစ်ရမီ ပါဏာတိကံကျူးလွန်ရန် ပြင်မိလျက်ဖြစ်နေသော ကိုယ့်ကိုကိုယ်ပြန်မြင်မိသည်နှင့် စိတ်နှင့်လက်ကို တစ်ချက်တည်း ဘရိတ်အုပ်လေရာ လားရာလွဲရှာသောသားရေကွင်းက မိမိလက်ညှိုးကို ပြန်ဆော်လေသည်။
"တောက် " . . . အတော်နာသဖြင့် တက်ခေါက်သံက ကျယ်လေဧ။်။ ယင်ကောင်နားထားသော လျှာအား ချက်ချင်းပင် သတိရလေသည်။ လျှာ နှင့် အာခေါင် ထိစပ်ရာမှ ပူသလို ယားသလို ဘာဂလိုတိုတိုဖြစ်လာသည်နှင့် မျက်နှာသစ်ရန် အမြန်ပြေးရတော့သည်။
. . . . . ထို့ကြောင့်ပင် ယနေ့ကား အဆင်ပြေဖွယ်သိပ်မရှိသော နေ့ဟုပင် မျက်နှာသစ်ရင်း မောင်ဖိုးချိုတွေးမိဧ။်။ အဓိပ္ဖာယ်မရှိ ၊ တယူသန်စွဲသော စိတ်အားဖြင့် ကိုယ့်ကိုကိုယ် နှိပ်စက်ရာရောက်ကြောင်း ဆင်ခြင်ရာမှ အဘိုးဖြစ်သူအား သတိရလေသည်။"ကံဆိုတာ ကိုယ်ကကောင်းတယ်ထင်ရင် ကောင်းတာပဲ။ မကောင်းဘူးထင်ရင်လည်း မကောင်းဘူးပေါ့။ ကြည့်သူနဲ့ပဲ ဆိုင်တယ်။ ဥပါဒါန်ကြောင့် ဥပါဒ် မရောက်စေနဲ့"ဆိုသော အဘိုးစကားကို နားတွင်ကြားယောင်မိတော့သည်။
. . . . . မောင်ဖိုးချိုဧ။် အဘိုးကား အတော်ပင် နှလုံးသွင်းကောင်းသူတစ်ယောက် ဖြစ်လေသည်။ သူစားမည့် ထမင်းပျော့သော် ၀ါးရလွယ်သဖြင့် ကောင်းသည်ဟု ဆိုဧ။်။ မာသော် အစာခံသဖြင့်ကြိုက်သည် ဆိုဧ။်။ အနေတော်ဖြစ်သော် ထမင်းချက်တော်သဟေ့ ဟုပင် ဆိုတတ်သူဖြစ်ဧ။်။ အကောင်းမြင်သမား လုံးလုံးဖြစ်တော့သည်။
. . . . . လောကကြီး၌အကောင်းမြင်ခြင်းသည်လည်းကောင်း ၊ အဆိုးမြင်ခြင်းသည်လည်းကောင်း အမှန်ကို သွေဖည်ရာရောက်စေတတ်သဖြင့် မနှစ်သက်အပ်လှ ဟု မောင်ဖိုးချို ကြားဘူး ဖတ်ဘူးလေသည်။ မောင်ဖိုးချိုငယ်စဉ်ကမူ စကားသွက်သွက်နှင့် ဘိုးအေဖြစ်သူအား သူဧ။်အကောင်းမြင်ဝါဒကြီးကို စပ်စုလေ့ရှိဧ။်။ ယခုဤလို စာသံပေသံနှင့်တော့ ဝေးလှပေသည်။ အဘိုးရှိသေးလျှင်ကား တစ်ချီတစ်မောင်း ကောင်းကောင်းကြီး ပြောချင်နာချင်လှပေသေးဧ။်။ "မှတ်တော့မောင် ၊ အဆိုးတွေ သိပ်များလွန်းလာတဲ့အခါမယ် လူဟာ စိတ်ဆင်းရဲပင်ပန်းရတယ်။ ရှောင်လွှဲလို့လည်းမတတ်သာတဲ့အခါမှာ ဆိုးတော့ဆိုးပေမယ့် အဆိုးကြီးမဟုတ်သေးပါဘူးလေ လို့ အကောင်းဘက်ကမြင်တတ်တဲ့စိတ်ဟာ တဒင်္ဂအတွင်း လူကိုငြိမ်းအေးစေတယ်။ ဖြတ်သန်းရမယ့် တစ်ဘ၀ချင်းအတူတူ ငိုဟယ်ညည်းဟယ် ဖြတ်မယ့်အစား ကြုံလာတဲ့ဒုက္ခတွေကို ရယ်စရာသဘောထားပြီး ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းလိုက်တော့မပေါ့ မောင်"။
. . . . . မိမိလို ပါးစပ်ထဲသို့ ချီးယင်ကောင်ဝင်သော် အဘိုးဘာပြောမလဲ သိချင်လှဧ။်။ ယခင်နေ့များကသို့ နေမြင့်သည်အထိဆက်မနှပ်နိုင်တော့ပဲ စောစောစီးစီးမျက်နှာသစ်ဖြစ်သွားသောအချက်ကိုပဲ ကောင်းလှပေသည် ဆိုချိမ့်ရော့မည်ထင်ဧ။်။ သွားတိုက်ရင်း စဉ်းစားရာမှ ပြတင်းဝတွင်လာနားသော ငှက်ပိစိကလေးကို မြင်ရသည်။ ငှက်ကလေးက တေးသီရှာဧ။်။ အလွန်ပင်နားထောင်ကောင်းလှချေပြီ။ ထွက်ပြူစနေမင်းနှင့် အမျှဝေသံနှင့် ငှက်ကျေးဧ။်တေးသံနှင့် သြကာသလောကကား ပနာရလှဧ။်။ ချီးယင်ကောင်ကျေးဇူးပေတကားဟု ဆင်ခြင်မိသော် မောင်ဖိုးချိုပြုံးမိတော့သည်။
. . . . . ရွှင်လာသောစိတ်တွင် တမြန်နေ့က လက်ဆောင်ရလာသော နိုင်ငံခြားကော်ဖီမှုန့်ထုပ်ကလေးကို ပြေးမြင်မိဧ။်။ မောင်ဖိုးချိုကား ကြေးများသူတစ်ဦးမဟုတ်သဖြင့် မြန်မာပြည်သားအများသူငါလိုပင် ပြည်တွင်းဖြစ်ကော်ဖီမစ်ထုပ်ကလေးများနှင့် နှစ်ပါးသွားမြဲဖြစ်ပေရာ ယခုနှစ်ပိုင်းများတွင် ကြားလာရသောသတင်းများအလျောက် ကော်ဖီမစ်ထုပ်ကိုဖောက်ရန် အတန်ဝန်လေးလာတော့သည်။ ထန်းလျက်နှင့် မန်ကျည်းစေ့နှင့် မှိုဆေးနှင့် ဓါတုအနံ့နှင့်ဟု ဆိုကြပေရာ ဟုတ်ချင်မှလည်းဟုတ်လိမ့်မည်။ ဟုတ်ကောင်းလည်း ဟုတ်လိမ့်မည်။ သောက်ရသည်မှာတော့ တယ်ခံတွင်းမတွေ့လှတော့ချေ။ ယခုသော် ကံကော်သဖြင့် ကော်ဖီမစ်ထုပ်များနှင့် ခဏတာဝေးခွင့်ရပေတော့မည်။ ကော်ဖီမှုန့်ထုပ်ကလေးကို ဖောက်၍ရှူမိသော် လေများပင်ချွန်မိဧ။်။
. . . . . ရေနွေးအိုးကိုဖွင့်သော် မီးမလင်းချေ။ မီးပြတ်နေချေပြီ။ မောင်ဖိုးချိုဧ။်စိတ်သည် အောက်သို့ပြန်ဆင်းရရှာဧ။်။ တယ်ခက်သော တို့တိုင်းတို့ပြည်ပေတကား။ ပင်လယ်ရပ်ခြားတိုင်းတပါးက ထုတ်လုပ်သော အနှီကော်ဖီမှုန့်ကို မောင်ဖိုးချိုသောက်ရစိမ့်သောငှာ တကူးတကန့်ဆောင်ယူလာပေးသူ ရှိသော်ငြား အမိနိုင်ငံတော်ကြီးက ကောင်းစွာသောက်ခွင့်ပြုချင်ပုံမရလေ။ ဓါတ်ဘူးသို့လက်လှမ်းသော် ရေနွေးများကား ကောင်းစွာမပူတော့ပေ။ ပေါက်ဖော်ကြီးတို့ပြည်မှထုတ်လုပ်သော ဓါတ်ဘူးမဟုတ်တုံလော။
. . . . . စိတ်ပျက်မိသော မောင်ဖိုးချိုသည် လက်ဘက်ရည်ဆိုင်သို့ထွက်တော့သည်။ အဘိုးအဆိုရဆိုလျှင် ကာကာဆိုင်တည်း။ အဘိုးတို့ခေတ်ကား ဤသို့မရှုပ်လှသဖြင့် စိတ်ပျက်စရာလည်း နည်းပါးကောင်းတော့သည်။ ကော်ဖီမစ်ထုပ်လည်း မရှိချေ။ "ကာဖီတစ်ခွက် . . ချိုင့်ဆွဲကလေး"ဆိုသော် လုံလောက်ချေပြီ။ 'ကာဖီ ကာဖီ'ဟု စိတ်တွင်ရေရွတ်လာသော မောင်ဖိုးချိုအား လမ်းထိပ်လက်ဘက်ရည်ဆိုင်ဘေးမှ လော်စပီကာက ဆီးကြိုတော့သည်။
"ဟုတ်ကဲ့ပါ ခင်ဗျ . . စေတနာသုံးတန် ပြဌာန်းပြီး ဒီလိုလှူရတဲ့ အကျိုး . . . ""၀ိုး ၀ိုး ၀ိုး . . ၀ိုပါဂန်းနန်းစတိုင် . . ၀ို့ ၀ို့ ၀ို့ . . "
. . . . . မောင်ဖိုးချိုဧ။် ကာဖီအိပ်မက်ကလေးကား ဤတွင်ပင် နိဌိတံရှာတော့သည်။ လက်ဘက်ရည်ဆိုင်တွင်လည်း လူမရှိပေ။ ဆိုင်ရှင်လည်း မျက်နှာမသာမယာနှင့် ထိုင်နေရှာဧ။်။ လော်စပီကာမှ သာဓု သာဓု အသံကို နားကြားပြင်းကပ်လှပေမည် ထင်ဧ။်။ ခက်သော အပါယ်သားနှစ်ကောင်ပေတည်း။
. . . . . အပါယ်လား၍ ငရဲမသွားချင်သေးသော မောင်ဖိုးချိုသည် လော်ကိုမျက်နှာလွှဲလျက် သူဧ။်အစ်မအိမ်သို့သာ သွားရန်ရွေးချယ်လိုက်တော့သည်။ စောစောစီးစီး မိမိအားကုသိုလ်ရစေချင်လှသော ဓါတ်စက်နှင့်လော်ကို ကျောခိုင်းကာ ဘတ်စ်ကားသို့ တက်လေသည်။ "ကျားတစ် တွယ်မယ် "၊ ကားကအရှိန်လျှော့ပေးရှာသည်။ စပယ်ယာက လက်ကမ်းသယောင်ပြုဧ။်။ ကိုယ့်အားကိုယ်ကိုးကာ အပေါက်ဝမှသံတိုင်ကို အမိအရတွယ်ရဧ။်။ တိုင်းခြားတပါးတွင်ကား မစွမ်းသန်သူများပင် ဘီးတပ်ကုလားထိုင်နှင့် မိမိဘာသာလှိမ့်တက်နိုင်သည်ဟု ကြားဘူးသည်။ စပယ်ယာလည်း မရှိ ဆိုသေးတကား။ ဟုတ်ပင်ဟုတ်ပါချေမည်လော ထင်မိဧ။်။ တို့တိုင်းတို့ပြည်ကြီးတွင် ဘီးတပ်ကုလားထိုင်နှင့် ဘတ်စ်ကားစီးမည်ဆိုသော် . . . . ၊ မောင်ဖိုးချို ရင်ထဲတွင် ကျလိကျလိဖြစ်လာသည်နှင့် ဘိုးအေကြီးထံ အာရုံပြန်လွှဲဧ။်။ ဤလိုလေ့ကျင့်ပျိုးထောင်ပေးမှုကြောင့် ကျန်းမာသန်စွမ်းလှသော တိုင်သူပြည်သားများဖြစ်ခွင့်ရကြသည်ဟု မှတ်ရန်ပေ။ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ကြရမည်တည်း။
. . . . . ပို၍ကျန်းမာတောင့်တင်းစိမ့်သောငှာ ဒရိုင်ဘာက ဘရိတ်ကိုဆောင့်အုပ်လေဧ။်။ ကျွီ . . အို . . အမေ့ . . အား . . ဘုရား ၊ အာမေဋိတ်သံများအလယ်တွင် အပျိုမက သူ့နောက်မှလူကြီးကို မျက်စောင်းထိုးဧ။်။ ရှေ့ဆုံးမှကိုယ်တော်သည် နဖူးတော်ကို သွေးတော်ထွက်လေသလောဟု စမ်းတော်မူဧ။်။ ဈေးခြင်းတောင်းနှင့်မိန်းမကြီးမှာ ထဘီကို အနိုင်နိုင်ပြင်ဝတ်ရှာသည်။ အမူးသမားတစ်ယောက်ကား ပြန်မထနိုင်သဖြင့် စပယ်ယာက ထူမယောင်ယောင် တွန်းချမယောင်ယောင် ပြုနေဧ။်။ ကြက်ဥတာနှင့် မုတ်ဆိတ်ကြီးက တောက်ခတ်သည်။ ကြက်ဥတာအောက်ခြေသို့ စမ်းလိုက် လက်ကိုပြန်နမ်းလိုက် နှင့်ရှိတော့သည်။ နောက်ပိုင်းခုံမှ အတွဲငယ်ငယ်ကလေးမှာကား ဘာတွေသဘောကျချေသည်မသိ ၊ တခွိခွိနှင့် ဒရိုင်ဘာကြီးကိုပင် ကျေးဇူးတင်နေပုံရတော့သည်။
. . . . . မောင်ဖိုးချိုလည်း မိမိဘေးမှ ဟန်ချက်ပျက်၍ယိမ်းထိုးသွားသော အဒေါ်ကြီးအား ဖေးကူရန် လက်မောင်းကိုကိုင်ကာ ထိန်းပေးမည်ပြုဧ။်။ တံတောင်ဆစ်နီးပါးရှိသော ရွှေလက်ကောက်ကြီးများကို ရွယ်လေသလောထင်ရှာပေမည်။ ခပ်စိမ်းစိမ်းအကြည့်နှင့် တုံ့ပြန်ပြီး တစ်ဘက်သို့ရွေ့ရှာလေသည်။
. . . . . "လိုအပ်ရင် ဘရိတ်သုံးရမှာပဲနော် ၊ ထက်အောက်ဘယ်ညာ တန်းတွေကိုကိုင်ထား။ အပေါ်ကတန်းကြီးက စပယ်ယာတစ်ယောက်တည်းကိုင်ဖို့ မဟုတ်ဘူး။ ဘတ်စ်ကားစီးတဲ့သူတိုင်း ကိုင်ဖို့ တပ်ထားတာ။ လက်နှစ်ဘက်နဲ့ မြဲမြဲလေးကိုင်ပါ။ ကိုနေကိုတိုး ဇော်ကလေး က သလိုပေါ့ "
. . . . . အချို့က ခွိခွိခစ်ခစ် ရယ်ကြသည်။ စပယ်ယာကိုလည်းကောင်း ၊ ဒရိုင်ဘာကိုလည်းကောင်း အပြစ် စိုးစဉ်းမြင်ပုံမရကြချေ။ အလွန် နှလုံးလှသော လူမျိုးများပေတကား။ အလွန်ပင် ချစ်ဖွယ်ကောင်းတော့သည်။ ရှေ့ဆုံးမှကိုယ်တော်သည်လည်း နဖူးတော်ကို စမ်းတော်မူရင်းမှ ပြုံးတော်မူရှာဧ။်။ မောင်ဖိုးချိုကား မပြုံးနိုင်ချေ။ ကူညီရန်ပြင်သော မိမိအား မျက်ထောင့်နီနှင့်တုံ့ပြန်သော ဒေါ်ဒေါ်ကြီးမှာလည်း စပယ်ယာ့စကားကိုပင် တပြုံးပြုံးရှိတော့သည်။ ကိုနေကိုတိုးနှင့်မှ ကိုက်ညီသော တို့လူမျိုးများပေ။
. . . . . နှစ်မှတ်တိုင်ခန့်လိုသော် မောင်ဖိုးချိုလည်း အပေါက်ဝသို့ ကြိုးစားတိုးတော့သည်။ အဆင်းနောက်ကျလျှင် အငြူစူခံရပေမည်။ နည်းနည်းစောသွားလျှင်လည်း အငြူစူမလွတ်မည်ကို သတိရသည်နှင့် ဖြည်းဖြည်းချင်းတိုးရရှာဧ။်။ ကံမကောင်းသောမောင်ဖိုးချိုမှာ စပယ်ယာဧ။် စက္ခုစက်ကွင်းမှ မလွတ်ရှာချေ။ "ကန့်လန့်မလုပ်နဲ့ ၊ ကန့်လန့်ကြီး မလုပ်ရဘူးလေ။ ၀င်မှာဆိုဝင် ၊ ထွက်မှာဆိုထွက် ၊ တက်မှာဆိုတက် ၊ ဆင်းမှာဆိုဆင်း။ ဒီအပေါက်ကလေးတစ်ခုနဲ့ လုပ်စားနေရတာ ၊ နားလည်ပါ "
. . . . . စပယ်ယာ့မျက်နှာ ရစိမ့်သောငှာ မှတ်တိုင်ရပ်သည်နှင့် ချိန်သားကိုက်ဆင်းပေးရန် မောင်ဖိုးချိုပြင်သည်။ အမှတ်တမဲ့နှင့် အပေါက်ဝတံခါးဘောင်မှ 'တိုင်ကြားရန် ဖုန်း'ဆိုသည်များကို တချက်မျှငေးမိဧ။်။ ကိုစပယ်ယာကလည်း တွေ့ဖြစ်အောင်တွေ့ရပေသည်။ "ချစ်ကိုကြီးက ဖုန်းနံပါတ်တွေလိုချင်လို့တဲ့ ဆရာရေ ၊ မိတ္တူဆွဲပြီးသားတွေ ရှိသေးလား ၊ တစ်စောင်လောက် "။
. . . . . မောင်ဖိုးချိုလည်း သုတ်သုတ်ပင် ဆင်းရတော့သည်။ "မိတ္တူကုန်နေလို့တဲ့ ၊ လိုချင်ရင်ဖြုတ်ယူသွားလို့ရတယ် ချစ်ကိုရေ " . . . ကိုစပယ်ယာက လှမ်းနှုတ်ဆက်သည်။
. . . . . ကားယူမလာမိသည်ကို နောင်တရသလိုဖြစ်လာလေသည်။ အစ်မတို့လမ်းထဲကြည့်သော် နေ့ခင်းကြောင်တောင် ဆိုက္ကားပင်ရပ်စရာမရှိသော လမ်းဘေးဝဲယာကိုတွေ့မှ စိတ်ဖြေသာဧ။်။ ကားရပ်ရန်ခက်လှသည်နှင့် တော်တော်တန်တန်တွင် မောင်ဖိုးချို ကားမမောင်းလိုတော့ပေ။ ဗြုန်းခနဲ မောင်ဖိုးချိုနံဘေးမှ ကားက မောင်းထွက်သွားသဖြင့် ကွက်လပ်တစ်ခုပေါ်လာလေသည်။ နေရာလွတ်ကိုကြည့်ရင်း သွားရည်များပင် ကျချင်တော့သည်။ နောင်တပြန်ရချင်လာပြန်သည်။
. . . . . နေရာလွတ်ကိုကြည့်နေသော မောင်ဖိုးချိုထံ ကားတစ်စီးက အရှိန်နှင့်ဝင်လာသဖြင့် ကမန်းကတန်းရှောင်ရဧ။်။ ကားပါကင်ထိုးရန်ဖြစ်သည်။ မောင်ဖိုးချို လှည့်ထွက်မည် ပြုဧ။်။ တိုက်ရှေ့မှလူတစ်ဦးထွက်လာပြီး 'ကားရှိသည် ၊ မရပ်ရ'ဆိုင်းဘုတ်ကြီးကို ပြေးထောင်တော့သည်။ ကားရှင်နှင့် တိုက်ရှင် အမျက်မာန်စောင်ကာ ကြည့်ကြပေပြီ။ ယနေ့အတွက် ဘယ်နှစ်ကြိမ်မြောက် တိုက်ပွဲကို သူတို့ဆင်နွှဲကြမည် မသိတတ်နိုင်တော့ပေ။
. . . . . "ဟူး . . "မောင်ဖိုးချိုသည် သက်ပြင်းကိုရှိုက်ထုတ်ရင်းက အစ်မအိမ်သို့ ၀င်လေသည်။ အားလုံးကောင်းကြပါသည် ဟု နှလုံးသွင်းရင်း လူကိုဖြေလျှော့ဧ။်။ တူတော်မောင် 'စမုံ'က စာအံနေပေသည်။
"ဇော်က ကနေသည်
ခါးကော့ထားဧ။် "
. . . . . မောင်ဖိုးချိုသည် ချစ်လှစွာသော ဘတ်စ်ကားကြီးများကို လည်းကောင်း ၊ ချစ်စဖွယ်ကောင်းသော မိမိတို့လူမျိုးများကိုလည်းကောင်း ပြေးမြင်မိဧ။်။ အမြဲပြုံးရွှင်နေတတ်သော မိမိအဘိုး ထံသို့ အာရုံကို လွှဲယူဧ။်။
"ရယ်ရယ်မောမော
ပေါ့ပေါ့ပါးပါး "
. . . . . တမလွန်မှ ဘိုးအေဖြစ်သူအား ချက်ချင်းပင် ပြေး၍ မေးချင်မိတော့သည်။
"တော်တော်မောသလား "။ ။
(ယက္ခ) ရဲကြီး ။ ၂၅.၁ မှ ၆.၂ ထိ ၊ ၂၀၁၄ ။ — with ရုပ် ဆိုး and 98 others.