Image may be NSFW.
Clik here to view.
(၁)
"အသပြာဖြင့်မကု စေတနာဖြင့် ကုသည် "ဆိုသည့် စကားလေးကို ဆေးရုံကြီးတစ်နေရာတွင် ကပ်ထားသည်ကို ကျွန်တော်မြင်တွေ့ရခဲ့သည်။
ထိုအချိန်က ထိုစကားလေးကို ကျွန်တော် ကိုယ့်စိတ်ကူးဖြင့် ပြင်ကြည့်လိုက်သည် "စေတနာဖြင့်မကု အသပြာဖြင့် ကုသည်"လို့။
အဲဒီအချိန်က ကျွန်တော့်အမျိုးသမီး၏ အစ်ကိုဖြစ်သူ ဆေးရုံတက်ရချိန်ဖြစ်သည်။ ကျွန်တော်က လူနာ စောင့်အဖြစ်နေရသည်။ ဆရာဝန်၊ ဆရာဝန်မတို့အပြင် သူနာပြုတို့နှင့် ထိတွေ့ဆက်ဆံရသည်။ ဆက်ဆံရေး ကတော့ တကယ်ကောင်းလှပါသည်။ စိတ်ထဲတွင် "တကယ်စေတနာကောင်းလှပါလား "လို့ ခံစားမိသည်။
သို့သော်အဘယ်ကြောင့် "စေတနာဖြင့်မကု အသပြာဖြင့် ကုသည်"ဟု ယခင်က တွေးလိုက်မိသည် နည်း။ ဆရာဝန်က ငွေရမှကုသည်။ ထိုဆရာဝန်တင်ပဲလား မဟုတ်။ တရားသူကြီး ဥပဒေဖြင့် အမိန့်မချ ငွေ ဖြင့် စီရင်ချက်ချသည်။ နာ (၃)နာဖြင့် ဆရာတွေက တပည့်တွေကို စာမသင်၊ ငွေကြောင့် မျက်နှာ နာသော နာ တစ်နာဖြင့်သာ စာသင်သည်။ ယာဉ်ထိန်းရဲက ငွေကိုသာထိန်းသည်၊ ငွေကိုသာ လမ်းကြောင်းရှင်းသည်။ ရဲက ငွေရှိ၍ ပေးကမ်းသော ဒုစရိုက်သမားတို့ကို မသိသလို သိသလိုနေသည်။ အင်ဂျင်နီယာတို့က ငွေဖြင့်ဆောက်ရ မည့် တံတားတစ်စင်းကို ဆောက်တော့ဆောက်သည် ငွေက တံတားထဲသို့မရောက် အိပ်ထဲသာရောက်သည်။
ဟုတ်ကဲ့ ကျွန်တော်တွေးမိတာတွေ လွန်သွားသည် ဆိုလျှင်တော့ မနာကြပါနှင့်လို့သာ ပြောလိုပါသည်။ ဤအတွေးတို့သည် ကျွန်တော်တစ်ယောက်တည်း တွေးသော အတွေးသာမဟုတ် လူတော်တော်များများတွေး မိသော အတွေးတို့သာဖြစ်သည်။ ယခင် ကာလတွေဆီမှ တဆင့် အကျင့်တို့စီးဆင်းခဲ့လေခြင်းကြောင့် အတွေးတို့ ကဆက်လက်စီးဆင်းနေသလို တချို့ကလည်း ထိုရေအလျဉ်တွင် ဆက်လက်စီးဆင်းနေကြပါသေးသည်။
ထိုအကျင့်ဆိုးများကို ဖျောက်ဖျက်ကြရပါမည်။ သို့မှသာလည်း မကောင်းမြင်သော အမြင်တို့ ကွယ်ပျောက်ရမည်ဖြစ်သလို ဘာလုပ်လုပ်မကောင်းမြင်သော အမြင်ဆိုးတို့ကိုလည်း စွန့်လွတ်ရမည်ဖြစ်ပါသည်။
ကျွန်တော့်အမျိုးသမီး၏ အစ်ကို(ကျွန်တော့်ယောက်ဖ)ဖြစ်သူက အစာအိမ်ပေါက်ခြင်းဖြစ်သည်။ ခွဲစိတ် ရသည်။ ခွဲနေစဉ်အခိုက် မီးကပျက်သည်။ မီးစက်ကြီးနှိုးရသည်။ ခွဲစိတ်ပြီးပြန်ကောင်းလာသောအခါ ယောက်ဖ ဖြစ်သူက သူ့အမေကို ပြောသည် "အမေက သားကို ဆိုင်ကယ်ဝယ်ပေးပါဆိုတော့ ၀ယ်မပေးပဲ ဗိုက်ထဲတော့ ထည့်လိုက်တယ် "တဲ့။ ဆိုင်ကယ်ဖိုးငွေသည် ဆေးကုသစရိတ်ဖြစ်သွားလေသည်။
(၂)
"မဟုတ်ဘူး ဦးလေးရဲ့ ကျွန်မက အလကားသက်သက် ငွေကုန်မှာဆိုးလို့ပြောတာ။ ဆေးရုံကြီး သွားလိုက်ရင် နည်းနည်းပဲကုန်မှာ။ ငါက ဘယ်လောက်ရှင်းပြပြမရပါဘူး ဟယ်။ သူတို့က သူတို့ကို မယုံလို့လား။ ငွေမတတ်နိုင်ဘူးထင်လို့လားပဲ ဇွတ်ပြောကြတာ။ "
"တချို့က ဘယ်လောက်ကုန်ကုန်ကုမယ်တဲ့။ အိမ်လေးပေါင်၊ ယာလေးပေါင်ဖြင့်ကုမယ်ဆိုးတာကြီးပဲ။ ငါတို့က အပြင်ဆေးခန်းလေ။ အဲဒီတော့ စရိတ်စကနဲ့ ဆေးဖို့က ပိုကုန်မယ်။ ဒီရောဂါက ဆေးရုံကြီးမှာ ကုလိုက် ရင် ဘာမှ ကုန်မှာမဟုတ်ဘူးလေ။ အဲဒါကို မနည်းပြောရတယ်"
"တချို့ကျတော့လဲ ရိုးတာလား၊ အတာလား၊ အသိပညာနည်းတာလား မသိဘူး ဆေးသောက်ဖို့ ဘယ်ဆေးနဲ့ ဘယ်ဆေးကို ဘယ်အချိန်သောက်လို့ ပြောတာကို တွဲမမှတ်နိုင်ဘူး၊ ထပ်ခါထပ်ပြောရ၊ တချို့က လည်း ခေါင်းသိပ်မာကြတာ"
ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံဖြစ်ပါသည်။ သူက ဆေးကျောင်းတက်ဖက် ငယ်သူငယ်ချင်းတို့နှင့် မိတ်ဆက်ပေးသည်။ သူငယ်ချင်းတွေ မဆုံဖြစ်ကြသည့်အတွက် အတွေ့အကြုံများကို ပြန်လည်ပြောပြနေကြခြင်းဖြစ်သည်။ ကျွန်တော်ကတော့ နားထောင်ယုံသက်သက်ပါ။ ကျွန်တော်က သူတို့ပြော နေသလို ဘာမီတွန်နှင့် ပါရာစီတမော့ကိုပင် ခုထိ သိပ်ပြီးခွဲတတ်လှသေးသည်မဟုတ်။
ထို့ကြောင့် ဆေးလောက၊ ဆေးအတွေ့အကြုံတို့ကို ကျွန်တော်နားထောင်နေယုံသက်သက်ပင်။ သူတို့ ပြောသည့်အထဲတွင် အကြောင်းအရာမျိုးစုံ၊ ဘ၀မျိုးစုံကို ကြားသိခဲ့ရသည်။
တချို့သော လူနာများက အသိပညာနည်းပါးကြသည့်အတွက် ဆေးကုသရာတွင် ခက်ခဲလှကြောင်း၊ တချို့ကတော့ ငွေကြေးကို ဒလဟောသုံးစွဲနိုင်သည့်အတွက် အထက်စီးက ခိုင်းစေတတ်သည့် လူနာများအကြောင်း စိတ်ဝင်စားစရာကောင်းလှသည်။
ကျွန်တော်ထိုစကားဝိုင်းထဲတွင် သတိထားမိသည်က လူနာတို့၏ မကောင်းကြောင်းကို လိုအပ်နေကြောင်းကို ဆရာဝန်များက အတင်းသဘောပြောနေကြသည်မဟုတ်။
"ငါတို့ကဟယ် အထက်ကချပေးပြီးသား။ လူနာတွေလိုအပ်ရင် ထုပ်ပေးလို့ရတယ်။ ဒါကြောင့် ငါတို့က ထုတ်ထုတ်ပေးနေတာ။ အဲတစ်နေ့တော့ အဲဒီအထုပ်တွေမတွေ့လို့ မေးတော့ အစ်မကြီးက သူ့အခန်းထဲ ထည့်ထားတာတဲ့။ သူ့ခွင့်ပြုချက်ရမှ အဲဒီအထုပ်တွေကို ထုတ်ပေးရမယ်တဲ့။ အဲဒီ သူခွင့်ပြုချက်ပေးတဲ့သူတွေကို ကြည့်လိုက်တော့ သူ့ကို ပိုက်ဆံပေးထားတဲ့သူတွေကြီးပဲ။ သူက အဲဒီဆေးထုပ်တွေကို ရောင်းစားနေတာ "
ဤသို့ ဆရာဝန်များဘက်က ဘက်လိုက်မှုတွေ၊ မှားယွင်းနေတာတွေကိုပါ ကြားရသည်။
"အေးလေ သူတို့ပဲ မစဉ်းစားတာ။ ဒီငွေလေးက ဘယ်နှကြိမ်စားရမှာမို့လဲ။ ပိုပြီးချမ်းသာသွားတာလဲ မဟုတ်ပဲ။ ပိုပြီး ငရဲရ အကုသိုလ်ဖြစ်မယ့်အလုပ်တွေကို သူတို့ဖို့မကြောက်တာ။ သူတို့က ပိုဆိုးတယ် အကုသိုလ်ကို ငွေနဲ့ လဲနေကြတာ"
ဤသို့လည်း သူတို့၏ စိတ်နေသဘောထားတို့ကို ကြားရပြန်ပါသည်။ သူတို့ဆိုသည်ကို သေချာတွက် ကြည့်လျှင် ကျွန်တော်နှင့် သိပ်မကွာလှပါ။ ကျွန်တော်ထက်ကြီးလှ တစ်နှစ်၊ နှစ်နှစ်သာ။ လူငယ်၊ လူလတ်ပိုင်းသာ ရှိသေးပါသည်။ ထိုလူငယ်တို့သည် မိမိတို့၏ ပညာ၊ အတွေ့အကြုံတို့ဖြင့် လူနာတွေအပေါ် ဆေးကုသမှုပေးနေသလို၊ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ဖြင့်ပါ ကုသမှုပြုနေကြသူများဖြစ်သည်။
(၃)
"ဟုတ်ကဲ့ အကုန်စားတယ်ခင်ဗျ"
ထိုဆရာဝန်တို့၏ စကားဝိုင်းတွင် ကျွန်တော်ဝင်ပြောဖြစ်သော စကားဖြစ်သည်။ ထမင်းစားသောက်ကြဖို့ မှာယူနေခြင်းဖြစ်သည်။ ဤသို့ ၀င်ပြောပြီး လာချသော ထမင်းတို့ကို စားရင်း စကားများကို ဆက်လက် နားထောင်နေဖြစ်သည်။
"ဟိုတလောက …..(အနုပညာရှင်တစ်ဦး) ရောက်လာသေးတယ်။ သူက သူ့ကလေးကို သေချာ ဂရုစိုက်ပေးဖို့ ငါ့ကို ပြောတယ်။ ငါကလဲ သူက …..(အနုပညာရှင်တစ်ဦး)ပါဆိုတော့ ဟုတ်ကဲ့ပါပေါ့ "
"အေးလေ နင်က အော်တိုလေးဘာလေး ထိုးခိုင်းမှ သူက စိတ်ကြည်မှာပေါ့ဟဲ့။ ခုတော့ နင်က သူကို မသိသလိုသွားလုပ်တော့ ဘယ်ကျေနပ်ပါ့မလဲ "
သူငယ်ချင်းတစ်ဦးက ၀င်နောက်သည်။
"စဉ်းစားကြည့်လေ သူ့ကလေးကို ငါက ဂရုစိုက်ရင်ပဲ သူ့ကလေးမို့ ဂရုစိုက်တယ်၊ အခြားကလေးတော့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်မနေဘူးလား။ သူ့ဘာသာသာသူ ဘယ်သူပဲဖြစ်ဖြစ် လူနာဆိုရင်တော့ ဂရုစိုက်ရမှာ ပဲလေ။ တို့စီကလဲ နာမည်လေးရလာပြီ ပိုက်ဆံလေးရှိလာပြီဆိုရင် အလကားသက်သက် စိတ်ကြီး ၀င်နေကြတာ"
ကျွန်တော်စဉ်းစားမိသည်။ လူတွေက "ဆင်းရဲမှု ဒဏ်ခံနိုင်သည် ချမ်းသာမှုဒဏ်မခံနိုင်"ဟူသော စကားပင်ဖြစ်သည်။ ဟုတ်ပါလိမ့်မည်။ မရှိအတူဘ၀က ရုန်းကန်လှုပ်ရှားလာခဲ့ကြပြီး အိပ်ကပ်ထဲ ငွေယားကလေးများ ပြည့်လာသောအခါ စိတ်တို့က လိုက်ယားလာကြသည်။ ငွေပါဝါလေးပြချင်လာကြသည်။ လူတို့၏ စိတ်တို့သဘောကို ဆရာဝန်တစ်စု၏ စကားများကို နားထောင်ရင်း အတွေးက ၀င်လိုက်မိသေးသည်။
"ပြောရဦးမယ် ဆေးရုံဆောက်တယ်တဲ့ဟယ် ပြတင်းတံခါးတွေကို အပေါ်ထိ မ တင်လို့မရတဲ့ တံခါးတွေ တတ်တယ်။ သူတို့က ကြည့်လို့လှတယ်ဆိုပြီးလုပ်တာတဲ့။ လေ၀င်လေထွက်ကနည်း။ အရေးရယ် အကြောင်းရယ်ဆို တံခါးက ဘာမှလုပ်မရဘူး။ ဆေးရုံတစ်ခုဆောက်ရင် ဆေးရုံနဲ့လျှော်ညီတဲ့ အဆောက်အဦမျိုး၊ ပုံစံမျိုးဖြစ်ရမှာ ခုတော့ အထက်က ဒီလေးကြိုက်တယ်ဆိုရင် လုပ်ကြရော သင့်တော်၏ မတော်၏ မစဉ်းစားတော့ဘူး"
"အေးဟေ့ အဲလိုပဲ။ တို့စီမှာလဲ ကွန်ပျူတာ တစ်လုံးချပေးမယ်ဆိုတော့ မီးကြိုးသွယ်ရမှာ၊ ဘာလိုတယ် ညာလိုတယ် လုပ်လိုက်ကြတာ ၇ သိန်းလောက်ကုန်သွားတယ်။ မီးကြိုးဆိုလည်း ဟောင်းတာလေးတွေကို အသစ်လဲရင် ဘယ်လောက်မှမကျဘူး ၃ သောင်းလောက်ပဲကုန်မှာ။ အဲဒါကို အပြင်လူခိုင်းလို့မရဘူး တရားမ၀င် ဘူးဆိုပြီး လျှပ်စစ်ဝန်ထမ်းကို တွက်ခိုင်းလိုက်တာ ၃ သိန်းကျမယ် ဖြစ်သွားရော။ အဲဒါကို အထက်တင်ပြတော့ ကောင်းအောင်လုပ်တာပဲ ကုန်ကုန်တဲ့လေ"
ကျွန်တော်လွှမ်းမိုးသီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ "ရပ်ကွက်ထဲမှာ ဒီလိုပဲ… ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ"ဆိုသည့် သီချင်းဖြစ်သည်။ ကျွန်တော်တို့ "နိုင်ငံကြီးထဲမှာ ဒီလိုပဲ..ကျွန်တော်တို့နိုင်ငံကြီး မှာ ဒီလိုပဲရှိတယ် .."လို့ ပြင်လိုက်မိသေးသည်။
မယောင်ဆီလူးနေသော အနေအထားများကို တွေ့မြင်နေရသည်။ လမ်းကောင်းနေသော ဒေသများကို နောက်ထပ် လမ်းတစ်ခုထပ်ခင်းသည်။ ဥပမာ- ရန်ကုန်-မန္တလေးဆိုပါစို့။ လမ်းခင်းတာပဲ နှစ်လမ်းမကလို့ ၁၀ လမ်း ခင်းခင်းမဟုတ်လား။ ဟုတ်တယ် ကောင်းတာပေါ့။ သို့သော် ခုထိ လှည်းလမ်း၊ ခြေလျင်လမ်းကို မတက် နိုင်သေးသည့် အရပ်ဒေသတို့ကများစွာရှိနေသေးသည်။ ထိုဒေသများအတွက် လမ်းပမ်းဆက်သွယ်ရေး ကောင်း မွန်အောင် အဓိကထား လုပ်ပေးသင့်သည်ဟု ကျွန်တော်ကတော့ ထင်မြင်မိသည်။
ကျွန်တော်တို့တတွေက ဆေးရောင်ကိုသဘောကျသည်။ ပါကင်လှလှလေးထုပ်ရင်သဘောကျသည်။ တကယ်အသုံးဝင် မ၀င်ကို သိပ်ပြီးမတွက်ကျ။ ဒီတော့ တချို့နေရာများကို မလိုအပ်ပဲကုန်နေသလို၊ လိုအပ်သည် ထက်ပိုကုန်နေသည်ကို တွေ့မြင်နေရသည်။
(၄)
"အလုပ်မှာ လိုအပ်လို့ အင်တာဗျူးခေါ်ပါတယ် ဘွဲ့ရတွေတဲ့ Medicine တောင် မပေါင်းတတ်တာတွေ တွေ့ရတယ်။ ပြီးတော့ မန္တလေးက ရန်ကုန်ရဲ့ ဘယ်ဘက်မှာလဲဆိုတာကို အရှေ့ဘက်မှာ အနောက်ဘက်မှာလို့ ဖြေတဲ့သူတွေက ရှိသေးတယ်"
"အေးလေ တို့စီက Education Level က နိမ့်လာတာကိုး"
သူတို့ပြောတဲ့ ဒီစကားတွေကြားရတော့ ကျွန်တော်နည်းနည်းတွန့်သွားသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်လည်းဘွဲ့ရတစ်ရောက်ဖြစ်သလို အင်္ဂလိပ်စာက သမီးဖြစ်သူနှင့် မူကြိုပြန်တက်ရမည့် အနေအထား ဖြစ်နေသည်။ ကျွန်တော့်များ စောင်းပြောနေသလားပေါ့။ အမှန်တော့ အမှန်ဖြစ်ဟုပင် ဆိုရပါလိမ့်မည်။ တကယ့် ကို ပညာရေးက နိမ့်ကျခဲ့သည်ပင်။
ယခင်ခေတ်ကာလဆီက ဘုန်းကြီးကျောင်းထွက်၊ လေးတန်းအောင်၊ ၈ တန်း အောင်များ၏ အရည်အချင်းကို ဒီဘက်ခေတ် ဘွဲ့ရများက လိုက်မမီနိုင်သေး(အကုန်လုံးကို မဆိုလိုပါ။)။
"အင်္ဂလိပ်စာတင်လားဆိုတော့ မဟုတ်ဘူး မြန်မာစာကျတော့လဲ ညံ့သေးတယ်။ ဘယ်လိုတွေများ အောင်လာကြသလဲမသိဘူး၊ ပြီးတော့ မြန်မာစာ ကျူရှင်ယူတာကို ပျော်နေကြသေးတယ်။ မိဘတွေကိုယ်တိုင် ကလေ "
ဤတွင် ကျွန်တော်ဝင်ပြောဖြစ်ပါသည်။
"ကျွန်တော်တို့စီက အရာရှိတစ်ဦးပဲဗျ။ သူတို့က နေ့စဉ် စားသောက်မှုကို ဘာကျွေးတယ် ဘာကျွေးတယ်ဆိုတာ အစီရင်ခံစာတင်ရတယ်။ အဲဒီမှာ ကြက်ဥ ကျွေးတာကို သူက ကြက်အုလို့ ရေးထားတယ် အဲဒါနဲ့ သူ့ခေါ်ပြီး Board မှာ ရေးခိုင်းတယ်။ ကြက်အုလို့ရေးတော့ မှားနေတယ်ပြောလို့ ပြင်ရေးတယ် ကြက်ဌ တဲ့။ အဲ မဟုတ်သေးဘူးပြောတော့ ကြက်ငှတဲ့လေ"
သူတို့ ရယ်မောကြသည်။ တကယ်ဖြစ်ခဲ့သောအဖြစ်အပျက်ဖြစ်သည်။ တချို့လူငယ်လေးများက International အကြောင်းတော်တော်များများသိသည်။ ကိုယ့်ပြင်တွင်းက အကြောင်းအရာ၊ သမိုင်းတို့ကို မသိ ကြချေ။ လေ့လာမှုအား ကောင်းသည်ဟုတော့ ပြောရမည်တော့ဖြစ်တော့လဲ ထူးအိမ်သင်၏ သီချင်းတစ်ပုဒ်လို "နည်းနည်းလေးတော့လွှဲနေတယ်"ဟုများ ဆိုရမည်လား။
"ခေတ်က တိုးတက်လာတော့ ကလေးတွေက စာဖတ်အားလဲ နည်းလာတယ်။ တို့တုန်းက ရွှေသွေးတို့ ဆိုရင် အရမ်းကောင်း ဖတ်လိုက်ရတာ"
"ဟုတ်တယ်ဟ ကလေးတွေလက်ထဲမှာ စာအုပ်အစား i pad တို့ ဖုန်းတို့က နေရာယူလာကြပြီ။ ဒီတော့ ဂိမ်းကစားတာနဲ့ အချိန်တွေကုန်ရော "
ကျွန်တော်ရေးသားသော "နှလုံးသားတွေလန်းနေပါစေ"ဆိုသည့်အကြောင်းအရာကို ပြန်သတိရမိ ပါသည်။ လူငယ်တို့၏ လက်ထဲတွင် ခေတ်မီနည်းပညာတို့ရှိလာသည်က အကြောင်းမဟုတ်။ ထိုနည်းပညာတို့၏ ကောင်းကျိုးကို ယူငင်နိုင်ဖို့အရေးကြီးသည်။ ဂိမ်းဆော့ကစားကြသည်။ ထိုဂိမ်းကစားခြင်း၏ နောက်ဆက်တွဲဖြင့် အနိုင်ယူလိုစိတ်တို့ ပြင်းပြလာသည်၊ ဒေါသကြီးလာသည်၊ ဘယ်လိုနိုင်အောင်လုပ်မလဲဆို သည့် ဖြတ်လမ်းနည်းများကို စဉ်းစားလာကြသည်။ စိတ်နှင့်ကိုယ်တို့ ကြမ်းတမ်းသည့်ဘက်သို့ ဦးတည်လာကြ သည်။ ထိုနည်းပညာရေလျဉ်ကြောတွင် လူငယ်တို့၏ စာနာစိတ်၊ ကြင်နာစိတ်၊ မေတ္တာစိတ်တို့ကို မျှောပါမသွား လိုခြင်းကြောင့် ထိုစာလေးကို ရေးဖြစ်ခြင်းဖြစ်သည်။
(၅)
တကယ်တော့ ထိုမိတ်ဆွေသူငယ်ချင်းများဖြင့် ခဏသာ တွေ့ဆုံခဲ့ရသည်ဖြစ်သည်။ ထိုခဏတာ တွေ့ဆုံမှုတွင် ဘ၀အရောင်အသွေးစုံတို့ကို ကြားသိခဲ့ရသလို လူတို့၏ စိတ်နေသဘောထားတို့ကို မြင်တွေ့ခွင့် ရရှိခဲ့လေသည်။
စကားဝိုင်းတွင် နားထောင်ယုံသက်သက်ဖြစ်သော ကျွန်တော်ကတော့ ၄ နှစ် ၅ နှစ် မျှ လူတို့နှင့် ပေါင်း သင်းဆက်ဆံရသကဲ့သို့ အတွေ့အကြုံကောင်းများကို ရရှိလိုက်သည်။ ရယူလိုက်နိုင်ပါသည်။
ထိုမိတ်ဆွေတို့သည် အပေါ်တွင် ကျွန်တော်ဆိုခဲ့သော အသပြာဖြင့်ကုသသော ဆရာဝန်များမဟုတ်ကြ။ မေတ္တာတို့ဖြင့် တို့ထိကုသနေသော ဆရာဝန်များဖြစ်ကြသည်။
လူတို့၏ ကျန်းမာရေးကို စောင့်ရှောက်လိုစိတ်သာမက နိုင်ငံတော်အကျိုးကို စောင့်ရှောက်လိုစိတ်များကို လည်းအထင်းသားတွေ့မြင်နေရပါသည်။
ထိုကဲ့သို့သော မေတ္တာတို့ဖြင့် တို့ထိသော ဆရာဝန်၊ မေတ္တာတို့ဖြင့် တို့ထိသော ကျောင်းဆရာ၊ ဆရာမ၊ မေတ္တာတို့ဖြင့် တို့ထိသော တရားသူကြီး၊ မေတ္တာတို့ဖြင့်တို့ထိသော အင်ဂျင်နီယာ စသည် စသည့် မေတ္တာတရား တို့ဖြင့် တို့ထိထားသော လူငယ်၊ လူကြီးများ များများပေါ်ထွန်းလာပါက နိုင်ငံတော်ကြီးသည် မေတ္တာတရားတို့ဖြင့် သာယာအေးငြိမ်းနေမည်ဖြစ်သည်ဟု တွေးထင်မိပါတော့သည်။
************
မောင်ပိုင်
၂၉-၃-၂၀၁၄
မှတ်ချက်။ ဒေါက်တာရဲဖြိုးကျော်+ဒေါက်တာ ရည်မွန်ကျော် နှင့် သူငယ်ချင်းဆရာဝန်များ၏ စကားဝိုင်းတွင် နားထောင်ယုံသက်သက်ကျွန်တော်က ပြန်လည် အတင်းတုပ်(အဲလေ..တစ်ယောက်ထဲ အတိုးချ ပြန်လည် ပြောပြမိခြင်း ဖြစ်ပါသည်။ )
— with Khin Soe Lwin and 21 others.Clik here to view.