by ခရမ်းပြာ ထက်လူ (Notes) on Thursday, April 18, 2013 at 3:17pm
ခင်ဗျားတို့ကျွန်တော်တို့ကလေးတွေရဲ့ ပညာရေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီခေါင်းစဉ်အောက်ကပဲကျွန်တော်ဖတ်ပြီးသိပ်ကြိုက်ခဲ့လို့ခင်ဗျားတို့ကိုပါ သိပ်ဖတ်စေချင်လို့
ဦးဘုန်း(ဓါတု)မန္တလေးဆောင်းပါးထဲက အင်တာဗျူးတစ်ခုကို ကျွန်တော်ဖြတ်ပြီး တင်ပေးလိုက်ပါတယ်ဆရာကစာပေဟောပြောပွဲ တစ်ခုအပြီးမှာ သူ့ကိုနေရာချပေးထားတဲ့ ဟိုတည်ထဲမှာအနားယူနေရင်းဂြိုဟ်တုစလောင်းက လာနေတဲ့ရုပ်သံတီဗွီလိုင်းတစ်ခုက မူကြိုဆရာမလေးတစ်ယောက်နဲ့အင်တာဗျူးတစ်ခုကို
စိတ်ဝင်တစားနားထောင်ပြီးသူ့ဆောင်းပါးထဲမှာ ပြန်လည်ထည့်သွင်းဖေါ်ပြထားတာကို ကျွန်တော်
အရမ်းကြိုက်ပြီးခင်ဗျားတို့ကို (အဓိကကတော့ မြန်မာပြည်တနံတလျှားမှာရှိတဲ့ ကျောင်းတွေကို
တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ဖတ်ပြချင်တာပါ) ဝေငှလိုက်တာပါ။
တစ်ကယ်တော့ ဆရာဦးဘုန်း ခူးဆွတ်လိုက်တဲ့သစ်သီးကိုကျွန်တော်က ခင်ဗျားတို့ကို
ပြန်လည်ခွဲစိတ်ပြီးကျွေးလိုက်တာပါ။အရသာတွေ့လိမ့်မယ်ထင်ပါတယ်။
ထပ်ပြီးသတိပေးချင်တာကတော့ အင်တာဗျုးခံနေသူမှာမူကြိုဆရာမ သာဖြစ်ကြောင်းပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အင်တာဗျူးထဲတွင်မူကြိုကျောင်းမှ ဆရာမတစ်ယောက်ကို မေးမြန်းနေခြင်းဖြစ်ပြီး
နောက်ခံလှုပ်ရှားမှုတွင်ကလေးငယ်များက မြက်ခင်းပေါ်တွင်ဆော့ကစားနေကြသည်။
‘‘ဆရာမတာဝန်ထမ်းတာ ကြာပြီလား’’
‘‘(၃)နှစ်လောက်ရှိပြီ’’
‘‘ဘာတာဝန်ယူရသလဲ’’
‘‘ကလေးတွေရဲ့စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊
ကလေးတွေကိုယ်တိုင်သိဖို့တာဝန်ယူရတယ်’’
မေး။ ။ ‘‘မူကြိုဆရာမအလုပ်ကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ’’
ဖြေ။ ။ ‘‘နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမယ့် ကလေးငယ်တွေကို
အသေအချာလေ့လာခွင့် ထိတွေ့ခွင့်ရတဲ့အလုပ်ဆိုတာ မူကြိုဆရာမအလုပ်ပဲရှိတာလေ
ဒါကြောင့်မူကြိုဆရာမအလုပ်ကို ကျွန်မ ရွေးချယ်တာ’’
မေး။ ။ ‘‘ဒီထက်ပိုပြီး ရှင်းပြလို့ရမလား’’
ဖြေ။ ။ ‘‘ကလေးဆိုတာ ချစ်စရာကောင်းတယ် ။ အားကိုးစရာကောင်းတယ် ။
ကြောက်စရာလည်းကောင်းတယ်ရှင့်’’
မေး။ ။ ‘‘ဘာကြောင့်လည်း’’
ဖြေ။ ။ ‘‘ရိုးသားလို့ ချစ်စရာကောင်းတာလေ။ အနာဂတ်အတွက် ပညာတတ်တွေ။
ပညာရှင်တွေဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ်’’
မေး။ ။ ‘‘ဒါဖြင့်ရင် ဘာလို့ ကြောက်စရာကောင်းတာလဲ’’
ဖြေ။ ။ ‘‘ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်းမရှိဘဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။
အရှေ့တိုင်းစာပေတွေမှာအမွေခံ သားဆိုးသမီးဆိုးကို ရန်သူထဲမှာထည့်ထားတာ ဖတ်ဖူးတယ်။
ဒီတော့ကလေးဆိုတာ ကျွန်မတို့ ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်။ ဒါကြောင့်ကြောက်တာ’’
မေး။ ။ ‘‘ဟုတ်တယ်နော် ဆက်ပြောပါဦး’’
ဖြေ။ ။ ‘‘ကျွန်မက ဒါကြောင့် ဆရာမအလုပ်ကို နှစ်သက်တာ။ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။
မျောက်တွေကျားတွေကို ထိန်းနေရတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာ အမူအကျင့်
တွေကြောင့်ချစ်တတ်လာတယ်။ ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင်ကျေနပ်လာတဲ့အတွက်
ပျော်လာတယ်’’
မေး။ ။‘‘ပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာလဲဗျ။ ခင်ဗျား နားလည်သလိုပြောပြစမ်းပါ’’
ဖြေ။ ။ ‘‘ကျွန်မ အယူအဆကို ပြောပြမယ်နော်။ ပညာရေးရဲ့အဓိကရည်မှန်းချက်က
ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွားပေးဖို့လည်းမဟုတ်ဘူး။
မဟာ သူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး။
မဟာ ပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး။
ပညာရေးရဲ့အဓိကရည်မှန်းချက်ဟာ
တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။ လူတွေကို
ချစ်တတ်အောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ပြောမယ်ဆိုရင် သားကောင်း သမီးကောင်း
မိသားစုကောင်းဖြစ်အောင်သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့ ရည်မှန်းချက်ပဲ’’
မေး။ ။ ‘‘ခင်ဗျားဖြေတာ တော်တော်ကောင်းတာပဲ။ ဆက်ပြီးမေးခွင့်ပြုပါ’’
ဖြေ။ ။ ‘‘ရပါတယ်’’
မေး။ ။ ‘‘လစာ ဘယ်လောက်ရသလဲ’’
ဖြေ။ ။ ‘‘ဒီမေးခွန်းကတော့ မမေးသင့်ဘူးထင်တယ်’’
မေး။ ။ ‘‘ဒီလိုပါ။ ၀န်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။
အကျင့်ပျက်ဝန်ထမ်းဆိုတာသူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေနဲ့
လစာညီမျှမှုမရှိခြင်းဟာအကျင့်ပျက်ဝန်ထမ်းကို မွေးဖွားပေးတတ်တယ်။ ဒါကြောင့် မေးတာပါ’’
ဖြေ။ ။ ‘‘လစာက လုံလောက်ပါတယ်။ ခံစားခွင့်တွေလည်း အပြည့်အ၀ပေးထားတယ်လေ။
ဒီတော့ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စေတနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတတ်ဖို့လည်းလိုတယ်။ ဒါမှ ၀န်ထမ်းကောင်းဖြစ်မှာရှင့်’’
မေး။ ။ ‘‘ဆက်ပြီး မေးပါရစေ’’
ဖြေ။ ။ ‘‘ကောင်းပါပြီ’’
မေး။ ။ ‘‘ကလေးတွေက ဥာဏ်ရည် ဘယ်လိုနေသလဲ’’
ဖြေ။ ။ ‘‘ပြန်ပြီးမေးပါ။မေးခွန်းကိုနားမလည်လို့ပါ’’
မေး။ ။ ‘‘ကလေးတွေက တော်သလား။ ညံ့သလားလို့ ဆိုလိုတာပါ’’
ဖြေ။ ။ ‘‘ဒါဆိုရင် ရှင့်ကို ကျွန်မ မေးခွန်းတစ်ခု ပြန်မေးမယ်။ နှင်းဆီပန်းနဲ့ စံပယ်ပန်းဘယ်ပန်းက ပိုလှသလဲ’’
မေး။ ။ ‘‘ဘာဆိုင်လို့လဲ’’
ဖြေ။ ။ ‘‘ဖြေကြည့်ပါ’’
မေး။ ။ ‘‘နှင်းဆီပန်းကလှတာပေါ့’’
ဖြေ။ ။ ‘‘ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်း ပိုလှသလဲလို့မေးတာလေ’’
မေး။ ။ ‘‘ဖြေပြီးပြီးလေ။ နှင်းဆီပန်းက လှတယ်လို့’’
ဖြေ။ ။ ‘‘ကျွန်မမေးတာက ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာမဟုတ်ဘူး။
ရှင်ကရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ပြောနေတယ်’’
မေး။ ။ ‘‘ဟုတ်သားပဲ။ ကျုပ်က နှင်းဆီပန်းကြိုက်တာဗျ။ ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ဖြေလိုက်မိတာပဲ’’
ဖြေ။ ။ ‘‘တကယ်တော့ နှင်းဆီပန်းလည်း လှသလို စံပယ်ပန်းလည်း လှတာပါပဲရှင့်။
ကလေးတွေကိုတော်သလားညံ့သလားဆိုတဲ့ မေးခွန်းဟာလူကြီးတွေဘယ်တော့မှ
မမေးသင့်တဲ့မေးခွန်းပဲ။ သူ့အလှနဲ့သူ အားလုံးလှကြပါတယ်။ ကျွန်မတို့လူကြီးတွေကသာ
လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။ဘာပဲပြောပြော ကလေးတွေအားလုံး
မညံ့ကြပါဘူး။သူတို့မှာ ကျွန်မတို့နဲ့မတူတဲ့ စိတ်ကူး စိတ်သန်းတွေ ရှိနေကြတယ်။
လူငယ်တွေရဲ့စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတတစ်ခုပါပဲရှင့်။
အဲ့ဒီစိတ်ကူးစိတ်သန်းတွေကို ဖျက်စီးမပစ်ဖို့ဘဲလိုတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို
တည်ဆောက်ပေးရခြင်းဟာနိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့်။’’
မေး။ ။ ‘‘ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေးခွန်းတွေရဲ့အဖြေကို
စနစ်တကျဖြေတတ်တယ်နော်’’
ဖြေ။ ။ ‘‘စာဖတ်လို့ပါ’’
မေး။ ။ ‘‘ဘယ်စာတွေဖတ်သလဲ’’
ဖြေ ။ ။ ‘‘အစုံဖတ်တယ် ။ အားရင် ကျွန်မက စာဖတ်တယ်’’
မေး။ ။ ‘‘ဒါနဲ့မေးရဦးမယ် ။ အိုဘာမားကို နှစ်သက်သလား’’
ဖြေ ။ ။ ‘‘နှစ်သက်ခဲ့ပါတယ်’’
မေး။ ။ ‘‘ နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီး နှစ်သက်နိုင်ပါဦးမလား’’
ဖြေ။ ။ ‘‘ဒါကတော့ မပြောနိုင်ဘူးရှင့် ။ သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ။
အပြောနဲ့အလုပ်ညီရင်တော့ တစ်မျိုးပေါ့။ အပြောတခြားး အလုပ်တခြားဆိုရင်လည်း တစ်မျိုးပေါ့လေ။’’
မေး။ ။ ‘‘သမ္မတကြီးနဲ့ ခင်ဗျားနဲ့ တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ’’
ဖြေ။ ။ ‘‘တိုင်းပြည်အတွက်ဆိုရင်တော့ သူရော ကျွန်မရော ရှင်ရော ဒီနိုင်ငံမှာ ရှိတဲ့
လူတွေအားလုံးအတူတူပဲအရေးကြီးတယ်။ ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ။
ဒီနိုင်ငံမှာနေဒီမြေ၊ ဒီရေ၊ ဒီလေနဲ့ အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် အားလုံးအရေးကြီးတယ်။ အားလုံးအရေးပါတယ်။အားလုံးကောင်းမှ အားလုံးကောင်းမှာပါ။
တစ်ဦးတစ်ယောက်။တစ်သင်းတစ်ဖွဲ့ ကောင်းနေရုံနဲ့ အားလုံးမကောင်နိုင်ပါဘူး’’
မေး။ ။ ‘‘အောရိုက်စ်။ ကောင်းလိုက်တဲ့ အဖြေဗျာ။ နောက်ဆုံး မေးခွန်းတစ်ခု မေးပါရစေ’’
ဖြေ။ ။ ‘‘မေးပါ’’
မေး။ ။ ‘‘သမ္မတကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူကပိုပြီး တာဝန်ရှိသလဲ’’
ဖြေ။ ။ ‘‘ဒါကလည်း ရှင်းရှင်းလေးပါ ကျွန်မကပိုပြီးတာဝန်ရှိတာပေါ့’’
မေး။ ။ ‘‘ဘာကြောင့်လည်းဗျ။ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား’’
ဖြေ။ ။ ‘‘ဟုတ်တယ်ရှင့် ၊ သမ္မတတို့၊ ၀န်ကြီးချုပ်တို့၊ အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့
ရွေးချယ်ခြင်းခံရပြီးတာဝန်အပ်နှင်း ခံရတဲ့သူတွေလေ။ (၄)နှစ်သက်တန်းအတွင်းမှာကို
တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ။ နောက်ထပ်(၄)နှစ်ဆိုတာ ဘာမှ မသေချာဘူးလေ။
ကျွန်မတို့ကနိုင်ငံဝန်ထမ်းတွေရှင့်။ ပင်စင်မယူမချင်း အလုပ်လုပ်ကြရမှာ။
တိုင်းပြည်အတွက်ကျွန်မတို့ ၀န်ထမ်းတွေက ပိုပြီး တာဝန်ရှိတာပေါ့ရှင်။
ဝန်ထမ်းကောင်းမှတိုင်းပြည်ကောင်းမှရှင့်’’
မေး။ ။ ‘‘ကျေးဇူးတင်ပါတယ်။ ခင်ဗျာ အဖြေကို သဘောကျပါတယ်’’
ဖြေ။ ။ ‘‘ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်’’
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်ကလည်းဦးဘုန်း(ဓါတု)မန္တလေးရဲ့ဆောင်းပါးထဲက အင်တာဗျူးတစ်ခုကို
ပြန်လည်ဖေါက်သည်ချခွင့်ရလိုက်တဲ့အတွက် ဆရာ ဦးဘုန်း(ဓါတု) မန္တလေးကို
ဒီနေရာကကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ဗျာ။
ဆရာ အတွေးရသစာစုဆောင်းပါးတွေဆက်ရေးနိုင်ပါစေ
့
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )