ကျွန်တော်နဲ့ ကွန်ပြူတာ (၁)
ကျယ်ပြောလှတဲ့ အိုင်တီအသုံးဝင်ပုံထဲကမှ အီးမေးလ်၊ Outlook အသုံးဝင်ပုံကို သာမန် user တစ်ယောက်အနေနဲ့ သိတာ ဖြစ်စေချင်တာလေး မျှဝေမလို့ အစချီရေးလိုက်တာမှာ ဘယ်လိုလုပ် အစိုးရအပစ်ဖို့တဲ့ ဘက်ရောက်သွားလဲမသိဘူး။
ရှယ်တဲ့သူ၊ တစ်ရက်အတွင်း friend request ပေါင်းများစွာ လက်ခံရရှိလိုက်တယ်။ စိတ်မကောင်းပါဘူး။ အမှန်တော့ blame လုပ်တာထက် constructive contribution လုပ်တာကသာ အကျိုးများမှာပါ။
၁၉၉၅ ခုနှစ် ဆယ်တန်းဖြေပြီးချိန်မှာ မရမ်းကုန်က WBMI ဆိုတဲ့ ဘုန်းကြီးကျောင်းက ဖွင့်ထားတဲ့ ဘာသာစကားပညာဒါန သာသနာပြုသင်တန်းတွေ တက်ဖြစ်တယ်။ ဘာသာစကားပေါင်းများစွာနဲ့ အဘိဓမ္မာ မြန်မာ၊ အင်္ဂလိပ်တွေ သင်ပေးတယ်။ အဲ့ဒီမှာ သင်တန်းတက်ဖက် အကိုကြီးတစ်ယောက်က အားလပ်ချိန်မှာ ကွန်ပြူတာ အသုံးဝင်ပုံ၊ outlook အသုံးဝင်ပုံ၊ အချိန်ဇယားဆွဲတာ၊ reminder alam ပေးတာ၊ meeting လုပ်ဖို့ အီးမေးလ်ပို့တာ တွေ ပြောပြတယ်။ သူပြောပြသလောက် သဘောပေါက်သလို ရှိပေမယ့် အများကြီးတော့ နားမလယ်ဘူး။ တစ်ချို့ function တွေက လက်ကိုင်ဖုန်းတွေမှာ ရနိုင်တယ်။ အဲ့အချိန်က လက်ကိုင်ဖုန်းဆိုတာ သူများဟာတောင် ခေတ္တမကိုင်ကြည့်ဖူးဘူး။ ကွန်ပြူတာဆိုတာ ဝေလာဝေးလေ။
ကွန်ပြူတာဆိုတာ ဘာကြီးလဲလို့ ပထမဆုံးသိတာက ဆယ်တန်းနှစ်မှာ ကျောင်းက multimedia room တွေလုပ်မယ်။ အစိုးရက ကွန်ပြူတာပေးတယ်။ လိုအပ်တဲ့ တစ်ခြားအထောက်အကူတွေအတွက် မိဘဆရာအသင်းကြေးကောက်တာမှာ ကျောင်းအုပ်ရဲ့ အစီအစဉ်နဲ့ ပရိုမိုးရှင်းလုပ်တာ မိဘဆရာအသင်းကြေး ငါးရာထည့်ရင် ကွန်ပြူတာ အခြေခံသင်တန်း တက်ခွင့်ရမယ် ဆိုတော့ အဖေ့ကိုပူစာပြီး ငါးရာထည့်လိုက်တယ်။ အတန်းပိုင်ဆရာမက သားရယ် ဆယ်တန်းက အရေးကြီးတယ်။ ဂုဏ်ထူးတွေအများကြီးရအောင် လုပ်။ ဆယ်တန်းအောင်မှ သင်လို့ရပါတယ်လို့ အကြံပေးတယ်။ ဒါနဲ့ဆရာမ စကားနားထောင်ပြီး မတက်ဖြစ်လိုက်ဘူး။ လိုက်ကာ အစိမ်းတွေကြားက ချောင်းကြည့်မိလို့ ကွန်ပြူတာဆိုတာ ဖြူဖြူးအတုံးကြီးတွေပါလားလို့တော့ မှတ်သားဖူးတယ်။ (ဂုဏ်ထူးတွေလည်း အများကြီးမရခဲ့ပါဘူး။ ဆယ်ကျော်သက်ကိစ္စကြောင့်ပါ။ ) အတန်းပိုင်သင်္ချာဆရာမက သူ့ဘာသာဂုဏ်ထူးမထွက်လို့ ဗိုက်ခေါက်အသေလိမ်တာ အမှတ်ရသေးတယ်။
အဲ့ဒီခေတ်က သတင်းတွေမှာ ဖတ်ရတယ်။ နိုင်ငံတကာ လူငယ်တွေ့ဆုံပွဲတွေမှာ တစ်ခြားနိုင်ငံက ကျောင်းသားတွေနဲ့ အတူတူလုပ်နိုင် ယှဉ်နိုင်တယ်။ ကွန်ပြူတာမှကျ မြန်မာကျောင်းသားက အားနည်းတယ်လို့ သွားခဲ့တဲ့သူတွေက အင်တာဗျူး အစီအစဉ်တွေမှာ ပြန်ပြောပြတယ်။ ကွန်ပြူတာဆိုတာ ဘာကြီးလည်း။ ကွန်ပြူတာ တတ်ချင်ရင် ဥာဏ်ကောင်းမှရတယ်။ သင်္ချာတော်မှာရတယ်။ လူတိုင်းသင်လို့ မရဘူး စတဲ့ စကားလုံးတွေနဲ့ အခြောက်ခံရလို့ ကွန်ပြူတာဆိုတာ ပိုတောင် မတို့မထိရဲကြဘူး။ ကားတစ်စီးသုံးသိန်းခေတ်မှာ ကွန်ပြူတာကလည်း သုံးသိန်းတန်တာကိုး။
မြန်မာပြည်မှာ ပထမဆုံး စွန့်ဦးတီထွင် မိတ်ဆက်ခဲ့တာက MCC နဲ့ KMD ဖြစ်မယ်။ ပြင်ပအခငွေပေး သင်တန်းတွေဆိုတော့ ငွေကြေးတတ်နိုင်တဲ့သူတွေသာ တတ်နိုင်တာပေါ့။ ကိုယ်လည်း တစ်နေ့တက်ရမယ် အားခဲထားတယ်။ နွေကျောင်းပိတ်ရက် လမ်းသုံးဆယ်က အာမခံအဆောက်အဦး လပ်ြငန်းခွင်မှာ လူကြမ်းသွားလုပ်လိုက်သေးတယ်။ တစ်နေ့တစ်ရာ၊ လမ်းစရိတ်က အသွားအပြန် လေးကျပ်။ အတော်လေးဟုတ်သလိုရှိမှ အကြောင်းဖန်လာတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ စိတ်မကူးတဲ့ ဗိုလ်သင်တန်းတက်ဖြစ်သွားတယ်။ သူငယ်ချင်းတွေအချင်းချင်းနောက်ကြတယ် ဝန်ထမ်းဖြစ်တာ ဝဋ်ပါလို့ကွ။ တပ်ပြင်ထွက်ရင် မြင်းလှည်းမစီးကြနဲ့။ ပေါင်သုံးဆယ် ကြောပိုးအိပ်နဲ့ ငါးမိုင်ပြေးတဲ့နေ့ဆို ပိုပြောဖြစ်တယ်။ မြင်းနဲ့စပ်မွေးတဲ့ ငယ်သန်တွေ ရှေ့ကပြေးလေ ပိုမောလေပဲ။
ပြင်ဦးလွင် ပထမနှစ်မှာ အမှတ်နဲ့ခွဲတော့ roll no. ရှေ့ပိုင်းတွေက Under training ကာလမှာပဲ လူကြီးခရီးစဉ်မှာ ပြဖို့ ကွန်ပြူတာ အရင်သင်ကြရတယ်။ ကိုယ်တွေက အဆောင် fatigue တစ်နေကုန်။ ပြန်လာရင် သူငယ်ချင်းတွေက နောက်ကြတယ်။ သူတို့ လက်ကလေး ထောင်ထောင်ပြပြီး ရွှေလက်ကလေးတွေ တွေ့လားတဲ့။
ဆက်ရန်