ကျွန်တော်အပါအဝင် မြန်မာအများစုဟာ စည်းရုံးသိမ်းသွင်းတယ် ဆိုတဲ့ကိစ္စရပ်ကို နားမလည်ကြဘူး တစ်နည်းပြောရရင် စည်းရုံးသိမ်းသွင်းရ ကောင်မှန်းကို မသိကြဘူး။ ဒါတွေဟာ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ဆိုတဲ့ မွေးကင်းစ ကလေးအရွယ်ကနေ အစပြုပြီး အခြေခံလူမှုဆက်ဆံရေး နယ်ပယ်မှာ ထိတွေ့ လက်ခံကျင့်သုံးလာခဲ့ကြတာပါပဲ။
မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကြောက်ရွံရိုသေတယ် ဆိုတဲ့ စကားရပ်ဟာ အတော်လေးကို ထိထိရောက်ရောက် နှလုံးသားထဲအထိ စွဲဝင်စူးနစ်နေခဲ့တာပါ။ မိဘက သားသမီးကိုပဲ ဆိုဆုံးမသည်ဖြစ်စေ၊ ဆရာက တပည့်ကို ဆိုဆုံးမသည်ဖြစ်စေ ဆိုဆုံးမခံရတဲ့ ကလေးရဲ့ မှားယွင်းမှု၊ ကွဲလွဲမှု၊ နားမလည်မှုတွေကြောင့် အရှက်ရသွားအောင်၊ နာကျင်သွားအောင် ဒဏ်ပေးတဲ့ နည်းကိုပဲ အများဆုံး အသုံးပြုကြပါတယ်၊ အခုထက်အသုံးလဲ ပြုနေကြဆဲပါ။
ဘယ်လောက်ပဲ နားလည်သဘောပေါက်အောင် ပြောဆိုဆုံမတာတွေကို လက်ခံကြတယ်ပြောပြော ကိုယ်တိုင်ဆိုဆုံးမရမယ့် နေရာရောက်လာရင်တော့ နာကျင်အောင်၊ အရှက်ရအောင် ပြုလုပ်ဒဏ်ပေးတဲ့ နည်းကိုပဲ အသုံးပြုကြဆဲပါပဲ။ ဒီအကျင့် စရိုက်တွေဟာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ တခြားတပါးသူတွေကို ဝေဖန်ထောက်ပြတဲ့ အခါမှာလဲ စွဲကပ်လာပါတော့တယ်။ ကိုယ်နဲ့ မပက်သက် မဆက်စပ်တဲ့အတွက် နာကျင်အောင် မလုပ်နိုင်ပေမယ့် အရှက်ရသွားစေမယ့် ပုံစံမျိုးနဲ့ ထိန်းကျောင်းပဲ့ပြင်ကြတာဟာ ပုံမှန်လို ဖြစ်နေပါပြီ။
လူတစ်ယောက်ကို မကျေနပ်တာ ဒါမှမဟုတ် မကြိုက်နှစ်သက်တဲ့ အပြုအမူမျိုး လုပ်နေတာကို မကျေနပ်တဲ့အခါ အပြစ်တင်တဲ့နည်းလမ်း၊ အပြစ်ရှာပြီးတော့ အရှက်ရစေတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုကြပါတယ်။ ဒါတင်မကဘူး မိမိလုပ်စေချင်တဲ့ ကိစ္စရပ်တွေကို မလုပ်ဘူးဆိုရင်လဲ အရှက်ခွဲခြင်း၊ အသုံးမကျဘူးပြောခြင်း စတာတွေနဲ့ မလုပ်မိရင် ဖြစ်လာမယ့် ဖိအားတွေ ပေးပြီးတော့ ခြောက်လှန့်ပြောဆို ကြပါတယ်။
ပထမဆုံး သတိထားမိတာက NLD ကိစ္စပါ။ NLD အခြေအနေ ကောင်းလာတော့ သာကူးတွေ၊ ဆိတ်လစေ့တွေ ဆိုတဲ့ စကားရပ်တွေ သိပ်ကြားရပါတယ်။ နိုင်ငံရေး ပါတီဆိုတာမျိုးက ဘယ်လိုဖြစ်နေပစေ များများစည်းရုံးဖို့ လိုအပ်တယ် မဟုတ်ပါလား။ နောက်တစ်ခုက ဘင်္ဂလီကိစ္စ ၉၆၉ ကိစ္စရပ်တွေပါ။ ဒီက်စ္စတွေမှာ အကြွင်းမဲ့ အထောက်ခံတဲ့သူ၊ ဘာသာခြားတွေနဲ့ ပက်သက်တာကို ပြုလုပ်နေသူ စတာတွေကို အပြစ်တင် အရှက်ခွဲတဲ့ နည်းလမ်းနဲ့ ကြောက်လာအောင် ရှက်လာအောင် လုပ်ပြီးတော့ စည်းရုံးပါတယ်။ ရလာဒ်ကတော့ ကိုယ့်ဘက် ပါရမယ့်သူတွေကို ရန်သူ့ (ပြိုင်ဘက် ဖက်ကို) တွန်းပို့လိုက်တာပါပဲ။
နောက် မြင်မိတာတွေက လေးစားမှု အားကျမှုနဲ့ ယုံကြည်သက်ဝင် ကိုးကွယ်မှုတွေပါပဲ။ မိမိထားတဲ့ စံနှုန်းအတိုင်း မကိုက်ညီရင် ဖြောင်းဖျ ပြောဆိုဖို့ထက် အပြစ်တင်၊ ရန်ရှာဖို့၊ ပြောဆို အရှက်ခွဲဖို့ လုပ်နေကြတာပါပဲ။ ဒါတွေဟာ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်လုပ်သလို အများကို လိုက်လုပ်စေချင်တာရဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒေါ်စုနဲ့ နန်းခင်ဇေယျာကို ဗုတ်လုပ်ရာမှာ အများကြီး ကြုံခဲ့ပြီးပါပြီ။ ဒီနေ့ဟာ နိုင်ငံတော် သမ္မတဖြစ်တဲ့ ဦးသိန်းစိန် မွေးနေ့ပါ။ လူတိုင်းဟာ ကြိုက်လွန်းလို့ ချစ်လွန်းလို့ ဆုတောင်းပေးနေတာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေ ရှိနေပေမယ့် သူ့လုပ်ရပ်ကို လက်ခံနိုင်တဲ့ အချက်တွေ ရှိလို့ ဆုတောင်းပေးကြတာရယ်ပါ။ အင်တာနက်မှာ ကိုယ့်စတေးတပ်တောင် တစ်ခါမှ လိုက်မလုပ်ပေးတဲ့သူတောင် မွေးနေ့ကျရင် Happy Birthday လုပ်ပေးသေးတာကို လက်ခံစေချင့်ပါတယ်။ ဒီအချိန်မှာ အပြစ်တင်လိုက်လို့ ကိုယ့်ဘက်ကလူ၊ ကိုယ့်ထောက်ခံမယ့်သူ လျော့သွားဖို့ ခပ်တန်းတန်း ဖြစ်သွားဖို့ပဲ ရှိပါမယ်။
မိမိကိုယ်ပိုင်အမြင်နဲ့ ပြောရရင် ရွှေတိဂုံဘုရားလိုမျိုးကို ရွှေတွေပုံကပ်နေတယ် တကယ်လိုနေတဲ့ နေရာတွေ ငတ်ပြတ်နေတဲ့ နေရာမျိုးကျတော့ မလှူဘူးဆိုတဲ့ ဥပမာကို ပေးပါမယ်။ ဒါကို ပြန်ကြည့်ရင် ကိုယ့်အမြင်နဲ့ မတူတိုင်း အပြစ်ရှာ အပြစ်တင် အရှက်ခွဲချင်တဲ့ စိတ်က အခြေခံပါတယ်။ ကိုယ်တိုင်လဲ လူမှုရေးတွေ လုပ်နေတာပါပဲ။ အရင်ကတော့ ဒီလိုစိတ်မျိုး ဖြစ်ပေမယ့် နောက်ပိုင်းရှောင်ပါတယ်။ သူ့ရဲ့ ယုံကြည်သက်ဝင်မှု စေတနာ သဒ္ဒါတရားနဲ့ ရည်ရွယ်ချက်ကို ကိုယ်ကမသိတာ ဖြစ်မှာပါ။ တကယ်တမ်း ကိုယ်ကဖြစ်စေချင်တယ်ဆိုရင် ကိုယ်လှူစေချင်တဲ့ နေရာအကြောင်း သဒ္ဒါပေါက်အောင် ပြောပြ စည်းရုံရမှာပါ။ မဟုတ်ပဲ အပြစ်တင်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင်တော့ ကိုယ်နဲ့သူ ဝေးသထက် ဝေးလာမှာပါ။
အကျင့်ပါ အသားကျနေတဲ့ စိတ်ဓါတ်၊ အပြစ်တင်ပြီးတော့ အရှက်ရစေချင်တဲ့ စိတ်ဓါတ်တွေဟာ ကိုယ့်စေတနာကို လူနားမလည်စေရုံမက ကိုယ်ဖြစ်စေချင်တဲ့ နည်းလမ်းကနေ ဆန့်ကျင်ဘက် လားရာအကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ စည်ရုံးသိမ်းသွင်းတာရဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့စိတ်၊ ကိုယ်လုပ်စေချင်တဲ့ စေတနာကို သဘောပေါက်အောင် မရှင်းပြနိုင် မစည်းရုံးနိုင်တာဟာ ကိုယ့်မှာချို့ယွင်းချက် အားနည်းချက် တစ်စုံတစ်ရာ ရှိနေတာ ဖြစ်နိုင်သလို စေတနာမပါတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါ။ အခုအချိန် လုမ္မနီကိစ္စ ဝိုင်းဗုတ်ကြပါဆိုရင် Times လောက် စိတ်မဝင်စားတာ၊ ဘာသာတရား အဲ့လောက် အလေးထားပါတယ် ဆိုတဲ့ ၉၆၉ တွေ ဘာလုပ်နေကြလဲ ပြောလို့ရတာပေါ့။ တကယ်က သူတို့ရင်ထဲ ရောက်သွားအောင် မပြောတတ်တဲ့ ကိုယ့်အားနည်းချက်ကြောင့် လိုအပ်နေတာကို လက်ခံရပါမယ်။ မခံချင်အောင် အရှက်ရအောင် ပြောလိုက်လို့ ဘာများပိုကောင်းသွားမလဲ တကယ့်စေတနာ မပါပဲနဲ့ မခံချင်စိတ်နဲပ လုပ်တော့ကော ဘာများပိုကောင်းလာပါမလဲ။
စည်းရုံရင်းနဲ့ ရန်သူပေါလာတာ၊ သိမ်းသွင်းရင်းနဲ့ ပြောင်းပြန်ဖြစ်ကုန်ကြတာဟာ အရှက်ခွဲလိုတဲ့စိတ်၊ အပြစ်တင်ပြီး ခြိမ်းခြောက်လိုတဲ့စိတ်၊ လွှမ်းမိုးလိုစိတ် အားကြီးနေတာနဲ့ စေတနာ မဖြူစင်တာ၊ စိတ်အားတက်ကြွမှု မရှိတာတွေကြောင့်ပဲ ထင်မိပါတယ်။
စိတ်ထဲအထိ လိုက်မထိန်းချုပ်နိုင်ပေမယ့် ဝစီကံနဲ့ ကာယကံအထိတော့ ထိန်းတတ်နေပါပြီ။