Quantcast
Viewing all articles
Browse latest Browse all 1811

စစ်သားနဲ့ ရေဗူးပေါက်တဲ့ဇာတ်လမ်း (၅)








အခန်း(၅)

နံနက်အာရုံမတက်ခင် မန်းတလေးကနေထွက်လာတဲ့ ကျနော်တို့တပ်ယာဉ်တန်းဟာ မိုးကုတ်မြို့ကို ကျော်ဖြတ်လာပြီးတော့ ညနေ(၃)နာရီလောက်မှာ မိုးမိတ်မြို့လေးထဲကို ၀င်ရောက်လာခဲ့ပါတယ်၊ မြို့ထဲကိုကျနော်တို့ဖြတ်တဲ့အခါမှာ တော့မြို့ခံလူတွေက ရုတ်ရုတ်သဲသဲ နဲနဲဖြစ်သွားကြပါတယ်၊ သူတို့မြို့ထဲကို တပ်ရင်းတရင်းလုံးအင်အား တက်လာတာတွေ့တဲ့အတွက် ကျီးလန့်စာစားဖြစ်နေပုံပါဘဲ၊


ကျနော်တို့တပ်ရောက်သွားတဲ့အချိန်က ၁၉၈ရ ဧပြီလ ၁၁ ရက်၊ တိုက်တိုက်ဆိုင်ဆိုင် အဲသည်နေ့ဟာ မိုးမိတ်မြို့လေးအတွက် နှစ်စဉ်အတိတ်တစေခြောက်လှန့်ခံနေရတဲ့ ရက်ကလေးပါ၊ လွန်ခဲ့တဲ့ (၁၀)နှစ် ၁၉၇၇ ဧပြီလ(၁၁)ရက်နေ့ မိုးမလင်းခင်မှာဘဲ မိုးမိတ်မြို့လေး ကမ္ဘာပျက်ခဲ့ရပါတယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေဟာ အင်အား(၅၀၀)ကျော်နဲ့ မိုးမိတ်မြို့လေးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်၊ မြို့လုံခြုံရေးတာဝန်ယူထားတဲ့ ခလရ(၁၂)တပ်ရင်းမှုးနဲ့ အရာရှိစစ်သည် အများအပြားကျဆုံးပြီး မြို့ဟာဗကပတွေလက်ထဲ ကျဆုံးခဲ့ရပါတယ်၊

ဗကပဟာ ၁၉၇၅ လောက်ကထဲက သူတို့အခိုင်အမာ အင်အားစုဆောင်းထိန်းချုပ်ထားနိုင်တဲ့ ရွှေလီချိုင့်ဝှမ်းခွင်ကို ခြေကုပ်ယူုပြီး သူတို့အလိုခြင်ဆုံးဖြစ်တဲ့ မသုံးလုံးနယ်မြေသစ် (မန်းတလေး၊မေမြို့၊မိုးကုတ်) ဒေသတွေကို ၀င်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်၊ စစ်ဦးဘီလူးဆိုတဲ့အတိုင်း အကြမ်းရမ်းဆုံးကကွက်နဲ့ ဗကပတို့ပွဲထွက်လာခဲ့ကြတာပါ၊ မိုးမိတ်နဲ့တပြိုင်ထည်း မြန်မာ့ရတနာမြေ မိုးကုတ်ကို သိမ်းပိုက်နိုင်ဖို့ မိုးကုတ်မြို့ရဲ့ အနောက်မြောက် ပန်လင်ဘားနတ်ရွာဖက်ကလည်း စစ်မျက်နှာ(၂)ဖက်ခွဲလို့ အင်အားကြီးမားစွာနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်၊ သာလွန်အင်အားနဲ့ တိုက်ခိုက်ခံရတဲ့အတွက် မိုးမိတ်မြို့ဟာ ဗကပလက်အောက် ကျရောက်သွားပြီး တမြို့လုံး မီးလောင်တိုက်သွင်းခံခဲ့ရပါတယ်၊

ဒါပေမဲ့ မိုးကုတ်ကိုဝိုင်းပတ်တိုက်ခိုက်ခဲ့တဲ့ ဗကပတွေကတော့ ပန်လင်ဘားနတ်ကို မကျော်နိုင်ခဲ့ပါဘူး၊ အဲ့သည်မှာရှိတဲ့ တပ်မတော်တပ်ခွဲလေးတခုရဲ့ အသေခံခုခံမှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး၊ ကျနော်မှတ်သားခဲ့ဘူးတာတော့ မိုးမိတ်နဲ့မိုင်၂၈မိုင်ကျော်ဝေးတဲ့ မိုးကုတ်မှာထိုင်နေတဲ့တပ်က ဖိုးဂေါ်ရခါးဆိုတဲ့ ခလရ(၄)ရန်ကင်းတောင်ခြေက တပ်ဖြစ်ပါတယ်၊ သည်မှာကြုံလို့တင်ပြရ၇င် ၁၉၈၆ နှစ်ကုန်လောက်က မိုးကုတ်မှာ ဇူဇကာစစ်ဆင်ရေးဆိုပြီး ကျောက်ခိုးတူးသူတွေ၊ ကျောက်မှောင်ခိုရောင်းဝယ်တဲ့ သူဌေးတွေကို အဖွဲ့ပေါင်းစုံနဲ့ ဖမ်းဆီးအရေးယူတဲ့ စစ်ဆင်ရေးတခုလုပ်ခဲ့ပါတယ်၊ အဲသည်မှာ ကျနော်ကတပ်စုမှုး၊ ဗက ယုလွင်အောင် (စတသ၁၈) က တပ်ခွဲမှုးနဲ့ ပန်လင်ဘားနတ်ကို ချီတက်ပိတ်ဆို့ ထိန်းသိမ်းခဲ့ရပါတယ်၊ အဲသည်မှာ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံး ပြောင်ခေါင်းစိမ်းဆိုတဲ့ ကျောက်မျက်ထွက်ရာ တွင်းတွေရှိပါတယ်၊ အဲ့သည် ပြောင်ခေါင်းစိမ်းတောင်နားက ထင်ရှုးတောင်ဆိုတဲ့ရွာလေးမှာ ကျနော်တို့ခဏစခန်းချ နယ်မြေထိန်းသိမ်း နေခဲ့ရပါတယ်၊ အခုပရီးမီးယားကော်ဖီ ကိုထွန်းရင်တို့ရဲ့ ဖခင်ကြီးဦးစိန်နဲ့ လီရှောအဖွဲ့တွေ နေတဲ့ရွာလေးပေါ့၊

အဲသည်ရွာမှာ နေတုံးရွာကလူတွေက ရွာထိပ်တောင်ကုန်းပေါ်က အုတ်ဂူလေးနှစ်လုံးကိုီ လိုက်ပြပါတယ်၊ အဲသည်အုတ်ဂူဖြူဖြူလေးနှစ်လုံးကို အမြဲထုံးဖြူဖြူသုတ်ထားပါတယ်၊ ပေါင်းမြက်ရှင်းလင်းပေးပါတယ် ရွာသားအားလုံး တမြတ်တနိုးထားပါတယ်တဲ့…. ကျနော်ကြည့်လိုက်တော့ ကမ္ဓည်းစာတွေဘာတွေနဲ့ပါ၊ တပ်က စစ်ဗိုလ် နှစ်ယောက်ရဲ့ဂူပါ၊ (အရင်ကနံမည်မှတ်မိပေမဲ့ အခုမှတ်ထားတဲ့စာအုပ်က ပြန်ရှာ၇ဦးမှာမို့ နောက်မှ ဖြည့်စွက်လိုက်ပါ့မယ်) ၊သည်နှစ်ယောက်ဟာ သူတို့ရွာရဲ့ကျေးဇူးရှင်တွေတဲ့ … သူတို့ရွပ်ရွပ်ချွံချွံ အသက်အသေခံ ကာကွယ်ပေးခဲ့လို့ သူတို့ရွာလေးရော မိုးကုတ်မြို့ကြီးရော ဗကပလက်အောက် မကျခဲ့ရတာလို့ဆိုပါတယ် ၊အဲ့သည်ဂူလေးတွေကလည်း မိုးကုတ်က သူဌေးတွေလာပြီး လုပ်ပေးထားတာလို့ဆိုပါတယ်၊ အဲသည်နေရာ အဲသည်ဂူလေးရှိရာကကြည့်ရင် အောက်က မိုးမိတ်လွင်ပြင်ကြီးကို တမြော်တခေါ်မြင်ရပါတယ်၊ မမြင်မကြုံခဲ့ပေမဲ့ ရွာသားတွေ အပြောနားထောင်ရင်း တိုက်ပွဲဖြစ်စဉ်ကို ပြန်မြင်ယောင်မိလာသလိုပါဘဲ၊

အဲ့သည်ဗိုလ်ကြီးတွေသာ ကာကွယ်မပေးခဲ့ရင် ကျနော်တို့ရွာရော မိုးကုတ်ရော မိုးမိတ်လို မီးလောင်တိုက် သွင်းခံ၇မယ်၊ သတ်ဖြတ်မုဒိမ်းကျင့်ခံရမယ်၊ ရွှေငွေလုယက်ခံရပြီးဘ၀ပျက်မှာ အသေအခြာပါဘဲဗျာ … ဆိုတဲ့ ရွာသားတွေ စကားကိုနားထောင်ရင်း အဲသည်နေရာမှာ ကျဆုံးခဲ့တဲ့ တပ်မတော်သားတွေကို ဦးညွတ်အလေးပြုမိလိုက်ပါတယ်၊

အဲ့သည် မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာ ဗကပတို့အမြတ်ထွက်ခဲ့ပါတယ်၊ အလစ်အငိုက်ကို သာလွန်အင်အားနဲ့ စီးနင်းသိမ်းပိုက်နိုင်ခဲ့သလို မြို့က ရတနာရွှေငွေ အတော်များများလည်း သိမ်းပိုက်ရယူသွားနိုင်ခဲ့ပါတယ်၊ မြို့ကျသွားတဲ့ ခလရ(၁၂)ရယ်၊ ခလရ(၄)နဲ့ စစ်ကူတပ်တွေရယ် မြေပြင်တိုက်စစ်နဲ့ အသက်ပေါင်းမျာစွာ အဆုံးခံပြီးပြန်တိုက်မှ နောက်ဆုံး လေကြောင်းပစ်ကူပေးမှ ဗကပတွေမခံနိုင်တော့ဘဲ ဆုတ်ခွာသွားရတာပါ။ အဲ့သည်မိုးမိတ်မြို့သိမ်းတိုက်ပွဲကို ဗကပဖက်က တကယ့်နံမည်ကြီး ဗိုလ်ပုခေါ် ဗိုလ်ပုမောင်၊ ရဲဘော်ကျော့ရင်၊ ဗိုလ်ဘရန်ရှောင်တို့က ဦးစီးတိုက်ခိုက်ခဲ့တယ်လို့မှတ်သားခဲ့ရပါတယ်၊


မိုးမိတ်ကိုလိုက်ပို့တဲ့ TE စစ်ကားကြီးတွေ ဂီတ်ဆုံးတော့ ကျနော်တို့ ဆက်လက်ချီတက်ရပါတော့တယ်၊ မိုးချုပ်နေ၀င်တော့မှာဖြစ်ပေမဲ့ မိုးမိတ်ဗျူဟာမှုးက မြို့ထဲမှာ တည်းခိုခွင့်မပြုခဲ့ပါဘူး၊ ဗကပတွေ အရင်လိုလာတိုက်မှာမို့ တပ်တွေတက်လာတာလားဆိုပြီး မြို့လူထုလန့်နေတာရယ်၊ တပ်ရင်းတရင်းလုံး ဖြစ်တဲ့အတွက် စည်းကမ်းထိန်းရမဲ့ အခက်အခဲတွေရယ်ကြောင့် ကျနော်တို့ မိုးမိတ်ကနေ အရှေ့မြောက်စူးစူးက မိုးလိုသွားတဲ့လမ်းအတိုင်း ဆက်လက်ချီတက်ပြီးတော့ တောင်ခြေရွာလေးတခုမှာ ညအိပ်အခြေပြုရပါတော့တယ်၊


နောက်နေ့ မနက်အာရုံတက်မှာတော့ ကျနော်တို့တပ်ရင်း စစ်ကြောင်းကြီးတခုလုံး ရွှေလီမြစ်ဘေးကနေ တောင်တက်လမ်းကို စတက်ရပါတော့တယ်၊ အရင်က ပရိုမီနာစစ်သား၊ နန်းဆန်ဆန်စစ်သားတွေဆိုပေမဲ့ အရေးကြုံတော့လည်း စစ်သားဇာတိကပြန်ပြလာကြပါတယ်၊ တကယ်တော့ကျနော်တို့ တပ်က အများပြောသလို လုံခြုံရေးသက်သက် လိုက်စားနေတဲ့တပ်တော့မဟုတ်ပါဘူး၊ ကင်းတားဆည်၊ ဆည်တော်လေးဆည်တွေမှာ စခန်းထိုင်ပြီး နယ်မြေထိန်းလုပ်ရတယ်၊ နောက်ကုန်းသာ-ရဲယမန်းဖက်က နယ်မြေထိန်းစခန်းထိုင်လုပ်ရတယ်၊ ဘိန်းစစ်ဆင်ရေးကို ၇မခဖက်ကိုတက်ပြီးချရတယ်၊ SURA လွယ်မော်၊ မဒတ၊ ကေအိုင်အေ၊ ပလောင်၊ ဗကပ၊ SSA အစ၇ှိတာတွေနဲ့ နောင်ဂျိန်သေးသေးလေးတွေ ချဘူးတယ်၊ ခပ်ကြီးကြီးဆိုလို့  နားတီး နမ်းဆလပ်ခွင်မှာ ဘိန်းစစ်ဆင်ရေးဝင်တဲ့ အချိန်တပွဲကြုံခဲ့ဘူးတယ်၊ အဲဒီမှာ ကျနော်တပ်စုမှုးဘ၀က ကျည်လွဲတာလေး ပြောခြင်သေးတယ်၊

 ပေရှည်တယ်လို့တော့မထင်ပါနဲ့ ကံကြမ္မာက နေရာလွဲပေးလိုက်တဲ့အကြောင်းလေး ပြောခြင်လို့ပါ၊ တနေ့လုံး တောင်တက်လာပြီး တောင်ထိပ်က ရွာလေးမှာ တပ်ရင်းတရင်းလုံးစခန်းချတော့ ပစ္စည်းတွေစစ်ရတယ်၊ ပေါ်တာတယောက်နဲ့ ၇၅ မမ ကျည်တတောင့် ပျောက်နေတယ်၊ ဒါကြောင့် အဲဒီမှာတနေ့လုံး ဦးဆောင်ပွီုင့်ပြေးခဲ့ရပြီး စစ်ကြောင်းတခုလုံးရဲ့ ရှေ့၃ဖာလုံလောက်မှာ ကာကင်းထုတ်ထားတဲ့ ကျနော့တပ်စုကို ပြန်ဆွဲထုတ်ပါတယ်၊

နောက်နေ့ မနက်အစောကြီး ထွက်ပြေးပေါ်တာနဲ့ ဗုံးသီးပြန်ရှာဖို့ နောက်ကြောင်းပြန်ဆင်းရတယ်၊ ကျနော့တပ်စုနေရာကို တပတ်စဉ်ထဲက စိုးမျိုးအေးတပ်စုက ၀င်လဲတာဝန်ယူရတယ်၊ နေ့လယ် ကျနော်ပြန်ရောက်လာတော့ ဗုံးသီးပြန်ရတယ် ၊ တာဝန်ကျေတယ်ဆိုပြီး တပ်ရင်းမှုးက သူ့ရိတ်ခါထဲက ကြက်နှစ်ကောင်ပေးတယ်၊ “ရဲဘော်တွေ ကြက်သားဟင်းချက်ကျွေးလိုက်၊ မင်းလည်းဒီနေ့တော့ စစ်ကြောင်းနားမှာဘဲ နားလိုက်တော့ မနက်ကျတော့မှ ကာကင်းနေရာက စိုးမျိုးအေးကို သွားပြန်လဲပေးလိုက်” လို့တပ်ရင်းမှုးကဆိုတယ်၊


ဒါနဲ့ကိုယ်တွေလည်း ရဲဘော်တွေကို ကြက်နှစ်ကောင် ချက်ခိုင်းလိုက်ပြီး ကချင်မီးတောက်နှစ်လုံး ၀ယ်လိုက်တယ်၊ နောင်တော်ကြီးများနဲ့ သူငယ်ချင်းများကိုလည်း တပါထည်းဖိတ်မန္တကပြုလိုက်တယ်၊ ညကျရင်တော့ အပီဆွဲ တော့မယ်ပေါ့ ၊ ရှေ့ကာကင်းချုံပုတ်ပေါတဲ့နေရာမှာ တဗျင်းဗျင်း ကုတ်ရင်း မျက်စိပုတ်လောက် ဖြဲစောင့်နေမဲ့ တပတ်စဉ်ထဲသွေးသောက်ဖက် စိုးမျိုးအေးအတွက်လည်း မမေ့ပါဘူး၊ ကြက်ပေါင်လေးနှစ်ချောင်းကို စပါယ်ရှယ်ကြော်ပြီး ဖယ်ထားခိုင်းလိုက်ပါတယ်၊ မနက်ကျတော့နေရာလဲမှ ငါ့သူငယ်ချင်းကြီး ကျွေးတော့မယ် ဆိုတဲ့အတွေးနဲ့ပေါ့၊ ပြီးတော့ ကျနော့်ရဲဘော်တွေနဲ့အတူ ရွာနံဘေးလျှိုမြောင်ကြားက ရေထွက်ကို ဆင်းလာခဲ့ပါတယ်၊ ကန်တော့ပါရဲ့ ဘောင်းဘီရှည်ကို ချွတ်လို့ အောက်ခံဘောင်းဘီစစ်စိမ်းနဲ့ စစ်စွယ်ကျယ်တထည်နဲ့ ကာဘိုင်ကိုထားခဲ့ပြီး ပစ်စတိုသေနတ်တလက်နဲ့ ရဲဘော်တွေနဲ့ အတူတပျော်တပါး ရေကစားနေတုံးမှာဘဲ၊ အပေါ်က ပစ်သံခတ်သံတွေ လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းတဂျိန်းဂျိန်း ကြားလာရပါတယ်၊

ရုတ်တရက် လျှိုထဲမှာဆိုတော့ တိုက်ပွဲနေရာကို ခန့်မှန်းမရခဲ့ပါဘူး၊ ရေချိုးလျက်တန်းလန်းနဲ့ဆိုတော့ ရဲဘော်တွေကို- ဟေ့ကောင်တွေ မြန်မြန်ချိုး ဘာမှမဖြစ်ဘူး တပ်ရင်းတရင်းလုံးဘဲ ဆော်ပစေ၊ လာချောင်းပစ်တာ နေမှာ ခဏနေထွက်ပြေးသွားလိမ့်မယ် ပြီးအောင်ချိုးပြီးမှ တက်ကြတာပေါ့လို့ တပ်မစတိုင်နဲ့ ခပ်မိုက်မိုက် ဆိုလိုက်ပါတယ် ၊ဒါပေမဲ့ ပစ်ခတ်သံတွေ စိပ်လာတာရယ်၊ ပစ်တဲ့အသံကို မှန်းလိုက်တဲ့အခါ တိုက်ပွဲနေရာဟာ အရင်ကျနော့နေရာ အခုကျနော့သူငယ်ချင်း နေရာယူထားတဲ့နေရာ ဖြစ်နေတာကို သွားသတိရလိုက်မိပါတယ်၊ ၅.၅၆ ကျည်သံတွေက များလာပါတယ်၊ ရေဆက်မချိုးနိုင်တော့ဘဲနဲ့ ကမန်းကတန်း ရွာပေါ်ပြေးတက်ခဲ့ပါတယ်၊ ကျနော့တဲလေးထဲက ကာဘိုင်ကိုဆွဲပြီး ရှေ့ကိုကျနော်ပြေးပါတော့တယ်၊ တပ်ရင်းရုံးစခန်းချတဲ့ ရွာထဲမှာလည်း ရုတ်ရုတ်ရုတ်ရုတ်နဲ့ နေရာယူကြ လက်နက်ကြီးတွေ ဆင်ကြ သူ့အလုပ်နဲ့သူ ရှုပ်နေကြပါတယ်၊

ကျနော်တယောက်ထဲ တောင်ကြောလမ်းအတိုင်း စိုးမျိုးအေှးဆီ ပြေးမလို့လုပ်တော့ ကျနော့်အကူရဲဘော်က အနောက်ကအပြေးလိုက်လာပါတယ်၊ ဗိုလ်ကြီးအကျီင်္နဲ့ ဘောင်းဘီတဲ့ ရေရွှဲရွှဲစိုနေတဲ့ စွပ်ကျယ်ပေါ်ကို အကျီထပ်ဝတ်လိုက်ပေမဲ့ ဘောင်းဘီရှည်တော့ မ၀တ်နိုင်တော့ပါဘူး ၊ လမ်းဘေးလွှင့်ပစ်လိုက်ပါတယ်၊ ပြီးမှပြန်ကောက်မယ်ပေါ့၊ ဇောကကပ်နေပါပြီ၊ ဟိုမှာ စိုးမျိုးအေးတို့ဆီက ရ.၆၂ အသံတွေကလည်း နည်းလာပါပြီ၊ ကျနော့သူငယ်ချင်း အသက်မှရှိသေးရဲ့လား၊ စိတ်ကပူလှပါပြီ၊ ဒါနဲ့တောင်ကြောလမ်းကို ကာဘိုင်အသင့်ကိုင်ပြီး ကျနော်ရယ်၊ အကူရဲဘော်အပါအ၀င် ရဲဘော်နှစ်ယောက်ရယ် အပြေးဆင်းခဲ့မိပါတော့တယ်၊

ကျနော်တို့(၃)ယောက် ရွာထိပ်က ထွက်တဲ့အချိန်မှာဘဲ နောက်က “ခင်မောင်သန့် အရမ်းမသွားနဲ့ ကြားထဲက ဖြတ်တိုက်ခံရဦးမယ်၊ ကိုလည်းလိုက်မယ်စောင့်ဦး” ဆိုတဲ့အသံကြားလို့ နောက်လှည့်ကြည့်လိုက်တဲ့အခါဒုတပ်ရင်းမှုးကို တွေ့ရပါတယ်၊ သူနဲ့အတူ စက်လတ်ကိုင်တယောက် ရဲဘော်တယောက၊် ကျနော့လိုဘဲ သူလည်း(၃)ယောက်နဲ့ ကမန်းကတန်း ထွက်လာပုံပါဘဲ၊ သူ့လက်ထဲမှာတော့ ၄၀ မမ တလက်ကိုဆုပ်လို့၊ ခါးမှာတော့ မပါမဖြစ် ပစ်စတိုတလက်နဲ့ပေါ့၊ ကျနော်နဲ့ ဒုတပ်ရင်းမှုး တိုက်ပွဲနေရာကို အမြန်ဘဲ ရောက်သွားကြပါတယ်၊ တောင်အဆင်းလမ်းဖြစ်တာရယ်၊ ဘေးနှစ်ဖက်က ဂျောက်ကမ်းပါးဖြစ်တာရယ်က လမ်းမှာချုံခိုဖို့မလွယ်လှပါဘူး၊ ကျနော်တို့ရောက်တော့ ပစ်တုံးခတ်တုံးပါ၊ အနောက်က ရဲဘော်တွေမေးတော့ ရှေ့မှာချနေတုံးဘဲ ရန်သူအင်အားများတယ်လို့သိရပါတယ်၊ေ၇ှ့ကို မိကျောင်းတွား သွားလိုက်တဲ့အခါမှာတော့ သွေးအိုင်ထဲမှာလဲနေတဲ့ ကျနော့သူငယ်ချင်း တပတ်စဉ်ထဲဆင်းကြီးကို တွေ့၇ပါတယ်၊ ဒုတပ်ရင်းမှုးနဲ့အတူ ပါလာတဲ့ ဆေးတပ်သားတင်ယု ကို သူ့အနားသွားခိုင်းတဲ့အခါမှာတော့ ကိုယ်တော်ချောက မျက်လုံးပွင့်လာပါတယ်၊ ထုံးစံအတိုင်းကုလားမှု ကုလားချွဲအပြုံးလေးနဲ့ပါဘဲ၊ ကျနော်က သူငယ်ချင်းအဆင်ပြေရဲ့လားဆိုတော့ ဖင်ရော လက်ပြင်ရောထိထားတယ် ဒါပေမဲ့အေးဆေးပါ ရှေ့မှာ ငါပစ်ချထားတာနှစ်ကောင်လားမသိဘူး သေနတ်လည်းကျန်နေတယ်။  သွားကြည့်ပေးစမ်းပါ ဆိုပါတယ်၊

ရှေ့မှာက တဖွဲဖွဲပစ်နေတုံး ကျနော်လည်း သူငယ်ချင်းစိတ်ချမ်းသာအောင် “အေးအေး မင်းစိတ်အေးအေးထား၊ သည်နေရာ ငါ့တာဝန်ထားလိုက်၊ အခုတော့ တင်ယုဆေးကုတာခံလိုက်ဦး” ဆိုပြီး ရဲဘော်နှစ်ယောက်နဲ့ ပစ်ကွင်းအောက်က ဆွဲထုတ်ခိုင်းလိုက်ပါတယ်၊ သည့်နောက်မှာတော့ ဒုတပ်ရင်းမှုးရဲ့ ၄၀ မမ က တလုံးပြီးတလုံး ပစ်ထုတ်လိုက်သလလို အတွဲလိုက်ဆွဲလိုက်တဲ့ စက်လတ်ကြောင့် ရန်သူတွေူဆုတ်ခွာသွားပါတော့တယ်၊ ရန်သူဆုတ်သွားသွားချင်း စိုးမျိုးအေးမှာတဲ့အတိုင်း လမ်းပေါ်ဆင်းကြည့်တဲ့အခါ မဒတတံဆိပ်နဲ့ ရန်သူ(၃) လောင်းရယ်၊ သေနတ်တလက်ရယ် ရခဲ့ပါတယ်၊ ကျနော်တို့ဆီက စိုးမျိုးအေး တပ်စုက တပ်ကြပ်တယောက် ကျပါတယ်၊ လောင်ချာစမှန်ပြီး ခေါင်းလည်းပွင့်လို့ပါ၊ အဲ့သည် ဆရာရဲ့သေနတ်ကို ကာဘိုင်၊ ပစ်စတိုနဲ့ ပစ်ခုခံနေရာက ကျည်ကုန်သွားတဲ့ စိုးမျိုးအေးက တက်ဆွဲပြီးပြန်ပစ်ရာက စိုးမျိုးအေးလည်း ထိသွားတာပါ၊

နောက်နေ့ကျတော့ ဆရာသမားကို ကျနော်ဘဲ အထမ်းပုခက်နဲ့ သိန္နီ-ကွမ်းလုံလမ်းပေါ်က နားတီးကို လူနာလိုက်ပို့ရပြန်တယ်၊ တလမ်းလုံးလည်း ရေပူရေချမ်းကမ်းလှမ်းလို့ပေါ့၊ ရေဆိုရင် မတ်ခွက်ထဲထည့်ပြီးအသင့်၊ ဆေးလိပ်ဆိုရင် မီးညှိပြီးအသင့် ဘေးကလိုက်လို့ ဆက်သခဲ့ရတာပါ၊ ကျနော့ဝသီအရ သူငယ်ချင်းကို နဲနဲလေးချုပ်လိုက်ရမှဆိုတော လမ်းမှာနေ့လည်စာစားတော့ စိုးမျိုးအေးကိုပြောမိပါတယ်၊ “မင်းက အမြဲကျည်လိုက်နေတဲ့ကောင်၊ သတိထား၊ တွေ့လား တကယ်ဆိုငါဖြစ်ရမှာ အခုမင်းက ငါ့အစားဝင်ဖြစ်ရပြီ စိတ်ကောင်းထားကွ”  ဘာညာစတော့ ဆရာကစိတ်ဆိုးပါတယ်၊ “ဟေ့ကောင် fighter ကွ စစ်သားဆိုတာ ဒဏ်ရာမရတဲ့ရက်တွေကို တွေးပြီးဝမ်းနည်းနေရမယ်ဆိုတာ မင်းမေ့သွားပြီလား” ဘာညာနဲ့ စကားနိုင်လု ပြောဖြစ်ကြပါတယ်၊


ကျနော်က “ငါညက ဆက်သွယ်ရေးစက်ခန်းကို ၀င်လာတော့ မင်းကို နားတီးမှာ ရဟတ်ယာဉ်နဲ့ လူနာလာခေါ်မယ် ပြောတယ်ကွ၊ ငါလည်းမစီးဘူးတော့ စီးခြင်လိုက်တာကွာ။ မင်းအစားငါဘဲ ကျော်ဟိန်းထိလေး ထိလိုက်ရင်အကောင်းသား” ဆိုတော၊့ ဆရာသမား မျက်လုံးတွေ တောက်လာပါတယ်၊ “ဟေ့ကောင်တကယ်လား” တဲ့ “တကယ်ပေါ့ကွ” ဆိုတော့ မျက်လုံးလေးမှေးပြီးကျေနပ်တဲ့ မျက်နှာကြီးနဲ့ပြုံးပါတယ် “ဟေ့ကောင်ခင်မောင်သန့် ဟပ်စကီးနဲ့ ငါဆရာကြီးကြွရမယ်ဆိုရင်တော့ ထိပျော်သွားပြီကွ” တဲ့၊ တကယ့်ကို ပြုံးပြုံးကြီးကျေနပ်လို့၊ နားတီးရောက်တော့ တဖက်တပ်က လာကြိုတဲ့တပ်ခွဲမှုးဆီ သည်မောင်ကို စောင်ကြားအထမ်းနဲ့ အတူလွဲပြီးတော့ ကိုယ်တော်က မေးပါတယ်၊ “ဟေ့ကောင် ရဟတ်ယာဉ် မမြင်ပါလား” တဲ့၊ ကျနော်က “မင်းအရှုးလား ရဟတ်ယာဉ်က မင်းရောက်ပြီသတင်းပို့မှ လာမှာပေါ့ကွ ကြိုရောက်နေရအောင် ချောကားမှမဟုတ်တာ” ဆိုတော့ သည်ကောင်က “အင်း ဒါလည်းဟုတ်တာဘဲ” ဆိုပြီင်္း ခေါင်းညိမ့်ရှာပါတယ်၊ နောက် ကျနော်တို့ပြန်မယ်လုပ်တော့ မျက်နှာငယ်လေးနဲ့ “မင်း ရဟတ်ယာဉ်ပေါ် ငါတက်သွားမှ ပြန်ပါလား” တဲ့၊ ကျနော်က “မင်းလည်း ငါပြန်ရမဲ့လမ်းသိတာဘဲကွာ တောက်လျှောက် အတက်လမ်းဖြစ်တာရယ်၊ မနေ့က မင်းနဲ့ဇတ်ကခဲ့တဲ့ ကောင်တွေက တောင်ကြားလမ်းမှာ ကြားဖြတ်ဆွဲရင်၊ ပွဲထပ်ကခြင်ကရဦးမှာရယ်ကြောင့် ပြန်မှ သူငယ်ချင်း” ဆိုတော့ သူခေါင်းငြိမ့်ရှာပါတယ်၊ “သတိထားပြန်ကွာ” တဲ့၊

နောက်ဆက်ပြောတဲ့စကားကြောင့် ကျနော်အရမ်းရီခြင်သွားပေမဲ့ သူက လေးလေးနက်နက်ပြောနေတော့ ကျနော်မရီဖြစ်ခဲ့ပါဘူး၊ “မင်းတို့ကို ရဟတ်ယာဉ်ပေါ်က ငါဘုရားစာရွတ်ပေးနေမယ်” တဲ့၊ သူက ရုပ်တည်ကြီးနဲ့ အလေးအနက်ပြောနေတာပါ၊  နောက် ကျနော်တို့ နောက်တန်းလည်းပြန်ရောက် သူလည်း စစ်ဆေးရုံကအဆင်း တပ်မှာပြန်တွေ့ပါတယ်၊ ကျနော်က “သူငယ်ချင်း ဟတ်စကီးစီးရတဲ့ဖီလင်လေး ဝေမျှပါဦး” ဆိုတော့ ပက်ပက်စက်စက်ဆဲပါတယ်၊ “ငပေတိုး ဟတ်စကီးစီးရဖို့နေနေသာသာ ချောကားဒိုင်နာအစုတ်ကြီးအပေါ်မှာ ဖျာခင်းပြီး ငါ့ကိုတင်သွားတာ ဒဏ်ရာကလည်းဖင်နဲ့လက်ပြင်ဆိုတော့ ဟိုဖက်လိမ့်လည်းထိ၊ သည်ဖက်လိမ့်လည်းထိနဲ့ တလမ်းလုံးလိမ့်နေအောင် နာလိုက်တာကွာ၊ ဒဏ်ရာကနာလေ စပ်ဖြီးဖြီးနဲ့ မင်းသောက်ခွက်ကြီးပေါ်လာလေ ငါဖြတ်ဖြတ်ရိုက်ခြင်လေဘဲ၊ မင်းအဲဒီအချိန် ခလုတ်များများမတိုက်ဘူးလား တလမ်းလုံး မင်းကိုငါကျိန်ဆဲနေတာ” လို့ဆိုပါတယ်၊

နှစ်ယောက်သား ဖက်လို့ရီမိကြပါတယ်၊ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်က တကယ်ကိုချစ်ခဲ့ကြပါတယ်၊ အခုထိပါဘဲ------

(တကယ်ကို စစ်သားပီသခဲ့တဲ့ ကျနော်တို့ရဲ့ ဒုတပ်ရင်းမှုးကြီးကတော့၊ သူ ခလရ(၉၄)ကို တပ်၇င်းမှုးထွက်တဲ့အချိန် ၉၅ ခန်းမမှာ တပ်ရင်းတရင်းလုံးကို နုတ်ဆက်စကား ပြောတဲ့အခါမှာ “ခင်ဗျားတို့ ၉၅ မှာ စိုးမျိုးအေးနဲ့ ခင်မောင်သန့်ဆိုတဲ့ ခိုင်းကောင်းတဲ့ နွားတရှည်းရှိတာ ကုသိုလ်ထူးတယ်မှတ် ၊တိုက်ပွဲတွေမှာ အထိအခိုက် နည်းနည်းနဲ့ အောင်ပွဲရတာ သည်နှစ်ကောင်ကြောင့်” လို့ အတိအလင်း ထုတ်ဖော်ချီးကျူးးခဲ့ပါတယ်၊ အဲသည် ဒုတပ်ရင်းမှုးကတော့ ဗိုလ်မှုးကြီးစိန်ဝင်းအောင်၊ မန်းတလေးမြို့တော်ဝန်၊ သံအမတ်ကြီး အငြိမ်းစားဖြစ်ပါတယ်)


(နောက်နေ့ဆက်ပါဦးမယ်)



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>