Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဗိုလ်လေးဘ၀ အမှတ်တရများ (၄)

$
0
0



(၁၀)

ကျွန်တော်တိုနှစ်ယောက် ရောက်သွားတဲ့ တောင်ကြောရန်သူရှေ့ ခံစစ်စည်းမြေအနေအထားဟာ ခွန်နှစ်စဉ်ကြယ်(ရေမှုတ်ပုံ) နဲ့ပုံသဏ္ဌန်ဆင်ပါတယ်။ ဘယ်ဘက်ကုန်းထိပ်က (ဂ) ပုံကွေးလာပြီးညာဘက်ကို ဖြောင့်ဆင်းလာပါတယ်။ ရန်သူခံစစ်ကြောင်းကလဲ တောင်ကြောအတိုင်း လိုက်ယူထားတာပါ။ ကျွန်တော်တို့နှစ်ယောက် ရောက်သွားတဲ့နေရာက ဘယ်ဘက် (ဂ) ပုံနဲ့ ညာဘက်ခြမ်း အဖြောင့်အနီး အကွေးအတွင်း ဆက်သွယ်ရေးမြောင်း ထိပ်မှာပါ။ သစ်ပင်ဝါးရုံတွေ ထူထပ်စွာပေါက်နေတဲ့ နေရာဖြစ်ပါတယ်။ ဒုတပ်စိတ်မှုးဟာ ဆက်သွယ်ရေးမြောင်းထိပ်နဲ့ ကပ်လျက်ဝါးရုံနောက်မြေပြင်မှာ မှောက်လျက် အသင့်နေရာယူ ထားပါတယ်။ ကျွန်တော်က သူရဲ့ညာဘက် နောက်တစောင်း (၁၅) ပေလောက်မှာရှိနေပြီး ကျွန်တော့်ညာဘက် ရှေ့ မှာတော့ ကတုတ်ဘန်ကာတစ်ခု ရှိနေပါတယ်။


တစ်ခုကံကောင်းတာကတော့ ဘယ်ဘက်ကုန်းထိပ် (ကျွန်တော်တို့ရဲ့နောက်ကိုရောက်နေတဲ့) ရန်သူဟာ ရှေ့ကိုသာ အာရုံထားပြီး သူ့ရဲ့ဘယ်ဘက်မှာ သူ့တပ်တွေရှိ နေလို့ အလေးမထားသလို ကျွန်တော့်ညာဘက် အနီးကပ် ဘန်ကာကလဲ သူရဲ့ဘယ်ဘက်နဲ့ အရှေဘက်ကိုသာ အဓိကထားလို့ လောလောဆယ်တော့ ကျွန်တော်တို့အတွက် အသက်ရှချောင် နေပါသေးတယ်။

ကျွန်တော်လည်း ဒုတပ်စိတ်မှုးလိုဘဲ မြေပြင်မှာမှောက်ပြီး လက်ထဲက ကာဘိုင်သေနတ်ကို အသင့်ပြင် ထားပါတယ်။ ပြန်ဆုတ်သွားတဲ့ တပ်ခွဲနဲ့ စစ်ကြောင်းကလဲ အခြေပြုနေရာကနေ ပြန်ပစ်နေကြပြီး တဖက်နဲ့တဖက် အပြန်အလှန်ပစ်နေကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ အခုအချိန်မှာရန်သူ့ကျည်မ ကြောက်ရဘဲ နောက်ကပစ်နေတဲ့ မိမိစစ်ကြောင်းရဲ့ လက်နက်ကြီး လက်နက်ငယ်ကျည်မျိုးစုံကိုသာ ကြောက်နေရပါတော့တယ်။ နောက်နားမှာ ဗုံးသီးတစ်လုံးကွဲတိုင်း ပြားနေအောင်တစ်ခါဝပ်လိုက်နဲ့ သစ်ရွက်ခြောက်တွေတောင် တစ်ကိုယ်လုံးဖုံးနေသလောက် ဖြစ်နေပါတယ်။

ခနအကြာမှာတော့ နှစ်ဘက်ပစ်ခတ်သံတွေ ရပ်သွားပြီး သေနတ်သံတွေ တိတ်ဆိတ်သွားပါတယ်။ ရန်သူ တွေဟာ ဆက်သွယ်ရေးမြောင်းတလျှောက် ရေးကြီးသုတ်ပြာ အသံတွေနဲ့ ပြောနေကြပါတယ်။ အသံတွေက ကျွန်တော်တို့ဘယ်ဘက် နောက်ကနေ ခံစစ်စည်းအတိုင်း ဆက်တိုက် အော်ပြောနေကြတော့ ကျွန်တော်တို့ရဲ့ အနောက်ဘက် ဘယ်ဘက်ခြမ်းကနေ ကျွန်တော်တို့ရဲ့ အရှေ့ဘက်ညာဘက် တောက်လျောက်ဆက်တိုက် ပတ်ချာလည် အသံတွေဝိုင်းနေလို အရှင်ဝိုင်းဖမ်းဖို့ ၀ိုင်းတာလားလို့ ထင်ရပါတယ်။ ကရင်စကားနဲ့  အော်ပြောနေကြတဲ့အပြင် စကားဝှက်လိုတွေဖြစ်တော့ ဘာတွေမှန်း ကွဲကွဲပြားပြားမသိရပါဘူး။

ဒုတပ်စိတ်မှုးဟာ တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်ပြီး သူ့မျက်နှာမှာ ကြောက်ရွှံပူပန်မှု မတွေရဘဲ တည်တည် ငြိမ်ငြိမ်ဖြစ်နေလို့ နဲနဲစိတ်အေးရပါတယ်။ သူကရှေ့ ကို မေးငေါ့ပြပြီး တက်မယ့်ဟန်အမူအရာပြပါတယ်။ သူ့စိတ်ထဲမှာ ရန်သူ့ဆက်သွယ်ရေးမြောင်းထဲ ခုန်ဆင်းပြီး အကုန်ပစ်ခတ် အသေခံဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ သူ့ မှာပါတဲ့ ဘီအေ (၆၄) စက်ကလေးဟာ ပစ်အားကောင်းလို့ တော်တော်အားကိုးရနိင်ပါတယ်။ သူက ကျွန်တော့်မျက်နှာကြည့်ပြီး ကျွန်တော်ဆုံးဖြတ်တဲ့အတိုင်း လုပ်မယ်ဆိုတဲ့သဘောပြပါတယ်။ ကျွန်တော်လည်း နည်းလမ်းမျိုးစုံ စဉ်းစားရပါတော့တယ်။

ဒုတပ်စိတ်မှုးလုပ်ချင်သလို အတင်းဝင်ပစ်ပြီး မထူးဇာတ်ခင်းအသေခံမလား။ ဒီအတိုင်းနေပြီး ၀ိုင်းဖမ်းရင် အရှင်အဖမ်းခံမလား။ အဖမ်းမခံချင်ရင် ကိုယ့်ဖာသာသတ်သေမလား။ အတင်းပစ်ခတ်ပြီး နောက်ဆုတ်မလား။ စိတ်ကြိုက်နည်းလမ်းတစ်ခုမှ မတွေးနိင်ဘဲ နာရီကြည့်လိုက်ချိန်မှာ နေလည်နှစ်နာရီခွဲ (၁၄း၃၀) နာရီတိတိပါ။ ကျွန်တော့်နောက် (၂၅) ကိုက်လောက်ဆုတ်ပြီး တောင်စောင်းလျိုထဲ လှိမ့်ဆင်းလိုက်နိင်ရင် လွတ်နိင်ပါတယ်။ နောက်ဆုံးတော့ ရန်သူအတင်းဝင်ဖမ်းရင်လဲ ရသလောက်ခုခံပြီး အရှင်အဖမ်းမခံဘဲအ သေခံသွားမယ်။ ဒီအတိုင်းဆိုရင်လဲ ညမှောင်တဲ့အချိန်ထိ စောင့်ပြီး တိတ်တဆိတ် ဆုတ်ခွာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်တို့နှစ်ယောက် ကျန်ခဲ့တာသိသိချင်း တပ်စုတပ်ကြပ်ကြီးဟာ တပ်စုမှာ ဒဏ်ရာမရဘဲ ကျန်တဲ့သူတွေစုပြီး ချီတက်ရာလမ်းအတိုင်း ပြန်လာကာ ကျွန်တော်တို့ အသက်ရှင်ရက်ရှိနေ သေးရင် ပြန်ဆုတ်နိင်အောင် ရည်ရွယ်ချက်နဲ့ အမ် (၇၉) လောင်ချာနှစ်လက်နဲ့ ရှိသမျှဗုံးသီးအကုန် စုပစ်ပေးပါသေးတယ်။ သူ့ရည်ရွယ်ချက်ကောင်းပေမယ့် ပစ်လိုက်သမျှ ဗုံးသီးအားလုံးနီးပါး ကျွန်တော်တို့ရဲ့ နောက်ဆုတ်လမ်းတည့်တည့်မှာ အဆက်မပြတ် ကျပေါက်ကွဲနေလို့ ခေါင်းပေါ်တည့်တည့် မကျဖို့ဘဲ ဆုတောင်း နေရပါတော့တယ်။ ဒီလိုနဲ့ ပစ်ခတ်သံတွေ ငြိမ်သက်သွားပြန်ပြီး နှစ်ယောက်သား မြေပြင်မှာ ပြားပြားဝပ်လို့ ညမှောင်ချိန်ကို စောင့်ရပြန်ပါတော့တယ်။  မှောင်ချိန်အထိ (၃) နာရီကြာလောက် မလှုပ်မယှက် စောင့်ခဲ့ရတဲ့ အချိန်ဟာ မကုန်ဆုံးနိင်လောက်အောင် ရှည်လျားလှပါတယ်။ မှတ်မှတ်ရရ ပြည်ထောင်စုနေ့မှာ ပြည် ထောင်စုသားချင်း သဲသဲမဲမဲတိုက်ကြပြီး အသက်ရှင်ဖို့  မျှော်လင့်ချက်မှိန်မှိန်လေးအတွက် ရုန်းကန်ဖို့ အလင်းရောင်မှိန်ဖျော့ချိန်ကို မကုန်ဆုံးနိင်တော့တဲ့ အချိန်တွေအဖြစ် စောင့်ခဲ့ရတဲ့ အဖြစ်ဟာ ဘယ်လိုမှမ မေ့နိင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ ။

(၁၁) 

ကတိုင်တိတိုက်ပွဲရဲ့ (၅) ရက်မြောက်နေ့ဖြစ်တဲ့ ပြည်ထောင်စုနေ့ ညနေစောင်းတလျှောက်လုံး ကတိုင်တိ စစ်မြေပြင်တ၀ှမ်းမှာ ပစ်ခတ်သံတွေအားလုံး ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ နေ့ရက်ရှည်ကြာ ပင်ပန်းဆင်းရဲမှု အစားပြတ်ရေငတ်ခဲ့ရမှုတွေကြောင့် တိတ်ဆိတ်ငြိမ်သက်မှုတွေကြား (ချက်ခြင်းအသက် သေသွားနိင်တဲ့ အခြေအနေဖြစ်ပေမယ့်) ကျွန်တော်ဟာ ငိုက်မျဉ်းသွားခဲ့ပါသေးတယ်။ အိပ်မက်ဆိုးတွေလို မက်ပြီး လန့်နိးချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို တော်တော်စဉ်းစားယူရပါတယ်။ ဒီအချိန်ထိ ကျွန်တော်တို့စောင့်မျှော်နေတဲ့ မှောင်စအချိန် မရောက်သေးပါဘူး။ ဒုတပ်စိတ်မှုးကို လှမ်းကြည့်တော့ ပုံမှန်အတိုင်း တွေ့နေရပါတယ်။ တမှေးငိုက်ပြီးလို့ ခေါင်းကြည်ကြည်လင်နဲ့ စဉ်းစားလိုက်တော့ ဒီနေ့မှာသေလူအဖြစ် သတ်မှတ်ထားပြီးဖြစ်လို့ ဒိထက်ပိုပြီး ဆိုးစရာမရှိသလို ခုအချိန်အထိ ဘာမှမဖြစ်သေးလို့ လွတ်မြောက်မယ်လို့ ယုံကြည်လာပါတယ်။ ဒီယုံကြည်ချက်နဲ့အတူလူလည်း အားပြည့်လန်းဆန်းလာသလို ခံစားရပါ တယ်။

ကျွန်တော်တို့  ရှည်ကြာစွာစောင့်မျှော်ခဲ့ရတဲ့  မှောင်စပျိုးချိန်မှာတော့ ကျွန်တော်ရဲ့ ဘယ်ဘက်ရှေ့ တစောင်းမှာရှိနေတဲ့ ဒုတပ်စိတ်မှုးကို စတင်ဆုတ်ခွာဖို့  အချက်ပြလိုက်ပါတယ်။ ဒုတပ်စိတ်မှုးဟာ အောက်မှာရှိနေတဲ့ သစ်ရွက်ခြောက်တွေ အသံမထွက်အောင် အတတ်နိင်ဆုံးကြိုးစားပြီး မှောက်လျက် အနေအထားနဲ့ ပဲ နောက်ကိုတဖြေးဖြေး ဆုတ်ပါတယ်။ ဒီအချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်လို့ ကျွန်တော့်စိတ်ထဲမှာတော့ အသက်ရှုမိတယ်လို့  တောင်မထင်မိပါ။ ဒုတပ်စိတ်မှုး ကျွန်တော့်နောက် (၁၅) ပေလောက်ရောက်သွားပြီး အသင့်နေရာယူပြီးချိန်မှာ ကျွန်တော်စတင်ပြီး နောက်ဆုတ်ပါတယ်။ ဒီလိုတစ် ယောက်တစ်လှည့် ဆုတ်ရင်း တောင်စောင်းထိပ်အရောက်မှာ နှစ်ယောက်စလုံး လျိုထဲလှိမ့်ချလိုက်ပါ တော့တယ်။ လျိုထဲရောက်အပြီးမှာတော့ နှစ်ယောက်သား နောက်ကိုလှည့်မကြည့်တော့ဘဲ ကျွန်တော်တို့စစ်ကြောင်းရှိရာကို သုတ်ခြေတင်ပါတော့တယ်။ တော်တော်လေးမှောင်နေပြီဖြစ်လို့ စစ်ကြောင်းနား ရောက်ခါနီးထင်ရတဲ့ နေရာမှာအော်ပြီး အသံပေးပါတယ်။ ခနစောင့်ပြီး ပြန်ထူးသံမကြားရင် ရှေဆက်တိုးကြပါတယ်။

ဒီလိုနဲ့  စစ်ကြောင်းနဲ့  အဆက်အသွယ်ရပြီး ပြန်ပူးပေါင်းနိင်ခဲ့ပါတယ်။  စစ်ကြောင်းတစ်ခုလုံး ဆူညံသွားပြီး “ဗိုလ်လေးပြန်လာပြီဟေ့” လို့ ၀ိုင်းအော်ကြသံနဲ့အတူ ကျွန်တော်တို့နှစ်ယောက်ကို အလုအယက် ၀ိုင်းချီမြှောက်ကြပါတယ်။ စစ်ကြောင်းမှုးဟာ ကျွန်တော့်ကိုဖက်ပြီး မျက်ရည်တွေကျနေပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ထုံနေပြီး ဘာမှခံစားချက်မရှိသလို ဖြစ်နေရာက သူတို့ဆီက အပျော်တွေ ကူးစက်ခံစားလာရပါတယ်။ အဲဒီအချိန်က စစ်ကြောင်းတစ်ခုလုံးရဲ့ ၀မ်းသာပီတိဖြစ်မှုနဲ့ စစ်ကြောင်းမှုရဲ့ မိဘသဖွယ်ကြင်နာမှုတွေဟာ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်နေပါတော့တယ်။ ။

(၁၂)

ကျွန်တော်တပ်စုကိုပြန်ရောက်တဲ့အခါ တပ်စုမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ၊၊ အသက်အန္တရာယ်မစိုးရိမ်ရ ပေမယ့် ဒဏ်ရာပြင်းထန်လို့  တိုက်ပွဲမ၀င်နိင်သူတွေ စစ်ကြောင်းရုံးလူနာအဖွဲ့ မှာ ရောက်နေပြီး အနဲငယ် ဒဏ်ရာရသူတွေအပါအ၀င် တိုက်ပွဲဝင်နိင်သူအရေအတွက်ဟာ တစ်ဝက်လောက်သာ ကျန်တော့တာ တွေ့ ရပါတယ်။ တပ်စုတပ်ကြပ်ကြီးနဲ့  အတူ တပ်စုကို ဆက်တိုက်ပွဲဝင်နိင်အောင် ပြန်ပြင်ဖွဲ့ စည်းပြီးချိန် ည(၇)နာရီခွဲလောက်မှာ ငြိမ်သက်နေတဲ့ စစ်မြေပြင်တ၀ှမ်းလုံးဟာ တိုက်ပွဲသံတွေနေရာတိုင်းမှာ တပြိုင်တည်းလို ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။

လှိုင်းဘွဲ့ ဂွင်ဘက်ကနေ ခရီးပြင်း စစ်ကူချီတက်လာတဲ့  ခမရ(၉)စစ်ကြောင်းဟာ နေ့ ညမနားတမ်း ချီတက်ခဲ့ပြီး ကမမောင်း၊ ကတိုင်တိအကြား စစ်ကူပိတ်ဆို့ ထားတဲ့ ရန်သူနဲ့  အပြင်းအထန်တိုက်ပွဲဝင်တဲ့ တစ်ချိန်တည်းမှာ ဘော်ကြော့လည်၊ နော်ဖောထီး စစ်မျက်နှာတွေလည်း တစ်ပြိုင်တည်း တိုက်ကြပါတော့တယ်။ ညအမှောင်ထဲမှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ပစ်ခတ်သံတွေဟာ တိုက်ပွဲကာလ တလျှောက်လုံးမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေကြောင့် နားတွေအူနေပြီး မြေပြင်ဟာ ငလျင်လှုပ်နေသလို ထင်နေရပါတယ်။ ည (၁၂) နာရီလောက်မှာ ပစ်ခတ်မှုတွေ တဖြေးဖြေးကျဲလာပြီး လုံးဝတိတ်ဆိတ်သွားပါတယ်။

နံနက်စောစော အာရုဏ်တက်ချိန် တက်အရှင်းမှာ ရန်သူဟာ ခွာစစ်ဆင်ရာမှာ လုပ်ဆောင်ရမယ့် ဥပဒေသနဲ့ အညီ မနေ့ ညက အပြင်းအထန် တန်ပြန်တိုက်စစ်ဆင်ပစ်ခတ်ပြီး စံနစ်တကျ ဆုတ်ခွာသွားပြီဆိုတာ တွေ့ ရပါတယ်။ ကျွန်တော်တို့ စစ်ကျောင်းကြီးတွေမှာ သင်ခဲ့ရတဲ့ လုပ်ဆောင်ဖို့  အခက်ခဲဆုံးဖြစ်တဲ့ ခွာစစ်ကို သင်ခန်းစာမှာပါတဲ့ ဥပဒေသတွေအတိုင်း လက်တွေ့လုပ်သွားတဲ့ ရန်သူဟာ ဘယ်စစ်ကျောင်းတွေက သင်ခဲ့ပါလိမ့်လို့  တွေးနေမိပါသေးတယ်။

စစ်ကူစစ်ကြောင်းတွေအားလုံး အာရုဏ်ဦးတက်ရှင်းကြပြီး ကတိုင်တိစခန်းကို ချီတက်ကြရာမှာ ကျွန်တော်တို့ နော်ဖောထီးတိုက်ပွဲနေရာဟာ စခန်းနဲ့ အနီးဆုံးဖြစ်လို့ စခန်းကို အရင်ဆုံးပူးပေါင်းခဲ့ပါတယ်။ ကတိုင်တိစခန်း အောက်ခြေပတ်လည်မှာတော့ စခန်းတက်တိုက်တဲ့ ရန်သူတွေ တဆင့်ပြီးတဆင့် ကျင်းတူးနေရာယူ တက်ထားတဲ့ကျင်းတွေ အလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ စခန်းမကျအောင် ခံစစ်ဆင်နွဲခဲ့ကြတဲ့ ခလရ (၁၉) စစ်သည်တွေရဲ့စွမ်းရည်သတ္တိကတော့ တကယ့်ကိုအံ့မခန်းပါ။ (၅) ရက်တိုင်တိုင် ကြံ့ကြံ့ ခံခဲ့ကြပါတယ်။

ကတိုင်တိစခန်းမရရင် ပြန်မဆုတ်ဘူးဆိုတဲ့ စခန်းကိုဦးစီးတိုက်တဲ့ ရန်သူကေအင်ယူ့ခေါင်းဆောင် ဖိုးမဲ (ခ) ဇော်ဝမ်းကိုယ်တိုင် စခန်းသိမ်းတိုက်ပွဲမှာ သူ့စကားနဲ့အညီ သူ့ဂုဏ်သိက္ခာအတွက် ကတိုင်တိစခန်း အောက်ခြေမှာ အသက်ပေးသွားခဲ့ပါတယ်။

ကတိုင်တိရွာ တစ်ရွာလုံး တိုက်ပွဲဒဏ်ကြောင့် စိစိညက်ညက်ကြေပြီး မီးလောင်ပြင် ဖြစ်နေပါတယ်။ ကျွန်တော်တို့ စစ်ကြောင်း ရွာထဲမှာ စခန်းချပြီး ချက်ပြုတ်စားသောက်ကြရာမှာတော့(၃) ရက်လုံးလုံး အစာငတ်ရေပြတ်ခဲ့တဲ့အတွက် လည်ချောင်းတွေ ကျဉ်းနေပြီး ဘယ်လိုမှ မျိုချလို့မရ ဖြစ်နေပါတယ်။ ရေသောက်လိုက် အစာနဲနဲရေနဲ့ မျှောချလိုက် လုပ်နေကြရပါတော့တယ်။ ရဟတ်ယာဉ်ဆင်းလာပြီး ဒဏ်ရာပြင်းထန်သူတွေကို တစ်နေကုန်သယ်ပါတယ်။ စစ်ကြောင်းအားလုံး လူလက်နက် ရိက္ခာ ပြန်လည်ဖွဲ့ စည်း ပြင်ဆင်ကြပါတယ်။

ကျွန်တော့်အတွက်တော့ ပထမဆုံး အကြိမ်ကြုံတွေ့ ရတဲ့ တိုက်ပွဲကြီး အတွေ့ အကြုံရဲ့ များပြားလှတဲ့ မမေ့နိင်စရာ သင်ခန်းစာတွေ၊ မေ့မရတဲ့ အဖြစ်အပျက်ဆိုးတွေနဲ့  အမှတ်တရရှိနေတဲ့ ကတိုင်တိတိုက်ပွဲကြီးကို အစအဆုံး ပြန်လည်တွေးတောနေဆဲ တိုက်ပွဲပြီးလို့ နားရတော့မယ်လို့ အတွေ့အကြုံမရှိသူပီပီ တွေးထင်နေဆဲမှာဘဲ (၄၄၃) ဗျူဟာနဲ့ ကျွန်တော်တို့ ခမရ (၈)၊  ခမရ (၉) တပ်ရင်းနှစ်ရင်းဟာ ဆုတ်ခွာသွားတဲ့ ရန်သူနောက် ထပ်ချပ်လိုက် စစ်ဆင်ဖို့ ကတိုင်တိမှာ တစ်မနက်သာနေလိုက်ရပြီး နေ့လည်ဖက်မှာ ယွန်းစလင်းချောင်းကိုဖြတ်လို့ ရန်သူဆုတ်လမ်းအတိုင်း လိုက်စစ်ချီတက်ကြရပါတော့တယ်။ ။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>