သာကေတ ၁၀၈ တောင်ဘုရား သပိတ်စခန်းဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ ရှေ့ တန်း စစ်ဆင်ရေးတွေမှာတော့ ဒီလို တိတ်ဆိတ်ငြိမ်သက်နေပြီး ပုံမှန် သဘာဝ အတိုင်းမဟုတ်ရင် အန္တရယ် ရှိပြီလို့  သုံးသပ်ကြပါတယ်။ ရွာတစ်ရွာကို ၀င်ရှင်းဖို့ အခြေအနေကြည့်တဲ့အခါ ရွာထဲမှာ မောင်း ထောင်းသံ၊ ကလေးငိုသံ အော်ဟစ်သံ၊ ခွေးဟောင်သံတွေနဲ့  အသွားအလာမပျက်ကြတာ တွေ့ရရင် ရွာတစ်ရွာရဲ့ သဘာဝအတိုင်း ပုံမှန်ရှိနေလို့  ရန်သူမရှိနိင်ဘူးလို့ ယေဘူယျ သုံးသပ်ကြပြီး သဘာဝ မကျဘဲ အခု လို တိတ်ဆိတ် နေရင်တော့ အထူးဂရုစိုက်ကြပါတယ်။ နှစ်ဘက်စလုံးအဓိက လေ့လာကြ တာကတော့ ခေါင်းဆောင်နဲ့ တပ် ဖြစ်ပါတယ်။ မိမိရင်ဆိုင်ရမယ့် ရန်သူ့ခေါင်းဆောင် နဲ့တပ်ရဲ့ စရိုက် အလေ့အထ အင်အား တွေကို ရသလောက်လေ့လာပြီး တိုက်ကြတာ ဖြစ်ပါတယ်။ အခု သတင်း အရတော့ ခေါင်းဆောင်က ရုပ်ရှင်မင်း သား ဇော်ဝမ်း နဲ့ အဖွဲ့  လက်နက်ခဲယမ်းတွေနဲ့  ဆိုတာ လောက်ပဲ သိရပြီး ဘာမှ ထပ်မသိရပါဘူး။
သာကေတ ၁၀၈ တောင် ဘုရားဝန်းဟာ စေတီကြီး မိုးပေါ်ထိုးထွက်နေတာ တွေ့ ရပြီး အုတ် တံတိုင်း တွေ ကာရံ ထားတဲ့ အပြင် ချဉ်းကပ်ရမယ့် ပတ်လည်မှာ အကာအကွယ် ကြီးကြီးမားမား မရှိလို့ ခံစစ်ယူသင့်တဲ့ နေရာကောင်း တစ်ခုဖြစ်ပါတယ်။ ကွင်းပြင်ဖြတ်ချိန်မှာ အပစ်ခံရရင် အကျအဆုံး များနိင်လို့ စိတ်ကြိုက် အချိန်ပေးနိင်ရင် အာရုဏ်ဦး တိုက်ပွဲမျိုးနဲ့ သာ ၀င်ရှင်း သင့်ပေမယ့် အမိန့် အရ နေ့ခင်း ကြောင်တောင် ကွင်းပြောင်ဖြတ် တက်ရပါတော့တယ်။ ရန်သူ အသင့်စောင့်နေတယ်လို့  အစိုးရိမ် လွန်ပြီး လက်ဦးမှု ယူပစ်ခတ်လို့ မရသလို မရှိနိင်ပါဘူးလို့ လျှော့တွက်ပြီး ပေါ့ပေါ့ဆဆ သွားလို့လည်း မရပါဘူး။
ရန်ကုန် စစ်ဆင်ရေး စ၀င်လာကတည်းက ခုလို လက်နက် ခဲယမ်း တွေနဲ့ခုခံ တိုက်ခိုက်မယ့် ရန်သူ ကိုတိုက်ဖို့  မျှော်မှန်းပြီး ယခင် ရှေ့တန်းထွက်နေကြအတိုင်း လူ လက်နက် ဖွဲ့  စည်းပုံ အပြည့် နဲ့ လာခဲ့ တာဖြစ်လို့  မူလ အဓိက ရည်ရွယ်ချက်ကို အခုမှ စ ရမှာဖြစ်ပါတယ်။ ပထမ ဆုံးတိုက်ပွဲ ဦးမကျိုးဖို့ လိုတဲ့အတွက် တပ်စု တစ်စုလုံး အာရုံစိုက်မှု အပြည့်နဲ့  အုတ်တံတိုင်း အောက်ခြေ အထိ ဖြန့်ခွဲ ချဉ်းကပ် ခဲ့ပါတယ်။ သပိတ်စခန်း အတွင်းဝင်ရှင်းရာမှာ လူတစ်ယောက်မှ မတွေ့ ရတော့ဘဲ ပစ္စည်း ပစ္စယတွေ နဲ့  လေ့ကျင့်ခန်း ဆင်းရာမှာ အသုံးပြုတဲ့ သစ်သား သေနတ်တွေ သာတွေ့  ရပါတော့ တယ်။ စက်တင်ဘာ (၁၈)ရက် ညက အားလုံး စွန့်ခွာသွား ပုံရပါတယ်။
အရေးအခင်း ကာလ အစစ်အဆေးမရှိ ၀င်ထွက်နေချိန်မှာ ရန်ကုန်မြို့ ထဲကို လက်နက် ခဲယမ်းတွေ ရောက်နေနိင်ပြီး မြို့ တွင်းတိုက်ပွဲ တွေ ဖြစ်နိင်တယ်ဆိုတဲ့ သုံးသပ်ချက် ဖြစ်မလာခဲ့ပါဘူး။ စက်တင်ဘာ (၁၉) ရက်နောက်ပိုင်း ဆန္ဒပြ အဖွဲ့ တွေ သပိတ်စခန်းတွေ ပျောက်ကွယ်သွားပြီး နေ့ လည်ဘက်တွေမှာ ပုံမှန် သွားလာလှုပ်ရှား လာနိင်ကြပါတယ်။ ညဘက်မှာတော့ လုယက်ဖောက်ထွင်းမှုတွေ ရှိနေပါသေးတယ်။ ညဘက် ဒီလို လုယက် ဖောက်ထွင်းသူတွေဟာ အများစုက မိသားစု နောက်တနေ့  ချက်စရာဆန်မရှိ အောင် ဆင်းရဲသူ တွေများပါတယ်။ လုံခြုံရေးမချ နိင်သေးတဲ့အစိုးရ ဌာနဆိုင်ရာ ဂိုဒေါင် သိုလှောင်ရုံတွေကို ည ဘက်ဝင်ပြီး ထမင်းငတ်တဲ့ဗိုက် ကျည်ဆံ မကြောက် လုပ်နေကြတာ ဖြစ်ပါတယ်။ ငိုရမလို ရီရမလို စိတ်မကောင်းစရာ တစ်ခုကတော့ ရဲဘော် တစ်ယောက် ညှပ်ဖိနပ် ၀ယ်ချင်လို့  တပ်ခွဲမှုး ဆီပိုက်ဆံ ချေးပါတယ်။ တပ်ခွဲမှုးက “ဒီညတိုက်ကင်း ထွက်ရင် ပစ်ရအုံးမှာဘဲ၊ သူတို့ ထွက်ပြေးတဲ့ အခါ ကျန်ခဲ့တဲ့ ညှပ်ဖိနပ် စီးလိုက်ပေါ့ “ လို့  ပြောတော့ ရဲဘော်က “ ဗိုလ်ကြီး ဒီ အဖွဲ့ တွေက ညှပ်ဖိနပ်တောင် မပါ တဲ့ အဖွဲ့ တွေပါ၊ တခါမှ ညှပ်ဖိနပ် ကျန်ခဲ့ တာ မတွေ့ ရဘူး” တဲ့။
သာကေတ မြို့ နယ်ခန်းမမှာ လူထုနဲ့ ဆက်သွယ်နိင်ဖို့ ပြန်ကြားရေးရုံးဖွင့်လိုက်တဲ့ အခါမှာတော့ အရေးအခင်း ကာလတလျှောက်လုံး အားကိုးရာမရှိခဲ့သမျှ တိုင်ကြားသူတွေ ကြိတ်ကြိတ်တိုးနေပြီး တိုင်သမျှ လိုက်ဖမ်းတဲ့ လူဖမ်းပွဲ ကြီး စတင်ပါတော့တယ်။