by Seaman Nayminthu (Notes) on Wednesday, May 15, 2013 at 11:59am
Image may be NSFW.
Clik here to view.

ငယ်ငယ်ကတည်းက သိကျွမ်းခင်မင်ခဲ့သူတွေ မဟုတ်သော်လည်း အတူနေအတူစား အခက်အခဲရှိလျင်လည်း အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူများ ဖြစ်သည်မို့ အချင်းချင်း သံယောဇဉ်ကြီးကြသည်။ ရံဖန်ရံခါ ကတောက်ကဆ ဖြစ်ကြသည်များရှိသော်လည်း အရေးကြုံသည့်အခါ ညီအစ်ကိုရင်းပမာ ရိုင်းပင်းကူညီ တတ်ကြပြန်၏။
ကျနော်တို့ သက်ဆိုင်ရာ အခြေခံစစ်သင်တန်း၊ ဘာသာရပ်ဆိုင်ရာသင်တန်းများပြီးဆုံး၍ နယ်တပ်တွေ အသီးသီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသောအခါ တပ်တခုတည်း အတူတာဝန်ကျသော အဆင့်တူ စစ်သည် (၄) ဦးအနက် ကျနော်က စီနီယာအကျဆုံး အသက်အကြီးဆုံး ဖြစ်နေသောကြောင့် ရုံးအုပ်တာဝန် ကိုယူရ၏။ ကျန် (၃) ဦးက ဦး/ရေး/ထောက် တာဝန်ခံများ။
ခရီးကြမ်းနှင် တည်ဆောက်ပြုပြင်နေရသော တပ်သစ်မှာ တပ်မှူး အားထားရသော ရုံးလုပ်ငန်း တာဝန်ခံ လူမိုက်များအဖြစ် နှင်းတောတိုးခဲ့ရသောကာလ ဖြစ်လေသည်။ တပ်တို့၏ ထုံးစံအရ အသစ်တည်ဆောက် ခါစတွင် စီနီယာကျသော မြို့ပေါ်တပ်တွင် အထိုင်ကျနေသော ဆရာကြီးများ အာရုံမကျတတ်သော အချိန်ဖြစ်သဖြင့် မနူးမနပ် လုပ်သက်နု စစ်သည်များနှင့် အမှီအတွယ် မခိုင်ခံ့သော စီနီယာ ဆရာသမား တချို့သာ ဦးစွာရောက်ရှိ နေရာယူ ကြရစမြဲဖြစ်လေသည်။
မရောက်ဘူးခင်ကတည်းက သူများပြောသံဆိုသံ ကြားရဖူးသည်။ ‘ဟိုင်းကြီးမှာ နေရတာ ဝါးကြောမိတယ်၊ ရေလျှံတယ်’ တဲ့။ လယ်ကွင်းထဲက ရေမြုပ်လမ်းလေးတွေပေါ် စမ်းတဝါးဝါး လျှောက်လှမ်းရပြီး ယာယီ အဆောက်အဦ တဲထဲက ဝါးကြောကွပ်ပျစ်တွေပေါ်မှာ အိပ်စက်ရတာကို ဆိုလိုခြင်းဖြစ်သည်။ ကျနော်တို့ ရောက်သွားချိန်မှာ ရုံးအဆောက်အဦးတချို့ ဆောက်လုပ်ပြီးစီးနေပါပြီ။
ထို့ပြင် ပြောင်းရွှေ့လာသူများထဲတွင် အိမ်ထောင်သည် စစ်သည်နဲပါးလှသဖြင့် အိမ်ထောင်သည် တဦးဖြစ်သော ကျနော်၏ အိမ်မှာ လူပျိုစစ်သည်တို့ စားကျက်ကျရာ…။ နေ့စဉ်နေ့တိုင်း ဆိုသလို အိမ်မှာ မိသားစုသက်သက် ထမင်းဝိုင်းဟူ၍ မရှိသလောက်ပင်။ ထမင်းစားချိန်ရောက်လျှင် လူပျိုဆောင်မှ အနည်းဆုံး စစ်သည် ၁ ဦး ၂ ဦးလောက်တော့ ထမင်းပုဂံထဲ ဟင်းလေးတွေပုံထည့်ကာ ရောက်ရှိလာတတ်သည်။ စနေ တနင်္ဂနွေရက်များ၌စုပေါင်းချက်ပြုတ် စားသောက်လေ့ရှိ သည်။ ဘာရယ်တော့မဟုတ် မိဝေးဘဝေး အရပ်မှာ အိမ်ထမင်း အိမ်ဟင်း အလွမ်းပြေ သဘောဖြစ်သည်။
ထိုအချိန်က တပ်အဆောက်အဦးတွေနဲ့ ခပ်လှမ်းလှမ်းမှာ လယ်သမားမိသားစုတွေနေသော တဲတချို့ ရှိနေသေး၏။ လယ်တဲတွေဆီ သွားရောက်လည်ပတ်ကြရင်း ကျနော်တို့ရုံးမှ စစ်သည်တဦး လယ်သူမလေးနှင့် နှစ်ကိုယ်တူ မေတ္တာမျှကာ ဘဝသစ်ထူထောင်သွားသည်။
တနှစ်မိုးဦးကျမှာ ယာယီတာဝန်ဖြင့် ကျနော်ရန်ကုန်ကို ရောက်နေခိုက် တပ်မှာကျန်ခဲ့သော ဇနီးသည် ငှက်ဖျားမိ သဖြင့် ဆေးရုံတက်နေရကြောင်း ဆက်သွယ်ရေးသတင်းရသောကြောင့် အလုပ်တာဝန်တွေကို တခြားတဦးထံ လွှဲအပ်ကာ တပ်သို့ ပြန်လာခဲ့သည်။ ဟိုင်းကြီးကျွန်းနှင့်ရန်ကုန် မိုင် ၂၀၀ ကျော်လောက်သာ ဝေးလံသော်လည်း လမ်းပမ်းအခြေအနေကြောင့် တညအိပ် နှစ်ရက်ခရီး နှင်ရသည်။ ဒီကြားထဲ ရာသီဖောက်ပြန်နေသဖြင့် ပုသိမ်မှာ ၂ ရက်ခန့်သောင်တင်နေပြန်၏။ ထိုအခါက ဟိုင်းကြီးကျွန်းပေါ်မှာ တယ်လီဖုန်းဆက်သွယ်ရေး မရှိသေးပါ။
ရာသီကောင်းမွန်သောနေ့မှ ခရီးဆက်ခဲ့ရပြီး ဟိုင်းကြီးဆိပ်ကမ်းသို့ သင်္ဘောကပ်သည်နှင့် ဆေးရုံသို့ အသော့နှင် ခဲ့၏။ ဇနီးသည်ကား အတော်ပင် ထူထူ ထောင်ထောင် ဖြစ်နေပေပြီ။ သူငယ်ချင်းတဦးက သူ့အတွက် အစားအစာ သယ်ယူပေးပြီး တယောက်က အိမ်မှာ လူမမယ် သား ၂ ဦးကို ထိန်းရင်း ထမင်းဟင်းချက်ပေး နေကြောင်း သိရသဖြင့် စိတ်အေးသွားရသည်။
Image may be NSFW.
Clik here to view.

ခုချိန်မှာ တိမ်ညိုအုံ့ဆိုင်း နေ့ရက်များနှင့် မနှစ်မြို့ အော်ဂလီဆန်စရာ အဖြစ်အပျက်များအကြောင်း ပြန်လည် စဉ်းစားလိုစိတ် မရှိတော့သည့်တိုင် အတူနေခဲ့ ဖူးသော လုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်ကောင်းများ ကိုတော့ ဘယ်လိုမှ မေ့မရနိုင်သည် အမှန်ဖြစ်၏။
……………………………………………………………………
Image may be NSFW.
Clik here to view.

သူတို့ထဲက ကျနော်နှင့် တပ်မှာ အတူတာဝန်ထမ်းဆောင်ခဲ့ဖူးသူ အနည်းအကျဉ်းရှိပေမင့် ပြင်ပရောက်မှ စတင်သိကျွမ်းရသူတွေက ပိုများသည်။
နှစ်အတန်ကြာ နီးနီးကပ်ကပ် နေခဲ့ပြီးမှ သူတို့တတွေ ပင်လယ်ရပ်ခြား နိုင်ငံတွေဆီ ထွက်ခွာသွားခြင်းဖြစ်၏။ ဒီမှာနေတုန်း ကာလမှာ မိသားစုရပ်တည်ရေးအတွက် အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ရသည်။ ယခု ငွေပို့ပေး သူတွေထဲက တဦး ကျနော်နှင့်အတူ ပြောင်းချိုးအလုပ်သွားခဲ့စဉ် ပြောင်းခင်းထဲမှာ ပြောခဲ့ဖူးသော စကား လေးကို ပြန်လည် ကြားယောင်နေမိသည်..။ ‘ကျနော် ဟိုရောက်ရင် ဒီမှာကျန်ခဲ့တဲ့ ရဲဘော်မိသားစု တစုချင်းကို ငွေပို့ပေးဖို့တော့ လွယ်မယ်မထင်ဘူးဗျ… အဲဒီတော့ ဟိုမှာရောက်နေပြီးသား စုစည်းလို့ရတဲ့ လူတွေတိုင်ပင်ပြီး လစဉ် တတ်နိုင်သလောက် ပို့ပေးချင်တယ်… အဲဒီငွေနဲ့ မိသားစုအားလုံးအတွက် မီးဖိုချောင်သုံး ပစ္စည်းလေး တွေ ဝယ်ပြီး ဝေငှပေးမယ်ဆိုရင် အထိုက်အလျောက် ထောက်ပံ့မှုဖြစ်မယ်လို့ ယူဆတယ်… ကြိုးစားကြည့် မယ်ဗျာ..’ ဟူ၍။
ယခု သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ တကယ်ဆို ယခုပေးလှူခြင်းမှာ အဖွဲ့အစည်းခေါင်းစဉ်တပ်၍ ပေးဝေခြင်းဖြစ်သော်လည်း ၄င်းအဖွဲ့ဝင်မဟုတ်သည့် ကျနော်နှင့် အချို့ရဲဘော် ဟောင်းများကိုပါ ထည့်သွင်းရေတွက် ပေးခြင်းဖြစ်သည်။ ကြုံခဲ့ဖူးသော လူများတွင် လမ်းကြမ်းကိုလျှောက်ပြီး လမ်းကောင်းရောက်လျှင် နောက်ကြောင်းလှည့်မကြည့်ချင်သူတွေရှိသည်။ သမင်လည်ပြန်ကြည့်ရင်း နောက်မှာ ကျန်ခဲ့သူတွေကို ငဲ့ကြည့်သူတွေလည်းရှိပေသည်။ သူတို့က ဒုတိယ အမျိုးအစား ဖြစ်၏။ သူတို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို နှစ်နှစ်ကာကာ လေးစားရပါ၏။
ဒီလိုပင် လစဉ် ပစ္စည်းထုပ်လေးတွေ ဝေငှပေးတတ်သော နောက်အဖွဲ့တခုရှိပြန်သည်။ ABSDF ရဲဘော် ဟောင်းများ အဖွဲ့။ မိတ်ဆွေ AB ရဲဘော်ဟောင်းတဦး၏ အိမ်သို့ အလည်သွားခိုက် သူတို့အဖွဲ့မှ လက်ဆောင် ရသောနေ့နှင့် ကြုံကြိုက်ခဲ့ဖူးသည်။ ပမာဏ သိပ်မများသော်လည်း ပစ္စည်းအမယ် တော်တော်စုံတာ တွေ့ရ၏။ မိတ်ဆွေက ပစ္စည်းတွေထဲမှ ဆေးပေါ့လိပ်ထုပ်လေးကို ဖောက်ကာ ကော်ဖီတခွက်နှင့်အတူ ဧည့်ခံသည်။ ကြည်နူးစရာ ကောင်းလိုက်ပါဘိ။
တချိန်က အစိုးရဘက်တော်သား တပ်မတော်သားများနှင့် အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော တော်လှန်ရေး တပ်မတော်သားတို့ .. ယခု ဒီနေရာမှာ ဆုံတွေ့ကြရာဝယ် ပုခုံးချက်ဖက် ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံ ကြသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ရှေ့တန်းစစ်မြေပြင်မှာ သူတို့ချင်း သတ်ဖြတ်သေစေလို သော ရည်ရွယ်ချက် မရှိခဲ့ဘဲ ကိုယ်စီ ကိုယ်စီ တာဝန်နှင့် ခံယူချက်အရ ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်းပေါ်လွင်၏။
အချိန်ကာတခု တိုက်စားရွေ့လျားလာချိန် ခုနေခါမှာတော့ သေနတ်တလက် ကျောပိုးတအိတ်နှင့် လိုက်ဖက် ညီသော တာဝန်တို့ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့ပြီ။ ခံယူချက်တို့လည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်၏။ သို့သော် မပြောင်းမလဲ ခိုင်မြဲနေတာက တိုင်းပြည်အတွက် ယုံကြည်ချက်စေတနာနှင့် လုပ်ဖော်ကိုင်ဖက်ချင်းအပေါ် ထားရှိသော ချစ်စရာကောင်းသည့် စိတ်ထားလေးများပင်ဖြစ်လေသည်။
Image may be NSFW.
Clik here to view.

နိဂုံးချုပ်ဆိုရသော်…. စစ်သားဟောင်း ပီပီ…. ‘ရဲဘော်စိတ် ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်။’ ဟူသော စကားရပ်ဖြင့်ပင် အဆုံးသတ် ရပေတော့မည်။
ထိုရဲဘော်စိတ်ကား…… ထာဝစဉ် သင်းပျံ့မွှေးသော ပန်းတပွင့်နှယ်… လန်းပါစေ…. နွမ်းပါစေ…. ရနံ့ဝေဝေ ပန်းခရေ ပမာသို့….။
နေမင်းသူ
၁၅-၀၄-၂၀၁၃