အမှတ်စက်များကို ဆက်ခြင်း
NGO တစ်ခုက ညီလေးတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံမိလို့ စကားပြောဖြစ်ကြတယ်။ သူက ကိုယ့်ထက် အသက်ငယ်ပေမဲ့ NGO မှာ လုပ်နေတာ ၄နှစ်တောင် ကျော်နေပြီ။ အဲ့လို စကားပြောဖြစ်ရင်း သူက ရင်ဖွင့်တယ်၊ သူ တကယ်လုပ်ချင်တဲ့ အလုပ်နဲ့ ခုလုပ်နေရတဲ့ အလုပ်က တခြားစီပဲတဲ့။ တစ်ခါတစ်လေကျ အရမ်းစိတ်ညစ်တယ်၊ အလုပ်ထွက်ချင်ပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်ဘူး တဲ့။ အဲ့ဒီမှာတင် ကျွန်တော်ကလည်း ကျွန်တော်တို့ ဆေးကျောင်းသားတွေ ဆရာဝန်တွေရဲ့ ဘ၀ကို ပြန်ပြောပြဖြစ်တယ်။ ဆေးကျောင်းတက်ပြီးလို့ ဆရာဝန် ဖြစ်လာသူတွေထဲမှာ တကယ်ဝါသနာပါသူတွေလည်း ရှိသလို၊ မိဘတက်ခိုင်းလို့ စိတ်မပါဘဲ တက်ခဲ့ရသူတွေ၊ ဒီကျောင်းနဲ့ ဒီအလုပ်ကလွဲလို့ တခြားရွေးစရာလည်း မရှိတာနဲ့ အများတက်လို့ လိုက်တက်ခဲ့သူတွေ၊ ခု ဆရာဝန်ဖြစ်ပြီးတဲ့ နောက်မှာတောင်မှ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတဲ့သူတွေလည်း အများကြီးပဲ လို့။ တကယ်တော့ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ ရောဂါဟာ ကျွန်တော်တို့လူငယ်တွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်နေပါတယ်။
ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်က လူငယ်တွေအတွက်တော့ ဒါတွေဟာ သိပ်မထူးဆန်းတော့ပါဘူး။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေဆိုတဲ့ ဆုတောင်းစကားက လူတော်တော်များများအတွက် သဘောကျချင်စရာ ဖြစ်နေတယ်။ တံခါးပိတ်ထားတဲ့ တိုင်းပြည်က လူတွေဟာ အမြင်တွေ အတွေးတွေလည်း ပိတ်နေတတ်တာ သဘာဝပါပဲ။ ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်လာတဲ့ ကျောင်းသူကျောင်းသားတွေကို အင်တာဗျူး လုပ်ထားတာတွေ ခဏခဏ ဖတ်ရတယ်။ ဘ၀မှာ ဘာဖြစ်ဖို့ ရည်မှန်းထားလဲ ဆို အားလုံးနီးပါးက အောင်မြင်တဲ့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင်လုပ်မယ်ဆိုတာချည်းပဲ။ ဖြေကြပါလား နာဆာမှာ သိပံပညာရှင် သွားလုပ်မယ်တို့၊ နိုင်ငံတော်သမ္မတ ဖြစ်ချင်တယ်တို့။ ခုတော့ ဘယ်သူ့မေးမေး ဒါပဲ ဖြေစရာ ရှိသလို ဖြစ်နေတယ်။ (ခုမှသာ ပြောနေတာပါ၊ ကျွန်တော်တို့တုန်းကလည်း ဒီလိုပါပဲ) ပြောရရင် အိပ်မက်ကြီးကြီး မမက်ရဲကြဘူး၊ မက်လည်း မမက်တတ်ကြဘူး၊ မက်ရဲလောက်တဲ့ အနေအထားမျိုးမှာလည်း ရှိမနေကြဘူးလေ။ ဥပမာဆိုပါတော့၊ လူငယ်လေးတစ်ယောက်က ဘောလုံးအားကစားကို အရမ်းဝါသနာပါတယ်၊ ဘောလုံးကန်နေရရင် ထမင်းမေ့ဟင်းမေ့ပဲ၊ ဒါပေမဲ့ ဒီအလုပ်ကို ပရော်ဖက်ရှင်နယ်အနေနဲ့ ရွေးချယ်ဖို့ဆိုတာကတော့ တော်တော်လေး စွန့်စားရသလို ဖြစ်နေတယ်။ အဲ့ဒီမှာတင် ပိုက်ဆံရဖို့သက်သက်အတွက် သူစိတ်မ၀င်စားတဲ့ အလုပ်တစ်ခုကို ၀င်လုပ်ရတော့တယ်၊ စိတ်ဝင်စားမှု၊ အလုပ်အပေါ် ချစ်မြတ်နိုးမှု မရှိတဲ့အခါ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သာမန်ထက် မပိုဘူး၊ အဲ့ဒီတော့ သူလုပ်နေတဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းကလည်း တိုးတက်မှု မရှိတော့ဘူး၊ ကြာတော့ စိတ်ဓါတ်ကျလာတယ်၊ မပျော်တော့ဘူး၊ ဒါပေမဲ့လည်း ဒီအလုပ်ကို စွန့်ပြီး နောက်တစ်ခုကို ရဲရဲဝံ့ဝံ့ ပြောင်းလိုက်ဖို့လည်း သတ္တိက မရှိဘူး။ ဒါနဲ့ပဲ သံသရာက လည်နေတယ်၊ နောက်ဆုံးချုပ်လိုက်တော့ သူမတိုးတက်ဘူး၊ သူ့အဖွဲ့မတိုးတက်ဘူး၊ အဲ့လိုလူငယ်တွေ ပေါင်းစည်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း မတိုးတက်တော့ဘူး။
(ခုလို ခေတ်ပြောင်းလာတဲ့အချိန် ပွင့်လင်းလာတဲ့အချိန်မှာတော့ အလုပ်အကိုင်အသစ်တွေ ပေါ်လာတယ်။ အရင်က အိပ်မက်မမက်ရဲခဲ့တာတွေ၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေက အသုံးကျတဲ့ ပညာရပ်တွေ ဖြစ်လာတယ်။ ခုတလောဆို လူငယ်ဒါရိုက်တာတွေ၊ အိုင်တီပညာရှင်တွေ၊ စီးပွါးရေးပညာရှင်တွေ အများအပြား ပေါ်ထွက်လာတယ်။ လူငယ်အများစု စိတ်ဝင်စားလာကြတာတွေကလည်း ဒီပညာရပ်တွေ ဖြစ်လာတယ်။ ကောင်းတဲ့ လက္ခဏာပါ၊ တိုင်းပြည်တစ်ပြည်ကို ဆရာဝန်တွေနဲ့ချည်း တည်ဆောက်လို့မှ မရတာပဲ။ ပညာရပ်ပေါင်းစုံ ဖူးပွင့်လာဖို့ လိုပါတယ်။)
စတိဗ်ဂျော့ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ လူသေပေမဲ့ နာမည်မသေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ဘ၀ကလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသလို၊ အတုယူဖို့လည်း ကောင်းပါတယ်။ သူ့အမေက ကောလိပ်ကျောင်းသူ၊ အိမ်ထောင်မပြုဘဲနဲ့ သူ့ကိုမွေးတယ်၊ သူ့သားကို တက္ကသိုလ် ရောက်အောင် ပို့ပေးပါ့မယ်လို့ ကတိပေးတဲ့ လင်မယားနှစ်ယောက်ဆီကို မွေးစားဖို့ ပေးခဲ့တယ်။ သူတို့ကတိအတိုင်း စတိဗ်ဂျော့ဟာ ကောလိပ်ကျောင်းကို တက်ခွင့်ရတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ပိုက်ဆံတွေ အလဟဿ ဖြုန်းနေမိပြီ ထင်တာရယ်၊ မွေးစားမိဘတွေကို သနားတာရယ်ကြောင့် ကောလိပ်ရောက်ပြီး ၆လအကြာမှာတင် ကျောင်းကထွက်လိုက်တယ်။ ကျောင်းကလည်း ထွက်ပြီးရော သူ စိတ်မ၀င်စားတဲ့ အလုပ်ဆို ဘာတစ်ခုမှ မလုပ်တော့ဘဲ၊ သူတက်ချင်တဲ့ သူတကယ်စိတ်ဝင်စားတဲ့ အတန်းတွေကိုချည်း လိုက်တက်တော့တယ်။ အဲ့ဒီထဲက သင်တန်းတစ်ခုက Calligraphy လို့ ခေါ်တဲ့ စာလုံးအလှရေးနည်းသင်တန်း။ သူ့ဘ၀ရှေ့ရေးအတွက်ရယ်လို့ ရည်ရွယ်ပြီး တက်ခဲ့တာတော့ မဟုတ်ဘူး၊ စိတ်ဝင်စားလို့ တက်ခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒီလို ဘာရယ်မဟုတ် တက်မိခဲ့တဲ့ သင်တန်းက သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာအတွက် ဒီဇိုင်းလုပ်တော့မှ သွားအသုံးကျတော့တယ်။ အဲ့ဒီလိုနဲ့ လှပတဲ့ စားလုံးတွေရေးနိုင်တဲ့ ပထမဆုံးကွန်ပျူတာရယ်လို့ ပေါ်လာပါတော့တယ်။ စတိဗ်ဂျော့ရဲ့ အောင်မြင်မှုတွေထဲက မှတ်တိုင်တစ်ခု ဖြစ်သွားတယ်။
စတိဗ်ဂျော့က သူ့အတွေ့အကြုံတွေက တစ်ဆင့် ပြောပြသွားပါတယ်..
ဘ၀ဆိုတာ အမှတ်စက်များကို ဆက်ခြင်းပဲတဲ့။ အမှတ်စက်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေရော ဘာရယ်မဟုတ် တောင်လုပ်မြောက်လုပ် လုပ်မိတာတွေရော ပါတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အဲ့ဒီအမှတ်စက်တွေက ရှေ့ကိုမှန်းပြီး ဆက်လို့ မရဘူး၊ နောက်ပြန်ကြည့်ပြီးမှသာ ဆက်လို့ရပါတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျဖို့ မပြောနဲ့၊ ပြဒါးတစ်လမ်း သံတစ်လမ်းတောင် ဖြစ်နေပါတယ်ဆိုတဲ့သူတွေ၊ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်းကို မသိပါဘူးဆိုတဲ့သူတွေအတွက် စတိဗ်ဂျော့ရဲ့ ဘ၀ရှာပုံတော်ဖြစ်စဉ်လေးက အတုယူစရာကောင်းပါတယ်။ လမ်းပျောက်နေတယ်လို့ ညည်းနေမဲ့အစား ကြိုးစားပြီး ဆက်လျှာက်ကြည့်လိုက်တာက တွေ့နိုင်ချေ ပိုများတာပေါ့။ စိတ်ညစ်ပြီးသာ ထိုင်မနေနဲ့၊ ဆက် ဆက်လျှောက်နေ၊ တစ်နေ့ တွေ့မှာပေါ့၊ ကိုယ်တကယ်လျှောက်ချင်တဲ့ လမ်းကို။
ကြီးကျယ်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ဖို့ တစ်ခုတည်းသော လိုအပ်တဲ့အရာက အဲ့ဒီအလုပ်ကို ကိုယ်တကယ်မြတ်နိုးဖို့ပါပဲ တဲ့။ အဲဒီ ကိုယ်တကယ်စုံမက်တဲ့အလုပ်ကို မတွေ့မချင်း ရှာရပါမယ်၊ သတ္တိရှိရပါမယ်၊ အပြောင်းအလဲကို မြတ်နိုးရမယ်၊ စွန့်စားသင့်ရင် စွန့်စားရဲရမယ်။
ပြောရရင် များများဖတ် များများလုပ် များများတွေး များများသင်ယူကြရပါမယ်။
ဘ၀ဆိုတာ အမှတ်စက်လေးတွေကို နောက်ပြန်ဆက်ပြီး ပုံဖော်ယူရတာဆိုတော့ ဆက်စရာ အမှတ်စက်လေးတွေ များလေလေ၊ ပုံဖော်လို့ ရလာတဲ့ ဘ၀ကလည်း လှပလေလေပဲပေါ့။
NGO တစ်ခုက ညီလေးတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံမိလို့ စကားပြောဖြစ်ကြတယ်။ သူက ကိုယ့်ထက် အသက်ငယ်ပေမဲ့ NGO မှာ လုပ်နေတာ ၄နှစ်တောင် ကျော်နေပြီ။ အဲ့လို စကားပြောဖြစ်ရင်း သူက ရင်ဖွင့်တယ်၊ သူ တကယ်လုပ်ချင်တဲ့ အလုပ်နဲ့ ခုလုပ်နေရတဲ့ အလုပ်က တခြားစီပဲတဲ့။ တစ်ခါတစ်လေကျ အရမ်းစိတ်ညစ်တယ်၊ အလုပ်ထွက်ချင်ပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်ဘူး တဲ့။ အဲ့ဒီမှာတင် ကျွန်တော်ကလည်း ကျွန်တော်တို့ ဆေးကျောင်းသားတွေ ဆရာဝန်တွေရဲ့ ဘ၀ကို ပြန်ပြောပြဖြစ်တယ်။