သည်နေ့ ကဆုန်လပြည့်နေ့ဆိုတော့ မြန်မာတွေက ကဆုန်ညောင်ရေသွန်းပွဲတော် လုပ်ကြတဲ့နေ့ပေါ့။ “ပွဲခါညောင်ရေ သွန်းမြဲပေတည့်၊ မြစ်ရေ၀န်းလည် မြိုင်တောဆီက၊ ရွှေပြည်ကိုသာ တ ရှာတော့မိ၊ မိုးရှိရှိလျှင်…” လို့ မဲဇာတောင်ခြေရတု ထဲမှာ ရေးခဲ့တယ်။ မနှစ်ကတုန်းကတော့ ကဆုန်လရဲ့ သစ်သစ်ဆန်းဆန်း လှပုံတွေကို ကြည့်ပြီး သမီးဆီကို အောင့်မေ့တဲ့စိတ်နဲ့ “လကဆုန် နဲ့ မြရဂုံ” ဆိုပြီး ရေးခဲ့သေးတယ်။ ရန်ကုန်က ကဆုန်လကတော့ နေရာကွက်ကျား မီးအနည်းငယ် လာရန်ရာနှုန်းခြောက်ဆယ်ကလွဲလို့ သိပ်လွမ်းလောက်စရာ မရှိပါဘူး။ ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရားမှာတော့ မနက်ခင်း ညနေစောင်းတွေမှာ ညောင်ရေသွန်းတဲ့သူတွေနဲ့ စည်တယ်။ နယ်တွေမှာတော့ ညနေဘက်ဆို ရေအိုးလေးတွေရွက်ပြီး အိုးစည်ဗုံမောင်းတွေနဲ့ ရေလောင်းထွက်ကြတယ်။ ထုံးစံကတော့ ကဆုန်လပြည့်နေ့ဆိုရင် မိုးကလေး တဖျောက်နှစ်ဖျောက်ကျလေ့ရှိတာ ပုံမှန်ပဲ။ သည်နှစ်တော့ သမီးကလည်း ငွေ့ငွေ့ကလေးဖျားနေ၊ ကိုယ်ကလည်း မျက်စိနာနေတာနဲ့ သားအဖနှစ်ယောက် အိမ်တွင်းပုန်းနေဖြစ်တယ်။
ကဆုန်လအကြောင်းကို သမီးလေး နားလည်အောင် ဘယ်လိုသရုပ်ဖော်ပြရကောင်းမလဲ လို့ စဉ်းစားကြည့်မိတယ်။ တပေါင်းလလို သာယာလွမ်းမောစရာကောင်းတဲ့လလည်း မဟုတ်ဘူး။ တန်ခူးလလို ပျော်ရွှင်မြူးတူးဖွယ်ရာ နှစ်ဆန်းချိန် အခါသမယလည်း မဟုတ်ဘူး။ ကဆုန်လကတော့ ဖေတို့မြန်မာဗုဒ္ဓဘာသာတွေအတွက် ဘာသာရေးနဲ့ ပတ်သက်ပြီး အထွဋ်အမြတ်ထားရမယ့် လတစ်လလို့ ဆိုရမယ်။ ခရစ်ယာန်ဘာသာဝင်တွေ ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ကို ခရစ်စမတ်နေ့အဖြစ် ကျင်းပကြသလိုပဲ ကဆုန်လပြည့်နေ့ကတော့ တို့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖွားတော်မူရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါတင်ဘယ်ကမလဲ။ သုမေဓာ ရှင်ရသေ့ဘ၀က ဘုရားဆုကိုပန်လို့ ဒီပင်္ကရာဘုရားရှင်ထံတော်မှာ ဗျာဓိတ်ပန်း ဆင်မြန်းခဲ့ရတာလည်း ကဆုန်လပြည့်၊ ပထမအောင်ခြင်းမင်္ဂလာ ဖြစ်တဲ့ မာရ်နတ်မင်းကို အောင်တော်မူပြီး သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူခဲ့တာလည်း ကဆုန်လပြည့်၊ ကုသိနာရုံပြည်က မလ္လာမင်းတို့ရဲ့ ဥယျာဉ်တော်မှာ ပရိနိဗ္ဗာန်စံတော်မူခဲ့တာဟာလည်း ကဆုန်လပြည့်နေ့ပဲလေ။ ဒါကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ လို့လည်း ခေါ်ကြတယ်။
ကဆုန်လပြည့်နေ့မှာ အကောင်းဆုံး တစ်နေ့တာကလေး ရေးဆွဲရမယ်ဆိုရင် မနက်စောစောစီးစီး မင်္ဂလာရှိတဲ့ ဓမ္မတေးသီချင်းလေးတွေ နားထောင်တာနဲ့ စ ရမှာပဲ။ ဒေါ်ကြည်အောင်ကြီးဆိုတဲ့ “ဗောဓိပင် နဲ့ ရွှေပလ္လင်” ဆို ဘယ်လောက်ကောင်းသလဲ။ ဘဂ၀ါဇိနအရှင်ဟာ တဏှာရှိသမျှစင်လို့ အပရာဇိတပလ္လင်ကို အောင်တော်မူခြင်း ဖြစ်ပါသတဲ့။ အဲဒါအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဘုရားအဖြစ်ကို ရရှိဖို့ ကိုယ့်အတွင်းမှာ ရှိရှိသမျှသော တဏှာတွေကို အရင် နှိမ်နှင်းအောင်မြင်ရတယ်လို့ဆိုလိုတာ။ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင်မှပဲ ကိုယ်တွင်းက အတွင်းရန်ကို အရင်နှိမ်နှင်းပြီးမှ အပြင်ရန်ကို ဆက်လက်နှိမ်နှင်းရတယ် လို့ သဘောပေါက်လိုက်ပါလေ။ ဘုန်းကြီးကျောင်းပညာရေးကလာတဲ့ ဖေတို့ဘိုးဘွားများကတော့ သင်ပုန်းကြီးကုန်တာနဲ့ အဲသည် အတွင်းအောင်ခြင်း အပြင်အောင်ခြင်းတွေကို နှုတ်တိုက်ကျက်မှတ် သင်ကြားခဲ့ရလေသတဲ့။ သမီးလေးတို့ခေတ်မှာတော့ ဒါတွေ မသင်ရတော့ဘူး။ “မနှစ်က ခရစ်စမတ်တုန်းက ကိုယ့်အသည်းလေး ပေးထားတာ နောက်တစ်နေ့တောင်မခံဘူး။ လွှင့်ပစ်လိုက်ပါလေရော။” ဆိုတဲ့ သီချင်းမျိုးကို နားရည်ဝနေကြပြီ။
နောက်ထပ်သီချင်းကောင်းကလေးတွေ ထပ်မိတ်ဆက်ပေးရပါဦးမယ်။ ဒေါ်မေရှင်ရဲ့ အောင်ခြင်းရှစ်ပါး ဆိုတာ မြန်မာမှန်ရင် မကြားဖူးဘူးလို့ ပြောရတာ ရှက်စရာကောင်းတယ် သမီးရဲ့။ နို့မို့ဆို လူပျက်ကြီးတွေက “အောင်သိန်းဟာ အောင်ငြိမ်းယောက္ခမပါ” လို့ ပြောရင် သမီး ရယ်တတ်မှာ မဟုတ်ဘူး။ စောစောက ဒေါ်ကြည်အောင် သီချင်းထဲမှာလည်း “မာရ်နတ်မင်းမှာ အကြွေးတစ်ထောင် ရှိသည်” လို့ ပြောရင် လူတိုင်း ပွဲကျတယ်။ အင်မတန် မြန်မာရေလည်နေတဲ့ ဘိုတွေတောင် ဒီစကားတွေကိုတော့ နားလည်ဖို့ခက်တယ်။ သမီးက မြန်မာမဟုတ်လား။ နားမထောင်ဖူးဘူးဆိုတာ ဂုဏ်ယူစရာ မဟုတ်လေဘူး။ နောက်တစ်ပုဒ် ရှိသေးတယ်။ “သဲဖြူ နဲ့ ရာဇမတ်၊ သြော် ကြာယပ် နဲ့ ငှက်ပျောပင်၊ မနောရွှင်လျက် ဇောကကောင်း၊ ဂေါတမအလောင်းတော် နုတော်မူစဉ်အခါ” ဆိုတာ သုမေဓာရှင်ရသေ့ ဆိုတဲ့ သီချင်းကလေး။ ဒီသီချင်းတွေဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အင်မတန်နားထောင်လို့ ကောင်းမယ့် လိုက်ဖက်တဲ့ သီချင်းကလေးတွေဆိုရင် မမှားပါဘူး။ “မြတ်စွာဘုရားဖြင့် ပရိနိဗ္ဗာန် စံတော်မူပြီ။ ဘဂ၀ါခန္ဓာအကြွင်း နံသာထင်းထပ်ပါလို့ မလပ်အောင် ပူဇော်လေသည်။ ပရမေဘုရား၏ အရေအသားတို့သည် ပုလဲဥပမာလို အခဲစုကာ လျှံထိန်ကြွလေပြီ။ သမ္ဗိန္တ အသမ္ဗိန္တ ရှစ်ကျိပ်သော ဓါတ်မွေသရီ ကြွင်းရစ်ခဲ့သည်။” ဆိုတဲ့ သီချင်းကတော့ ကုသိနာရုံ တဲ့။ ဘုရားရှင်ရဲ့ ဖြစ်တော်မူစဉ် ဗုဒ္ဓ၀င်ကို တေးဂီတကလေးတွေနဲ့ ပူဇော်သက္ကာယပြုထားတာလေးတွေမို့ ဆိုရသူရော၊ ကြားရသူပါ မင်္ဂလာလည်းရှိ၊ ဗုဒ္ဓာနုဿတိကုသိုလ် စိတ်ကလေးတွေလည်း ပွားများရတာပေါ့။
ဘုရားဖူးရင်း လိပ်ဥကလေးပါ တူးချင်သူတွေအတွက်လည်း ကဆုန်သီချင်းလေးတွေ ရှိသေးတယ်။ “ရေအိုးကလေး ရွက်လာတယ်။ ဘယ်ကိုသွားမလဲကွဲ့ ခင်ရယ်။” ဆိုတာ ပြည်လှဖေဆိုတဲ့ လကဆုန် တဲ့။ “ပွဲခါညောင်ရေ သွန်းမြဲပေတည့်။ ကြည်ဖြူသဒ္ဒါ” ဆိုတာက မေမြင့်ဆိုတာ။ ဒါကြောင့် ညနေနေအေးလို့ ခြေခင်းလက်ခင်းကလေး သာတဲ့အချိန်ကျရင် ညောင်ရေသွန်းဖို့ ထွက်ကြရဦးမှာ။ ပြောတော့သာ ညောင်ရေသွန်းတယ်။ ဟိုရောက်တော့ ဗောဓိညောင်က ဘယ်ဟာ၊ ပညောင်ပင်က ဘယ်မှာ၊ လင်းလွန်းပင်က ဘယ်နား ကွဲကွဲပြားပြားလည်း သိတာလည်း မဟုတ်ပဲနဲ့။ သူများတွေ လောင်းတဲ့နေရာ ရေအိုးကလေးသွန်ခဲ့တာပဲ မဟုတ်လား။ ဘယ်အပင်ပဲဖြစ်ဖြစ် ရေမလောင်းကောင်းတဲ့အပင်တော့ မရှိပါဘူး။ ပူပြင်းတဲ့ဥတုမို့ အရွက်ကလေးတွေ ကြွေနေတဲ့ အပင်သယောင်းကြီးကို ရေချိုရေချမ်းကလေးတွေ လောင်းပေးရတာ ဘာသာရေးအရ ကုသိုလ်ရယုံတင် မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင်လည်း တစ်ခွက်တစ်ဖလား မှတ်မှတ်သားသား ကူညီရာ ရောက်တယ်။ အပင်ဆိုတာက သတ္တ၀ါတွေလို ရေရှိရာ ခြေလှမ်းလို့ရတာမဟုတ်တော့ မိုးမလာသေးခင် ခမျာတွေမယ် ရေဆာနေရှာမှာပေါ့။ သူတို့တတွေ ဝေေ၀ဆာဆာရှိတော့ ကိုယ်တွေလည်း ခိုစရာနားစရာ အရိပ်ရမယ် မဟုတ်လား။
ညောင်ပင်ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားလေ့ရှိတဲ့ အပင်ထဲမှာပါတယ်။ တော်ရုံတန်ရုံနဲ့ မချိုင်ရဲ မခုတ်ရဲကြဘူး။ ဓါတ်ကြိုးနဲ့မလွတ်ရင်တောင် ကန်တော့ပွဲလေးပေး၊ တောင်းပန်ပြီးမှ ခုတ်ဝံ့တယ်။ အပင်တိုင်းအပင်တိုင်းမှာ ရုက္ခစိုးနတ်တွေ ရှိကြတယ် လို့ ယုံကြည်ထားပေမယ့် ညောင်ပင်က ရုက္ခစိုးကျတော့ သူကြီးခန့်ထားသလား မသိပါဘူး။ ဘိုးဘိုးကြီး လို့ ခေါ်ကြတယ်။ နယ်တွေမှာဆို ညောင်ပင်မှန် နတ်စင်ရှိတာချည့်ပဲ။ နေရာကောင်းမယ်ဆိုရင် သူ့အရိပ်အောက်မှာ ကွမ်းယာဆိုင်၊ လက်ဘက်ရည်ဆိုင်ကလေးတွေပါ ရှိလိမ့်မယ်။ နံမယ်ကလည်း မေးမနေနဲ့ ရွှေညောင်ပင်ချည့်ပဲသာမှတ်။ လူတွေက ကျန်တဲ့အပင်သာ ဂရုမစိုက်ချင်နေမယ်။ ညောင်ပင်ဆိုရင်တော့ အမွှေးတိုင်ကလေး ဖယောင်းတိုင်ကလေးကစ ရှံပန်းထည်အနီစကလေး၊ မြင်းရုပ် ပစ်တိုင်းထောင်ရုပ်ကလေးတွေ ချိတ်လို့ တွေ့ရမယ်။ ရွာထိပ်ကညောင်ပင်မှာ အရက်နဲ့ကြက် ဆက်ထားတာတွေ့ရင် အဲသည်ရွာ သည်ည ဓါးပြတိုက်ကြမလို့ ဆိုတာ သိနိုင်တယ်။ ဒါကြောင့် ညောင်ပင်လို့ဆိုရင် စတုမဟာရာဇ်နတ်တွေအတွက် တန်ဖိုးနည်းအိမ်ယာလို့ သတ်မှတ်ထားပုံရတယ်။
ညောင်ပင်ချင်းတူပေမယ့် ဗောဓိညောင်ပင်ကျတော့ မတူဘူး။ တတ်နိုင်သူတွေက အိန္ဒိယက ဘုရားပွင့်တော်မူရာအရပ် မဟာဗောဓိညောင်ပင်ဆီကနေ ကိုင်းကူးမျိုးပွားပြီး ကိုယ့်ဆီက ဘုရားတန်ဆောင်း ကျောင်းကန်ဇရပ်မှာ ရွှေရည်ငွေရည်လောင်းလို့ အမြတ်တနိုးစိုက်ထားတာ။ “လဲ့လဲ့စိမ်းရောင် ဗောဓိညောင်၊ အတောင်တစ်ရာ သာစွလေး။ သာသည့်ညောင်အောက် ပလ္လင်ပေါက်၊ မြောက်ခွင်အရှေ့ယွန်း။” တဲ့။ မဇ္ဇိမအရပ်က မဟာဗောဓိညောင်ပင်ကြီးဟာ သိဒ္ဓတ္ထမင်းသားရဲ့ ဖွားဘက်တော်ကြီး ဖြစ်တာမို့ ကဆုန်လပြည့် မွေးနေ့ရှင်ထဲမှာ သူလည်း ပါတယ်လေ။ အဲသည် မဟာဗောဓိပင်နဲ့ တစ်လံအကွာမှာ မြက်ရှစ်ဆုပ်ကို အဓိဋ္ဌာန်နဲ့ ကျဲလိုက်တော့မှ ၁၄တောင် အကျယ်ရှိတဲ့ ရွှေပလ္လင်တော်ကြီး ပေါ်လာတာ။ မာရ်နတ်ကတောင် လာလုလို့ မရခဲ့ဘူး။ လင်းလွန်းပင်ကြီးက ဘယ်ကပါလာတာတုန်းဆိုတော့ ဘုရားဖြစ်ပြီးနောက် သတ္တဌာန ခုနစ်နေ့ ခုနစ်နေရာ စံမြန်းတဲ့အခါ တစ်ခုသော လင်းလွန်းပင်ကြီးအောက်မှာ ခုနစ်ရက် စံမြန်းတော်မူခဲ့တယ်။ အဲသည် လင်းလွန်းပင်ကြီးရဲ့အောက်မှာပဲ မြန်မာပြည်ကလာတဲ့ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်က ပထမဦးဆုံး ဥပသကာအဖြစ်နဲ့ ဆံတော်အမွေကို
လျှောက်ထားတောင်းပန် ကိုးကွယ်ခဲ့တာဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ အစပဲ။ ဒါကြောင့် လင်းလွန်းပင်ဆိုတာလည်း ဗုဒ္ဓ၀င်လာ သစ်ပင်ကြီးတစ်မျိုးပါပဲ။
သည်အကြောင်းတွေကို အဖေက ရေရေရာရာသိသလောက် သမီးကျတော့မှ ကြားဖူးနားဝတောင် ရှိအောင် သင်မပေးခဲ့ဘူးဆိုရင် သည်အဖေလောက် တာဝန်မဲ့တဲ့သူ သည်လောကကြီးမှာ နောက်တစ်ယောက် ရှိနိုင်ပါဦးမလား။ ကိုရီးယားကားတွေထဲကလို ပြောရရင် “အပြစ်စိုးရွံ့မိပါတယ်” ပေါ့။ ကိုယ့်တုန်းက ကိုယ်မိဘဘိုးဘွားက အရိုးထဲမှာတောင် စွဲနေအောင် သင်ထားပေးခဲ့တယ်။ အဖေ့အဖေ ဆုံးကာနီးမှာ ဖေတို့သားအဖ အလောင်းအစားတစ်ခု လုပ်ဖြစ်တယ်။ ဘုရားရှိခိုးစာအုပ်ထဲမှာရှိတဲ့ ရောင်ခြည်တော်ခြောက်သွယ်ဖွဲ့ ဘုရားရှိခိုးကြီးဟာ စာအုပ်တ၀က်လောက်ထူတယ်။ သိဖူးသမျှထဲမှာ အရှည်ဆုံး ဘုရားရှိခိုးပဲ။ “ဘုန်းတော်အောင်ပန်း ညောင်နန်းမဏ္ဍိုင် ပလ္လင်ဘူမိ ဗောဓိခရိုင် ပြိုင်ဆိုင်ရန်လှေး မာရ်ဘေးခုတ်ချိုင် သစ္စာပန်းဆင်မြန်း ရွှေလက်ကိုင်။” ဆိုတာနဲ့စတယ်။ အလောင်းအစားနဲ့ တစ်ထိုင်တည်းကျက်ပြီး အလွတ်ပြန်ပြလိုက်တဲ့အခါ သူက တအံ့တသြနဲ့ “သည်မှတ်ဥာဏ်နဲ့ဆိုရင် ဆရာဝန်ဖြစ်လောက်ပါတယ်” လို့ ပြောတယ်။ ဆယ့်ခြောက်နှစ်သားတစ်ယောက် ကိုယ့်အဖေကိုယ် ပြန်ကြွားနိုင်တဲ့အရသာ ဆိုတာ သူများတွေ နားလည်ချင်မှနားလည်ပါလိမ့်မယ်။ ဒါပေမယ့် ခုအချိန်မှာ ပြန်တွေးမိနေတာက “ငါနိုင်တယ်။ ငါမှတ်မိတယ်။ ငါကျက်နိုင်တယ်။” ဆိုတာတွေထက် “ငါ နဲ့ ငါ့အဖေ အတူတူ ကုသိုလ်ရသွားတယ်။” ဆိုတာကလေးကို ကြည်နူးမိတယ်။ အဲဒီဘုရားရှိခိုးအရှည်ကြီးဟာ အခုထက်ထိလည်း မှတ်မိနေတယ်။ သေရွာပါအောင်လည်း မှတ်မိသွားမှာ။ ရေစက်ဆိုတာ အဲဒါတွေကို ခေါ်တာပေါ့။ ဖေ နဲ့ သမီး နဲ့ ကြားမှာ အဲသလို ရေစက်တွေ ထုံလာအောင်တော့ အဖေ မလုပ်နိုင်သေးတာ အမှန်ပဲ။ ဖေတို့သားအဖ ဘုရားပေါ်မှာ ပုဆိန်ပေါက်ကြတာတစ်ခုပဲ ကုသိုလ်တူတူရမှာ။
ဒုက္ခပါပဲ။ အဲဒါတွေကို သမီးနားလည်သဘောပေါက်လွယ်အောင် ဘယ်လိုဘယ်ပုံ သင်ကြားယဉ်ပါးပေးရပါ့။ ဗုဒ္ဓ၀င်ရုပ်စုံကလေးတွေ ကာတွန်းကလေးတွေတော့ သမီးကြိုက်သား။ ဦးဖေသိန်း ရဲ့ ပုံပမာလေးတွေကို ထိုင်တောင် ရှိခိုးချင်မိတယ်။ နို့မို့သာဆိုရင် စွန်းဝူခုန်းတို့ရဲသုံးဖော် ရှီးဖောနောက်ကို ကောက်ကောက်ပါသွားသလောက်တောင် ထဲထဲဝင်ဝင် သိလိမ့်မယ် မထင်ဘူး။ လက်ခုပ်ကလေးတစ်ခြမ်းနဲ့ အော်မီတော်ဖော်ပဲ လုပ်တတ်လာလိမ့်မယ်။ ကိုယ့်တုန်းက ဘယ်လိုများ အသင်ခံခဲ့ရပါလိမ့်လို့ အပြန်ပြန်အလှန်လှန် တွေးကြည့်မိတယ်။ ဘယ်သူကမှ တဗျစ်တောက်တောက် ငေါက်ကာငမ်းကာ သင်လာတာတော့ မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့ နေ့စဉ်ဘ၀မှာကိုက ဗုဒ္ဓဘာသာ အမူအကျင့်တွေက ထုံမွှမ်းလာခဲ့တာ။ မနက်အိပ်ယာနိုးရင် အဘွားက ဘုရားရှိခိုးတယ်။ ပြီးရင် ပရိတ်ခွေတစ်ခွေ ဆုံးအောင်ဖွင့်တာပဲ။ ကိုယ်တွေကလည်း တစ်ခါမှ နားစိုက်ထောင်မနေခဲ့ဖူးပါဘူး။ ဒါပေမယ့် ဟိုတလောက လက်ပံတောင်းကဓါတ်ပုံတွေ တွေ့လိုက်တဲ့အခါ အဲသည်စာသားတွေ ခေါင်းထဲက အလိုလိုပြန်ထွက်လာတယ်။ “အသည်းအူနှုတ် ရိုက်ပုတ်ချည်နှောင် ကယောင်ကတမ်း ယောင်ယမ်းငိုကြွေး ပူဆွေးဆူပွက် မနှစ်သက်ဖွယ်သော အိပ်မက်တို့သည်လည်းကောင်း၊ အနှုတ်အဖွဲ အစွဲအလမ်း အကြမ်းအနု ပြုပြုသမျှ မကောင်းသော လုံ့လပယောဂတို့သည်လည်းကောင်း” တဲ့။ လင်းနို့သားငါးရာ ပဋ္ဌာန်းတရားအသံကြားကာမျှနှင့် နတ်ပြည်ရောက်တယ်ဆိုတာ အဲတော့မှပဲ ယုံသွားပါတော့တယ်။ ကျက်လည်းကျက်မထားပဲ နားလည်းလည်မထားပဲနဲ့ အဲသည်အသံတွေက နားထဲမှာကျန်နေတုန်းပဲ။ အိမ်မှာနေ့တိုင်းဆွမ်းခံကိုယ်တော် ဆွမ်းလောင်းတယ်။ ဆွမ်းချိုင့်ကို ကိုယ်တိုင်သွားပို့ခိုင်းတယ်။ တရားပွဲသွားရင် အဖော်လိုက်ရတယ်။ ကြာနီကန်ဆရာတော် တရားခွေမှန်သမျှ မနာဖူးတာ မရှိဘူး။ အဲဒါ သူတို့ ကိုယ့်အပေါ် ဘာသာရေးမျိုးစေ့ချတဲ့ ပုံစံပါပဲ။ ကိုယ့်လက်ထက်ကျတော့မှ ကိုယ့်သမီးရှေ့မှာ အိပ်ယာဝင် ပုဆိန်ပေါက် ဘုရားရှိခိုးမပြမိခဲ့ဘူး။ အိမ်မှာဆွမ်းကပ်လို့ ရေစက်ချ တရားနာ အိပ်ယာကထပြီး လာထိုင်ခိုင်းမထားမိဘူး။ ဥပုသ်သီလ ကိုယ်ကတောင် စောင့်မပြခဲ့ဖူးဘူး။ လမ်းထဲမှာ တရားပွဲတွေလာလို့ သမီးက နားဆူတယ်ဆိုရင် ရုပ်ရှင်ကြည့်ဖို့ အပြင်လိုက်ပို့မိတယ်။ ဒါနဲ့များမှ တစ်နေ့သောအခါ သူယူချင်ရာနဲ့ ယူမယ်လို့ ပြောလာရင်လည်း သူ့အပြစ်ဘယ်ဟုတ်တော့မလဲ။ ကိုယ့်အပြစ် စစ်စစ်ကြီး။ ကိုယ်က ဘာမှ ပေးမထားတဲ့အတွက် သူကောင်းမယ်ထင်တာကို သူ့ဘာသူယူသွားတာ မဟုတ်လား။
တကယ်တော့ ကိုယ့်အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က နေ့စဉ်ဘ၀တွေမှာ ဘာသာရေးအဆုံးအမ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို တလေးတစား လိုက်နာ လက်ခံကျင့်သုံးနေရမယ်။ ကိုယ့်သားသမီးတွေလည်းပဲ အဲသည်အရာတွေနဲ့ ယဉ်ပါးရင်းနှီးနေအောင် အကျွမ်းတ၀င်ထားသင့်တယ်။ ကိုယ့်ဘာသာ နဲ့ ပတ်သက်လာရင် ကိုယ်ကိုယ်တိုင်ကလည်း မသိတာ မရှင်းတာ သေသေချာချာ သဘောပေါက်အောင် ဖတ်ရှုလေ့လာထားရမယ်။ ကလေးတွေက မေးလာမြန်းလာတဲ့အခါမှာလည်း အမှန်အမှား ကွဲကွဲပြားပြား ဂဃနဏ ပြောပြတတ်ရမှာပေါ့။ သူများဘာသာတွေကို လှည့်ပတ်ရန်ရှာနေရုံနဲ့ သာသနာတော်အတွက်လို့ ခေါင်းစဉ်တပ်ရတာ ရှက်စရာကောင်းလှပါတယ်။ အမွေဆိုကတည်းက ကိုယ့်ဆီမှာ ရှိတဲ့အရာတွေကိုသာ ဆက်ခံသူကိုပေးလို့ရတာလေ။ ကိုယ့်ဆီမှာတောင်မရှိတဲ့ ဘာသာရေးအသိအလိမ္မာတွေကို ပေးခဲ့ချင်တယ်ဆိုတာကတော့ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့လေ။ ကိုယ်ကိုယ်တိုင်ကရော ဗုဒ္ဓ၀င်နဲ့ ပတ်သက်လာရင် ဘယ်လောက်ထိ ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်သိသလဲ။ ကိုယ့်သားသမီးလေးတွေကိုရော အဲသည်သိထားတာကလေးတွေ ပြောပြဖူးသလား။ မုန္စလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ် ဟောတဲ့ဗေဒင် ဆိုတာ ဘာပြောတာလဲ။ အဇပါလ ဆိတ်ကျောင်းညောင်ပင်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ ပါဋလိပုတ် နဲ့ ကောသမ္ဘီ ဆိုတာ ဘယ်နေရာမှာလဲ။ ကာသိတိုင်းက ဘာတွေထွက်လို့ နံမယ်ကြီးတာလဲ။ သေချာပါတယ်။ အဲဒါတွေအားလုံးက အိန္ဒိယမှာ နီပေါမှာ ရှိတယ်။ ဒါပေမယ့် သူတို့တွေက ရှိသာရှိတယ် မသိကြတော့ဘူး။ ကိုယ်တွေကတော့ မရှိပေမယ့် သိနေသေးတယ်။ ကိုယ့်သားသမီးလက်ထက် ရောက်တဲ့အခါ သိလည်းသိမှာ ရှိလည်း ရှိတော့မှာ မဟုတ်တော့ဘူးနော်။ သာသနာကွယ်တယ်ဆိုတာ ဒါမျိုး ထင်ပါရဲ့။ အရင်ဆုံးက ကိုယ့်ကိုယ်၌မှာ ကျန်နေသေးတဲ့ သာသနာပမာဏကို အရင် ထိန်းသိမ်းရစ်ကြပါဦးလေ။
ဗောဓိပင် နဲ့ ရွှေပလ္လင်
http://www.youtube.com/watch?v=S3R8zkLvzYM
အောင်ခြင်းရှစ်ပါး
http://www.youtube.com/watch?v=XlLqK8c4DxM&feature=share&list=PLBD681C2A79871504
သုမေဓာရှင်ရသေ့
http://youtu.be/xLjV2lAo_yE
ကုသိန္နာရုံ
http://minus.com/ltVR0TxrMfnoI