ဝှိုက်ကဒ်များနှင့် ၂၀၁၅
ဝှိုက်ကဒ်ဆိုသည်မှာ ဘူးသီးတောင်၊ မောင်းတော ဒေသရှိ နိုင်ငံသားအဖြစ် မစိစစ်ရသေးသော ဘင်္ဂါလီများအား ထုတ်ပေးထားသည့် ဧည့်ကဒ်ပြားသာ ဖြစ်ပေသည်….. တနည်းအားဖြင့် မြန်မာနိုင်ငံတွင် နေထိုင်နေသူများအဖြစ်သာ အသိအမှတ်ပြုထားခြင်းပင်….. ကုလ သမဂ္ဂ အဖွဲ့အစည်းများနှင့် INGO များမှ ဝှိုက်ကဒ်၏ အကျိုးသက်ရောက်မှု အပေါ်တွင် Issued by the Myanmar government that described the cardholders as “state guests” – meaning they were not entitled to any citizens’ rights in Myanmar. ဟု သုံးသပ်ခဲ့ကြပေသည်…..
သို့သော် အဆိုပါ လူရာမဝင်သည့်ကဒ်များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၎င်းတို့နေရာများများရစေရန် လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံသားအဖြစ် တရားမဝင်သော်လည်း မဲပေးခွင့် ရရှိခဲ့ပေသည်…. အဆိုပါ ရလာဘ်အဖြစ် လွှတ်တော်အတွင်း ရောက်ရှိနေသည့် ဘင်္ဂါလီအမတ်များ၊ ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ပထမဦးဆုံးသော ဒီမိုကရေစီအစိုးရ လက်ထက်တွင် နိုင်ငံသားဖြစ်ခွင့် တစာစာ တောင်းဆိုနေသည့် ဘင်္ဂါလီများနှင့် နိုင်ငံသားအခွင့်အရေးအား တောင်းဆိုလာသည့် ဝှိုက်ကဒ်ကိုင် ဘင်္ဂါလီများ၏ ပြဿနာများစွာ ပေါ်ထွန်းလာခဲ့ပေသည်……
အချို့ကား အဆိုပါ ဝှိုက်ကဒ်ပြဿနာသည် စစ်အစိုးရ လက်ဝေခံ ကြံ့ဖွံ့ပါတီ၏ မှားယွင်းခဲ့သည့် မဟာဗျူဟာ တစ်ရပ်အဖြစ် ရှုမြင်ခဲ့ပေသည်…… မိမိ ပုဂ္ဂလိက အမြင်အရမူ အဆိုပါ ဝှိုက်ကဒ်ပြဿနာသည် နှစ် ၂၀ ကျော် တိုင်းပြည်အား မိမိလက်၊ မိမိခြေဖြင့် အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ကြောင်းအေးစေရန် စီမံထားသည့် သပွတ်အူများစွာထဲမှ တစ်ခုဟု မြင်မိပေသည်….. အဘယ့်ကြောင့်မူ ၎င်းဝှိုက်ကဒ် ပြဿနာသည် လက်ရှိ ကြံ့ဖွံ့အစိုးရကိုသာ ကျဉ်းထဲကြပ်ထဲ တွန်းပို့ခြင်းမဟုတ်ပဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ရှေ့တန်းတင်သည့် အတိုက်အခံများအားလည်း လုပ်ရကိုင်ရ ခက်ခဲစေသည်ကို ကြည့်လျင် သိနိုင်ပေသည်…..
အထူးသဖြင့် ၎င်းအလွန်တွင် အပြိုင်အဆိုင် ဖြစ်လာမည့် ရွေးကောက်ပွဲများတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအား ရှေ့တန်းတင်သည့် ပါတီများအား စုပ်လည်းဆူး၊ စားလည်းရူးစေမည့် ပဒိုင်းသီးအား ထားပေးသကဲ့သို့ပင်တည်း….. တနည်းအားဖြင့် နိုင်ငံရေး (Politics) နှင့် အမျိုးသားရေး (National Affair) ဘယ်ဟာကို ရှေ့တန်းတင်မည်နည်းဆိုသည့် စာမေးပွဲ စစ်လိုက်သကဲ့သို့ပင်တည်း….. အများစုမှာ စာမေးပွဲရှုံးကြသည်ကို တွေ့ရပေသည်….. တနည်းအားဖြင့် ၎င်းအလွန်တွင် နိုင်ငံအုပ်ချုပ်မှု ပါဝါအား ၎င်းအတွက် အန္တရာယ်ရှိသည့် နိုင်ငံရေး ပါတီကြီးတစ်ခု၏ လက်တွင်းသို့ မသက်ဆင်းစေရန် ကြံစည်ခဲ့သည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်ကား ငြင်း၍မရပေ….. အဘယ့်ကြောင့်မူ ထိုစာမေးပွဲကြောင့်ပင် အတိုက်အခံ နာမည်ကြီး နိုင်ငံရေးပါတီဖြစ်သော NLD ၏ ရေပန်းစားမှု ကျဆင်းလာခဲ့ရပေသည်….
အတိုက်အခံ နိုင်ငံရေးပါတီများသာမက၊ အခြားသော အတိုက်အခံများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ရေပန်းစားမှုမှာလည်း အမျိုးသားရေး စာမေးပွဲတွင် မေးခွန်းထုတ်ခံခဲ့ရပေသည်…… အထူးသဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ဘင်္ဂါလီကိစ္စအပေါ်တွင် မပြတ်သားမှုများအပေါ် လူအများစုသည် အားမလို အားမရ ဖြစ်ခဲ့ရပေသည်…….. နော်ဝေးတွင် ဘင်္ဂါလီ၊ ရိုဟင်ဂျာသည် မိမိနိုင်ငံသား မဟုတ်သည်ကို ပြတ်ပြတ်သားသားပြောရန် တောင်းဆိုခဲ့သည့် ရခိုင်လူမျိုးတစ်ဦးအား ပြင်းပြင်းထန်ထန် ပိတ်ဟောက်ပလိုက်သည့် ကိုမင်းကိုနိုင်သည်ပင် လူ့အခွင့်အရေး မြင့်မားသည်ဟုဆိုသော အမေရိကန်နိုင်ငံ၏ မက္ကဆီကိုနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများအား တွေ့ရပီးမှသာ နိုင်ငံသားဖြစ်မှုအပေါ်တွင် ပြတ်ပြတ်သားသား ပြောရဲစေသည်အထိ အဆိုပါ ဝှိုက်ကဒ်နှင့် ဝှိုက်ကဒ်ကိုင် ဘင်္ဂါလီ အရေးကိစ္စကား အတော်လေး တာသွားခဲ့ပေသည်…..
၂၀၁၀ မှ ကြံ့ဖွံ့တို့ ပြုခဲ့သော ကိစ္စရပ်သည် ယနေ့အချိန်ထိ နိုင်ငံတော်အပေါ်တွင် အကျိုးသက်ရောက်နေသည့်အပြင် လာမည့် ၂၀၁၅ တွင်လည်း အဆိုပါ ဝှိုက်ကဒ်တို့ မဲပေးပိုင်ခွင့်သည် မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…… ယနေ့အချိန်ထိမူ မည်သည့် နိုင်ငံရေးပါတီမျှ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့်အား ကန့်ကွက်သည်ကို မတွေ့မိပေ….. အများစုသည် လူ့အခွင့်အရေးဟုသော စကားလုံးနှင့် လှုပ်မရ၊ ပြုမရ ဖြစ်နေဟန်တူပေ၏……. ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ပါတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင်ဟု ဖော်ပြထားသည့် အပိုဒ် (၃၉၁) အခန်း (က) တွင် ဆန္ဒမဲပေးပိုင်ခွင့်အား အောက်ပါအတိုင်း ဖော်ပြထားပေသည်......
ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း” သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်...... ဟု ဖော်ပြထားပေသည်…… ဤနေရာတွင် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ” ဟုသော အသုံးအနှုံးသည် လွန်စွာ တာသွားပေသည်….. မည်သည့် ပုဂ္ဂိုလ်များသည် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် မရှိသည်ကို မည်သူဆုံးဖြတ်မည်နည်း မေးစရာ ဖြစ်လာပေသည်…..
၎င်းကိစ္စနှင့် ပါတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၄၀၂) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များနှင့် ပါတ်သက်၍ လုပ်ပိုင်ခွင့်အပေါ် ပြဌာန်းချက်များတွင် အပိုဒ်ခွဲ (က) ၌ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ ဟု တိတိကျကျ ပြဌာန်းထားသည်ကို တွေ့ရပေသည်…… သို့ဖြစ်သည့်အတွက် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ” ဆိုသော စကားလုံးသည်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်လာမည့် ဥပဒေနှင့် သက်ဆိုင်နေမည် ဖြစ်ပေသည်…..
အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတ်သက်၍ မည်သူမှ မည်သို့ ဖွဲ့စည်းရမည်ကို အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်း အပိုဒ် ၃၉၈၊ အပိုဒ်ခွဲ (က) တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်ကို တွေ့ရပေသည်..... သို့ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝှိုက်ကဒ် ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြဌာန်းခြင်းမရှိစေရန်၊ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိခြင်းအား ပြတ်ပြတ်သားသား ဖြစ်စေရန် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းလိုက်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဝိုင်းဝန်းဖိအားပေးရန် လိုအပ်ပေသည်……
ထိုသို့ ဖိအားပေးရာတွင် နိုင်ငံ၏ အရေးဖြစ်သည့်အတွက် လက်ရှိ နိုင်ငံတော် အစိုးရသာမက၊ နိုင်ငံတော်၏ လစာစားနေသည့် လွှတ်တော် ဥက္ကဌများ၊ လွှတ်တော်အမတ်များနှင့် အတိုက်အခံ ပါတီမှာ တာဝန်ရှိသူများ၊ အတိုက်အခံ အဖွဲ့အစည်းများမှပါ ကြပ်မတ်၍ ဖိအားပေးသင့်ပေသည်….. နိုင်ငံ၏ အမျိုးသားရေးဖြစ်၍သာ တိုက်တွန်းရသော်ငြား ခွန်အားကား မရှိချေ….. အဘယ့်ကြောင့်မူ လွှတ်တော်သည် ဆိတ်ဖမ်းရန်သာ အားထုတ်နေပေ၏….. အတိုက်အခံများသည် လူ့အခွင့်အရေးနှင့် ခြေချုပ်မိနေကြပေသည်…… အထင်ရှားဆုံး သာဓကမှာ မြန်မာနိုင်ငံသား ဖြစ်သည် မဖြစ်သည် မသေခြာသေးသည့် ဘင်္ဂါလီများအပေါ် သားဆက်ခြားခြင်းနှင့် ပါတ်သက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန် ဒေါ်စုမှ လူ့အခွင့်အရေး ကျင့်ထုံးနှင့် ကိုက်ညီမှုမရှိသဖြင့် ကန့်ကွက်ကြောင်း ဖတ်လိုက်ရသည့်အတွက်ပင်တည်း…..
အဆုံးသတ် ဆိုရပါမူ ၂၀၁၀ ရွေးကောက်ပွဲမှ အစပြု၍ ဒုက္ခပေးလာသည့် ဝှိုက်ကဒ်ပြဿနာသည် နိုင်ငံအတွက် ခေါင်းခဲစရာ ပြဿနာတစ်ရပ်အဖြစ် ယနေ့အချိန်ထိ ရှိနေပေသည်….. အဆိုပါ ပြဿနာအား ၂၀၁၅ တွင် ဆက်လက် လက်ဆင့်မကမ်းနိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဌနှင့် အမတ်များ၊ အတိုက်အခံများကပါ အမျိုးသားရေး အသိ၊ သတိနှင့် ကာကွယ်သွားရန် လိုအပ်ပေသည်….. သို့မဟုတ်ပါမူ အဆိုပါပြဿနာသည် မြန်မာနိုင်ငံတည်ရှိနေသရွေ့ ဆက်လက်ရှိနေမည့် အငြင်းပွားဖွယ် ပြဿနာတစ်ရပ်အဖြစ်သို့ အမြစ်တွယ်သွားပေလိမ့်မည်ဟုသာ အသိပေးလိုက်ရပေသည်…….