Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ .......... တဲ့လား

$
0
0








ကျွန်တော်က အထက(၂)မရမ်းကုန်းကျောင်းသားဖြစ်သည်။ RIT (ရန်ကုန်စက်မှုတက္ကသိုလ်)နဲ့ ကပ်လျက်ပေါ့။ ကျောင်းမှာ RIT မှ ဆရာများ၊ ၀န်ထမ်းများ၏ သားသမီးတော်တော်များများ ရှိသည်။ သူတို့အိမ်တွေလည်း မကြာခဏ ရောက်ဖူးသည်။  ဘောလုံးကွင်း(အဟောင်း)မှာတောင် ဘောလုံးကန်ဖူးသည်။ သည်တော့ RIT သည် ကျွန်တော်နှင့်မစိမ်း။ RIT ၀င်းဘေးက လမ်းမှာ သူငယ်ချင်းတစ်ယောက်အိမ်ရှိသည်။ သူ့အိမ်အပေါ်ထပ်မှကြည့်လျှင် RIT Bookshop (အဟောင်း) နှင့် အဆောင် A,B,C ရှေ့မှ ပန်းခြံကို အတိုင်းသားမြင်ရသည်။ တစ်နေ့သူ့အိမ်ရောက်နေတုန်း RIT ကျောင်းဖက်မှ ဆူညံအော်ဟစ်သံများ ကြားရသည်။ လှမ်းကြည့်လိုက်တော့ ကျောင်းသားတွေ ခုန်ပေါက်၊ကျွမ်းထိုးနေကြတာတွေ့သည်။ ဘာမှန်းမသိ။ နောက်တစ်နေ့ ၀င်းထဲကသူငယ်ချင်းတွေမေးရသည်။ စာမေးပွဲပြီးလို့တဲ့။

 သြော် စာမေးပွဲပြီးတာများ ဒီလောက် ပျော်ရသလား။ နားမလည်။ ဆယ်တန်းအောင်တော့ သည်ကျောင်းနှင့်ရေစက်ဆုံသည်။ ကားတစ်မှတ်တိုင် ပိုစီးရသည်ပေါ့။ ကျောင်းမတက်ခင် ပထမနှစ်အောင်သောကျောင်းသားကြီးတစ်ယောက်ဆီမှ စာအုပ်အဟောင်းများ သွားတောင်းသည်။ RIT တရားလည်းနာရသည်။ သူပေးသောသင်ခန်းစာများထဲတွင် ကျွန်တော့်အတွက် နားလည်ရခက်ခဲ့သော အကြောင်းအရာ၏ အဖြေပါလာသည်။ "ဟေ့ကောင် Chemistry ကတော့မင်း အမှတ် ၂၀ ဖိုးဖြေနိုင်ရင်ကံကောင်း"။ သူ့စကားသည် ကျွန်တော့်အတွက် မိုးကြိုးသွားဖြစ်သည်။ ကျွန်တော်က ဆယ်တန်းကို Chemistry ၄၈ မှတ် ဖြင့်အောင်လာသူဖြစ်သည်။ "ဘာမေးသလဲဆိုတာကိုတောင် မနဲဖတ်ရတယ်။ မင်း Tutorial နဲ့ Lab မှာ အမှတ်ရအောင်ယူထား”။ ကျွန်တော့်ခေါင်းထဲတွင် မိုးများခြိမ်းကာ၊ လျှပ်စီးများလက်လာသည်။ အင်း မိုးကြိုးပစ်ခံရတော့မယ်။ "မေးခွန်းက ဌာနမှုး ဒေါ်သောင်းခင်ကိုယ်တိုင်ထုတ်တာကွ"။ ဒေါ်သောင်းခင်… ဒေါ်သောင်းခင်…သည်နာမည်ကို အကြောက်တရားဖြင့် ကျွန်တော်စတင်ရင်းနှီးသွားခဲ့သည်။
ကျောင်းရောက်တော့ ဒေါ်သောင်းခင်သင်သော Section တွင် တည့်တည့်ကျသည်။ ပထမဆုံးစာသင်ချိန်တွင် ၀င်လာမည့် ဆရာမကို စောင့်ကြည့်မိသည်။ ပုပု၊ သေးသေး ဆရာမကြီးကိုမရယ်မပြုံးပုံစံဖြင့်တွေ့ရသည်။ ခါတိုင်းအချိန်များတွင်ဆူညံနေကြသော်လည်း ဆရာမကြီးဝင်လာပြီးလျှင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ တစ်ဆင့်စကားဖြင့် သူ့အကြောင်းအားလုံးကြားဖူးနေကြမည် ထင်သည်။ ဒါတောင် နောက်ပိုင်းတွင် စကားခိုးပြောသော သုံးလေးယောက်ကို အတန်းထဲမှ မောင်းထုတ်ဖူးသည်။ အရေးအခင်းများနှင့် ပူးတွဲခဲ့သော ကျွန်တော်တို့၏ပထမနှစ်တွင် ဆရာမကြီး၏မေးခွန်းအရသာကို သိပ်မသိသာစေခဲ့။ သို့သော် ငယ်ကြောက်သည် ငယ်ကြောက်သာဖြစ်သည်။ ဒုတိယနှစ် အစပိုင်းတွင် ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်ဖြင့် မေ့ချင်ယောင်ဆောင်ထားခဲ့သော ဆရာမကြီး၏ ၀ရဇိန်လက်နက်ကို စာမေးပွဲနီးလာသောအခါ ကြောက်ချေးပါလာခဲ့ကြသည်။ Termရှည်ပြီးစာမကြေသောသည်နှစ်တွင်ဖြင့် ရေစုန်မျောရတော့မည့်အရေးကို တွေးရင်း အိမ်မရဖြစ်လာကြသည်။ အတန်းပြောင်းတက်ရသည့်တစ်နေ့ အခန်းထဲအ၀င် Blackboard ပေါ်မှစာသားများကို အားလုံးသတိထားမိကြသည်။ စာမကြေ၍ အိမ်မရသောကျောင်းသား၏ ရင်တွင်းဖြစ်ကဗျာ ဖြစ်သည်။ကဗျာက သည်လိုဖြစ်သည်။

"Chemistry မဟာ၊ ဤဌာနာမှာ၊ အလှဘုရင် ဒေါ်သောင်းခင်ဟု၊ နာမည်ကျော်ကြား၊ တီချာခင်ဗျား။ တီချယ့်တပည့်ကောင်း၊ ကျွန်တော်အပေါင်းတို့၊ Atomic Structure မသိပါ၍၊ Free Fall Motion ၊ မကျဆင်းရအောင်၊ သောင်းသောင်းသက်ညှာ၊ မေးခွန်းလွှာကို၊ ရိုးရိုးလေးသာ၊ မေးပါရန်။"

ဖတ်ပြီး အားလုံးကပြုံးစိစိဖြစ်ကုန်ကြသည်။ ကျွန်တော်လည်းသဘောကျသည်။ လက်ရှိသင်နေရသော Chemistry မှ Atomic Structure နှင့် Physic မှ Free Fall Motion ကိုပါအောင်ဖွဲ့ထားသည်။ စာမေးပွဲတိုင်းတွင် ရမှတ်ဖြင့် ခုံနံပါတ် ပြန်စီလေ့ရှိသော ကျောင်း၏အစဉ်အလာလည်းပါသည်။ ဘာပဲဖြစ်ဖြစ် ဆရာမကြီးဖတ်ပြီး သနားစိတ်ကလေးဝင်ကာ မေးခွန်းလျော့မေးရင်တောင်ကောင်းလေစွဟု ထင်မိသည်။ အချိန်တန်တော့ ဆရာမကြီးဝင်လာပါပြီ။ စာအုပ်တွေကိုစားပွဲပေါ်ချသည်။ ဘောဖျက်ကိုင်ကာ စဖျက်သည်။ ကဗျာမဖတ်မိပဲ ဖျက်မိရင်တော့ဒုက္ခဟုတွေးမိသည်။ Blackboard တစ်ခြမ်းကုန်၍ နောက်တစ်ခြမ်းအကူးတွင် ဆရာမကြီး သတိထားမိသွားသည်။ ဘာဖျက်ကိုင်ထားသောလက်သည် လေထဲတွင်ရပ်တန့်သွားသည်။ တစ်ခန်းလုံးလည်းငြိမ်ကျသွားသည်။ ဆရာမကြီးသည် ဘောဖျက်ကိုကိုင်ထားလျက် နောက်သို့နှစ်လှမ်းမျှ ဆုတ်ပြီး ကဗျာကိုဆက်ဖတ်သည်။ ဆရာမကြီးကဗျာဖတ်သောအချိန်သည် ထင်တာထက်ပိုကြာလွန်းသည်။ ထို့နောက် ရှေ့တိုးပြီး Blackboard မှစာအားလုံးကို ဖျက်လိုက်သည်။ ပြီးမှ ကျောင်းသားတွေရှိရာဖက်သို့ လှည့်ပါသည်။ အားလုံးရဲ့မျက်လုံးများက ဆရာမကြီးမျက်နှာဆီမှာသာ။ ကျွန်တော်ဆရာမကြီး၏မျက်နှာကို ပြန်လည်မဖေါ်ပြတတ်ပါ။ ၀မ်းနည်းသည်လား၊ ယူကြုံးမရဖြစ်သည်လား၊ ရေးရက်လေခြင်းဟု ဒေါသထွက်သည်လား၊ စေတနာကိုနားမလည်ဟု စိတ်ပျက်သည်လား၊ အဘယ်သို့တွေးနေသည်ကို ကျွန်တော်မသိပါ။ မျက်နှာကတော့ညှိုးနေသည်။ ဒါပေမယ့် ပြုံးရယ်ခဲသောဆရာမကြီးကပြုံးလျက် စကားဆိုပါသည်။ သူ့စာမေးပွဲမေးခွန်းတွေ၏ လားရာကို ရှင်းပြပါသည်။ သူမ၏ Chemistry ဘာသာကို တပည့်တွေတတ်စေချင်သော သူမ၏စေတနာကို အသေးစိတ်သိစေခဲ့ပါသည်။ ပြောနေရင်းမှ ခံစားချက်၏စေ့ဆော်မှုကြောင့် စကားတစ်ခွန်းကို လေးလေးနက်နက်ပြောပါသည်။ "ဒီနှစ် ဆရာမ မေးခွန်းကို သိပ်အခက်ကြီး မမေးပါဘူး" တဲ့။ နောက်တော့စာဆက်သင်ပါသည်။ ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်မိပါသည်။ ကိုယ်ကအရေးမကြီးပါဘူး၊ ရယ်စရာမျှသာဟုသဘောထားခဲ့သော အရာတစ်ခုသည် သူတစ်ပါး (အထူးသဖြင့် ကိုယ့်အပေါ်စေတနာထားသည့်) သူ့အပေါ် မည်မျှသက်ရောက်သွားသည်ကို နောက်ကျမှ သိလိုက်ရသည်။ ကိုယ့်ကိုယ်ကိုလည်း အတွေးတိမ်ရန်ကော၊ အတ္တကြီးရန်ကောဟု အပြစ်တင်မိသည်။ ဆရာမကြီး၏မျက်နှာကိုလည်း ယနေ့ ၂၂ နှစ်ကြာသည်အထိမမေ့။ ထိုကဗျာကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါ။

ယခု ၂၂ နှစ်အကြာတွင် ဆရာမကြီး၏မျက်နှာမျိုးကို ကျွန်တော်စိတ်မကောင်းစွာ ထပ်မြင်ရပါသည်။ ဧရာဝတီ၏Onlineစာမျက်နှာပေါ်တွင်ဖြစ်သည်။ မော်တော်ကားပြူတင်းပေါက် မှန်ပေါ်တွင် လက်ထောက်လျက် ငေးကြည့်နေသော ထိုမျက်နှာဖြစ်သည်။ ထိုမျက်နှာသည် ကျွန်တော် ၂၂ နှစ်ကြာ မမေ့နိုင်ခဲ့သည် မျက်နှာမျိုးပင်ဖြစ်သည်။ ဘ၀တစ်ခုလုံးကို ပေးဆပ်လျက်၊ အသက်ကိုရင်းလျက်၊ လင်သားကိုအဆုံးရှုံးခံလျက်၊ ရင်မှဖြစ်သောသားတွေကိုပစ်လျက်၊ ဆယ်စုနှစ်ကျော်အကျဉ်းကျခံ၊ စစ်အစိုးရနှင့် သူ၏ဘက်တော်သား မီဒီယာပေါင်းစုံမှ နည်းပေါင်းစုံဖြင့် အဆဲခံ၊ အဆိုခံ၊ နာမည်အဖျက်ခံ၊ အသက်ကိုလုပ်ကြံခံလျက် သူချစ်သော သူမ၏အဖေ တည်ထောင်ခဲ့သည့် နိုင်ငံအတွက် သူယုံကြည်သောလမ်းစဉ်အတိုင်း မသွေဖီတမ်း လျှောက်လှမ်းလာသူတစ်ယောက်ဖြစ်သည်။ ထိုသူကို ဆိုင်းဘုတ်ကိုင်၍ ကြိုခဲ့ကြသည်။ "ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။ သူမနှင့်ယုံကြည်ချက်တူသူများ လက်တွဲဖောက်ခဲ့ပြီးသော လမ်းတစ်ပိုင်းတစ်စတွင် အခန့်သားရပ်လျက် လမ်းဆက်ဖောက်နေသော သူမကိုလမ်းပေါ်မှ ပြန်တွန်းချနေကြသည်။ သူမ၏စကားလုံးများ၊ အစီရင်ခံစာများ၏ အနှစ်ကိုမယူပဲ အပေါ်ယံတွေးလျက် အပြစ်ကိုသာယူနေကြသည်။ သူမ မရှိခဲ့လျှင်…သူမနေရာကို ဘယ်သူနှင့်အစားထိုးမလဲ ဟုမတွေး။ သူမ ငါတို့အတွက်အခုဘာလုပ်ပေးမလဲ ဟုသာတွေးသည်။ ဟိုတစ်ချိန်တုန်းက ကိုယ့်ကိုစာတကယ်တတ်အောင်၊ စာကျက်စာဖတ်ဖြစ်အောင် တွန်းအားပေးနေသည်ကို မတွေး၊ မိမိ စာမေးပွဲအောင်ရေး၊ ခုံနံပါတ်မကျဆင်းရေးသာ အဓိကထားပြီး ကဗျာတစ်ပုဒ်ဖြင့် ဆရာမကြီး၏ အသည်းနှလုံးကိုဓါးဖြင့်မွှန်းခဲ့သည့်နည်းအလားယခုလည်း ကြွေးကြော်သံတစ်ခုဖြင့် သူမ၏နှလုံးသားကို ရင်ထဲမှ အပြင်ဆွဲထုတ်ပစ်ချင်နေကြသည်။
သြော်…."ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။

ဆရာမကြီးကတော့ သူ့ချစ်တပည့်များကို ယဲ့ယဲ့ပြုံးလျက် ရှင်းပျြနိုင်ခဲ့ပါသည်။ သည်လိုဆိုရင် သူမကကော….။ လွန်ခဲ့သည့်နှစ်ရက်က ကျွန်တော် Share ခဲ့သည့် Facebook က ကိုစိုးထိုက်ရဲ့ စကားကို ပြန်သတိရမိပါသည်။

"ပြဿနာတွေ အများကြီး ထပ်ပြီး ရှုပ်ထွေးသွားနိုင်တဲ့ မူဝါဒတစ်ခုကို သူ ကန့်ကွက်တာ မှားတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဘာဖြစ်လို့ဆိုတော့ သူဟာ ပြသနာတစ်ခုကို အရင်းအမြစ်ထိရောက်အောင် လိုက်ရှာပြီးမှ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မှာကို အမြဲယူလာပေးနိုင်ခဲ့သူလို့ ကျွန်တော် အမြဲယုံကြည်နေခဲ့လို့ပဲ။ ခင်ဗျားတို့တတွေ သူ့ကို ဆဲဆိုနေတာကို သူဟာ ပြုံးပြီးကြည့်မနေနိုင်ရင်တောင် မျက်နှာညှိုးငယ်စွာနဲ့ ထိုင်ကြည့်နေမယ့်သူလို့ ကျွန်တော်ယုံကြည်ထားလို့ပဲ။"

ကျေးဇူးတင်ပါသည်ကိုစိုးထိုက်ခင်ဗျား။

၃၀.၅.၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>