Thanda Win
မြန်မာ့ခေါင်းဆောင်များသည် စီးပွားရေးနှင့် နိုင်ငံရေးအပြောင်းအလဲများစွာကို အားသွန်စိုက်နေချိန်တွင် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူဆလင်များ သို့မဟုတ် ရိုဟင်ဂျာများအရေးကိုလည်း ကြားဝင်ဖြေရှင်းနေရသည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ကူးပြောင်းခဲ့သည့် အီရတ်၊ ယူဂိုဆလားဗီးယားအစရှိသော နိုင်ငံအများအပြားပင် ဤသို့သော လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများကို ကြုံတွေ့ခဲ့ကြရသည်သာဖြစ်သည်။
မြန်မာနိုင်ငံအတွက်မူ အနီးဆုံး နှိုင်းယှဉ်လေ့လာနိုင်စရာ နမူနာတစ်ခုရှိနေပါသည်။
လွန်ခဲ့သော ၁၅ နှစ်တိတိ ဒီအချိန်မျိုးတွင် စီးပွားရေးပြသနာများနက်ရှိုင်းစွာဖြစ်ပေါ်နေပြီး နိုင်ငံရေးဆန္ဒပြမှုများ သီတင်းပတ်ပေါင်းများစွာ ပေါ်ပေါက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် စစ်အာဏာရှင် ဆူဟာတိုသည် နှစ် ၃၀ ကြာဆုပ်ကိုင်ထားခဲ့သောအာဏာမှ နှုတ်ထွက်ခဲ့ရသည်။
ထို့နောက် လပိုင်း၊ နှစ်ပိုင်းအတွင်း မူဆလင်အများစုနေထိုင်သော အင်ဒိုနီးရှားကျွန်းဆွယ်များပေါ်တွင် လူမျိုးကွဲနှင့် မျိုးနွယ်စုများအကြား အဓိကရုဏ်းများ ပေါ်ပေါက်လာသည်။ ဂျကာတာတွင် တရုတ်လူမျိုးများကို ဆန့်ကျင်မှုများဖြစ်ပွားခဲ့သည်။ ဘော်နီယိုကျွန်းတွင် ဒေးယာခ်လူမျိုးများနှင့် မက်ဒါးရက်စ်ဒေသခံများအကြား တိုက်ခိုက်ခဲ့ကြသည်။ မာလာကူးကျွန်းတွင် မူဆလင်များက ခရစ်ယာန်များအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲခဲ့သည်။ အချို့က တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲထွက်သွားမှာကိုပင် စိုးရိမ်ခဲ့ကြသည်။
သို့သော်ယခုအချိန်တွင်တော့ အင်ဒိုနီးရှားကို လှူပ်ရှားတက်ကြွသော ဒီမိုကရေစီနိုင်ငံအဖြစ် ရှူမြင်နေကြပြီဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံဧ။် ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုများအတွက် သင်ခန်းစာအချို့ကို ထုတ်နှုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
သံစုံတီးဝိုင်းကြီးနှင့် နိုင်ငံတော်ကြီး တည်ဆောက်ခြင်း
-------------------------------------------------------
တိုရန်တိုတက္ကသိုလ်မှ နိုင်ငံရေးပညာရှင် ဂျက်ကီဘာထရန်းက အင်ဒိုနီးရှားတို့သည် နယ်သာလန်ကိုလိုနီအဖြစ်မှ တော်လှန်ခဲ့ချိန်ကပင် အကွဲကွဲ အပြားပြားသောလူထုကို စတင်စုစည်းနိုင်ခဲ့သည်ဟု ဆိုပါသည်။ အင်ဒိုနီးရှားတို့ဧ။် အမျိုးသားလှူပ်ရှားမှုသည် နိုင်ငံတော်သစ်တည်ဆောက်ရေးမျှော်လင့်ချက်ဖြင့် ဒေသအားလုံးရှိလူများကို ပေါင်းစည်းပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဂျပန်နှင့် အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်သော လှူပ်ရှားမှုများဧ။် အချက်အချာမှာ ဗမာလူများစုတို့ဧ။် စုစည်းမှုဖြစ်သည်။ ဗြိတိသျှတို့သည် သွေးခွဲအုပ်ချုပ်ရေးကို အသုံးပြုပြီး ကရင်ကဲ့သို့ ခရစ်ယာန်လူနည်းစုများနှင့် ဗမာများအတွင်း အောင်မြင်စွာသွေးထိုးပေးနိုင်ခဲ့သည်။
နိုင်ငံတည်ဆောက်ရေးကို တညီတညွတ်ထဲမကြွေးကြော်နိုင်ခဲ့သော မြန်မာနိုင်ငံသည် လူနည်းစုများက ပြည်ထောင်စုကို ပါဝင်ပူးပေါင်းနိုင်စေရန် ဖယ်ဒရယ်မူကဲ့သို့သော ဖော်မြူလာကိုလည်း အကောင်အထည်မဖော်နိုင်ခဲ့ဟု ဘာထရန်းကဆိုသည်။ အကျိုးဆက်အနေဖြင့် နယ်စပ်ဒေသအများစုသည် သူပုန်များထိန်းချုပ်မှုအောက်တွင်ရှိနေသည်။
စစ်တပ်နှင့် နိုင်ငံတော်ကို ခွဲခြားထားခြင်း
------------------------------------------
အင်ဒိုနီးရှားသည် တပ်မတော်သားများကို အစိုးရအတွင်းမှ အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့သည်။ တပ်မတော်စီးပွားရေးလုပ်ငန်းများကို ဖျက်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ကိုလည်း တပ်မတော်မှ သီးခြားခွဲထုတ်နိုင်ခဲ့သည်။
ဒီမိုကရေစီအခြေခံအဆောက်အဦးများကို အရှိန်မြှင့်တည်ဆောက်နိုင်ခြင်းသည် တပ်မတော်ကို စစ်တန်းလျားသို့ပြန်သွားနိုင်ရန် ပိုမိုမြန်ဆန်စေသည်။ သတင်းစာလွတ်လပ်ခွင့်သည် ပြည်သူလူထုဧ။် လိုလားချက်ဖြစ်သော ပိုမိုကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို အသံကျယ်လောင်စွာ ပေါ်ထွက်စေသည်။ အစိုးရသည် နိုင်ငံရေးပါတီများအားကန့်သတ်ခြင်းကို ရုတ်သိမ်းပေးခဲ့ပြီး ဆူဟာတို ပြုတ်ကျပြီးနောက် ကျင်းပခဲ့သော ၁၉၉၉ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၄၈ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆူပူမှုများနှင့် မဲခိုးမှုများ နဲပါးခဲ့ပြီး ၈၀%ကျော် မဲထည့်ခဲ့ကြသည်။
ဒီလုပ်ငန်းစဉ် မပြီးဆုံးသေးပါဟု တစ်ချို့က ဆိုကြသည်။ သတိပြုမိသည်မှာ မြန်မာနှင့် အင်ဒိုသမ္မတနှစ်ဦးစလုံးသည် တပ်မတော်သားဟောင်းများ ဖြစ်နေကြပါသည်။
မြန်မာတပ်မတော်သည် အရေးပေါ်အာဏာသိမ်းခွင့်ကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ကိုလည်း လုံးဝထိန်းချုပ်ထားသည်။ အခြေခံဥပဒေတွင် တပ်မတော်သား ၂၅% လွှတ်တော်ထဲမှာ ပါဝင်နေပြီး အသက်တမျှအရေးပါသော စွမ်းအင်နှင့် နိုင်ငံတကာကုန်သွယ်မှုကဲ့သို့ စီးပွားရေးကဏ္ဍများကို ထိန်းထားသည်။
ထို့အပြင် သမ္မတဦးသိန်းစိန်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရန် ကြေငြာခဲ့သော်လည်း ကချင်စစ်သားများကို ဗမာစစ်တပ်က ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သမ္မတရုံးဝန်ကြီးဖြစ်သူက သမ္မတသည် စစ်တပ်အပေါ် သြဇာအာဏာရှိကြောင်း ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကမူ တပ်မတော်သည် မြန်မာ့နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်နေရဦးမည်ဟု ဆိုပါသည်။
ဗဟိုအာဏာချုပ်ကိုင်မှုကို လျော့ချခြင်း
-----------------------------------------
ဆူဟာတိုပြုတ်ကျချိန်အတွင်း အိမ်နီးချင်းထိုင်းနိုင်ငံဧ။် ငွေကြေးဈေးကွက်ပြိုလဲမှုကြောင့် အာရှစီးပွားရေးအကျပ်အတည်းပေါ်ပေါက်ခဲ့သည်။ အင်ဒိုနီးရှားစီးပွားရေးကိုလည်း ထိခိုက်ခဲ့ရာ ပြည်နယ်များဧ။် တောင်းဆိုမှုအရ ဂျကာတာအစိုးရသည် ပြည်ထောင်စုအစိုးရဧ။် အသုံးစားရိတ်ထက်ဝက်ခန့်ကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
နှစ်ပေါင်း ၂၅ နှစ်ခန့် တော်လှန်တောင်းဆိုခဲ့ပြီးနောက် ဂျကာတာသည် အနောက်ပိုင်းအကျဆုံး ဒေသတစ်ခုကို ရှာရီယာခေါ် အစ္စလာမ်ဥပဒေဖြင့် အထူးအုပ်ချုပ်ခွင့် ပေးအပ်ခဲ့ရသည်။ အခြားသော အနောက်ပိုင်းဒေသတစ်ခုတွင်မူ တောင်းဆိုမှုနည်းသေးသောကြောင့် မအောင်မြင်သေးပေ။
မြန်မာနိုင်ငံသည် တော်လှန်တိုက်ခိုက်နေမှုများကို ရပ်တန့်ပစ်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်နိုင်ရေးကို ဆွေးနွေးကြရလိမ့်မည်။ ဤသို့တိုက်ခိုက်မှုများသည် တစိတ်တစ်ပိုင်းအားဖြင့် ကျောက်စိမ်း၊ ရေအားလျှပ်စစ်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတည်းဟူသော သယံဇာတအရင်းအမြစ်များအပေါ် ထိန်းချုပ်ထားလိုခြင်းကြောင့်လည်းဖြစ်သည်။
လူမျိုးကွဲအုပ်စုများတိုက်ခိုက်ကြရာတွင် ဤကဲ့သို့သော စီးပွားရေးကိစ္စများကို တစ်ခါတစ်ရံ သတိမပြုမိပဲရှိတတ်ကြသည်။ ဘာထရန်းက ထောက်ပြသည်မှာ အာဏာရှင်တို့ဧ။်ပြိုကွဲမှုသည် အနာဂတ်အတွက် မသေချာ၊ မရေရာမှုများကို အဆက်မပြတ်ပေါ်ပေါက်စေသောကြောင့် အုပ်စုကွဲများသည် ပိုမိုခိုင်မာတောင့်တင်းသော အနာဂတ်နေရာများ ရယူနိုင်ရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လေ့ရှိကြသည် ဟုဆိုသည်။
နိုင်ငံတွင်းရှိ ဘာသာရေး
--------------------------
လွတ်လပ်ရေးရပြီးနောက် အင်ဒိုနီးရှားသည် အစ္စလာမ်နိုင်ငံအနေနှင့် ရပ်တည်မည်လား၊ နိုင်ငံရေးနှင့် ဘာသာရေးမရောထွေးပဲ ရပ်တည်မည်လားဟု ရွေးစရာပေါ်ခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံရေးနှင့် ဘာသာရေးကွဲပြားသောနိုင်ငံတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး အစွန်းရောက်အစ္စလာမ်လက်နက်ကိုင်များကို နှိမ်နင်းခဲ့သည်။ အင်ဒိုနီးရှားဧ။် အစ္စလာမ်နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှစ်ခုအတွင်း မဲအရေအတွက် ၃၈%မှ ၂၅ % သို့ လျော့ကျသွားခဲ့သည်။ အထူးသဖြင့် ဆွန်နီအစွန်းရောက်အုပ်စုဒေသများတွင် ဖြစ်သည်။
မြန်မာတို့ကမှူ ထောက်ခံမှုရရန်အတွက် ဘာသာရေးကိုအသုံးချနေသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။ စစ်အာဏာရှင်တို့သည် ရှေးဘုရင်များကဲ့သို့ ဗုဒ္ဓဘာသာဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ကျောင်းကန်များတည်ဆောက်ခြင်း၊ ရဟန်းတို့ကို အလှူငွေဆက်ကပ်ခြင်းတို့ဖြင့် ထောက်ခံမှုရစေခဲ့သည်။
စင်္ကာပူတက္ကသိုလ်မှ ဥပဒေကျောင်းသူ မယ်လီဆာက မြန်မာနိုင်ငံဧ။် အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို အထူးနေရာတစ်ခုပေးထားပြီး လူနည်းစုတို့က နိုင်ငံရေးအငြင်းပွားမှုမြင့်တက်လာသည်နှင့်အမျှ ထိုအချက်ကို မေးခွန်းထုတ်ကြလိမ့်မည်ဟု ဆိုသည်။
မြန်မာသည် အင်ဒိုနီးရှားဧ။် နောက်တွင် ပြတ်ကျန်ရစ်နေသည်မှာ တုန်လှူပ်အံ့သြစရာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီပြုပြင်ရေးများကို စတင်ဆောင်ရွက်ခဲ့သည်မှာ ၂ နှစ်သာရှိပါသေးသည်။
လက်ရှိတွင် မြန်မာအစိုးရသည် အရပ်သားအုပ်ချုပ်ရေးသို့ အပြည့်အ၀လွှဲပြောင်းပေးအပ်ရန် သံဓိဌာန်ချထားကြောင်းပြသနိုင်မှု မရှိသေးခြင်း၊ လူနည်းစုများအတွက် တန်းတူအခွင့်အရေးနှင့် လူများစုအတွက် ဒီမိုကရေစီအခွင့်အရေးတို့ကို အာမခံချက်မပေးနိုင်သေးခြင်းတို့ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။ ဤအချက်များမပါဝင်လျှင် ပြုပြင်ပြောင်းလဲမှုများသည် မသေချာ၊ မရေရာပဲ နောက်ကြောင်းပြန်လှည့်နိုင်ပါသည်။
http://www.npr.org/blogs/parallels/2013/05/21/185815047/as-myanmar-reforms-indonesnia-offers-some-lessons