Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဥာဥ့်လူ

$
0
0

by Mg Han on Friday, March 8, 2013 at 9:08am ·
ခုလိုအိပ်မပျော်မဖြစ်တာ ကြာလှပေပြီ။ အိပ်ယာထက်တွင် မျက်စိမှိတ်အိပ်နေရင်းပင် ဆက်အိပ်လို့မရပဲ တဖြေးဖြေးနိုးလာကာ အလန်းကြီးလန်းနေသည့်အဖြစ်သည် ခံရခက်သလိုလို၊ ခံစားရကောင်းသလိုလို ဖန်တီးယူလို့မရနိုင်သည့် ဝေဒနာတစ်မျိုးဖြစ်သည်။ ပတ်ဝန်းကျင် တိတ်ဆိတ်လျက်
လူအားလုံးအိပ်မောကျသည့် အကာလညတွင် အသိအာရုံသည် အလန်းကြီးလန်းနေသော်လည်း ကိုယ်ခန္ဓာနှင့် အသက်ရှူနုန်းအပါအဝင် အားလုံးသည် အိပ်နေစဉ်အတိုင်း ငြင်သာပျော့ပျောင်းလျက် အတွေး၏နောက်၊ အာရုံ၏နောက်သို့ လိုက်ရန်အသင့် မြင်းကောင်းတစ်ကောင်ပေါ်ရောက်နေသည့် စိတ်အလျင်ကို ပိုင်ဆိုင်ထားရသည့် ဝေဒနာဖြစ်သည်။ ထူးထူးခြားခြား နာတာရှည်ရောဂါဆို၍ မယုံတတ်သည့် ရောဂါနှင့် ခုလိုအိပ်နေစဉ် နိုးလာလျင် ပြန်အိပ်မပျော်တတ်သည့် ရောဂါ၂မျိုး ကျနော့်တွင်ရှိနေသည်ကတော့ အသေချာဖြစ်သည်။


ပုံမှန်အားဖြင့်တော့ ကျနော်သည် ခေါင်းချသည်နှင့် အိပ်ပျော်သွားတတ်သည်ဖြစ်သည်။ ငယ်စဉ်ကဆိုလျင် ကုတင်နှင့် နံရံကြား ခုထားသည့် စောင်များ ခြင်ထောင်များကို ကျော်ကာ ကျသွားသည့်တိုင် ဆက်အိပ်နေနိုင်သည့် ပါရမီထူးသည်။ ကျောင်းတက်စဉ် စာသင်ချိန်အိပ်သည်မဆိုနှင့် နေပူပူစစ်ရေးပြတွင်ပင် ရအောင်အိပ်ပျော်တတ်သူလဲဖြစ်သည်။ သို့သော် တစ်ခါတစ်ခါတွင်တော့ ယခုလို နိုးနေတတ်သည်။ နိုးလျင်လဲပြန်အိပ်မပျော်တော့။


ငယ်စဉ်ကတော့ ညကာလ ထိုသို့နိုးလျင် ချူချာတတ်သော ကျနော့်ကို အမြဲတစေ သတိကပ်စောင့်ကြည့်တတ်သည့် ကြီးဒေါ်ကြီးကပါ နိုးလေ့ရှိသည်။ ပူလို့လား၊ အေးလို့လား၊ နောက်ကျောယားလို့လား၊နာခေါင်းသွေးလျံလို့လား၊ အပေါ့သွားချင်လို့လား၊ ရေသောက်ချင်လို့လား၊ရင်ကျပ်လို့လား၊ လားပေါင်းစုံဖြင့် ဘေးနားတွင် အမြဲပူပန်နေတတ်သော ကြီးဒေါ်သည် ကျနော်နိုးသည်ကို သိသည်နှင့် သံဗုဒ္ဓေ၊ မေတ္တာသုတ် စသည်ဖြင့် ရွတ်ကာ သိပ်လေ့ရှိသည်။ အနည်းငယ် လူမှန်းသိလာတတ်တော့ ဘာမှမဖြစ်လျင် အိပ်မောကျနေသော ကြီးဒေါ်ကြီးကို မနှောက်ယှက်ချင်သဖြင့် ငြိမ်ငြိမ်နေတတ်အောင် နေပါသည်။ သို့သော်လည်း တစ်ဘက် တစ်ကုတင်ကျော်က အဘွားဖြစ်သူက သိသည်။ ပြောင်းသွားသော အသက်ရှူသံ၊ ပျောက်သွားသော အံကြိတ်သံ၊ ယောင်ယမ်းသံတို့၊ လှုပ်ရှားသံတို့ကြောင့် မနက်လင်းလျင် ညက ငါ့မြေးနိုးတာ အသံမပေးဘာမပေးပါလားတော် ဟုပြောတတ်သည်။ အဘွားက မအိပ်ဘူးလားမေးလျင် မြေးရယ် လူကအသက်ကြီးလာတော့ နေချိန်ကနဲလာပြီ၊ လူကလဲ အလိုလိုအိပ်ရေးကနဲပြီ၊ သတိနဲ့ကပ်ပြီး သတိထားတော့ သိတာပေါ့မြေးရယ် အဘွားကအိပ်တယ်ဆိုပေမယ့် မြေးတို့လို့ ဘယ်ပျော်မလဲဟု ပြန်ဖြေတတ်သည်။ နောက်အဲသလိုနိုးနေရင် ဝင်လေထွက်လေမှတ်ဖို့၊ ဘုရားစာဆိုဖို့ အစချီလို့ သရဏဂုံကို ယောင်တမိလို့ ဘီလူးအစားမခံရတဲ့ ကလေးအကြောင်းပုံပြင်ကို ပြောပြလေ့ရှိသည်။


ထို့နောက် ကလေးဘဝမှ လူပျိုဝင်လာတော့ အဖေအမေအိမ်တွင် အိပ်တော့ ထိုသို့ချုပ်တည်းရမှုများမရှိတော့။ ထိုသို့နိုးလာလျင် ၂ယောက်အိပ်ခြင်ထောင်ကို  အာဂျီနိုမိုတိုပိတ်စဖြင့်၂ခုခွဲစာဆက်ထားသော်လည်း ခြင်ထောင်အပြင်ရောက်နေတတ်သည့်၊ ကိုယ်တိုင်သော်လည်းကောင်း သူတို့ပင်လည်းကောင်း အတည့်အိပ်သော်လည်း ဇောက်ထိုးကန့်လန့်ဖြစ်နေတတ်သည့် ၊ ပေါက်ထားသည့် သေးအိုင်ထဲတွင်ခွေလျက်(သို့) ရွှဲရွှဲစိုအောင်ပန်းထားသည့် ဖက်လုံးကို ပြိုင်တူခွလျက်၊ နစ်နေသည့် သွားရည်အိုင်ကျ ခေါင်းအုံးကို ကြိတ်ဝါးလျက် တစ်ယောက်ကိုတစ်ယောက် ခေါင်းအုံးလျက်၊(သို့) ခြင်ထောင်ခုသည့် ပုဆိုးစုတ်ကို ၂ယောက်တူအုံးလျက် လူကခြင်ထောင်ထဲတွင်နေသော်လည်း မရှိဆင်းရဲသားခြင်ကောင်တို့အတွက် လက်တစ်ဖက်ကို ဇာခြင်ထောင်တွင် ကပ်ပေးလျက် (အငယ်ဆုံးညီငယ်သည် မှောင်လျင် လုံးဝမအိပ်တတ်သဖြင့် အမြဲမီးထွန်းထားလေ့ရှိရာ )ဘုရားလောင်းဆိုလျင် တောထွက်သွားစေနိုင်မည့် မြင်ကွင်းမျိုးဖြင့် ချစ်လှစွာသော ညီငယ်၂ယောက်ကို မြင်တွေ့ရတတ်သည်။ သို့သော် သူတို့နှင့်အတူအိပ်စဉ်က မအိပ်ခင်တွင် ငြင်းခုန်ရခြင်း သတ်ပုတ်ရခြင်းတို့ကြောင့် နိုးခဲလှသည်။


မိုးသည်းလှသော ညများတွင်သာ နိုးတတ်ခဲ့သည်။ အိမ်ခေါင်ပေါ်သို့ မိုးရေတစ်ဗြောဗြောကျသံ၊ လေပါလျင် တဝေါဝေါမြည်သံတို့နှင့်အတူ အေးစိမ့်လာသော ရာသီဥတုကြောင့် အိပ်ကောင်းခြင်းဖြည့်ပြည့်စုံနေမည့် အကာလညတွင် နိုးနေရသည်မှာ ခံစားရခက်သလို ခံစားရခဲသော ဝေဒနာလဲဖြစ်သည်။ စောင်ခြုံထဲတွင်ကွေးရင်း လေဝင်ပေါက်မှ လက်ကနဲမြင်ရသည့် လျပ်စစ်သံနောက်တွင် ၁-၂-၃-၄ ရေတွက်ရင်း ပစ်ဟု အော်လိုက်လျင် မြည်ဟိန်းလာသည့် မိုးချိန်းသံ ဂျိန်း ကနဲကို သိမ့်နေအောင် ပီတိဖြစ်တတ်သည်။ ဝါသနာနှင့်ဗီဇကိုက ထိုသို့လာလေသည်လားမသိချေ။ မိုးမတိတ်သည့်တိုင် မိုးသည်းတာနဲသွားသည်နှင့် အုံး.....အင် သံပေးကာ ချစ်ဗျူဟာခင်းဖို့ အချိန်းချက်ပြုကြသော ဖါးသံတို့သည် ဝေးလာလိုက် နီးသွားလိုက် သံပြိုင်ညီလိုက်၊ သံစဉ်ကျလိုက် လိုက်အော်ချင်စရာကောင်း သော ဆင်ဖိုနီတစ်ပုဒ်ဖြစ်သည်။
မွေးရပ်မြေတွင် ရှိခဲ့စဉ်က အိပ်မပျော်သည့်ညများတွင် အိမ်မြောင်စုပ်ထိုးသံ၊ တိုင်ပိုးထိုးသံ၊ ခြသံ၊ နောက်ချေးပိုးကောင် ပက်လက်လန်နေစဉ် ခြေပွတ်သံ၊ ကြွက်သံ၊ ကြက်သံမှအစ ကြောင်သံ၊ခွေးသံအဆုံး အားလုံးကို ကြားရသည်နှင့် ဘာသံလဲ၊ ဘယ်ကမြည်တာလဲ၊ ဘာကြောင့်လဲ တွေးရသည်မှာ ပျော်စရာဖြစ်သည်။ ရွာရောက်လျင် နွားသံ၊ ဆိတ်သံအပါအဝင် ကြက်သံကို နားထောင်၍ ဘာကြက်၊ ဘယ်အချိန်ဟု သိကြသည့် ရွာခံလူတို့၏ အမှတ်သညာသတိကို အံ့သြစရာတွေ့ရလိမ့်ပါဦးမည်။ တစ်ခါတစ်ရံ ဇီးကွက်အော်သံကိုနားထောင်၍ ငါတော့လဘ်ကောင်းပြီလို့ တွေးရတတ်သလို၊ ငှက်ဆိုးထိုးသံကြောင့် နောက်တစ်နေ့ဘာဖြစ်မှာပါလိမ့် စိုးရိမ်ရသည်လဲရှိသည်။ ခွေးအူသံများကြောင့် ဘယ်သူဘယ်ဝါတို့ ဘယ်နားမှာလို့ ကြက်သီးထရသလို ကြောင်တို့သဘာဝ လူပျိုလှည့်သည်ကို လိုက်တုအော်ကာ ပျော်ရသည်လည်းရှိတတ်သည်။ ကြွက်တစ်ကောင်၏ ညလှုပ်ရှားမှုများကို အနီးကပ်ကြည့်ပြီး လူမိသွားသည့် ကိုရွှေကြွက် အနေရခက်နေပုံမှာလဲ မြင်ရခဲသော ကိစ္စတစ်ခုဖြစ်သည်။


ခွေးအူသံ၊ငှက်ဆိုးသံတို့၏ အစွဲကို ချွတ်လိုက်သည်မှာ အမိတက္ကသိုလ်ကြီးဖြစ်သည်။ စစ်သင်္ချိုင်းနားတွင် နေရပြီး၊ ညညလူခြေတိတ်မှ မီးခိုးတလူလူထွက်လေ့ရှိသော ထိုခေါင်းတိုင်ကြီးနှင့် ၂နာရီတစ်ခါ ဖြတ်သွားသော မြို့ပတ်ရထားလမ်း(လူသတ်မှုဖြစ်လှသော) ကြီးမှာ ရသ၂ခုကို အလှည့်ကျပေးတတ်သည်။ ကားတန်းကြီးများ ဝင်ထွက်ကာ မီးခိုးလေးညို့လျက် ဝတ်ရွတ်သံတို့ကို ညနေကြားရစဉ်က ငါလဲတစ်နေ့ သည်လမ်းသေချာလှမ်းရဦးမည်ဟု သံဝေဂတရားနှင့် အတိပြီးသလောက်၊ ခွေးအူသံတဆူဆူ၊ မီးခိုးလုံးတစ်အူအူနှင့် ညသန်းခေါင်အနံ့ဆိုးကြီးများ ဝေ့လာလျင်တော့ ငါလဲသွားရမည့်လမ်းအစား ငါ့အရင်ရောက်နှင့်သူတွေက စီနီယာဆိုပြီး အနိုင်ကျင့်လျင်ဆိုသည့် အကြောက်တရားသည် နီးရာလူကိုဖက်ထားချင်လောက်အောင် ပြောင်မြောက်တတ်သည်။ ထို့အတူ တစ်နေကုန် တစ်စင်းပြီးတစ်စင်းဖြတ်သွားသော ရထားသံတို့ကြောင့် ထိုရထားကြီး၏ အဆုံးရန်ကုန်ဘူတာကြီးသည် ငါ့ကိုအိမ်ပြန်ပို့နိုင်သော အစွမ်းဟု မှတ်ထားသော အညာသားကို မီးခိုးမဆုံးမိုးမဆုံး အလွမ်းအသင်္ချေပေးသလောက်၊ ညမှောင်မှောင်ရောက်လျင် မြွေပွေးပေါလှသော၊ မျှော့၊ကျွတ်ထူသော၊ လူသတ်မှုပေါလှသည်ဆိုသော အတွေးတို့သည် ကြည့်ရင်းပင် အသက်တစ်ဝက်တိုရလောက်အောင် ခံစားရပေသည်။ ထိုမှအလွန်ဖူးမြင်နေရသော ကျိုက်ကလို့၊ ကျိုက်ကလဲ့ ရွှေရောင်တဝင်းဝင်း၊ လျပ်မီးတစ်ထိန်ထိန် ဘုရားပွဲချိန်ရောက်ချင် ပွဲသံ၊ဆိုင်းသံကြားရနေသည်ကလဲ အရာရာနှင့်တကွ အနာဂါတ်ကိုပါပစ်၍ အိမ်ပြန်ပြေးချင်လောက်အောင် ဘုရားသိုက်စောင့်တို့ မြူစွယ်သယောင်ရှိတော့သည်။ သူငယ်ချင်းတစ်ယောက် ဆိုလျင် ကင်းအတူကျသည့် ကျနော့်ကို အိပ်ခိုင်းလျက် ထိုဆိုင်းသံတို့ကြောင့် အိမ်ပြန်ပြေးလေတော့သည်။ ထိုရထားလမ်းအတိုင်းပြေးသည်ဟုဆို၏။ နောက်များ နှစ်ကြာလာတော့ အဝိဇ္ဖာထူလှသော အကုသိုလ်ကောင်များ ပီသစွာ ဆိုးလှပါသည်ဆိုသော ဝါးရုံတောမှအကောင်ကိုလဲ မကြောက်တော့၊ မီးခိုးတအူအူ ခေါင်းတိုင်ကိုလဲ မမြင်မိတော့၊ ကြားနေကျ ဝတ်ရွတ်သံတို့ကိုလဲ နားမဝင်တော့၊ ထိုးရုံတင်မက လာလာနားတတ်သော အနှီငှက်ဆိုးသံတို့ကိုလဲ ခရာသံလောက်မှ ဂရုမစိုက်တော့၊ ၁၂-၁ဆိုလျင် အနီးမှဝေးသွားတတ်ပြီး၊ လင်းအားကြီးလျင် အဝေးမှပြန်နီးလာတတ်သော ခွေးအူသံတို့ကိုလဲ သွားကြပြီ၊ ပြန်လာပြီလောက်သာ မြင်ဖန်များငယ်ခဲ့သလို၊ ခေါင်းတိုင်မှ အနံ့ဆိုးမဆိုနှင့် မော်ကျူရီမှ စပရေးနံ့၊ ပန်းနံ့နှင့်ရောသော လူသေနံ့၊ ခန္ဓာဗေဒဌာနမှ ဖေါ်မလင်နံ့တို့ကိုပါ နမ်းဖန်များ ပြယ်ခဲ့ရပြန်သည်။ သို့သော် မြွေတွန်သံ၊ ကင်းချိန်းသံ၊ စကားဝှက်မေးသံ၊ ရေစီးသံ၊ ငှက်ဆိုးသံ၊ ခွေးအူသံ၊ တစ်ခါတစ်ရံ ဘုရားပွဲမှ ဆိုင်းသံဗုံသံတို့ဖြင့် အတိပြီးသည့် ထိုဥာဥ့်ရံတို့သည်လည်း ခံစားရခက်သော ခံစားရခဲသော ဝေဒနာတစ်မျိုးကို ပေးစွမ်းနိုင်သည်သာ။


ကားသံ၊လူသံ၊ ဂီတသံ၊ အမြဲအသံတစ်ခုမဟုတ်တစ်ခုရှိနေတတ်သော လမ်းမများ အဆောက်ဦးများကို ခွာကာ နီရွန်အရောင်များအစား၊ ကြယ်ရောင်ကိုသာ အားထားရသော တာဝန်ကျရာနေရာ၏ တိတ်ဆိတ်သော ညများသည်လဲ အရသာတစ်မျိုးပေး၏။ အရာရှိအိမ်ယာဟု ခေါ်ဆိုသော်လည်း တစ်ယောက်မှ မိန်းမမရှိ၍ လူပျိုဆောင်မနေပဲ ထိုအိမ်ထဲတွင် စုနေရာမှာ အသီးသီး ထွက်ခွာသွားကြသောအခါ ကျနော်တစ်ယောက်တည်း ကျန်ခဲ့သည့် ထိုအိမ်ကြီး၏ ညတာများသည် လိုသည်ထက် ပိုရှည်ခဲ့သည်များသည်။ ည၈နာရီကျော်လာလျင် သို့မဟုတ် ရုံးပိတ်ရက် နေ့ခင်းများဆိုလျင် နားထဲက လေထွက်လောက်အောင် တိတ်ဆိတ်လှသော ထိုနေရာသည် နားထောင်တတ်လျင် လေတိုးသံပင်လျင် ကိုင်းတောကိုဖြတ်သံ၊ နှင်းဆီခင်းတို့နှင့် တိုးမိသံ၊ သီဟိုလ်ပင်တို့နှင့် တိုက်ခတ်သံ ခွဲနိုင်ပေသည်။ ကျနော့်အိမ်တွင်မြည်သော ဖုန်းသံကို မီတာ ၂၀၀ခန့် လူပျိုဆောင်မှ ကြားနိုင်သလို၊ မာလကာခြံ၊ ကွမ်းခြံများထဲမှ ကလေးငိုသံ၊ လင်မယားရန်ဖြစ်သံတို့ကို ကျနော့်အိမ်မှ ကြားရတတ်သည်။ ထူးခြားသည်က ကျနော့်အိမ်ထဲတွင် မြင်အပ်မမြင်အပ် စာရင်းဝင် တစ်ယောက်ယောက်ရှိနေဟန်တူခြင်းပင်။ ရုပ်လုံးကြွလာသည်အထိ ပြဿနာမပေးတတ်သော်လည်း သူရှိသည်ဟု ယုံကြည်အောင်တော့ သူစွမ်းဆောင်ထားနိုင်သည်သာ။ အိမ်တွင်လဲဘုရားစဉ်မရှိ။


လူနာမရှိ၊ ရှိသည့်လူနာ အိမ်ပြန်အိပ်သည့် ဆေးရုံလေးတွင် တာဝန်ကျ ဆရာအိုကြီးများ(သူတို့ ဘဝအကြောင်း၊ အတွေ့အကြုံများကို သူတို့ကပြောပြရင်း၊ ကမ္ဘာ့အကြောင်း၊ သိပ္ပံအကြောင်း သူတို့မသိသည်များကို ကျနော်ရမ်းသမ်းဖြေရင်း၊ သူတစ်လှည့်ကိုယ်တစ်လှည့် ရာရှင်အာမီမျှဝေရင်း၊ သူတို့ကွမ်းအစ် မိုက်ကြေးခွဲရင်း၊ ညသန်းကောင် ထမင်းဝိုင်းလေးများကို ဖြစ်သလိုလုပ်ကြရင်း)နှင့် အိပ်ခဲ့သည်များသလို၊ အစည်းဝေးကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စ၊ ပိုက်ဆံမရ၊ ခေါင်းစဉ်မရှိ၊ ရုပ်လုးံမပေါ်သော ကိစ္စများစွာဖြင့် ပင်ပင်ပန်းပန်း ထိုအိမ်ထဲတွင် အိပ်ပျော်ခဲ့သည်လဲများပါသည်။ မန္တလေး FM အင်္ဂလိပ်ပိုင်း အစီစဉ်ပြီးသည်အထိ နားထောင်ပြီး အိပ်ပျော်သလိုမှ ပြန်နိုးလာလျင်တော့ ကပ်ရပ်တပ်၏ လူပျိုဘားတိုက်မှ ဂီတာသံ၊ ဆဲဆိုသံတို့ကိုကြားနိုင်သလို၊ အဝေးမှ ဆင်သံ၊ ကျွဲသံ၊ ပုရစ်သံ၊ ဖါးလက်တက်သံ၊ သစ်ရွက်သံ၊ လေတိုးသံ၊ ဘာမှန်းမသိသော ခြိုးခြိုးချွတ်ချွတ်သံများဖြင့် အတိပြီးသော အကာလညအခါများဖြစ်သည်။ အရာရှိဆို၍ ပတ်လည် မီတာ ၄-၅၀၀ အတွင်း ကိုယ်တစ်ယောက်တည်းသာရှိပြီး ကိုယ့်ထက် အသက်ငယ်သူလဲ တစ်ယောက်မှ မရှိသည့် နေရာဒေသတွင် ညကြီးသန်းကောင် မီးထဖွင့်မိလျင် ကင်းသမားမှအစ သရဲကြောက်လို့ မအိပ်ဘူးဆိုသည့် အပြောကို မခံချင်သည့်အခါ ပြူတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် မကြာခဏ သူရှိကြောင်းပြလေ့ရှိသော သကောင့်သားကို မျက်ဝါးထင်ထင်မြင်ချင်မိလောက်အောင် အထီးကျန်ဆန်လှသော ညများအား MP4ထဲမှ တရားများ၊ သီချင်းများ ကုန်သည်အထိ နားထောင်ရင်း ကျော်ဖြတ်ရလေတော့သည်။ အောက်စက်ရှိလျင် တီဗွီပျက်၊ တီဗွီကောင်းလျင် စက်ပျက်၊ စက်နှင့်တီဗွီကောင်းလျင် အခွေကုန်၊ အကုန်စုံသည့်အခါ မီးပြတ်လေ့ရှိသည့် ညဦးများကို ကျော်လွန်သည့်အခါ တိတ်ဆိတ်ခြင်းထက် ပိုသော ထိုအထီးကျန်ညများသည်လဲ ခံစားရခက်လှသော၊ ခံစားရခဲသော အိပ်မပျော်သည့် ညများဖြစ်ခဲ့သည်။


ထိုအိပ်မပျော်သည့်ညများသည် နဲ၍မသွား၊ များ၍လဲမလား ရံခါရံခါသည်လာလျက် လာလျင်လဲ ဇွဲနဘဲကြီးစွာ ဝေဒနာတစ်ခုကို မရအရပေးစွမ်းသည်သာ။ ထိုသို့သော ညများတွင် မက်မက်စက်စက် တမ်းတမိသည်မှာ ငယ်စဉ်က မိမိကို အလေးဂရုပြုလွန်းသူများ နိုးသွားမှာကို စိုးရိမ်ရခြင်းပင်။ ထိုစိုးရိမ်ရမှုကြောင့် ငြိမ်ငြိမ်နေရင်းခံစားရသည့် နွေးထွေးမှု၊ လုံခြုံမှု၊ ကြည်နူးစိုးရိမ်ရမှုသည် ပြန်၍မရစကောင်းသော သို့မဟုတ် ပြန်ရရန် အခွင့်အလန်းအတော်နဲပြီဖြစ်သော ဝေဒနာများဖြစ်သည်။ အိပ်မပျော်သည့်ညများသက်သက်၊ ထိုညများ၏ အသံများသက်သက်သည် ထိုခံစားချက်မပါသောအခါ ခါးလာသည်၊ သံယောဇဉ်သည်ကြိုး၊ သံသရာသည်ဝွဲ၊ အစွဲမှ စိတ်ကိုခွာဖို့ ရှုမှတ်လျက်မှပင်လျင် အဝိဇ္ဖာသည် ထင်သည်ထက် ထူထဲသလို ကိုယ်တိုင်ကလဲ အမှောင်ကြိုက်ဖြစ်သောအခါ လွှတ်ပေးလိုက်သော မြင်းတစ်ကောင် ကျောပေါ်တွင် စိတ်သည် ရောက်နှင့်ပြီးဖြစ်သည်။ အလျင်ကောင်းလှသော မြင်းသည် မောသွားအောင် ပြေးသော်ငြား ကြည်နူးစရာ လွင်ပြင်ကျယ်ကို မတွေ့၊ ချောက်ကမ်းဘားနှင့် ကျောက်ဆောင်များ၊ ကန္တာရများကိုသာ အတွေ့ကြီးတွေ့လျက် မောပန်းနွမ်းလျခဲ့ရများပြီ၊ ကြည်သောရေ၊ စိမ်းသောမြက်၊ တံလျပ်ပင်ဖြစ်စေကာမူ မြင်ရသောအမြင်၊ အမြင်ဆီသို့ ဒုန်းစိုင်းရခြင်း ခံစားချက်နှင့် ဝေးသထက်ဝေးခဲ့သည်မှာကြာပြီ။ နိုးနေတာလား၊ အိပ်မပျော်ဘူးလား ဟုမေးလိုက်မည့်အမေးကို အမေးခံရမည်လဲစိုးရိမ်စွာ၊ အမေးခံရခြင်းကိုကြည်နူးမဆုံးဖြစ်ကာ၊ ဘေးနားက တစ်ယောက်ယောက် နိုးသွားမည်စိုးသည့် ခံစားချက်ဖြင့် နိုးလျက်နှင့်အိပ်နေရခြင်း(သို့မဟုတ်) အိပ်နေလျက်မှ နိုးနေခြင်းကို တမ်းတမိသည်။ တောင်းတိုင်းမပြည့်မှန်းသိတော့လဲ ဆုမတောင်းချင်တော့၊ အိပ်တိုင်းမပျော်မှန်းသိတော့ ဆက်မအိပ်ချင်တော့၊ လုပ်တိုင်းမဖြစ်တတ်မှန်းသိ၍ အားကုန်မသုံးချင်တော့၊ ယုံတိုင်းမကြည်တတ်မှန်းသိ၍ မယုံကြည်ချင်တော့၊ မယုံတတ်သူတစ်ယောက်၏ အိပ်နေလျက် နိုးသော စိတ်အစဉ်သည် အတိတ်ဆီသို့သာ ကြုံရာကျပန်းပြေးသည်။ နှလုံးခုံသံတို့အစား ဦးနှောက်ကလက်စီးတို့ စေညွန်ရာသို့ ပိုပြေးသည်။ လှပ်လှပ်ခုံခံစားချက်များ၊ ညိမ့်ကနဲညိမ့်ကနဲ ခံစားချက်များ ပျက်ပြီ။ ကျိန်စာတောသို့ ဘယ်တုန်းကခြေချမိလေသည်မသိ။


အိပ်မပျော်သော အိမ်ဝေးညတွင် မျက်စိကိုမှတ်သောအခါ အာရုံသည်အကြားသို့ကပ်၏။ နာရီလက်တံ၏ တွန်းကံရွေ့လျားသံကိုကြားရ၏။ ပုံမှန်လည်ပတ်နေသော စက်အားကို တွန်းကန်တုန့်ဆိုင်းနေရာမှ မလွန်သာသောအခါ ထပ်ကနဲမြည်အောင် အလျော့ပေး၍ တစ်ကွက်ရွေ့သွားရသော စက္ကန့်တံကလေးကို ကိုယ်ချင်းစာမိသည်။ သူသည်လူလို၊ လူသည်သူလို၊ ခံစားချက်မဲ့နေ၍သာ သူ့ခမျာ ကံကောင်းပေသည်။ ဘေးသူငယ်ချင်း၏ အသက်ရှူသံ စီးချက်ကျကျကြားရသည်။ အထက်ကလား အောက်ကလားမသေချာသည့် ဒေါက်ဖိနပ်သံအချို့ကြားရသည်။ အဝေးမှ ကားသံတို့ တဝေါဝေါ၊ အမှိုက်သိမ်းကား၊ နှင်းကြုံးကားတို့၏ သံကိုသံချင်းရိုက်သံတို့သည် ဆူညံလှ၏။ ဘယ်အရေးကြောင့် ဘယ်နေရာမှ ဝေ့လာမှန်းမသိသော စက်ဥသြသံကြားရ၏။ ရေခဲသေတ္တာ၏ သတ်မှတ်အတိုင်းတာရောက်လျင် စက်ရပ်သွားသံ၊ ပြန်လည်ပတ်သံကြားရ၏။ ရေပိုက်မှ တစ်စက်ချင်းရေကျသံကြားရ၏။ မွေးရပ်အမိမြေမှာကဲ့သို့ အိမ်မြောင်သံမကြား၊ ကြက်သံမကြား၊ ခွေးသံမကြား၊ ဖါးသံမကြား၊ သရဲလဲမတွေ့၊ ညမှောင်နေပေမယ့် ပြူတင်းကိုဖွင့်လျင် လင်းချင်တိုင်းလင်းနေမည့် မြို့ကြီး၊ ကွန်ပြူတာကိုဖွင့်လျင် သွားချင်သလောက် သွားနိုင်မည့် အင်တာနက်၊ အထီးကျန်ခြင်းကို ထက်ဝက်မက လျော့ချနိုင်သော အရာများ၊ အကြောက်တရားကို ရယ်ပွဲဖွဲ့နိုင်သည့် အလင်းများ၊ တစ်ခုချင်းစဉ်းစားမိလျင် ကျနော်သည် လူလုပ်စနစ်ကြီး၏ ခြအိမ်ငယ်တစ်ခုအတွင်းတွင်သာ။ လူမှအပဖြစ်သော သက်ရှိတို့ တစ်ခါတစ်ရံရှိတတ်သည်။ သူတို့သည် သဘာဝအလျောက်မသေ ဓါတုကြောင့် သေကြရသည်။ လမ်းမီးတိုင်တို့တွင် ပုရစ်တို့မရှိ။ အခန်းထဲတွင် အိမ်မြောင်တို့မရှိ၊ ထို့ကြောင့် သူတို့ကိုစားမည့် ဖါး၊ မြွေတို့မရှိ၊ ထို့ကြောင့် သူတို့ကို အမဲလိုက်မည့် ကြောင်၊ ဇီးကွက်၊ ငှက်ဆိုးတို့ မရှိ၊ လူမွေးထားသည့် ခွေး၊ကြောင်တို့သည်လဲ ခွက်ထဲထားတာစား၍ လူအိပ်ယာဝင်အိပ်နေကြသည့် ဒေသ။ ဂေဟစနစ်ကို လူလုပ်ရာတို့ဖြင့် အသက်သွင်းထားသည့် ခေတ်မှီမဲဇာ။ အခန်းထဲရှိ အပူချိန်သည် စက်ရုံမှလာသည်။ အခန်းထဲရှိရေသည် စက်ရုံမှလာသည်။ အခန်းထဲမှ ထွက်သွားသော ရေတို့ စက်ရုံသို့သွားသည်။ အခန်းထဲရှူသည့်လေ အဆောက်ဦးစနစ်၏ လည်ပတ်မှုမှသာလာသည်။ ပြူတင်းတံခါးမှလာသည့်လေသည် အရိုးကွဲအောင်အေးလှသည်။ လူတို့သွေးကို သောက်မည့် ခြင်တို့မရှိ၊ စားစရာတို့ကိုပြဿနာပေးမည့် ပုရွက်တို့မရှိ၊ ပရိဘောဂတို့ကို ပြဿနာပေးမည့် ခြတို့မရှိ၊ မီးရောင်တို့ဆီ ဝင်တိုးပြဿနာပေးမည့် ပိုးဖလံအင်းဆက်တို့မရှိ၊ ဂေဟစနစ်အစား လူလုပ်စနစ်များဖြင့် အစားထိုးလျက် ပီဘိဒုက္ခကင်းသော အကြောက်ကင်းသော စက်ရုပ်ဆန်ဆန်ညတို့တွင် အိပ်မပျော်သောအခါ ညတို့သည် အထီးကျန်ခြင်းကို သာပေးစွမ်းတော့သည်။


ဝင်လေထွက်လေလဲ မမှတ်နိုင်ခဲ့၊ သရဏဂုံလဲ မရွတ်နိုင်ခဲ့၊ နေချိန်နဲလာသည်နှင့်အမျှဖြစ်သော အိပ်၍မပျော်သော ညများကို သတိအစဉ်ကပ်လျက် မကျော်ဖြတ်နိုင်သေး။ ကျောတစ်ခင်းစာတိုင်းသည် အိပ်ယာဟုခေါ်ဆိုသော်လည်း သံယောဇဉ်မကင်းသော လူဖြစ်လျက် လူပီသသော အိမ်ယာမိသားစုနှင့်ဝေးကွာသောအခါ အိပ်မပျော်သော်လည်း လှဲနေရာသည့်အရာသည့် အိပ်စရာ အိပ်ယာဖြစ်လျက် အိပ်ပျော်ခြင်းမဲ့သည်။ အိပ်မပျော်ပါလျက် အိပ်မပျော်ရခြင်း၏ အရသာတို့မဲ့သည်။ ကျနော် အိမ်ပြန်ချင်နေသည်လား မသေချာ။ ကျနော်သည် ကျနော့်ကိုယ်ကျနော် ကောင်းကောင်း ညာတတ်သော တစ်ယောက်ဖြစ်သည်ဆိုတာကတော့ သေချာပါသည်။
မိသားစုနှင့်အတူ နှစ်ခြိုက်စွာ အိပ်မောကျကြပါစေ။

 ကျနော်မောင်ဟန်ပါ။      ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>