ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ မန်ယူက ရီးယဲမက်ဒရစ်အသင်းကို ၁ဂိုး ၂ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အသာမရပေမဲ့ ဂိုးကန်သွင်းခွင့်တွေ ပိုရတယ်၊ တစ်ဖက်အသင်းကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တယ်၊ ပြောရရင် ဗျူဟာမြောက်ကစားနိုင်ခဲ့တယ်ပေါ့။ ရီးယဲကို ရင်ဆိုင်တဲ့နေရာမှာ မန်ယူဟာ ပွဲကြိုပြင်ဆင်မှု ကောင်းခဲ့ပါတယ်၊ ဂိုးလည်း ကိုယ်က အရင်သွင်းထားတယ်၊ ခြေစွမ်းကလည်း သာတယ်၊ အဲ့လိုအနေအထားမျိုးမှာ မထင်မှတ်ဘဲ ကစားသမားတစ်ယောက် အငြင်းပွါးဖွယ် အထုတ်ခံလိုက်ရပါတယ်။ ၁၁ယောက် ၁၁ယောက်ချင်း ကစားရင်တောင် အမှားမခံတဲ့ ဒီလိုပွဲမျိုးမှာ တစ်ယောက်လျော့သွားတာဟာ အရမ်းကို သိသာပါတယ်။ အထုတ်ခံရပြီး သိပ်မကြာဘူး၊ ၂ဂိုးဆက်တိုက် သွင်းခံရပြီး ရှုံးနိမ့်သွားတော့တာပါပဲ။ ဘောလုံးပွဲတွေမှာ ဒီလိုအဖြစ်အပျက်တွေက မဆန်းတော့မဲ့ ဒီပွဲကို ကြည့်ပြီး ခေါင်းထဲမှာ ဆက်တွေးနေမိပါတယ်။ တကယ်တော့ ဘ၀ဆိုတာဟာလည်း ပြိုင်ပွဲတစ်ခုပဲ မဟုတ်လား။
Fail to plan is Plan to fail.
အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ တဲ့။ သိပ်မှန်တဲ့ စကားလေးပါ၊ လောကမှာ ဘယ်အောင်မြင်မှုမှ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး။ စနစ်တကျ ကြိုတင်ပြင်ဆင်မှုကနေသာ အောင်မြင်မှုဆိုတဲ့အရာက ပေါက်ဖွါးလာတတ်တာပါ။ အဲ့ဒီတော့ ကျွန်တော်တို့တွေ ဘ၀မှာ အောင်မြင်ချင်တယ်ဆို အစီအစဉ်တစ်ခုတော့ တိတိကျကျ ရှိရမှာပေါ့။ ပန်းတိုင်ရှိမှလည်း လျှောက်စရာလမ်းဆိုတာ ပေါ်လာမှာ မဟုတ်လား၊ လျှောက်ဖို့ လမ်းရှိမှလည်း လျှောက်ချင်စိတ် ပေါ်လာမယ်၊ လျှောက်လည်း လျှောက်ဖြစ်မယ်လေ။
ဒါပေမဲ့ ဘ၀မှာ ကြိုမမြင်ရတဲ့ အရာတွေ ရှိတတ်ပါတယ်။ မနာလိုသူတွေ၊ ရန်သူတွေ ရှိမယ်၊ သဘာဝဘေးတွေ ရှိမယ်။ ခေတ်ပြောင်း စနစ်ပြောင်းနဲ့ ကြုံရတာ ရှိမယ်။ နောက်တစ်ခုက ဘာသာရေးအမြင်အရဆို အတိတ်ကံပေါ့၊ အဲ့ဒါတွေ ရှိမယ်။ တစ်ခါတစ်ခါမှာ အဲ့ဒီလို မျှော်လင့်မထားတဲ့ အရာတခုခုကြောင့် မျှော်လင့်ထားသမျှ အရာအားလုံးဟာ ပျက်ဆီးသွားတတ်ပါတယ်။ ပန်းတိုင်ကို ရောက်ဖို့အတွက် လျှောက်ရမဲ့လမ်းဟာလည်း ပိုရှည်၊ ပိုခက်ခဲသွားတတ်တယ်။ ဒါတွေဟာ ဘ၀တစ်ခုကို ရပြီဆိုတာနဲ့ ငြင်းဆန်လို့ မရတဲ့ ပေးထားချက်တွေပဲ ဖြစ်လို့ လက်မခံလို့တော့ မရပါဘူး။ သူက ဒီနေရာရောက်ဖို့အတွက် ခြေလှမ်း၅လှမ်းလောက် လှမ်းရုံနဲ့ ရောက်နိုင်ပေမဲ့လို့ ကိုယ့်အတွက်တော့ မိုင်တစ်ထောင်ခရီး ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ကြောက်စရာ မဟုတ်ပါဘူး၊ ရှုံးမှာပဲ လဲကျမှာပဲ။ ဘယ်နှခါလဲလဲ ရအောင် ပြန်ထမယ် ဆိုတဲ့ စိတ်ရှိဖို့ပဲ လိုပါတယ်။ ကိုယ်က ဒီအရှုံးကို မအောင်မြင်မှုအဖြစ် လက်ခံလိုက်မှာလား၊ လှေကားထစ်တွေအဖြစ် အသွင်ပြောင်းလိုက်မှာလား၊ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ လျှောက်ရမဲ့လမ်းပဲ ရှည်ချင်ရှည်သွားမယ်၊ ဒါမှမဟုတ် ဘယ်လိုမှ သွားမရတော့လို့ တစ်ခြားလမ်းက ပတ်သွားရတာမျိုးပဲ ဖြစ်ချင်ဖြစ်သွားမယ်၊ ပန်းတိုင်တော့ ဘယ်တော့မှ မပျောက်စေရဘူး ဆိုတဲ့ စိတ် မွေးကြရမှာပါ။
နာနီ အထုတ်ခံရတော့ မန်ယူကစားသမားတွေ ဘယ်သူမှ ပြင်းပြင်းထန်ထန် စောဒက မတက်ကြပါဘူး၊ ဒိုင်လူကြီးကို ရန်မမူဘူး၊ ပရိသတ်ကလည်း ဒီအတိုင်းပဲ၊ ပြောင်းလဲလို့ မရတော့တဲ့ အခြေအနေတစ်ရပ်ကို မြန်မြန်ဆန်ဆန်ပဲ လက်ခံလိုက်ပြီး လက်ကျန်အချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာပဲ စဉ်းစားကြတယ်။ ကျွန်တော်တို့တွေရော၊ ကိုယ်ကြိုးစားခဲ့သမျှတွေ ဘာတစ်ခုမှ အရာမထင်သေးတဲ့အချိန်၊ ဒါမှမဟုတ် အရာထင်တော့မဲ့အချိန်မျိုးမှာ တစုံတယောက်ကြောင့် တစုံတခုကြောင့် ပျက်စီးသွားရတယ်ဆိုရင် ဘာလုပ်ကြမှာလဲ၊ အပြစ်တင်နေမှာလား၊ အကြောင်းပြနေမှာလား၊ ဒါမှမဟုတ် ရှေ့တည့်တည့်ကိုပဲ မျှော်ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်ကြမှာလား။
ဒီနေ့ခေတ်က ပညာခေတ်ပါ၊ ဘယ်နေရာမှာ ဘာအလုပ်ပဲ လုပ်လုပ်၊ ပညာမပါလို့ ပညာမတတ်လို့ မရတော့တဲ့ ခေတ်မို့ ပညာခေတ်လို့ ခေါ်ပါတယ်။ Hyper-competitive age ယှဉ်ပြိုင်မှုတွေ လွန်ကဲတဲ့ ခေတ်လို့တောင် ပြောနေကြတဲ့အချိန်မျိုးမှာ အရင်လို ခပ်အေးအေး လုပ်နေကြလို့ မရတော့ပါဘူး။ ပညာကို အသည်းအသန် လိုက်စုဆောင်းကြရပါတယ်။ တစ်ဖက်မှာ ကောင်းတာတစ်ခုကတော့ ပညာသာရှိရင် တခြားဘာဆိုဘာမှ မရှိလည်း အောင်မြင်နိုင်တယ် ဆိုတဲ့အချက်ပါပဲ၊ မိဘမျိုးရိုးကို မကြည့်ကြတော့ဘူး၊ အသားအရောင်ဆိုတာကို ဦးစားမပေးကြတော့ဘူး။ လူ့တန်ဖိုးကို ပညာတတ်လား မတတ်လားနဲ့ပဲ တိုင်းကြတော့တယ်။ အဲ့ဒီတော့ ပညာက ကိုယ့်ဆီ မလာရင် ကိုယ်ကပဲ ပညာဆီရောက်အောင် သွားကြရမှာပါ။ မရောက်နိုင်တဲ့ အကြောင်းရင်းတွေ အတားအဆီးတွေတော့ ရှိနေနိုင်ပါတယ်၊ အဲ့ဒါတွေကို အရှိအရှိအတိုင်းတော့ လက်ခံလိုက်ပါ၊ ဒါပေမဲ့ အကြောင်းပြချက် အဖြစ်၊ ဆင်ခြေတစ်ခု အဖြစ်တော့ လုံးဝမပြောင်းပစ်လိုက်ပါနဲ့။
ကျွန်တော့်ဒိုင်ယာရီစာအုပ် ရှေ့ဆုံးစာမျက်နှာမှာ ရေးထားလိုက်ပါတယ်..
"လျှောက်ရမဲ့လမ်းသာ ရှည်ချင်ရှည်သွားမယ်၊ ပန်းတိုင်တော့ ဘယ်တော့မှ မပျောက်စေရဘူး" လို့။
ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ မန်ယူက ရီးယဲမက်ဒရစ်အသင်းကို ၁ဂိုး ၂ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အသာမရပေမဲ့ ဂိုးကန်သွင်းခွင့်တွေ ပိုရတယ်၊ တစ်ဖက်အသင်းကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တယ်၊ ပြောရရင် ဗျူဟာမြောက်ကစားနိုင်ခဲ့တယ်ပေါ့။