ပြည့်အနာ…….သွေးမဲ့ဒါဏ်ရာတွေ….က
===========================
အမေရယ် ပြန်လာပေးပါ….
အဖေရယ် ပြန်လာပေးပါ……
သမီးရယ် ပြန်လာပေးပါ…..
သားရယ် ပြန်လာပေးပါ….
မလေးရှားနိုင်ငံတွင် အထိကရုဏ်းများ၊ တရားမဝင်၊ ပတ်စပို့မရှိ၊ over stay များနှင့် ပတ်သတ်၍ ကျွန်ုပ်ခေါင်းထဲ
အတိတ်ကို ပြန်ပြောင်း သတိရမိသည်။
၈၈ ခုနှစ်ရှေ့ပိုင်း အထိုက်အလျောက် လုပ်ပိုင်ခွင့်ရှိသူ (တနည်း အာဏာ အတန်ရှိခဲ့သူ) ကျွန်ုပ်၏ မိတ်ဆွေမှ အကူအညီတောင်းမှုကြောင့် မလေးရှား သွားအလုပ်လုပ်မည့် လူငယ်လင်မယားအား လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ရသည်။
ဖြစ်စဉ်အရ လူငယ်လင်မယားသည် မြန်မာပြည်တောင်ပိုင်း တောနယ်လေးမှ လုပ်စားကိုင်စား အခွင့်မသာ၍
ရေပန်းစားနေသော မလေးရှားတွင် အလုပ်အကိုင် ရရှိရေး
ရန်ကုန်မြို့တွင် မှိုလိုပေါက်နေသော
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား ဆက်သွယ်ခဲ့သည်။
စပေါ်/ဝန်ဆောင်ခ ကျပ်ငွေ (၄)သိန်းကို ကုမ္ပဏီအား ပေးဆောင်ခဲ့ပြီး
မပြည့်မစုံ၊ မရေမရာ၊ မရှင်းလင်းသည့်
စာချုပ်ပေါ် လက်မှတ်ရေးထိုး မိခဲ့သည်။
ကုမ္ပဏီ၏ မကြာခဏ တွေ့ဆုံရန် ချိန်းဆိုမှု၊ နိုင်ငံခြားမှ အင်တာဗျူးမည့်သူလာ၍ တစ်ဖုံ
အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် လာရောက်ရသည်ဖြစ်၍
တောနေအရပ်မှ မဟာရန်ကုန် ရွှေမြို့တော်သို့
ရှိရှိသမျှ ပေါင်နှံရောင်းချ ရောက်ရှိလာခဲ့သည်။
အချိန်ကာလ တစ်နှစ်နီးပါးကြာသော်လည်း
အလုပ်ရရှိရေး မသေမခြာဖြင့် စားစရိတ်၊ နေစရိတ်တို့ကြောင့်
ပြုတ်ပြုတ်ပြုန်းကာ လက်ထဲ ကုန်းကောက်စရာပင် မရှိသည့်
ဘဝသို့ ရောက်ရှိသွားရတော့သည်။
စားစရာမရှိ၊ နယ်ပြန်ရန်ပင် လမ်းစရိတ် မရှိတော့မည့် အတူတူ
မူလ အပ်နှံထားသော ကျပ်ငွေ (၄)သိန်း ရရှိလို၍ ကုမ္ပဏီထံမှ
တောင်းခံသော်လည်း မရရှိနိုင်တော့။
ဟိုစရိတ်၊ ဒီစရိတ် အကြောင်းပြချက်များကြောင့် ပြန်လယ်ရရန်ခက်ခဲ
ဘဝရင်ခွင် မီးဟုန်းဟုန်း တောက်လျက် ကျွန်ုပ်မိတ်ဆွေ လူကြီးမင်း၏
ဒရိုင်ဘာနှင့် ရပ်ဆွေရပ်မျိုးဖြစ်၍ ထိုအမှုကိစ္စသည်
ကျွန်ုပ်ထံ လက်ဝယ်ရောက်ရှိလာခဲ့ပေသည်။
ကျွန်ုပ်လည်း ခေတ်နှင့်လျော်ညီစွာ လူလေးစားမည် ထင်ရသော
အူနီဖောင်းကြီးကို ဝတ်လျက်၊ အလုပ်သမားရုံး၊ စ၃လုံး၊ သက်ဆိုင်ရာ ရဲစခန်းတို့ကို
အကြိမ်ကြိမ်သွားရ၍ ကျွန်ုပ်၏ ချွေးနဲစာ
နိုင်ငံတော် လစာများလည်း ပြုတ်ပြုတ်ပြုန်း ကုန်ပါသည်။
နောက်ဆုံး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရန် ဦးရဲကြီးနှင့်
တိုင်ပင်သည်ရှိသော် အမှုဖွင့်ခြင်းထက်
နှစ်ဦးနှစ်ဖက် ဦးစွာညှိုနှိုင်းစေလိုကြောင်း အကြံပေးချက်အရ
အေးဂျင့် ကုမ္ပဏီသို့ အကြောင်းကြားပါသော်လည်း ပေကပ်ကပ်လုပ်သည် ဖြစ်၍
ဦးရဲကြီး၏ ကြိမ်းမောင်းဖုန်းဆက်ခေါ်ဆောင်မှု
ဘော့စ်ဆိုသူမှ ငတိလေးနှစ်ကောင် စေလွှတ်လိုက်သည်။
ရာဇဝတ်မှု မဟုတ်သည်က တစ်ကြောင်း
ရဲ အရေးမပိုင်သော အမှုဖြစ်သည်က တစ်ကြောင်း
တရားရင်ဆိုင်ပါက ကျပ်ငွေ (၄)သိန်းမှာ တရားရုံး စရိတ်၊ ရှေ့နေစရိတ် မကာသည်က တစ်ကြောင်း
လူငယ် လင်မယားမှာ လက်ရှိ စားဖို့ပင် အခက်အခဲရှိသည်က တစ်ကြောင်း
ကျွန်ုပ်မှာလည်း လခစား ဝန်ထမ်းဖြစ်သည်က တစ်ကြောင်း
ဥပဒေကို မကျင်လယ်သည်က တစ်ကြောင်း
အကြောင်းကြောင်းကြောင့် မတရားမှု တိုက်ဖျက်ခြင်း၊
အားနည်းသူဖက်မှ ရပ်တည်လိုသော်လည်း လက်လျော့လိုက်ရကာ
ကုမ္ပဏီနှင့် ကာယကံရှင် ညှိနှိုင်း ထက်ဝက်ဈေးဖြင့်
ကျေနပ်လိုက်ကြလေသည်။
ကျွန်ုပ် စက်ရုံမှူးယောင်ယောင်၊ ဘာယောင်ယောင် လုပ်စဉ်ကာလ
ဝန်ထမ်းနှစ်ယောက် ခွင့်ယူကာ တရားရုံးသို့ အမှုဟောင်းအား
သွားရောက် ကျေအေးကြသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။
ကောင်းလေစွ….ကောင်းလေစွ။
စက်ရုံဝန်ထမ်း အချင်းချင်း သင့်မြတ်လှစွာ
ခွင့်လွှတ်နားလယ်ကြခြင်းသည် မင်္ဂလားတစ်ပါး မဟုတ်ပါလား။
"ရန်ကို ရန်ချင်း မတုံ့နှင်း နှင့်"
နောက်တစ်ရက်….."အေး…မနေ့က အဆင်ပြေကြရဲ့လား"
အဆင်ပြေပါကြောင်း
အမှုမှာ တရားရုံး တင်ထားပြီဖြစ်၍ တရားရုံးမှာသာ အမှုပိတ်နိုင်ကြောင်း
တရားရုံးတွင် လုပ်ထုံး လုပ်နည်းနှင့် အညီ ကျေအေးခဲ့ကြောင်း
သို့ ဖြစ်၍ ကျပ်ငွေ (၃) သိန်း အကြွေးတင်သွားကြောင်း
.
.
.
"ဘယ်လို ဘယ်လို….မသိလို့…မသိလို့"
"ဒို့ ဥပဒေတွေက အရင်အတိုင်း/ ဒါဏ်ငွေတို့ ဘာတို့ ထောင်ဂဏန်း မဟုတ်လား"
.
.
"ဆရာကလည်း သိရဲ့သားနဲ့"
.
"သြော်…." ဒါပဲ ပြောနိုင်တော့သည်။
"လူလောက အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ ပွေရတယ်"
"စားစရာမရှိ၊ လျော်စရာရှိ"
"မင်းမှန်လည်း မကောင်း၊ ငါမှန်လည်း မကောင်း၊ ကျေးအေးလည်း မကောင်းပါလား"
အခုမှ ဦးရဲကြီး၏ စေတနာ ရေးရေးသဘောပေါက်တော့သည်။
ပုဆိုးတစ်ထည် လက်ဆောင်ပေးခဲ့တာ နည်းတောင်နည်းသွားတယ်။
ခေတ်ဆိုး/စနစ်ဆိုးကြောင့် Brain Drain အကြောင်းပြောတော့ ဆရာက Brain Gain ဟုဆိုပါသည်။
ဒီမိုကရေစီစနစ်နှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဟိုနိုင်ငံ ဘယ်နှစ်သန်း၊ ဘယ်နိုင်ငံ ဘယ်နှစ်သိန်း စသည့်
ပြည်ပရောက် မြန်မာ Brain တွေ ပြန်ရောက်လာကြရင်ဖြင့်…
ဆရာက အားတက်ဖွယ် ပြောပါသည်။
ကျွန်ုပ် မလေးကို အလယ်အပတ်ထွက်သည့် သကာလ
စားချင်သည့် ချိုချင်ခဲဖွယ်များ မှာကြားလိုသော်လည်း စုံစုံစိစိ မေးရန် အခက်အခဲဖြစ်နေသည်။
ဆိုင်ဦးစီး တရုတ်မမှ လူငယ်စားပွဲထိုးလေး တစ်ဦးစေလွှတ်လိုက်ရာ
သူနှင့် အစားအသောက်များအကြောင်း၊ အရသာ၊ ချက်ပုံချက်နည်း
ဈေးနှုန်း၊ စားသုံးသူအကြိုက်ဆုံး ဟင်းအမယ် ထွေလီကာလီ မေးမြန်းပြီး
မှာလိုက်ရသည် ဖြစ်သောကြောင့် လွန်စွာနှစ်ထောင်းအားရ မိလေသည်။
ထိုလူငယ် စားပွဲထိုးကား
မြန်မာလူမျိုးတစ်ပါးတည်း။
ကျွန်ုပ်၏ စပ်စုတတ်သော စရိုက်ရှိသည်နှင့် အညီ
အလုပ်အကိုင်အကြောင်း၊ ဗီဇာအကြောင်း၊ ရောက်လာပုံ၊ အေးဂျင့်စရိတ်တို့ မေးမြန်းသောအခါ
မြန်မာပြည်တောင်ပိုင်းမှ ဖြစ်ကြောင်း၊ ပတ်စပို့ မရှိကြောင်း
"ယ ပလက်" နိုင်ငံနယ်နမိတ်ကို နှစ်နေရာ/နှစ်ခါ ဖြတ်၍
ကုန်းကြောင်းမှ ဝင်ရောက်လာကြောင်း၊ တစ်ခါပြန် လမ်းကြောင်းရှင်း စရိတ်/လမ်းခရီးခ/အေးဂျင့်ကြေး
ကျပ်ငွေ (၇)သိန်းခန့် ပေးရကြောင်း။ ပြသနာ မဖြစ်စေပဲ အနေအထိုင် သိုသိပ်ရကြောင်း
တစ်နှစ်တစ်ခါ မပြန်နိုင်ကြောင်း……
"သြော် တရားဝင် ဖြစ်ဖို့ ခက်ခဲလေစွ"
ဗိုက်ကားအောင် စားသောက်ပြီး အစာကျေ လမ်းရှောက်ရန်
ကေအယ်လ် တရုတ်တန်းဖက်ရောက်သောအခါ
ကျွန်ုပ်၏ မျက်စိထဲ မဟာရန်ကုန်၏ လမ်းမတော်၊ လသာဖက် ရောက်သွားသည့်အလား
လေဘေးထည်များ၊ နာနတ်သီး စိပ်ရောင်းသူများ၊ သရက်သီးမဆလာနယ်
၈ ကျပ် ၁၀ တန် နာရီများ၊ မြွေအရေခွံအိပ် စုံစီနဖာပါဘဲ။
မြန်မာပြည် ခေတ္တအလွမ်းပြေသွားသော ကျွန်ုပ်၏ နားထဲ
မြန်မာလို စကားပြောသံများ ကြားရ၍ လေသံလာရာ လှည့်ပတ်ကြည့်ရှုသော်
"အားပါးပါး……ကျုပ်တို့ ရွှေမြန်မာများပါတကား"
ငွေဈေးကွာလို့လား၊ အဓိက ပြည်ပပို့ကုန်/
လုပ်ငန်းရှင်တွေဘဲ အသာစီးယူနေလို့လား..လား…လား..
ကျွန်ုပ်၏ ဦးနှောက်သေးသေးလေး ခြာလပတ် ရမ်းသွားသည်။
အတွေးရော၊ လမ်းရော မွမ်းကြပ်သွားပြီမို့ ပြန်လာရာ
တည်းခိုဆောင်နား ခပ်မှောင်မှောင် နေရာအရောက်
လူငယ်တစ်ယောက် ခပ်ကုပ်ကုပ်ဖြင့် အနားကပ်ပြီး
"ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မြန်မာ" ဟု ရေရွတ်လျက်
ယင်း၏ ကုန်ပစ္စည်းများ ကြော်ငြာဝင်သွားသည့် အခါမှာတော့
ကျွန်ုပ် မိတ်ဆွေနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်
ပြုံးမိကြသော်လည်း အမျိုးအမည် မသိသော ဝေဒနာ တစ်ရပ်
ရင်ဘတ်ထဲ ကပ်ဝင်သွားပါတော့သည်။
မှတ်ချက်။ ။
မည်သည့် ပုဂ္ဂိုလ်၊ ဌာန၊ တစ်စုံ တစ်ယောက်ကိုမျှ စော်ကားအပစ်တင်ခြင်း၊ နှိမ့်ချခြင်း အလျင်းမရှိ ဤစာကို ရေးပါသည်။
ကျွန်ုပ်၏ မိဘ၊ ဆွေမျိုး၊ သားချင်း၊ အသိမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းသည် နိုင်ငံစုံ၊ အလွှာစုံ၊ ဌာနပေါင်းစုံတွင် နေထိုင်/ လုပ်ကိုင်/ အသက်မွေးလျက်ရှိပါကြောင်း။
သက်ထွေးအောင်
(၁၂-၆-၂၀၁၃)