ကျွန်တော်နှင့် ဂွတီးဂွကျအလေ့အထများ
……………………….
ဖြစ်ပုံက သူငယ်ချင်းမင်္ဂလာဆောင်က စတာပါပဲ။
မင်္ဂလာဆောင်တယ်ဆိုတာ ကျွန်တော်တို့ တောရွာကလူတွေအတွက် ဂုဏ်ထုတ်ပြတာလည်းမဟုတ်ဘူး။ ဂုဏ်ပြိုင်တာလည်းမဟုတ်ဘူး။
အိမ်ထောင်သစ် ထူထောင်မယ့် သူတွေအတွက် နှစ်ဖက်သောမိဘတွေက အိမ်ထောင်စတင်တည်ထောင်နိုင်အောင် ပြုစုပျိုးထောင်ပေးလိုက်တာပါပဲ။ အရပ်ကလည်း ၀ိုင်းဝန်းကူညီတဲ့ သဘောပေါ့။
မင်္ဂလာဆောင်က ရရှိတဲ့ငွေကြေးလေးရယ် ပစ္စည်းလေးတွေရယ်စုပြီး အိုးသစ်အိမ်သစ် တည်ထောင်ရအောင်ပေါ့။ ဟိုးတုန်းကတည်းက ရှိခဲ့တဲ့ အလေ့အထလေးတွေပါ။ ဒါဟာ ကောင်းမွန်တဲ့ မြန်မာတွေရဲ့အလေ့အထပါပဲ။
ဒါပေမယ့် သူငယ်ချင်းကတော့ သူ့လက်ဖွဲ့ဝိုင်းက တရုတ်ပစ္စည်းအပုံကြီးကြည့်ပြီး စိတ်အညစ်ကြီး ညစ်နေလေရဲ့။ ဒီကြားထဲ လူငယ်အပေါင်းအသင်းတွေအတွက် ယမကာဖိုးနဲ့ လူပျိုညအတွက် ခဲဖိုးတွေ ပေးနိုင်ရေးအတွက် သူ့ခမျာ ဈေးတွက်တွက်နေရတယ်။
ဒီတော့ ကျွန်တော်ကပဲ မဆီမဆိုင် လူငယ်တွေကို ၀င်ပြီးပြောပြရတာပေါ့။ ဒီတော့ ကျွန်တော်က ဒီခေတ်ကြီးရဲ့ အလေ့အထထုံးစံကို ဂွတိုက်ချင်တဲ့သူ ဖြစ်ရတော့တာပါပဲ။
…………………………………
နောက်တစ်ခုကတော့ ဂေါပကကြီးနဲ့ စကားများရတဲ့ ဇာတ်လမ်းပါ။
ဘုရားကခုမှ စတည်စပါ။ ဒါပေမယ့် ဘာလုပ်သလဲဆိုရင် ဘုရားပွဲလုပ်ပါတယ်။ ပွဲသွင်းပါတယ်။ ကတဲ့ပွဲက အခြောက်တွေကတဲ့ဇာတ်၊ ပွဲထဲကြည့်တော့ လောင်းကစားဝိုင်း၊ အရက်ဆိုင်တွေကြီးပဲ။ ပွဲပြီးတော့ သေးစော်ချေးစော်နံ့ပြီး အမှိုက်တွေကျန်ခဲ့တာပဲအဖတ်တင်တယ်။
ဒီတော့ ဂေါပကကိုသွားပြီး ကျွန်တော်က ဆရာလုပ်မိတာပေါ့။ “ တစ်နှစ်တစ်ခါ ငရဲရှာလူ့ရွာဘုရားပွဲ ” ဆိုတဲ့အတိုင်း ဘုရားကို ခုတုန်းမလုပ်သင့်ကြောင်း၊ မဖြစ်သင့်ကြောင်း၊ အကုသိုလ်ကြီးကြောင်းပေါ့။ သူက ဒါရွာတွေရဲ့ အလေ့အထပဲတဲ့။ ဘုရားပွဲလုပ်ရင် ပါမှာပဲတဲ့။
ဒါနဲ့ပဲ ဒီအလေ့အထတွေက ကျွန်တော်နဲ့တော့ ဂွကျနေတော့တာပါပဲ။
…………………
ဒီတစ်ခါက နာရေး။
နာရေးနဲ့ပတ်သက်လို့ ဒီခေတ်ကြီးမှာ တော်တော်များများပြောကြလို့ လူသေကအစ အယူမှားတွေက ပြင်လာတာတွေ့ရပါတယ်။
ဒါပေမယ့် အလေ့အထတစ်ခုဘာကျန်လဲဆိုရင် ဖဲဝိုင်းကိစ္စပါပဲ။
ရှေးတုန်းက လူကြီးတွေက (ကျွန်တော့်အထင်ပေါ့လေ) ကျန်ရစ်ခဲ့တဲ့မိသားစု အဖော်ရအောင်၊ ၀မ်းမနည်းအောင်၊ ပြီးတော့ ကူငွေလေးရအောင်ဆိုပြီး လူစုရာကနေ ဖြစ်လာခဲ့တဲ့ဖဲဝိုင်းဟာ ခုတော့ မသာတစ်ခု အရင်းပြုပြီး စီးပွားရေးတစ်ခုလိုဖြစ်နေကြလေပြီ။
ဒီတော့ အရပ်ထဲမှာ ဖဲဝိုင်းကိစ္စကို ကျွန်တော်က တာရာပွကြီးလုပ်မိပြန်တော့ တစ်ရွာလုံးနဲ့ တစ်ယောက်လို အရင်က အလေ့အထကို ဆွဲဆွဲပြောပြန်တော့ ဒီအလေ့အထကြီးနဲ့ကျွန်တော် ဂွကျရတော့တာ ပါပဲ။
…………….
နောက်အလေ့အထတစ်ခုကတော့ သီတင်းကျွတ်ကန်တော့တဲ့ အစဉ်အလာပေါ့။
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အကျင့်၊ ထားခဲ့တဲ့အစဉ်အလာတွေဟာ အင်မတန်ကောင်းမွန်ပါတယ်။ သို့သော်ငြားလည်း ခေတ်ကရွေ့လျှောလာတာနဲ့အညီ ရည်ရွယ်ချက်လေးတွေက ကွာကွာလာတယ်။
ကျွန်တော်တို့ ငယ်ငယ်က လူကြီးသူမကိုရိုသေရမှန်းသိအောင်၊ လေးစားရမှန်းသိအောင်၊ ကုသိုလ်ရအောင်လို့ ကန်တော့ကျပါတယ်။ ဒီနေ့ခေတ်ကာလရောက်တော့ လူကြီးတွေက ကိုယ့်မြေး၊ သားသမီးလေးတွေကို မုန့်ဖိုးပေးတဲ့အကျင့်လေးတွေဖြစ်လာတယ်။
ဒီတော့ ကလေးတွေက လူကြီးကန်တော့ရင် မုန့်ဖိုးတောင်းဖို့၊ ယူဖို့ပဲစဉ်းစားလာကြတော့တယ်။ ပြီးတော့ အိုကြီးအိုမများခမျာ ပိုက်ဆံမရှိရင် ဒုက္ခတွေ့တာပါပဲ။ မုန့်ဖိုးမပေးနိုင်လို့ စိတ်မကောင်းဖြစ်တော့တာပါပဲ။
ဒီအခါ ကျွန်တော်ကပဲ ကလေးတွေကို သင်ပြမိတော့တယ်။ ဒီအခါလည်း ကလေးတွေက အရင်ကတည်းက ပေးခဲ့၊ ရှိခဲ့တဲ့အလေ့အထပဲတဲ့။
……………….
အင်း အလေ့အထတွေ အလေ့အထတွေ။ ကျွန်တော်ကတော့ ကျွန်တော့်စိတ်နဲ့ တစ်ချို့သော အလေ့အထတွေကိုပြင်ကြည့်တာပါ။
သို့သော်လည်း ခေတ်ကာလနဲ့ လိုက်လျောညီထွေမရှိလို့လားတော့မသိပါဘူး ကျွန်တော်ဟာ ဂွတီးဂွကျ သမားဖြစ်နေလေပါရဲ့။
မောင်ပိုင်
၁၁-၆-၂၀၁၃။
— with William Tuntunko and 2 others.……………………….