အဖေ့ကို သတိရပြီးရေးတဲ့စာ...........
by Pyay Chit Thu (Notes) on Monday, June 17, 2013 at 1:24am
မနေ့ က မားဆိုးရဲ့  status တစ်ခုအောက်မှာ မနေနိုင်ပဲနဲ့  ၀င်ပြီးတော့ comment ပေးခဲ့မိတယ်။ဒွန္ဒယာ ဆိုတဲ့စကားလုံးကို မသိတဲ့ ကလေးတစ်ယောက်ကိုပါ။ စာဖတ်ပါ လို့  ။ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ အလွန်ရှည်လျားလှတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေကို ဖတ်ပြီးသွားတဲ့အခါ ပုံပြင်တွေထက်ပိုပြီး မှတ်မိနေတဲ့ စကားလုံးက ဟောဒီဒွန္ဒယာ ကြီးမှာဗျာ.... ဆိုတဲ့စကား ဖြစ်နေတာ။ ဘာကြောင့်မှန်းတော့မသိပါဘူး။
အဲဒီပုံပြင်တွေကို ကိုယ်ဖတ်ခဲ့ရတဲ့အရွယ်က တော်တော်ငယ်နေသေးတာတော့ မှတ်မိတယ်။ ကိုယ်သွားပြောမိတဲ့ကလေးက မဖတ်တော့ပါဘူးဗျာတဲ့။ Google မှာ ရှာလိုက်တာတွေ့ ပြီတဲ့။ တော်တော်သဘောကျသွားပြီးရယ်မိတယ်။ ဟုတ်တာပဲ သူတို့ က ဒီဘက်ခေတ်ကလေးတွေပဲ။ ဘာပဲလိုလို ဆိုတဲ့ လမ်းညွှန်တွေ ရှိနေတဲ့ခေတ်မှာလူ့ အဖြစ်ကို ရလာခဲ့ကြတဲ့လူအသစ်လေးတွေပဲ ဆိုပြီး ကိုယ်ဘယ်လောက် အိုနေတာ သတိပြုမိသွားတယ်။
ဒါပေမယ့်လည်း ကိုယ်တွေခတ်ငယ်ငယ်အရွယ်က အနီးအနားမှာ အဲဒီလို စာအုပ်တွေ အလွယ်တကူ ဖတ်ဖြစ်နေအောင် ဖန်တီးပေးထားခဲ့တဲ့ အဖေ့ကို အခုမှ ပြန်တွေးပြီး ကျေးဇူးတင်နေတယ်။ စာအုပ်တွေ့ ရင် ဆွဲယူဖတ်တတ်နေတဲ့အရွယ်မှာ အနီးအနားမှာ ဖတ်စရာ ရှာတော့ ပထမဆုံးတွေ့ ရတာက အဖွားရဲ့  ၅၅၀ ဇာတ်နိပါတ်တော်တွေ။ အဖွားဖတ်ဖို့ အဖေ၀ယ်ပေးထားသမျှ မှတ်မှတ်ရရပဲ စာဖတ်ဖို့  အားမသန်လှတဲ့ အဖွားက ကောက်တောင်မကိုင်ပဲ ကိုယ့်အတွက်ဖြစ်ခဲ့ရတာ။ အခုနေ ပြန်တွေးကြည့်မိမှ ကုသိုလ်အကောင်းနဲ့  နေခွင့်ရခဲ့တဲ့ ကိုယ့်ကံကိုယ် တော်သေးလိုက်တာလို့ ကျေနပ်မိရတယ်။ အဖေ့ကျေးဇူးနဲ့  အမျှော်အမြင် ကြီးမှုကြောင့် ၊ ဒီအရွယ်မှာ လောကကိုကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တာ။
မဖတ်ချင်ဘူး လို့  ပြောတဲ့ကလေးကို စိတ်မဆိုးမိပါဘူး။ ဒီနေ့ ခေတ်ကလေးလေးတွေ ဘယ်လိုကြီးပြင်းလာနေ ရမှန်း ကိုယ်တွေလည်း မြင်တွေ့ နေရတာပဲကိုး။ သူတို့ မှာ မောလိုက်တာ။ ဘယ်တော့မှ အသက်ရှုမ၀တဲ့ မွန်းကျပ်မှုတွေထဲမှာ နေနေကြရရှာတာ။ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ဂိုက်၊ ထမင်းတောင် အရသာရှိရှိ စားရတဲ့ကလေး နဲမှာပဲ။အဲဒီလိုကလေးတွေက အဲဒီလောက် မွန်းကြပ်နေကြရတာ စာဖတ်ဖို့  ၊ တွေးဖို့ ၊ စဉ်းစားဖို့ ၊ နဲနဲကလေးမှ ထပ်မလုပ်ချင်တော့ဘူး။ လုပ်နိုင်တဲ့ ခွန်အားလည်း မကျန်တော့ဘူး။ ပိုပြီးဆိုးတာက လုပ်လည်း မလုပ်တတ်ကြတော့ဘူး။
စဉ်းစားခွင့်၊ တွေးတောခွင့် မပေးတဲ့ ပညာရေးစံနစ်၊ ပြန်လည်မေးခွန်းထုတ်ခွင့် မရှိတဲ့ မိဘဆရာ ရိုးရာအစဉ်အလာ၊အဲဒါတွေကြားထဲမှာ ကျောင်းစနေပါပြီဆိုကတည်းက နဲနဲ ဖောက်ထွက်ချင်တဲ့ကလေး၊ အတော်အတန် စူးစမ်းတတ်တဲ့ကလေးတွေဆိုရင် ဆရာမက မျက်စိစပါးမွေးစူးပြီး ကြိုတင်နှိပ်ကွပ် ထားလိုက်တော့တာ။ မြန်မာ့အစဉ်အလာကပြန်မေးတာကို ပြန်အပြောခံရလေခြင်းဆိုပြီး၊ အသဲဆတ်ဆတ်ခါအောင် နာတတ်ပေတာကိုး။ တောက်မယ့်မီးခဲ တရဲရဲလေးတွေကို ၊ အစွယ်လေးနဲ့ ဟဲ့လို့  အထင်မှားတတ်ကြတဲ့ လူ့ အဖွဲ့ အစည်းစရိုက်က အဲဒီလိုနဲ့  အမြစ်တွယ် လာခဲ့ရတာ။
ဖြန့် ထွက်တွေးတာတွေဘာတွေ အသာထားလို့ ၊ ရှာမရှည်နဲ့ ၊ အသေသာကျက်၊ အသေသာ မှတ် ဆိုတာနဲ့  လူဖြစ်လာကြရတာ။ သူတို့ ဘ၀တွေမြင်မှ ကိုယ့်ငယ်ဘ၀ ဘယ်လောက်ကံကောင်းလိုက်လေခြင်းလို့  ပြန်မြင်မိတာ။ကျူရှင်ဆိုတာကို ဆယ်တန်းလောက်မှ ယူရကောင်းမှန်းသိတာ။ ကျောင်းကပြန်လာတဲ့အချိန်က ကိုယ့်အချိန်ပဲ။ရေမိုးချိုးမလား၊ ကစားမလား၊ နားမလား။ ကြိုက်တာရွေးလို့ ရခဲ့တာ။ စာဆိုတာ ညရောက်မှ ကြည့်တာ။ ကျက်တာပြုတာ၊ အိမ်စာ လုပ်တယ်ဆိုတာကလည်း ကိုယ်တွေမှာတော့ ခဏဆို ပြီးသွားတော့ အိပ်ရေးဆိုတာလည်းဆယ်တန်းလောက်မှ မ၀တော့တာ။
အဓိကကတော့ ခေတ် ၊ စံနစ်တွေပါပဲ။ ခေတ်တွေ၊ စံနစ်တွေကပဲ လူသားတွေကို ဖန်တီးပုံဖော် တည်ဆောက်သွားကြတာကိုး။ ပုံသွင်းခံလိုက်ရတဲ့အတိုင်း ၊ ပုံစံခွက်တွေထဲက ထွက်လာကြတဲ့ လူသားတွေပေါများနေရတဲ့ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ကြီးပါ။ မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့  ပုံစံခွက်ကြီးက တော်တော်လေး နက်ရှိုင်းလာနေတာကို အခြေကနေစပြင်ဆင်ဖို့  အချိန်ယူပြီး ပြင်ကြရမှာပါ။ စည်းကမ်းအစ စာသင်ကျောင်းကကိုစဉ်းစားတွေးခေါ်ခြင်းအစ ၊ စာသင်ကျေင်းကဖြစ်အောင် ပညာရေးစံနစ်ကို ပြင်မှ ရမှာပါ။ အဲဒီကြရင်လည်းအခုနိုင်ငံရေးနဲ့  ဘာသာရေးရောထွေးပြီး နှစ်ခုလုံးညှိုးနွမ်းရသလိုမျိုး၊ ပြန်လှန်စူးစမ်းခွင့်က အာစရိယဂုဏောနဲ့ ထိပ်တိုက်မညိစွန်းဖို့ ၊ ငြင်သာစွာရွေ့ ယူရမယ်ထင်ပါတယ်။
မြင်သမျှယုံ၊ ကြားသမျှယုံနေကြတဲ့ကလေးတွေကို ဒီနေ့ အများကြီးတွေ့ နေရတာ ကျွန်တော်ကတော့သနားစရာကောင်းတယ်လို့ ပဲ မြင်ပါတယ်။ တော်အောင်လုပ်ခွင့်မရခဲ့တာ၊ လေ့လာဆည်းပူးဖို့ အခွင့်အရေးကိုမရခဲ့ကြရှာတာပါ။ ဘာပဲဖြစ်နေနေ စာဖတ်တဲ့သူက သူများထက် နှာတစ်ဖျားတော့ သာတာပဲ။ ခေါင်းတလုံးစာတော့ ပိုမြင့်တာပါပဲ။ စာဖတ်တဲ့နေရာမှာလဲ စာကြီးပေကြီးမှ၊ တက်ကျမ်းမှ၊ ရသ စာပေမှ၊ သုတမှရယ် မဟုတ်ပါဘူး။ တွေ့ ရာ ကြိုက်ရာသာ ယူဖတ်ပါစေ။ စာဖတ်သက်အရကို လူဟာ အလိုလို စာကိုရွေးချယ်တတ်လာတာပါ။
အနားမှာ၊ လွယ်လင့်တကူ လက်လှမ်းမှီမယ့်နေရာမှာ အရွယ်အလျောက် ဖတ်သင့်တဲ့၊ ဖတ်စေချင်တဲ့စာအုပ်တွေကို အသာကလေး ပါးပါးနပ်နပ်ရွေးချယ်ပေးထားတတ်တဲ့ ပတ်ဝန်းကျင်ကောင်းမှာ ရှိနေခွင့်ရနေအောင် ဖန်တီးပေးထားဖို့ ကတော့ လူကြီးတစ်ယောက်ရဲ့  တာဝန်အဖြစ် မဖြစ်မနေယူပေးကြမှအခုဖြစ်နေတဲ့ မျိုးဆက်အလိုက်ဖြစ်နေတဲ့ ညံ့ဖျင်းမှုကြီးကို ပယ်ဖျောက်နိုင်မှာပါ။
သုတတစ်ခုတည်းနဲ့  လူကိုတည်ဆောက်တဲ့အခါ နှလုံးသားက လိုက်ပါရင့်ကျက်ကြီးပြင်းမလာပဲ၊ ရုန့် ရင်းကြမ်းတမ်းတဲ့ ၊ ခက်ထန်မာကျောတဲ့ ၊ ရက်စက်ယုတ်မာတဲ့လူတွေ အလွယ်တကူ ဖြစ်လာတတ်ပါတယ်။ရသ တစ်ခုတည်း သိပြီး ဘာသုတမှ မသိပဲနဲ့ လည်း လောကအလည်မှာ လူအလူနလေးတွေ ဖြစ်နေကြရမှာပါ။ Emotional Quotient တို့ ၊ Emotional Intelligence တို့ ၊ Intelligence Quotient တို့ ကို ညှိနှိုင်းချိန်ဆတတ်စေဖို့ ၊ သေချာတာကတော့ စာများများဖတ်ဖို့  လိုပါလိမ့်မယ်။ တတ်စွမ်းသမျှ၊ ဖတ်နိုင်စွမ်းရှိသမျှ စာခပ်များများကို ဖတ်ဖို့  မဖြစ်မနေလိုပါလိမ့်မယ်။
သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းကတော့ ပြောသွားပါတယ်။ သမိုင်းသင်တာ မအ အောင်လို့ ပါတဲ့။ကျွန်တော်ကတော့ မအ အောင် စာလည်းများများ ဖတ်သင့်တယ်လို့  ထင်ပါတယ်။ ရှေးစကားကြီးအတိုင်းပြောရရင်တော့ အနာဂတ်က အခုလူငယ်တွေရဲ လက်ထဲမှာမို့ ပါ။ ။
ပြည်ချစ်သူ
17.6.2013