Quantcast
Viewing all articles
Browse latest Browse all 1811

နစ်မြုတ်နေသောရတနာများ


နစ်မြုတ်နေသောရတနာများ

မြေအောက်ရောက်နေသည့် ရှေးဟောင်းပစ္စည်းများကို တရုတ်ကြေးနီသတ္တုတူးဖော်သည့်အဖွဲ့တစ်ခုက အာဖဂန်နစ္စတန်တွင် တူးဖော်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းဗုဒ္ဓအဖွဲ့အစည်းနှင့် ဤဒေသ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ကိုးကွယ်ယုံကြည်မှုများကအစ ပြန်လည်ဆန်းစစ်စရာဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က ဗုဒ္ဓသစ်သားဆင်းတုတော်များကို မူလအနေအထားအတိုင်း ပြန်လည်တူးဖော်ရရှိလိုက် သဖြင့် အဘ္ဘဒူ ကာဒီ တီမိုရီတစ်ယောက် ဝမ်းမြောက်နေမိသည်။
 အထူးသဖြင့်အာဖဂန်နစ္စတန်အရှေ့ပိုင်း ရှေးဟောင်းကျောင်း တော်ရာနေရာတစ်ခုကို ခြေရာခံမိသောကြောင့်လည်း သူပျော်ရွှင်သွားမိသည်။

တီမိုရီသည် အာဖဂန်နစ္စတန် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနအဖွဲ့၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ဗုဒ္ဓဆင်းတုတော်များကို တွေ့သည်နေရာမှာ ကဘူးမြို့နှင့်သိပ်မဝေးသော တောင်ခြေအနီးတွင်ဖြစ် သည်။

“လေးထောင့်စပ်စပ် ဘုရားကျောင်းကြီးတစ်ခုကို တူးဖော်တွေ့ရတာ။ အဲဒီကျောင်းတော်ဟောင်းထဲက ဘုရားဆင်းတုတော် တွေဟာ လေးမီတာ၊ ငါးမီတာလောက်မြင့်တယ်။ အချို့ဆင်းတုတွေက ခြေထောက်တွေပဲကျန်တော့တယ်။ ကိုယ်ထည်ပိုင်းနဲ့ ဦးခေါင်းပိုင်းတွေ ပျက်စီးကုန်ကြပြီ။ အချိန်ကလည်းကြာပြီလေ။ ကျွန်တော်တို့ လျောင်းတော်မူဆင်းတုတွေလည်းဒီမှာ တွေ့ခဲ့တယ်” ဟု သူကဆိုသည်။

“ကျွန်တော် ခြေထောက်တွေကို သန့်စင်ဆေးကြောနေချိန်မှာ သစ်သားလိုမျိုး တစ်ခုခုကို လက်နဲ့ သွားထိမိတယ်။ အဲဒီ သစ်သားစကိုလည်း ကျွန်တော် သန့်စင်လိုက်တယ်။ ကျွန်တော်အရမ်းပျော်သွားတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဘက်တွေဆီ လှမ်းအော်ပြီး ခေါ်လိုက်တယ်။ ကျွန်တော်ဘာကိုတွေ့ထားတယ်ဆိုတာ သူတို့ကို ခေါ်ပြလိုက်တာပါ။ အာဖဂန်နစ္စတန်မှာ ပထမဦးဆုံးတူးဖော်တွေ့ရတဲ့ သစ်သားဆင်းတုကြီးတစ်ခုဖြစ်ပါတယ်” ဟုဝမ်းသာအားရသူက ပြန်ပြောပြနေသည်။

ထိုနေ့ကား ၂၀၁၀ ပြည့်နှစ်ထဲတွင်ဖြစ်သည်။ ထိုင်လျက် သစ်သားဗုဒ္ဓဆင်းတုတော်များ နေရာအနှံ့ရှိနိုင်သေးသည်။ ရက်ကို ပြန်ပြီး တွက်စစ်ကြည့်လျှင် လွန်ခဲ့သော ၅ ရာစုနှင့် ၇ ရာစုခန့်က လက်ရာများဖြစ်သည်။ ထိုကာလတွင် ပိုးလမ်းမကြီးတွင် ကုန်သွယ်မှုများဖြင့် စည်ကားခဲ့သည်။ ဤနယ်မြေသို့ ဗုဒ္ဓရဟန်းတော်များ ကြေးတူးဖော်ရေးအတွက် ရောက်လာခဲ့မည်မှာ သေချာသည်။

ဗုဒ္ဓဆင်းတုတော်များသည် တင်ပျဉ်ခွေထိုင်လျက် ခြေနှစ်ချောင်းကိုယှက်ထားသည်။ အောက်ခံမှာကြာပလ္လင်ဖြစ်ပြီး၊ တရားရှုမှတ်နေသည့် ပုံစံများဖြစ်သည်။ လက်ျာဘက်လက်သည် မုဒြာဖြစ်ပြီး လက်ဝါးတော်ကို ရှေ့ဘက်သို့လှည့်ထားသည်။ ဆင်းတုတော်များသည် အလွန်လေးပြီး လုံးဝပြေပြစ်ရှုမောဖွယ် အနေအထားဖြစ်သည်။ ဦးခေါင်းတော်ထိပ် ဆံတော်ခွေကို လက်ရာမြောက်စွာ ထွင်းထုထားပြီး ၂၀ စင်တီမီတာခန့်ရှိသည်။

“ဒီလို သစ်သားဆင်းတုတော်မျိုးတွေကို အိန္ဒိယနဲ့ သီရိလင်္ကာလောက်မှာပဲ တူးဖော်တွေ့တာများတယ်။ အဲဒီနိုင်ငံတွေနဲ့ ဝေးကွာတဲ့ဒေသတွေမှာ ဆင်းတုတော်ကြီးတွေကို ဖူးတွေ့ရတာတော့ ဒါပထမဦးဆုံးပဲ။ ပုံသဏ္ဍန်တွေကလည်း ခြေထောက်တွေ ထားပုံကအစ လက်ရာကွာတယ်။ ရွှံ့ဆင်းတုတော်ကြီးတွေဆိုရင်လည်း အပေါ်က ဖိအားတွေ သိပ်မရှိတော့ ပကတိအတိုင်း ပြန်ရတယ်” ဟုဆိုသည်။

တီမိုရီတူးဖော်ရရှိခဲ့သော ဆင်းတုတော်များကို ယခုအခါ ကဘူးမြို့ရှိ၊ အာဖဂန်နစ္စတန် အမျိုးသားပြတိုက်တွင် ပြသထားသည်။ စုစုပေါင်း တူးဖော်ရရှိသည့် ဆင်းတုတော်ပေါင်း ထောင်ချီပြီးရှိသည်။ ထိုရှေးဟောင်းကျောင်းတော်ရာမြေကွက်သည် ဘာဘာဝလီတောင်ခြေတွင်ရှိပြီးမြေဧက ၁၀၀၀ ခန့်ရှိသည့်အကွက်ဖြစ်သည်။ ကဘူးမြို့မှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ ခန့်ကွာဝေးသည့်နေရာတွင်ရှိပြီး ထိုနေရာတွင် နှစ်ပေါင်းများစွာ ဖုန်နှင့်သဲများဖုန်းလွှမ်းနေသည့် ခြောက်သွေ့သည့်ဒေသလည်း ဖြစ်သည်။အရှားပါးဆုံးသော ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်နေသည့် နေရာတစ်နေရာဖြစ်သည့် ထိုနေရာ၏သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ခန့်ရှိပြီဖြစ်သည်။ ရှေးဟောင်းသုတေသီများ၏ စိတ်ရှည်စွာ ဘရပ်ရှ်များဖြင့် တစ်လွှာချင်း ဖော်ထုတ်ခဲ့ရသည့် ရလဒ်မှာ အတိတ်ကိုပကတိအတိုင်း ပြန်လည်တွေ့လိုက်ရသလို ခံစားမိသည်။

ဤနေရာတွင် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်တူးဖော်တွေ့လိုက်ရခြင်းမှာ ဗုဒ္ဓဘာသာသည် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများသာမက ယခုတူးဖော်တွေ့ရှရသည့် အာဖဂန်နစ္စတန်အရပ်တိုင် ပျံ့နှံ့ခဲ့ကြောင်း ထင်ရှားသည်။ ဘာသာရေးနှင့် ဆက်နွှယ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများဆက်စပ်စဉ်းစားလိုက်လျှင် ဗုဒ္ဓဘာသာ၏ တစ်ချိန်က လွှမ်းမိုးနိုင်စွမ်းမှာ အံ့သြဖွယ်ရာဖြစ်သည်။

“ဒီဒေသတွေမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပျောက်ကွယ်ကုန် တာ ဖိအားတစ်ခုခုကြောင့်ဖြစ်မယ်ထင်တယ်။ ဘာတွေက ဒီလောက်များ ဖိအားပေးခဲ့လိုလဲဆိုတာ နားလည်ရခက်သလို၊ သေချာစွာ လေ့လာဆန်းစစ်မှုတွေလည်း လုပ်ခဲ့တာ မတွေ့ရသေးဘူး” ဟု ဖိလစ်ပီ မားကွစ်ကဆိုသည်။ သူသည် ကဘူး အခြေစိုက် DAFA ပြင်သစ်ရှေးဟောင်းသုတေသနဌာန၏ အကြီးအကဲတစ်ဦးဖြစ်သည်။

ဤနေရာတွင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည်ဆိုလျှင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများကိုလည်း ဆက်စပ်စဉ်းစားရမည် ဖြစ်သည်။

ယခုဗုဒ္ဓကျောင်းတော်နှင့် ဆင်းတုတော်များတွေ့ရှိသည့်နေရာကို Mes Aynak ဟုခေါ်ပြီး ၁၉၆၃ ခုနှစ်လောက်ကတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓနှင့်ပတ်သက်သည့် သမိုင်းများရှိခဲ့ကြောင်းကို ၁၉၇၀ ပြည့်နှစ်လောက်မှ စတင်လေ့လာခဲ့ကြခြင်းဖြစ်သည်။ ဆိုဗီယက်ဘူမိဗေဒပညာရှင်များက အပျက်အစီးများကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် DAFA ရှေးဟောင်းသမိုင်းပညာရှင်များက အိုးခြမ်းကွဲများကိုစတင်တွေ့ရှိရာမှ ၁၉၈၂ ခုနှစ်တွင် သမိုင်းဝင် နေရာတစ်နေရာ အဖြစ်ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်သည်။

တာလီဘန်တို့ကြီးစိုးသည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ Mes Aynak ဒေသသည် အယ်လ်ကိုင်းဒါးတို့ စစ်ရေးလေ့ကျင့် သည့်ဒေသဖြစ်ခဲ့သည်။ အိုစမာဘင်လာဒင်သည် စက်တင်ဘာ ၁၁ တွင်အမေရိကန်တို့ကို တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့သည့်နေရာဟူ၍လည်းထင်ရှားသည်။

ဤဒေသသည် ကမ္ဘာ့ကြေးနီအများဆုံးထွက်သည့်ဒေသအတွင်း၌ ပါဝင်ပြီး အဆင့်မြင့်ကြေးနီ ၅ ဒသမ ၅ သန်းခန့်ထွက်ရှိရာ ဒေသလည်းဖြစ်သည်။

“ဒီနေရာကို ရဟန်းတွေက ကြေးနီတွေအတွက် လာကြတာ။ ကြေးနဲ့ ပစ္စည်းတွေထုတ်တယ်။ နှစ်ရာနဲ့ချီပြီး ပိုးလမ်းမကြီး အတိုင်းကြေးထွက်ကုန်တွေကို အရှေ့အလယ်ပိုင်းနဲ့ အိန္ဒိယဆီ ကုန်သွယ်ခဲ့ကြတယ်။ အဲဒီအချိန်လောက်ကတည်းက Mes Aynak ဒေသဟာ အရေးပါခဲ့တယ်ဆိုတာ ထင်ရှားတယ်” ဟု ဗြိတိန်ရှေးဟောင်းအမွေအနှစ်အကြံပေး အင်ဒီ မေးလ်လားက ဆိုသည်။

Mes Aynak တွင်တွေ့ရှိရသည့် ဗုဒ္ဓရုပ်ပွားတော်များအပေါ်မှာ ပန်းချီဆေးများကိုကြည့်ပြီးဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန် တွင် ဘီစီပထမရာစုမှ ၁၀/၁၁ ရာစုခန့်အထိ နှစ်ပေါင်းထောင်ချီပြီး လွှမ်းမိုးနိုင်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ လူတို့နောက်ဆုံး နေထိုင်စွန့်ခွာသွားခဲ့သည့်ကာလမှာ ၁၃ ရာစုခန့်တွင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ ဝတ်ပြုဆုတောင်းသည့်နေရာသည် ဤမျှ အပျက်အစီးများကြားတွင် နှစ်ပေါင်းများစွာ ကွယ်ပျောက်ခဲ့ရခြင်းမှာလည်းဘာသာရေးနှင့် ဆက်စပ်စဉ်းစားစရာများစွာရှိပါသည်။ ဘာသာတစ်ခုက ဘာသာတစ်ခုအပေါ် လွှမ်းမိုးချုပ်ကိုင်သောကြောင့်ဟုလည်း တွေးဆနိုင်သည်။

ဗုဒ္ဓဘာသာကွယ်ပျောက်သွားပြီးနောက် ဤနေရာဒေသသည် နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေသည့်ဒေသဖြစ်ခဲ့ရခြင်းကိုလည်း ပြန်လည်စဉ်းစားသုံးသပ်သင့်ပါသည်။ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး၊ ဘုန်းမီးနေလတောက်ကာ စည်ပင်ဝပြောခဲ့ သည့် ဒေသကြီးတစ်ခုပျောက်ကွယ်သွားခဲ့ခြင်းသည်ကား သံဝေဂပွားစရာပင်။

Viewing all articles
Browse latest Browse all 1811