‘အတ္တဟိ အတ္တနော နာထော’
ဆိုတဲ့ ပါဠိအနက်ကို မြန်မာပြန်တော့ ‘မိမိကိုယ်သာ ကိုးကွယ်ရာ’ လို့ ယေဘူယျ မှတ်သားနားလည် ထားပါတယ်။ ဒီနေရာမှာ ကျနော် ဥာဏ်မီသလောက် တွေးကြည့်မိတော့ ‘ကိုးကွယ်ရာ’ ဆိုတဲ့အတိုင်း ကိုးကွယ်ထိုက်တဲ့ ဂုဏ်အရည်အချင်း ပြည့်စုံဖို့တော့ လိုပါတယ်။
လောကီအမြင်နဲ့ ကြည့်တဲ့အခါ ‘မိမိကိုယ်သာ ကိုးကွယ်ရာ’ ဆိုတာဟာ လောကီရေးရာ ပွားစီးကြောင်း ကိုယ်တိုင်ကြိုးစားအားထုတ်မယ်။ လောကီရေးအသိအမြင်တွေ ရှင်သန်ထက်မြက်အောင် ကိုယ်တိုင် လေ့လာလိုက်စားမယ် စသဖြင့် သဘောပေါက်မိပါတယ်။ တနည်း မိမိရဲ့ ရုပ်နာမ် ခန္ဓာကိုယ်ကို အရင်းတည် အမှီပြု ကြိုးကုတ်ဆောင်ရွက်တဲ့ သဘောပေါ့လေ။
လောကုတ္တရာရေး အမြင်မှာတော့ လောကီထက် ပိုမိုသိမ်မွေ့နက်နဲမှာ အသေအချာပါပဲ။လောကုတ္တရာ (လောက ဥတ္တရာ= လောကီရေးရာတွေကို ကျော်လွှားလွန်မြောက်ခြင်း ) ဖြစ်နေလို့ပါ။ အဲဒီမှာ ခန္ဓာကိုယ် ဆိုတာကြီးကိုက မမြဲတဲ့ ပျက်တဲ့ ရုပ်နာမ် တရားအစုအဝေး ဖြစ်နေပါတယ်။ အနိစ္စ သဘောဆောင်ပြီး မမြဲတဲ့ ဒုက္ခသစ္စာ တုံးကြီး။ ဒါကြောင့် သူဖြစ်ပျက်နေတာဟာလည်း ကိုယ့်ဆန္ဒအလိုနဲ့ ကင်းကွာနေတဲ့ ကိုယ်က ထိန်းချုပ်ကန့်သတ်လို့ မရတဲ့ အနတ္တ တရားကိုယ် ပါ။ အဲဒါကြီးကို ကျနော်တို့ ဘယ်လို ကိုးကွယ်လို့ ရနိုင် ပါ့မလဲ…။
ဒီတော့ မပျက်တဲ့ မြဲတဲ့ ဥာဏ်ရအောင် ကိုယ်တိုင် ကျင့်ကြံ အားထုတ် တည်ဆောက်ရတာပါ။ ဒီနေရာမှာ ဆရာရဲ့ အခန်းကဏ္ဍ ပါဝင်လာပါပြီ။ ကိုယ်တိုင်ကျင့်ကြံအားထုတ်တယ်ဆိုလို့ ငါလုပ်ငါရ သဘောပိုက်လို့ မဖြစ်ပါဘူး။ လောကုတ္တရာရေး ပေါက်မြောက်အောင်မြင်ပြီးသား အရိယာ ဆရာမြတ်ရဲ့ သွန်သင်ဆုံးမ လမ်းပြခေါ်ဆောင်မှု အတိုင်း တသွေမတိမ်း လိုက်နာကျင့်ကြံရပါတယ်။ ပြောရရင် လောကီရေး အသိ အတတ်ပညာ မှာပင် ဆရာရဲ့အခန်းကဏ္ဍ အရေးကြီးပါတယ်။
ဥပမာလေး တခု ပြောရရင် တချိန်က ကျနော်တို့ အင်္ဂလိပ်စာ လေ့လာခဲ့ကြတယ် .. အဲဒီမှာ သင်တန်းပို့ချ ပေးသူက ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း တဦးပါ။ သူက ရန်ကုန်တက္ကသိုလ်မှာ ဥပဒေ ဘာသာရပ်အဓိကနဲ့ နောက်ဆုံးနှစ် တက်နေတုန်း ၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ကျခဲ့ပါတယ်။ ထောင်ထဲမှာရှိနေစဉ် တခြားအင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ကြီးတချို့ထံကနေ အင်္ဂလိပ်စာ လေ့လာသင်ယူလာခဲ့ပြီး အပြင်ပြန်ရောက် တဲ့အခါ ပြန်လည် သင်ပြပေးနေသူပါ။ ခက်တာက ကျနော်တို့ လူမျိုးထဲက တချို့လူတွေရဲ့ တလွဲမာန လေးတွေပါ။ လူတဖက်သားကို ဆရာခေါ်ဖို့ အင်မတန် ဝန်လေးတတ်ကြတယ်။ ဒါနဲ့ပဲ ကျနော့်လို ကျောင်းမတက်ဘဲ ကိုယ့်ဘာသာ လေ့လာသူတွေ ရှိခဲ့တယ်။ သူတို့က ကျနော်ကိုလည်း ပြောကြတယ်။ ‘ခင်ဗျားဗျာ ကိုယ်တိုင်လည်း ဘွဲ့ရပြီးသားဟာ သူများဆီ ဘာလို့ တပည့်ခံနေတုန်း … ကိုယ့်ဘာသာ လေ့လာပေါ့’ တဲ့။ ကျနော် ပြုံးပြုံးလေးပဲ တုန့်ပြန်လိုက်ပါတယ်။ ‘ကိုယ့်ဘာသာ လေ့လာတယ်ဆိုတာ ရေသေမှာကူးရသလိုပဲ ကိုယ်က လှုပ်သလောက်ပဲ ရွေ့တာ .. သင်တန်းကျောင်းကျတော့ သင်တဲ့လူက အာပေါက်အောင် ရှင်းပြတာကို ကျနော်က ငြိမ်ငြိမ်လေးထိုင် နားစိုက်ထောင်လိုက်ရုံနဲ့ ရေရှင်မှာ ကိုယ်ဖော့ထားသလို သူ့အလိုလို ရွေ့နေတာဗျ’ လို့လေ။ တကယ်လည်း ဟုတ်ပါတယ်။ ၆ လလောက်အတွင်း ကျနော် အရင်ထက် အများကြီးတိုးတက် သွားတယ်။ စာသင်ပေးတဲ့ သူငယ်ချင်းကိုလည်း ကျနော် ဆရာခေါ်စရာ မလိုခဲ့ပါဘူး။ ရင်ထဲက အသိအမှတ် ပြုထားလိုက်ရုံပဲ။
ဆိုလိုတာက လောကီပညာရှာရာမှာတောင် ဆရာရဲ့အပိုင်းက ဒီလောက် အရေးပါလှတာ။ လောကီကို လွန်မြောက်တဲ့ လောကုတ္တရာကူးရောက်ရေးလမ်း… ၃၁ ဘုံသံသရာကို ဖြတ်ထွက်ရတဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ် တည်ဆောက်ရေးလမ်းမှာ ဆရာရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုမှ ဖယ်ရှားလို့ မရတဲ့ အပိုင်းဖြစ်ပါတယ်။ တခါတတခါမှာ… သင်ကြားပြသပေးတဲ့ ဆရာမပါဘဲ ကိုယ်တိုင်ကျင့်ကြံအားထုတ်လို့ အရိယာဖြစ်တယ် ဆိုတဲ့ အရေးအသားမျိုးကို ဖတ်ရတဲ့အခါ ရင်သပ်အံ့သြမကုန် ဖြစ်ရပြန်ပါတယ်။ တရားရသွားတဲ့ အရိယာမြတ် ပုဂ္ဂိုလ် ကိုယ်တိုင်ရဲ့ နှုတ်ထွက်စကားလား … တဆင့်ခံပြန်ပြောသူရဲ့ မှန်းဆချက်လားဆိုတာကိုလည်း သိချင်စိတ် ဖြစ်မိပါတယ်။
ဒီသာသနာမှာ ဆရာမကူ မိမိအလိုလိုကျင့်ကြံအားထုတ်မှုနဲ့ သဗ္ဗညုတ ရွှေဥာဏ်တော်ကို တံခွန်ထူ တည်ဆောက်နိုင်တာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး တပါးတည်းသာ ရှိကြောင်း အခိုင်အမာ ရှိထားပြီးသားပါ။ ကျန်သော အရိယာမြတ် ပုဂ္ဂိုလ်အပေါင်းတို့ဟာ ဘုရား၊ တရား၊ သံဃာ (ရတနာသုံးပါး) ကို အထွဋ်အမြတ်ထား ယုံကြည်ကိုးကွယ်ပြီးမှ ဆရာသမားလမ်းညွှန်သွန်သင်မှုနဲ့သာ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရရှိ ခံစားနိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဆရာဆိုတဲ့ နေရာမှာ ရဟန်းဖြစ်နိုင်ပါတယ်။ လူဝတ်ကြောင်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလူဖြစ်ဖြစ် အရိယာ ပုဂ္ဂိုလ်မြတ် ဖြစ်ရပါမယ်။ အကန်းကိုအကန်း တုတ်ဆွဲလမ်း လျှောက်လို့ လိုရာ ခရီးမပေါက်နိုင်လို့ပါ။
ဒါနဲ့ပတ်သက်ပြီး မှတ်သားမိတာလေး တခု တင်ပြချင်ပါတယ်။ တခါက ဆရာမကြီးဒေါ်ခင်မျိုးချစ်က ရဟန်းတော် တပါးကို လျှောက်ထားဖူးပါတယ်။ ‘အရှင်ဘုရား မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတော်များနဲ့ ကျင့်စဉ်တွေဟာ ခက်ခဲနက်နဲတဲ့အတွက် သာမန်ပုထုဇဉ်တွေ အလွယ်တကူ နားလည်သဘောပေါက်နိုင်စွမ်း မရှိဘူးလို့ သိရပါတယ်။ ဒါဆိုရင် ကမ္ဘာ့လူသားတွေထဲမှာ သူများထက် ဦးခေါင်း တလုံးမြင့်တဲ့ တွေးခေါ်ပညာကြွယ်ဝသော အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆဲလ် တို့လို တွေးခေါ်ရှင်ကြီးတွေကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ တရားလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်စေမယ်ဆိုရင် လွယ်လွယ်ကူကူ တရားရနိုင်မယ် ထင်ပါသလား’ လို့ သဘောရတဲ့ မေးခွန်းလျှောက်ထားတဲ့အခါ ဆရာတော်က ‘မရနိုင်ဘူး’ တိုတိုပဲ ဖြေပါတယ်။ ဘာကြောင့်ဆို ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ရတနာသုံးပါးကို အကြွင်းမဲ့အထွဋ် အမြတ်ထား သက်ဝင်ယုံကြည်မှု ရှိပါမှ မဂ်လမ်းဖိုလ်လမ်းပွင့်တဲ့ အကျင့်မြတ်ကို ကျင့်ကြံလို့ အရာရောက် ပါတယ်။ လောကီရေးရာ တွေးခေါ်ဆင်ခြင်တုံတရား မည်မျှ ကြွယ်ဝပါစေ အဲဒီလို မယုံကြည်နိုင်သူအဖို့ အကျင့်မြတ်ကို ကျင့်နိုင်ဖို့မပြောနဲ့ ဗုဒ္ဓဘာသာဝင်လို့တောင် ပြောလို့မရနိုင်တဲ့ အနေအထားဖြစ်ကြောင်း ရှင်းပြတယ်လို့ ကြားဖူးပါတယ်။
ဒါဆိုရင် ဒီသာသနာတော်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်ကစပြီး ယနေ့ထက်တိုင် ရှင်သန်တည်တံ့အောင် အဓိကနေရာက လက်ဆင့်ကမ်းခဲ့သူတွေဟာ ရဟန်းတော်အရှင်မြတ်တွေဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် အငြင်းပွားဖွယ် မရှိဘူးထင်ပါတယ်။ ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ သာသနာသုံးရပ် ထွန်းကားတယ် ဆိုရာမှာလည်း သံသရာကလွတ်မြောက်ရာ မြတ်နိဗ္ဗာန်နန်းကို စံမြန်းနိုင်တဲ့ တရားဓမ္မတွေ လေ့လာသင်ယူပြီး မှန်ကန်တဲ့အကျင့်မြတ်တွေနဲ့ ကျင့်ကြံပွားများနိုင်လို့သာ အရိယာသူတော်စင်မြတ်တွေ မပြတ်တမ်းပေါ်ထွက်နေတာပါ။ သာသနာတွင်းကာလလို့ ရည်ညွှန်းပြောဆိုတဲ့အခါတိုင်း ရဟန္တာမဆိတ်သုန်း သေးဘူး ဆိုတဲ့ ဝေါဟာရနဲ့ ချိတ်ဆက်ပြောဆိုလေ့ ရှိပါတယ်။
ကျနော်တို့ကိုးကွယ်နေတဲ့ သာသနာရဲ့ အန္တိမ ရည်မှန်းချက်က ၃၁ ဘုံသံသရာမှ အပြီးတိုင် လွတ်မြောက်ပြီး သန္တိသုခ မြတ်နိဗ္ဗာန်ကို စံမြန်းနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုဝင်စားနိုင်တဲ့ စာပေ ကျမ်းဂန်တွေနဲ့ ကျင့်စဉ်မှန် တွေဟာ ထေရဝါဒ ဗုဒ္ဓသာသနာ အတွင်းမှာပဲ ရှိပါတယ်။ မဟာယန မှာမရှိပါ။ မြတ်ဗုဒ္ဓသာသနာ သက်တမ်း ကာလတခုအရောက်မှာ ထေရဝါဒနဲ့ မဟာယန ရယ်လို့ အတိအလင်း ကွဲပြား ခဲ့တာလည်း သာသနာရဲ့ လိုအပ်ချက်အရပါ။ အဲဒီနှစ်ခု လောကီရေးမှာ တူသယောင် အချက်တွေ ရှိနေနိုင်ပေမဲ့ လောကုတ္တရာရေး ရည်မှန်းချက်ချင်း လုံးဝမတူတာကိုလည်း ကျနော်တို့တတွေ သိထားကြပါတယ်။
ဒါကြောင့်မို့ သာသနာကို ထေရ်ရဟန်းတော်တွေ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တယ်။ ထေရ်ရဟန်းတွေ ထဲမှာ လောကုတ္တရာရေး ပေါက်မြောက်အောင်မြင်တဲ့ အရိယာသူတော်စင်မြတ်တွေ ပေါ်ထွန်းခဲ့တယ်.. ပေါ်ထွန်းနေဆဲလည်း ဖြစ်ပါတယ်။ အဲဒီသာသနာဟာ ထေရဝါဒ ဗုဒ္ဓသာသနာဖြစ်တယ်။ ကျနော်တို့မြန်မာနိုင်ငံ ဟာ ထေရဝါဒ ဗုဒ္ဓသာသနာ ကိုးကွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။
ကျနော့်အဖို့တော့ အဲဒီအတိုင်းပဲ မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒီနေရာမှာ ကျနော်နဲ့ အမြင်ကွဲလွဲသူတွေ အတွက် မည်သို့မျှ သဘောမထားပါ။ ယခုလို ရေးသားရာမှာ သုတယမဥာဏ် နဲ့ စိန္တာမယဥာဏ် ဆိုတဲ့ ဖတ်ဖူး ကြားနားဖူးသမျှလေးကို တွေးတောဆင်ခြင်မှုပြုတဲ့ အသိဥာဏ်လေးကို အခြေခံရေးသားတာမို့ လိုအပ်ချက် တွေကို ဖြည့်စွက်ဆွေးနွေးကြစေလိုပါတယ် … ကြိုက်သလို ဝေဖန်မှုလည်း ပြုနိုင်ပါတယ် ခင်ဗျား…
သညာသိ နေမင်းသူ
24-04-2013ဆိုတဲ့ ပါဠိအနက်ကို မြန်မာပြန်တော့ ‘မိမိကိုယ်သာ ကိုးကွယ်ရာ’ လို့ ယေဘူယျ မှတ်သားနားလည် ထားပါတယ်။ ဒီနေရာမှာ ကျနော် ဥာဏ်မီသလောက် တွေးကြည့်မိတော့ ‘ကိုးကွယ်ရာ’ ဆိုတဲ့အတိုင်း ကိုးကွယ်ထိုက်တဲ့ ဂုဏ်အရည်အချင်း ပြည့်စုံဖို့တော့ လိုပါတယ်။