$ 0 0 တလောက မြန်မာမိန်းကလေးတွေ ယဉ်ကျေးမှု ထိန်းသိမ်းဖို့အတွက်... ဟော ခုတလော ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောင့်ဖို့ ပြောကြဆိုကြတဲ့နေရာမှာ ကိုယ်တိုင်က အတွင်းဓါတ် အင်အားကောင်းရင် ထိန်းနိုင်မယ် အတွင်းကပျက်ရင် ခေါဘဏီတပ်ကြီး လာစောင့်တာတောင် ရမှာမဟုတ်ဘူးလို့ ရေးကြပြောကြတယ်... နမူနာကြည့်ချင် ဆရာ့တရာတွေရဲ့ နုတ်တွေ မွှေကြချေဗျာ...ဒီတော့ ခေါဘဏီတပ်ဆိုတာ ဘာလဲသိချင်လို့ မွှေနှောက်ဖတ်ရှုရပါကော... တစ်ချို့လဲ ကျော်ချပြီး စစ်တပ်အကြီးကြီး နေမှာပေါ့ဆိုပြီး ဖတ်သွားသူတွေလဲ ရှိမှာပေါ့... နဂိုကကိုမှ အပြောင်ရေး အတည်ထင်... အတည်ရေး တလွဲထင်ပြီး ဝင်ဆဲကြတဲ့ သကာလဆိုတော့... ဆရာ့ဆရာကြီများရဲ့ ပညာကွန့်ပြီး ရေးတဲ့အရေးအသားတွေကို နားလည်ဖို့က ပိုပိုလိုလာကြတယ် ထင်မိလို့ နဲနဲလောက်မျှပါတယ်... ကိုယ့်လိုလူတွေအတွက် ရည်ရွယ်ရင်း ဖြစ်ကြောင်းပါဗျာ...ရှေးခေတ်က တပ်မတော်ဖွဲ့နည်း ၉ရပ် ရှိတဲ့အကြောင်းကို မဃဒေဝလင်္ကာသစ်မှာ ဒီလိုပြောထားသတဲ့... (၁) ပတ္တိတပ် - ရထားတစ်ဆောင်၊ ဆင်ပြောင်တစ်စီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီး ငါးယောက်၊ နည်းစဉ် လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၏။ (၂) သေနာမုခတပ် - ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ။ (၃) ဂုမ္ဗတပ် - ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြား ဂုမ္ဗ။ (၄) ဂဏတပ် - ဂုမ္ဗမြှောက်သုံး၊ ခေါ်ထုံး ဂဏ။ (၅) ၀ါဟိနီတပ် - ဂဏသုံးလီ ၀ါဟိနီတည့်။ (၆) ပုတနာတပ် - ၀ိဟိနီစစ်၊ သုံးပြန်ဖြစ်က၊တွင်လစ် ပုတနာ။ (၇) စမူတပ် - ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား။ (၈) အဏိကိနီတပ် - စမူအားလျှင်၊ မြှောက်ပွားတြိ၊ အဏိကိနီ။ (၉) ခေါဘဏီတပ် - ယင်းဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ၉-ဆင့်ဖြစ်၏။ တဲ့...ရထား (စစ်တိုက်တဲ့ မြင်းဆွဲလှည်းကိုပြောတာ) က တစ်စီး၊ ဆင်ကတစ်ကောင်၊ မြင်းက သုံးစီး၊ စစ်သည် ငါးယောက်ပါတာကို ပတ္တိတပ် ခေါ်သတဲ့... စစ်သည်ငါးယောက် ဆိုတော့ကာ ငယ်ငယ်က ကျောင်းမယ်သင်ဖူးတဲ့ တစ်အိုးစားဆိုတာတောင် သွားသတိရသေးတယ်... ပတ္တိတပ်ကို သုံးဆပွား သေနာမုခတပ် အရေအတွက်တဲ့ဗျား... အဲ့လိုတွေ ပွားလာရင်း အဏိကိနီတပ် ဖြစ်လာရင် ဆယ်ဆပွားတော့ ခေါဘဏီတပ်ရဲ့ အရေအတွက်ရသတဲ့.... အပျင်းပြေ တွက်ကြည့်ကြပါ့လား... အဖြေလေးတွေ ပေးသွားကြပေါ့... ဟုတ်ပလား...ထားတော့... တကယ်တမ်း ပါဠိပတ်သား မှတ်တမ်းမှတ်ရာတွေအရ ခေါဘဏီတပ်ကို အက္ခောဘိဏီတပ်လို့ ခေါ်သတဲ့ အပေါ်မှာ ပြောခဲ့တာနဲ့ ကွဲလွဲတဲ့ တပ်ဖွဲ့စည်းပုံ တွေကိုလဲ ဗဟုသုတအနေနဲ့ ဖတ်သားမိသေးတယ်... ဒါတွေက... (၁) သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းကြီး လက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့ကို စစ်တိုက်ရာမှာ ချီတက်တဲ့ အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေ တစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။ တဲ့... (စကားချပ် - တမယ်လ်ဆိုတော့ တမီးလ်ကျားသူပုန်တွေရဲ့ ဘိုးဘေးဘင်ဆက်များ ဖြစ်နေမလားပဲနော်... ဇက တယ်မသေးတဲ့ ကောင်တွေပဲ... သီဟိုလ်ကျွန်းဆိုတဲ့ သီရိလင်္ကာံမယ် အဲ့လောက်စစ်တပ်ကြီးဆို လူရောခွေးရော ထည့်တွက်တာနေမယ်... ဒါမှမဟုတ် အဲ့ခေတ်က ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင် ကျော်ပုံရတယ်...) (၂) မဟောသဓတို့ စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ဝါးလုံးခြောက်ဆယ် တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့ နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန် ဝါးအလုံးခြောက်ဆယ် တစ်စည်းကိုချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံး ခြောက်ဆယ်အစည်းပေါင်း ခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။ တဲ့... (၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင် နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ် သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟော ပါဌဇာတ်ပါဠိတော် ၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ် အဓိပ္ပါယ်များကိုပါ ထုတ်ဆောင် ညှိနှိုင်းပြီးလျှင် ရေးသားစီရင် တော်မူခဲ့သောသဒ္ဒနီတိကျမ်းဆရာ အရှင် အဂ္ဂဝံသ ထေရ်မြတ်က...နဝ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ ---ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီ ယူပုံကိုပြဆိုခဲ့သတဲ့။ အဓိပ္ပါယ်မက ဆင်ပေါက်ကြီးကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲ ကုဋေကိုးရာ၊ သမီးကညာ ကုဋေကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။ တဲ့... (၄) အမရကောသ အဘိဓာန် ဋီကာမှာတော့...ဆင် - ၂၁၈၇၀။ ရထား -၂၁၈၇၀။ မြင်း - ၆၅၆၀၀။ ခြေစစ်သည် - ၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀ သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆိုပါသတဲ့...ဆုတ်ကပ်ဖြစ်တဲ့ ဒီဘက်ခေတ်မှာတော့ လူတွေရဲ့သက်တမ်း တိုလာတာ လူဦးရေနည်းပါး လာတာတွေကြောင့် အက္ခောဘိဏီတပ် ဖွဲ့တဲ့နေရာမှာ အရေအတွက် နည်းနည်းလာကြသတဲ့... ပြီးတော့ ဆင်နည်းပါးလို့ စစ်အင်္ဂါလေးပါးတောင် ပြည့်စုံအောင် တပ်မစည်းနိုင်ကြဘူးတဲ့...အမေရိကားက တပ်ကြီးတောင် စစ်အင်္ဂါလေးပါး မပြည့်စုံဘူးနော်... ဟဲဟဲ...တစ်စုံတစ်ရာသော အကျိုးရကြပါစေဗျာ... REF: http://www.thupya2008a.blogspot.sg/ ကိုသာပို