Quantcast
Viewing all articles
Browse latest Browse all 1811

ဆာ


…………

“ မိန်းမရေ…ဗိုက်ဆာနေပြီဟ..ထမင်းခူးတော့”
“ ဘယ်လိုဖြစ်လာတာလဲ..ခုမှ အပြင်ကပြန်လာတယ်။ ခုထမင်းဆာတယ်၊ မပြောလိုက်ချင်ဘူး၊ တစ်နေကုန်တော့ လျှောက်သွားပြီး အိမ်ပြန်ရောကတာနဲ့ ထမင်းစားမယ် ဆိုတာပဲ ”
ကျွန်တော်လည်း ဗိုက်ကဆာ နားကပူလာတော့ မီးဖိုခန်းထဲဝင်ပြီး ထမင်းခူးလိုက်သည်။
ဟင်းတွေကခူးခပ်ပြီးသား ဆိုတော့ ထမင်းဝိုင်းမှာ အဆင်သင့်ထိုင်စားလိုက်သည်။
မိန်းမဖြစ်သူက ဘေးနားလာထိုင်သည်။ အင်း တစ်ခုခုတော့ပြောတော့မည်။ ကျွန်တော် စိတ်ထဲ တွေးမိစဉ်တွင်
“ ယောကျာ်း ” ကျွန်တော်ပြန်မထူး။
“ ယောကျာ်း…ကျွန်မလေ..ဟိုဘက်အိမ်က ညီမက ၀မ်းဆက်လေးလာရောင်းလို့ ၀ယ်ထားလိုက်တာ။ ၇၀၀၀ တဲ့။ ပြီးတော့ …”
“ ကဲ…ရပြီ၊ ရပြီ၊ ပိုက်ဆံရှိသေးတယ်မဟုတ်လား။ မရှိတော့ရင်လည်း ချန်ထားတဲ့အထဲက သုံးလိုက်” ကျွန်တော်လည်း စကားစဖြတ်ပြီး လက်ဆေးလိုက်သည်။
ကျွန်တော့်အကျင့်က နားအေးပါးအေးနေချင်သည်။ လုပ်စရာရှိရင် ထလုပ်လိုက်သည်။ ကျန်တဲ့အချိန်မှာတော့ စာအုပ်လေးဖတ်၊ စာလေးရေးပြီး နေသည်။
မိန်းမဖြစ်သူကတော့ တစာစာ။
………….
ဘုရားလောင်းရသေ့မြတ်ဟာ ဈာန်အဘိညဉ်နဲ့ နန်းတော်ကို ကြွလာသည်။
အဲဒီလိုကြွလာပြီး နန်းတော်ကြီးရဲ့ လေသာပြူတင်းပေါက်ကို ရောက်အခိုက်မှာ မုဒုလက္ခဏာ မိဖုရားရှိနေတယ်။ ရသေ့မြတ်ဝင်လာတာ မြင်တော့ ကပျာကယာထလိုက်တယ်။ ဒီလို ထလိုက်ခိုက်မှာ မိဖုရားရဲ့ ကိုယ်ဝတ်ရုံဟာ လျောကျသွားတော့တယ်။
ရသေ့မြတ်ဟာ ၀ိသဘာဝ အာရုံကိုမြင်သွားတယ်ဆိုရင်ပဲ စိတ်တွေဖောက်ပြန်သွားတော့တယ်။
“ တစ်နေ့တည်းတွင် ဆယ်နည်းမက ကြည့်တိုင်းလှ …”ဆိုတဲ့ မုဒုလက္ခဏာ အာရုံက ရသေ့မြတ်စိတ်ကို ဆာလောင်စေခဲ့ပါတယ်။
ထို့အတူ
“ တညှိုးလျလျ၊ တ တ လွမ်း လွမ်း၊ တ အောက်မေ့မေ့..၊ ပြည်ထဲရေးနဲ့၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်..”ဆိုတာမျိုးဖြစ်ခဲ့တဲ့ သိဝိမင်းကြီးဟာ ဥမ္မာဒန္တီ မင်းသမီးရဲ့ အဆင်းအာရုံကြောင့် စိတ်တွေဆာလောင်ခဲ့စေပြန်ပါတယ်။
တိုက်ပွဲတွေကိုတိုက်ခိုက်အောင်မြင်နိုင်ခဲ့တဲ့ ဆီဇာဘုရင်ကြီးဟာ ကလီယိုပါထရာရဲ့ ရူပါရုံ ညွတ်ကွင်းမှာ အချစ်စိတ်တွေနဲ့ ပြိုလဲခဲ့ရတယ်။
ထို့နည်းတူ သူသတ်ကုန်းကို သတ်ဖို့ဖမ်းဆီးခေါ်ဆောင်လာတဲ့ သူခိုးကိုမှ နန်းတော်က ဘုရင့်သမီးပျိုဟာ ချစ်ကြိုက်မိလို့ သူခိုးဓားရိုးကမ်းတဲ့ အဖြစ်မျိုးတွေ ဖြစ်ခဲ့ရပြန်တယ်။
အချစ်စိတ်ကြောင့်လည်း လူတွေဆာလောင်ခြင်းတွေ ဖြစ်ခဲ့တယ်။
“ အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ် ”ဆိုတဲ့ ဆဒ္ဒန်ဆင်မင်း ၀တ္ထုကို ကျွန်တော်တို့ မမေ့နိုင်ခဲ့ဘူး။ ဘာလို့လဲ သုဘဒ္ဒါရဲ့ အမုန်းကြောင့် ဖြစ်မယ်ထင်ပါတယ်။
လူတွေကတော့ အချစ်ကြောင့်၊ အမုန်းတွေကြောင့် စိတ်တွေရဲ့ ဆာလောင်မှုဟာ ခရီးမဆုံးနိုင်ဖြစ် ခဲ့ကြပါတယ်။
……………
The world is food enough for all but is not for one's desire.
ကမ္ဘာလောကကြီးဟာ သက်ရှိသတ္တ၀ါအားလုံးအတွက် ပြည့်စုံလုံလောက်ပေမယ့် လူတစ်ယောက်ရဲ့ ဆန္ဒ(လောဘ)ကိုတော့ ပြည့်အောင် ဖြည့်ဆည်းမပေးနိုင်ပါဘူး။
မိုးလင်းကနေ မိုးချုပ် ရှာလိုက်ကျတာ။ လောဘတွေက မိုးထိအောင်လောင်နေကျတာ။ လောဘတွေနဲ့ လူတွေဆာလောင်နေကျတယ်။
ဝမ်းရေးအတွက်ဆာတယ်။ ပစ္စည်းဥစ္စာအတွက် ဆာတယ်။ ရာထူးဂုဏ်မာနအတွက် ဆာတယ်။ ဒေါသစိတ်တွေ ဆာလောင်နေတယ်။
သြော် ပုထုဇဉ်လူသားတွေအဖို့ ဆာလောင်ခြင်းတွေက များလွန်းလှပါတကား။
……….
သတင်းတွေက တောက်လျှောက်တက်လာတယ်။ ဗုံးပေါက်ကွဲတဲ့ သတင်းတွေ၊ စစ်ဖြစ်နေတဲ့ သတင်းတွေ။ လူတွေ လက်နက်တွေနဲ့ စစ်မက်အတွက် ဆာလောင်နေကြပြန်ပြီ။
သွေးတွေဆူနေကျပြန်ပြီ။ ထို့အတူ တစ်ချိန်က ဟီရိုရှီးမားကို ဘယ်သူမှ မေ့မယ်မထင်ပါဘူး။ ဟီရိုရှိးမားဆိုသည်နှင့် အနုမြူဗုံးကို မြင်လိုက်ကျတာပါပဲ။
စိတ်ဆုံးဖြတ်ချက်တစ်ခု၊ ဗုံးတစ်လုံးကြောင့် သေကြေလိုက်ရတဲ့ လူ၊ ပစ္စည်းဥစ္စာတွေက သမိုင်းမှာအနိုင်ရလိုစိတ် တစ်ခုထက်မကခဲ့ပါဘူး။
ခြင်္သေ့တစ်ကောင်ဖြစ်ဖြစ်၊ သားရဲတစ်ကောင်ဖြစ်ဖြစ် သူ့ဆာလောင်မှုအတွက် အကောင်ငယ်တွေကို သတ်ဖြတ်စားသောက်တယ်။
သို့သော် တစ်ကောင်ကိုသတ်ဖြတ်စားသောက်ပြီးလို့ သူ့ဆာလောင်ခြင်းပြေပျောက်သွားရင် နောက်တစ်ကောင်ကို ရန်မမူတော့ဘူး။
အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူသားတွေကတော့ စိတ်ရဲ့ဆာလောင်မှုတွေကြောင့်အပြစ်ရှိသူ၊ အပြစ်မဲ့သူတွေကိုပါ အကြောင်းမယ့် သတ်ဖြတ်တယ်၊ လုပ်ကြံတယ်။
လူတွေရဲ့ ဆာလောင်မှုကြောင့် ကမ္ဘာကြီးလည်း ပူလောင်နေပါပြီ။
………..
ဝေဒနာ ပစ္စယာ တဏှာ တဲ့။ ဝေဒနာ ခံစားမှုလေးတွေကို ကျွန်တော်တို့ ဖြစ်ပျက်မရှုနိုင်ဘူး၊ ခံစားမှုကို ရပ်တန့်မသွားနိုင်ကြဘူး။
ဒီတော့ တဏှာဆိုတဲ့ ဆာလောင်ခြင်းတွေက ဖြစ်လာတော့တယ်။ အဲဒီအခါ သံသရာကြီးထဲမှာ
တဏှာ ပစ္စယာ ဥပါဒါန် ဆိုပြီး ဆာလောင်ခြင်းကြောင့် အစွဲတွေနဲ့ သံသရာလည်ပြန်တော့တယ်။ မြတ်စွာဘုရားရှင်က ယာယံတဏှာ-အကြင်ဆာလောင်မှုတဏှာသည်၊ ပေါနောဘ၀ိကာ-တစ်ဖန် ဘ၀သစ်ကို ဖြစ်စေတတ်၏။တဲ့။
ဘ၀အသစ် …ဘ၀အသစ်တွေက ဘယ်တော့မှ ကျွန်တော်တို့ သံသရာကနေပြီးဆုံးအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။
…………
ကျွန်တော် ဘယ်အချိန်ထဲက အတွေးတွေဝင်သွားတယ်မသိဘူး ဖုန်းမည်သံကြောင့် ကုလားထိုင်မှာ ထိုင်နေရာက စားပွဲဆီလျှောက်လှမ်းခဲ့တယ်
ကျွန်တော်ဖုန်းပြောပြီး ဖုန်းလေးကိုကြည့်တော့ ကျွန်တော့်ဖုန်းက ဟောင်းနေပြီ။
Update မဖြစ်တော့။ Version ကနိမ့်တော့ တချို့ Software တွေက တင်မရဖြစ်နေတယ်။
ဟုတ်တယ် တစ်နေ့ပြီး တစ်နေ့ အသစ်တွေ အသစ်တွေပေါ်ပေါ်လာနေတာ ဖုန်းအဟောင်းကို စွန့် ဖုန်းအသစ်ဝယ်မှ ဖြစ်တော့မယ်။
ဒီတစ်ခါတော့ မိန်းမဖြစ်သူက ကျွန်တော်က စကားစပြောမိတယ်။
“ မိန်းမရေ ဖုန်းက ခလုတ်တွေကလည်း အဆင်မပြေတော့ဘူးကွ။ ကင်မရာအရည်အသွေးကလည်း နိမ့်နေပြီ။ ပြီးတော့ အင်တာနက်လည်း သုံးမရဘူး။ ဒီတော့ ဖုန်းအသစ်တစ်လုံးလောက် ထပ်ဝယ်ရအောင်ကွာ ”
“ ရှင်ဟာလေ…သူများ အ၀တ်အစားဝယ်တာပြောတော့ စိတ်မပါသလို ပါသလိုနဲ့။ သူအင်တာနက် သုံးရအောင် ၀ယ်ချင်တာများ မသိတာကျနေတာပဲ။”
“ ဟွန်း ..အိမ်ပြန်လာတော့ ဗိုက်ဆာတယ်…ခုစာဖတ်ပြီးထလာတော့ ..ခေတ်မီနည်းပညာတွေ ဆာလာပြန်ပြီပေါ့ ဟုတ်လား ”
သြော် … ဆာ ..ဆာ..ဆာ ။

 
 မောင်ပိုင်
၉-၇-၂၀၁၃။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>