Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ကောင်းကင်ငိုတဲ့ နေ့

$
0
0

Photo
မျက်ရည်က ပါးပြင်ပေါ်ကို လိမ့်ဆင်းလာသည်။ ကျွန်တော်မသုတ်မိ။
ရှေ့တည့်တည့်တွင် နိုင်ငံတော်အလံက တိုင်တစ်ဝက်တွင် လွင့်နေသည်။
“ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားအပေါင်းအား အလေးပြု ”
ကျွန်တော် ဦးခေါင်းကိုညွှတ်လိုက်သည်နှင့် ပါးပြင်ပေါ်က မျက်ရည်စတွေက မြေပေါ်သို့ ကျဆင်းသွားသည်။
သြော်..တကယ်တော့ ဒီနေ့ဟာ ကျွန်တော်တစ်ယောက်ထဲ ၀မ်းနည်းကြေကွဲနေရတာ မဖြစ်နိုင်ပါ။ နိုင်ငံကိုချစ်၊ ခေါင်းဆောင်ကောင်းတို့ကို ချစ်တတ်သူတိုင်း ဒီလိုနေ့မျိုးမှာ ရင်ထဲကြေကွဲနေကြမှာပင်။
……….
“ အာဘုသော ကာရဏာ ကာရဏံ ဇာနာတီတိ အာဇာနီယော ”
အာဘုသော - လွန်စွာ၊ ကာရဏာ ကာရဏံ- အကြောင်းဟုတ်သည် မဟုတ်သည်ကို၊ ဇာနာတိ- သိတတ်၏။ ဣ တိ- ကြောင့်၊ အာာဇနီယော- မည်၏။
အာ-လွန်စွာ၊ လျင်မြန်စွာ၊ ဇာနီယ-သိတတ်သူ။
အကြောင်းဟုတ်သည်မဟုတ်သည်ကို လွန်စွာ၊ လျင်မြန်စွာ သိတတ်သူသည် အာဇာနည်တဲ့။
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကောင်းကောင်းဘယ်သူတွေ သိခဲ့သလဲ။ သမိုင်းကြောင်းအတွက် ဘယ်သူတွေ ဘာလုပ်ခဲ့သလဲ။
ကျွန်ဆိုတဲ့အလုပ်ဟာ ခဏတစ်ဖြုတ်လဲမကောင်း၊ ဘယ်တော့မှလဲ မကောင်းပါ။
မြန်မာနိုင်ငံကတော့ မကောင်းလှတဲ့ ကျွန်ဘ၀ကို နှစ်တစ်ရာနီးမျှ သက်တမ်းရှည်စွာ နေခဲ့ရသည်။ ထိုကျွန်ဘ၀ရှည်မှ လွတ်မြောက်အောင် ဘယ်သူတွေဘာလုပ်ခဲ့ကြပါသလဲ။
အကြောင်းဟုတ်သည် မဟုတ်သည်ကို ကောင်းကောင်းသိသော အာဇာနည်ပုဂ္ဂိုလ်ကြီးများကပင် ကျွန်တော်တို့ တိုင်းသူပြည်သားတွေ လွတ်မြောက်အောင် လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလား။
………..
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့။
ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ် ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင် ခဲ့သည်။
ထိုနေ့က မိုးနှင့်အပြိုင် မြန်မာပြည်သူပြည်သားတွေ မျက်ရည်ရွာသွန်းခဲ့ကျသည်။
ထို့နေ့နှင့် နှစ်ပေါင်း ၃၀ ကျော်မှ မွေးဖွားခဲ့သော ကျွန်တော်တို့အဖို့မှာပင် “ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါတယ် ” ဆိုတဲ့  သီချင်းသံ…ဥသြဆွဲသံ ကြားလိုက်ရသည်နှင့် ကြက်သီးတဖြန်းဖြန်းထ၊ မျက်ရည်ကဝေ့တက်လာစမြဲပင်။
သို့သော် ပို၍နာကျင်ကြေကွဲခဲ့ရသည်က ထိုအသံတွေ မထွက်ဝံ့သော၊ မေ့ပျောက်ခံရသော နှစ်တွေဖြစ်သည်။
မည်သို့ပင်ဆိုစေ သမိုင်းသည် သမိုင်းပင်ဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်း ကပြောဖူး သည်။ သမိုင်းဆိုတာ ဖြစ်ပျက်သမျှကို မှတ်သားထားတဲ့ မှတ်တမ်းသာဖြစ်တယ်တဲ့။ မှတ်တမ်းကို ဘယ်လောက်ပဲပြင်ပြင် သမိုင်းဟာ မပျောက်ပျက်နိုင်ပါ။
……………
ကျွန်တော်တို့ ၀န်ထမ်းဘ၀က ပို၍ဆိုးသည်။ ပါတီနိုင်ငံရေး ကင်းရှင်းရမည်တဲ့။ ကျွန်တော်တို့ ပါတီနိုင်ငံရေး မပြောနှင့် အထက်ကခိုင်းသော အလုပ်ထဲတွင် ၀မ်းရေးကိုတောင် မနည်းကျောင်းယူ နေရသည်။ ဗိုလ်ချုပ်ဟုဆိုလျှင် အလုပ်ပါပြုတ်ရမည့် အခြေအနေမျိုးတွေ ဖြစ်ခဲ့ကြရသည်။
ဗိုလ်ချုပ်ဆိုလျှင် စစ်တပ်က ဗိုလ်ချုပ်ပဲသိလာနေသည့် အခြေအနေတွေ ဖြစ်လာခဲ့ရသည်။
ကလေးတွေကို အာဇာနည်နေ့ဘယ်နေ့၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိက ဘယ်မှာ မေးလျှင် မသိသော ကလေးများစွာ ရှိခဲ့လေသည်။
ယခုလို ဗိုလ်ချုပ်ပုံတွေ ခေတ်မစားခင် ယခင်အစိုးရလက်ထက်က ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဗိုလ်ချုပ် မွေးနေ့အမှတ်တရဆိုပြီး တီရှပ်လုပ်ဝတ်ခဲ့ကြသည်။ တံဆိပ်ရိုက်ပေးသူကလည်း ခိုးကြောင်ခိုးဝှက် ရိုက်ပေးခဲ့ကြသည်။
ကျွန်တော်တို့ကတော့ ရဲရဲဆင်၊ ရဲရဲဝတ်ခဲ့ကြသည်။
(ဒီနေရာမှာ တိုက်ဆိုင်လို့ တစ်ခုလောက်ပြောချင်ပါသည်။ ကျွန်တော်တို့ ၀တ်ခဲ့ကြတော့ အထက်လူကြီးများက မင်းက NLD ကလားလို့ မေးခဲ့ကြသည်။ ဗိုလ်ချုပ်ပုံမြင်လျင် NLD ကိုပဲ ပြေးမြင် ယောင်တတ်ကြသည်။ ဗိုလ်ချုပ် သမီးဦးဆောင်သော NLD သည် ဗိုလ်ချုပ်နှင့် မဆိုင်ပါ။ ဗိုလ်ချုပ်သည် တိုင်းပြည်တစ်ပြည်လုံးနှင့်သာ ဆိုင်ပါသည်။ နောင် တက်လာမည့် ကလေးတွေ၏ စိတ်ထဲတွင် ဗိုလ်ချုပ် သည် NLD ပါတီက ဟူသော အမြင်မျိုးမြင်သွားမှာ စိုးရိမ်မိပါသည်။ ကျွန်တော်အမြင်ဖြစ်ပါသည်။)
တီရှပ်အပြင် ဗိုလ်ချုပ်အခွေထုတ်သည်။ ဓာတ်ပုံထုတ်သည်။ ဓာတ်ပုံတွင် ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့သော “ လူမှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို ချစ်မြတ်နိုးမှုရယ် ” ဆိုတဲ့ စာလေးထည့်၊ ဗိုလ်ချုပ်လက်မှတ်ထည့်ပြီး ဝေငှခဲ့ကြသည်။
ဗိုလ်ချုပ် စိတ်ဓာတ်နှင့် အာဇာနည်ကြီးများ၏ စိတ်ဓာတ်ကို အတုယူ၍ အမှန်တရားကြောင့် ၀တ်ဆင်ခဲ့ကြသည်။
ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်သည် ရိုးသားရဲရင့်လှသည်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင် အယောင် ပကာသနတွေကို ရွံ့ရှာ စက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ ဗိုလ်ချုပ်ရဲ့ စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကိုအခွင့်ကောင်းယူပြီး လုပ်ကြံခဲ့ကြသည်။
နိုင်ငံရဲ့ အလင်းရောင်သည် လူတစ်ဦး၏ ၀န်တိုစိတ်ကြောင့် အမှောင်ကြခဲ့ရသည်။
…………..
ဗိုလ်ချုပ်တို့ ကျဆုံးပြီး နှစ်ပေါင်း ၃၀ ကျော်မှ ကျွန်တော်မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်သည် ကျွန်တော့ ဖခင်မဟုတ်ပါ။ ဦးရာဇတ်သည် ကျွန်တော့ ဦးလေးမဟုတ်ပါ။
သခင်မြသည် ကျွန်တော့ ဘကြီးမဟုတ်ပါ။ အာဇာနည်ခေါင်းဆောင်ကြီးများသည် ကျွန်တော်နှင့် ဆွေမျိုးတော်ဆပ်ခြင်းမရှိပါ။
ဗိုလ်ချုပ်ဟူသည်လည်း ဓာတ်ပုံထဲ၊ သမိုင်းထဲတွင်သာ မြင်ခဲ့ကြရခြင်း၊ သိခဲ့ကြရခြင်းဖြစ်သည်။
သို့သော် အဘယ်ကြောင့် ဇူလိုင် ၁၉ ရောက်လျှင် မျက်ရည်ကျရပါသနည်း။
ဂျူဗလီဟောတွင် ပြင်ထားသော အာဇာနည်ကြီးများ၏ ရုပ်ပုံကိုမြင်ရတိုင်း ရင်ထဲမချိအောင် နာလှသည်။ အဘယ်ကြောင့်ဖြစ်ရပါသနည်း။
ရိုးသားသူကိုချစ်သည်။ ဖြောင့်မတ်သူကိုချစ်သည်။ တိုင်းပြည်ကို တကယ်ချစ်၊ တကယ်လက်တွေ့ လုပ်သွားသူတွေ၊ လုပ်ဆောင်နေသူတွေ၊ အာဏာထက် ရိုးအေးသော ဘ၀ကို တည်ဆောက် သူတွေကို ကျွန်တော်ချစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများကို ချစ်သည်။
ချစ်၍ ဇူလိုင် ၁၉ ဆိုလျှင် ကြက်သီးမွှေးညင်းများထ၍ မျက်ရည်တို့ ကျရပါသည်။
………
“ နေမြဲ ”
ဦးခေါင်းကို ပြန်မော့လိုက်သည်။ မိုးပေါက်တို့က တစ်စက်နှစ်စက်ကျလာသည်။
မနက် ၄ နာရီလောက်ကတည်းက တစ်ပေါက်နှစ်ပေါက် ကျသော မိုးက အုံ့အုံ့မှိုင်းနေသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော နေ့တွင်လည်း မိုးက ရွာသွန်းနေသည်ဟု မှတ်သားရသည်။
ဟော ..ခုလည်းကြည့် မိုးက တစ်စက်နှစ်စက်ကနေ ခပ်သည်းသည်းလေး ရွာလာသည်။
ပါးပြင်ကို စမ်းကြည့်လိုက်မိသည်။ မျက်ရည်စတွေမရှိတော့။
ကျွန်တော့ မျက်ရည်စတွေကတော့ မိုးနှင့်အတူမျှောပါသွားပြီထင်ပါရဲ့။
မဟုတ်ဘူး….မဟုတ်ဘူး… ကျွန်တော့မျက်ရည်စတွေဟာ နာကျင်လို့ ကောင်းကင်က ငိုချလိုက်တဲ့ မျက်ရည်မိုးနဲ့အတူ ပေါင်းစီးသွားတာ။
ဟုတ်တယ် ဒီနေ့ဟာ ကောင်းကင်ငိုတဲ့ နေ့ပါပဲ။

( ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့အား ၀မ်းနည်းစိတ်ဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြုရေးပါသည်)

 
 မောင်ပိုင်
၁၀-၇-၂၀၁၃။
— with William Tuntunko and 11 others.

Photo

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>