Quantcast
Viewing all articles
Browse latest Browse all 1811

ကောင်းမြတ်သော ကောက်ရိုးတစ်မျှင်

………..
“ ယောကျာ်း ”
“ ဟေ… ဘာတုန်းဟ ”
စာဖတ်ပြီး စည်းစိမ်းခံကောင်းနေချိန်မှာမှ မိန်းမဖြစ်သူရဲ့ ခေါ်သံကြောင့် စိတ်မရှည်တဲ့ပုံနဲ့ပြန်ထူး လိုက်တယ်။
“ တော်ကလည်း ဘာဖြစ်တာလဲ။ ဒီမှာ မေးစရာရှိလို့ဟာကို ”
“ အေး မေးမေး ”
“ ဘုရားပန်းအိုးက တစ်အိုးထဲထားရင်ထား မထားရင် နှစ်အိုး မထားကောင်းဘူးဆို ”
“ ဘယ်သူပြောလဲ ”
“ ဘေးအိမ်ကပြောတာပဲ။ စုံမတင်ကောင်းဘူးတဲ့။ မပဲတင်ကောင်းတယ်တဲ့ ”
ဘုရားအိုး ဘယ်နှအိုးတင်ရမလဲဆိုတာ ဘယ်ကျမ်းမှာ ဘယ်လိုပါတယ်။ လူကြီးတွေ ဘယ်လို ပြောခဲ့သလဲ ကျွန်တော်မိပါ။ ဒီတော့ ကျွန်တော်သိတာ ကျွန်တော်ယုံကြည်တာကိုပြောပါသည်။
“ အဓိကရည်ရွယ်ချက်ပဲ မိန်းမရ။ ဘုရားပန်းအိုးတင်တာက ဘုရားကို ပန်းနဲ့ပူဇော်တာပဲ။ တစ်ပွင့်ပဲ လှူလှူ၊ တစ်အိုးပဲလှူလှူ၊ နှစ်ပွင့်ပဲလှူလှူ ကိုယ်က ဘုရားရှင်ကို ဦးခိုက်ပြီး ပန်းလှူတာ။ အဲဒီတော့ ဘယ်နှအိုး တင်တင်ရတယ်။ ဘုရားကို ပန်းအိုးစုံတင်လို့ ခိုက်တယ်ဆိုတာ မရှိဘူး။ ဘုရားက ခိုက်တယ် ဆိုတာ ရှိလို့လား။ ”
“ သိပါဘူးရှင်၊ ကျွန်မကလည်းသူများပြောလို့ နားယောင်မိတာပါ ”
ပြောပြောဆိုဆို သူလှည့်ထွက်သွားသည်။ ကျွန်တော်လည်း စာပြန်ဖတ်နေလိုက်သည်။
…………
ဆရာကိုင်ရိုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်တော်ကြားဖူးသည်။
တစ်နေ့ ဆရာကိုင်ရိုက လူတစ်ယောက်ရဲ့ လက္ခဏာကိုကြည့်ပြီး အိုဇာတာကောင်းမည့်အကြောင်း၊ မိသားစုနှင့် မခွဲမခွာနေရမည့်အကြောင်း ဟောပြောခဲ့ပါတယ်။ ဟောစာတမ်းကိုလည်း သူ့ကို တပါတည်း ထည့်ပေးလိုက်တယ်။
သူဆရာကိုင်ရိုအခန်းကနေ ထွက်သွားပြီး သိပ်မကြာပါဘူး လမ်းမပေါ်မှာ ကားတိုက်ခံရပြီး သေသွားတယ်။ ဒါနဲ့ ဆရာကိုင်ရိုက အပြေးရောက်လာပြီး ဟောစာတမ်းကိုင်ထားတဲ့လက်ကို ဖြန့်လိုက်ပြီး သူ့လက္ခဏာကို ကြည့်လိုက်တော့ လက္ခဏာတွေ ပြောင်းနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။
ဒါဟာ တကယ့်အဖြစ်အပျက်ဟုတ်မဟုတ်တော့ မသိပါဘူး။
ကျွန်တော်က ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုရင် လက္ခဏာပေါ်က အရေးကြောင်းဟာ လူရဲ့လုပ်ဆောင်မှုကို ပြတာပါ။ လူကိုယ်တိုင်က ကောင်းသောအလုပ်တွေလုပ်နေရင် ကောင်းသော လက္ခဏာအရေးကြောင်းဖြစ်မှာပါ။
ဒါကိုပြောတာက အတိတ်ကံကို စွန့်တာမဟုတ်သလို ဗေဒင်၊ လက္ခဏာရပ်ကို စော်ကားတာမဟုတ် ပါဘူး။
လူမှာ အတိတ်ကံဆိုတာ ရှိပေမယ့် လက်ရှိပစ္စုပ္ပန်လုပ်ရပ်ကြောင့် အတိတ်ကံတွေ ပြောင်းသွား နိုင်ပါတယ်။
ဒါဆို ဗေဒင်၊ ယတြာတွေ ဘာကြောင့်ရှိနေသလဲ။ အစွဲကြောင့်ပါ။ ဥပါဒါန်ကြောင့် ဥပါဒ် ရောက် နေကြခြင်းကြောင့်ပါ။
………….
လူတွေဟာ တကယ့်အရေး၊ တကယ့်ဘေးနဲ့ကြုံလာရင် နီးစပ်ရာ ကောက်ရိုးတစ်မျှင်ကို ဖြစ်ဖြစ် လှမ်းစွဲတတ်တယ်လို့ဆိုပါတယ်။ အားကိုးရာပဲဖြစ်ဖြစ်၊ နီးစပ်ရာပဲဖြစ်ဖြစ်၊ ကြုံလို့ပဲဖြစ်ဖြစ် ကောက်ရိုး တစ်မျှင်ကို ဖမ်းဆွဲထားတတ်ပါတယ်။
လူဟာသေခါနီးမှာ ကိုယ်သွားရမယ့်၊ လားရာကို အာရုံနိမိတ်တွေထင်လာပါတယ်။ အဲဒီ အာရုံ နိမိတ်ဟာ ကိုယ်ပြုခဲ့တဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်သလို၊ ကိုယ့်ရဲ့ အစွဲတွေပေါ်လည်းမူတည် ပါတယ်။
နောက်ဆုံးအချိန်ရောက်နေတဲ့ လူတစ်ဦးဘေးမှာ တရားတော်တွေကို ဖွင့်ထားပေးခြင်းဟာ အစွဲ ကောင်းအောင်၊ နိမိတ်ကောင်းလုပ်ပေးလိုက်တဲ့ ကောက်ရိုးတစ်မျှင်ပါ။
သို့သော် တစ်ခါတစ်လေ ကျွန်တော်တို့ ဖမ်းဆွဲလိုက်တဲ့ ကောက်ရိုးတစ်မျှင်အပေါ် ဆန်းစစ်ဖို့တော့ လိုမယ်ထင်ပါတယ်။
…………
ရာထူးကျမှာဆိုးလို့ ယတြာချေတယ်။ ခိုက်မှာ ဆိုးလို့ ယကြာချေတယ်။ စီးပွားဖြစ်အောင် ယတြာ ချေတယ်။
ကြာကြာစံရအောင် “ကြာဇံ”လှူ၊ သြဇာညောင်းအောင် “ သြဇာသီး” လှူ၊ နေ့ချင်းညချင်း တက်အောင် “နေ့ဂျင်းတက်၊ ညဂျင်းတက်”လှူ၊ ကောင်းခြင်းတွေ ပေါင်းစုံအောင် “ ကောက်ညှင်း ပေါင်း”လှူကြတယ်။ ကြံကြံဖန်ဖန်အစွဲတွေ၊ အကြောက်တရားတွေကြောင့် လုပ်သင့်၊ မလုပ်သင့်၊ ယုတ္တိ ရှိ၊ မရှိ မစဉ်းစားတော့ပဲ လုပ်ကြတော့တယ်။
တချို့က ဘယ်အသားနဲ့ ဘယ်ဘုရားဆင်းတုလုပ်ကိုးကွယ်တဲ့။ ဘယ်အသားနဲ့ လုပ်ရင်တော့ ကိုယ့် နေ့နံနဲ့ မတည့်လို့ခိုက်တတ်ပါသတဲ့။
အင်း..ဘုရားရှင်ကများ..သူတို့နေ့နံနဲ့ မကိုက်လို့ ရန်တွေ့မယ်များ မှတ်နေသလားမသိကြပါဘူး။
တကယ်တော့ “ မကောင်းတဲ့ အစွဲတွေ ကုန်လာလေလေ၊ နေရရထိုင်ရတာ ရဲဝံ့သွက်လက် လာလေလေပါပဲ။ ”
လူတွေက အသက်အတွက်၊ ရာထူးအတွက်၊ စီးပွားအတွက် မှီရာ မှီရာကောက်ရိုးတွေကို လှမ်းဆွဲ ကြတာပါ။ သို့သော် ကိုယ်ဆွဲလိုက်တဲ့ ကောက်ရိုးဟာ ညံ့ဖျင်းနေသောကောက်ရိုးတွေ ဖြစ်နေတတ်ပါ တယ်။
ဒိဋ္ဌိအစွဲတွေ၊ အယူလွဲတွေဖြစ်နေရင်တော့ ကောက်ရိုးတစ်မျှင်ကို ဆွဲယူမယ့်အစား အသက်သေ ခံတာမှ ပို၍မြတ်မယ်ထင်ပါတယ်။
ဦးခေါင်းမီးလောင်၊ ရင်ဝလှံဆူး၊ ဒီထက် ဒိဋ္ဌိကို အရင်ဦးအောင်ဖြုတ်တဲ့။
ဒိဋ္ဌိနဲ့ ဘ၀ကူးရင်တော့ လားရာဟာ အပယ်လေးဘုံပါပဲ။
………….
“ ကျွန်မတော့ ပန်းအိုးတစ်လုံးထပ်ဝယ်လာတယ်။ ဘယ်တစ်အိုး ညာတစ်အိုးတင်တော့မယ်။ ”
“ အေး အေး ကောင်းတယ်၊ ကြည့်ုလို့လဲ လှသလို ဘုရားရှင်ရဲ့ မျက်နှာတော်ကိုလည်း ဖူးမျှော် နိုင်တာပေါ့။ နို့မိုဆိုရင် ဘုရားပန်းအိုးတွေကများ ပန်းတွေကများပြီး ဘုရားရှိခိုးရင် ဘုရားကို မမြင်ရတော့ ဘူး။ ”
မိန်းမဖြစ်သူက ၀ယ်လာတဲ့ ပန်းအိုးနဲ့ ဘုရားပန်းတွေကို ဆေးကြောသည်။ ဘုရားစင်ပေါ်ကို သန့်ရှင်းရေးပြုလုပ်ပြီး ဘုရားပန်းအိုးများကပ်လှူသည်။ သောက်တော်ရေ၊ ဆွမ်းတပါတည်း ကပ်လှူသည်။
သူလုပ်ကိုင်တာတွေကိုကြည့်ပြီး ကျွန်တော်တွေးမိလိုက်သည်။
ကျွန်တော့မိန်းမကတော့ ဘုရားပန်းအိုး နှစ်အိုး(စုံ)ကို ရဲရဲကပ်လှူရဲသွားပြီ။ အစွဲလေးတစ်မျှင်ကို့  ဖြတ်ပစ်လိုက်ခြင်းနှင့်အတူ သံသရာရဲ့ လွတ်ကြောင်းအတွက် ကောင်းမြတ်သော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနေပြီတကား။

 
 မောင်ပိုင်
၁၂-၇-၂၀၁၃။
— with William Tuntunko and 5 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...