Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

လ-၁၃ နဲ့ ဆရာကြီး အေးမင်း

$
0
0
 
July 27, 2011 at 11:51am
နှင်းမကျပေမယ့် မြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ ကျွန်တော် လူတစ်ယောက်နဲ့  ဆုံတွေခဲ့ရဖူးတယ်။ တပ်မတော်သား ဘဝမှာ ရာထူးအဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်းမဟုတ် ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ ကျွန်တော်တို့ စခန်း (ပွိုင့်-၂၉၄၈)ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ ခမရ(-) က တပ်ကြပ်ကြီးအေးမင်း အဲဒီ့ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တနေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမည် ပြောဖြစ်ခဲ့ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့တယ်။ ကျွန်တော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက်(၅၀)နီးပါး၊ စစ်သက်(၃၀) ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။
စစ်သက် (၃၀) နီးပါး ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုတော့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့အတွေ့အကြုံတွေ နားထောင်ရတာဟာ ကျွန်တော်တို့ စခန်းက ရဲဘော် အားလုံးအတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး ကရင်ပြည်နယ် ဖါပွန်သား ဆရာကြီးအေးမင်းဟာ အရက်မသောက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ် တကယ့် လူရိုးလူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာအမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ နာမည်နဲ့လိုက်အောင် အေးတဲ့ ဆရာကြီးအေးမင်းကို သူ့ရဲဘော်တွေကလည်း တော်တော် လေးစား ရိုသေကြတာ တွေ့ရတယ်။ အိမ်ထောင်မရှိ လူပျိုကြီးဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ ရှိအတူ နေလာခဲ့ပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီခဲ့တဲ့သူ။



သူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တစ်ဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ခလရ(၁၃)ဖါပွန်မြို့ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ(၁၃)ဆိုတာကတော့ အမှတ်(၁၃)ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး လ-၁၃ လို့ အတိုကောက် ခေါ်ကြတယ်။

လ-၁၃ မှာနေထိုင်ကြီးပြင်းခဲ့တဲ့ ဆရာကြီးအေးမင်းတို့ မိသားစု အတွက် တနေ့မှာ ကံကြမ္မာဆိုးတစ်ခုကြုံလာတယ်၊ သူ့အဖေ ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲမှာ ကျဆုံးသွားတာပါ။ အဖေမရှိတော့ဘူးဆိုတော့ တပ်ထဲမှာ နေလို့မရကြတော့ဘူး တခြားမှာလည်း နေစရာမရှိလေတော့ အဖေ့ပင်စင်နဲ့ ဂရုဏာကြေး ရတာလေးတွေ အရင်းပြုပြီး ဖါပွန်မြို့ထဲမှာ ပြောင်းနေကြတယ်။ သူတို့မိသားစုက ညီအစ်ကို နှစ်ယောက်ပါ သူက အငယ်ဖြစ်ပြီး အစ်ကို အကြီးက အထက်တန်း တက်နေရင်းကနေ ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးရှာတယ်။ ဒါပေမယ့် သိပ်မကြာဘူး အစ်ကိုဖြစ်သူက တပ်ထဲဝင်သွားပါတယ်၊ အဲဒီ့မှာ ဆရာကြီးအေးမင်းလည်း အလယ်တန်းကျောင်းသား ဘဝနဲ့ ကျောင်းက ထွက်ပြီး အမေကို ကြုံရာကျပန်း လုပ်ကျွေးရတယ်။ အစ်ကို လုပ်တဲ့သူက သူ့တပ်ကနေ တစ်နှစ်မှာ တစ်ခေါက်လောက်ပဲ သူတို့သားအမိကို လာတွေ့နိုင်တယ်။ နှစ်အနည်းငယ် အကြာမှာပဲ သူ့အစ်ကို တပ်ကြပ်ရထူးရပြီး မကြာခင် ရှေ့တန်းမှာ ကျဆုံးသွားပြန်တယ်။


အစ်ကို ဆုံးပြီးလို့မှ မကြာခင် သူကိုယ်တိုင် သေကံမရောက် သက်မပျောက် အဖြစ်နဲ့ ကြုံရပြန်တယ်။ ဖါပွန်ဒေသကို ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်ကြောင်းတွေက ပေါ်တာဆွဲတာကို ခံရတာပါ၊ ပေါ်တာဘဝနဲ့ ဗုံးသီးတွေ၊ ရိက္ခာတွေ ထမ်းပိုးပေးရင်း တိုက်ပွဲတွေနဲ့လည်း ကြုံလို့ ဒုက္ခတွေ အရမ်းရောက်ခဲ့ရတယ်။ တိုက်ပွဲနဲ့ကြုံလို့ အဲဒီ့စစ်ကြောင်းက ရဲဘော်တချို့ထိခိုက် ကျဆုံးတာတွေ ရှိခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဆိုသလို ဘေးမသိရန်မခဘဲ အိမ်ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အိမ်မှာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ လင်ယောက်ျားနဲ့ သားကြီးတို့ရဲ့ စိတ်နဲ့ ဆရာကြီးအေးမင်းရဲ့ အမေဟာ ကျန်းမာရေး မကောင်းတော့ဘူး။ သူလည်း ရရာအလုပ်လုပ်ပြီး တတ်နိုင်သလောက် ကုသပေးပေမယ့် သိပ်မကြာခင်မှာဘဲ ဆုံးပါးသွားခဲ့တယ်။ ဒီတော့ အသက်နှစ်ဆယ်ကျော် အရွယ်မှာပဲ မိဘတွေရော၊ အစ်ကိုဖြစ်သူရော မရှိတော့ပြီမို့ တစ်ကောင်ကြွက်ဖြစ်ခဲ့ရတယ်။ ဒီတော့ ဘာမှ အထွေအထူး စဉ်းစား မနေတော့ဘဲ တပ်ထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်။

စစ်သင်တန်းပြီးဆုံးလို့ တာဝန်ကျတဲ့ မိခင်တပ်ရင်း ရှိတဲ့ နေရာက မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ ရေစက်ဆုံပုံက သူ့ရဲ့ မိခင်တပ်ရင်းဟာ လ-၁၃ ပဲဖြစ်နေတယ်။ လ-၁၃ က ဖါပွန်အခြေစိုက်တပ်ရင်း အဖြစ်ကနေ ဒါးကွင်း ဖြစ်စဉ်ကြောင့် တပ်ရင်း တရင်းလုံး နေရာ ပြောင်းပစ်ခံခဲ့ရရာကနေ တပ်မ(၈၈) လက်အောက်ခံ တပ်အဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ကို ရောက်လာတာပါ။ (ဒါးကွင်းဖြစ်စဉ် ဆိုတာကတော့ လ-၁၃က တပ်စိတ် တစ်စိတ်ဟာ ဖါပွန်မြို့နယ် ဒါးကွင်းဒေသမှာ ဒေသခံ ကျေးရွာသူတွေကို မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကို အထက်က သိရှိတဲ့ အခါမှာ စစ်တရားရုံးနဲ့ စစ်ဆေးပြီး တပ်စိတ်မှူးနဲ့ ကျူးလွန်သူ အားလုံးကို သေဒဏ်အပြစ်ပေးပြီး၊ တပ်ရင်းက ရာထူးကြီးသူတွေကိုလည်း အရေးယူခဲ့တယ်။ တပ်ရင်း တရင်းလုံးကိုပါ ဖါပွန်မြို့ကနေ ပြောင်းပစ်ပြီး တပ်မလက်အောက်ခံ တပ်အဖြစ် ပို့လိုက်တာပါ) စစ်သားဘဝမှာ တပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းရတာ မထူးဆန်းပေမယ့် စစ်သားတိုင်း မိခင်တပ်ရင်းကိုသာ ပိုသံယောဇဉ်ရှိတတ်ကြတယ်။ ဒါကြောင့် ဆရာကြီးအေးမင်းလည်း သူ့အတွေ့အကြုံတွေ အကြောင်း ပြန်ပြန်ပြောရင် ရဲဘော်သစ်ဘဝက လ-၁၃နဲ့ ကယားပြည်နယ် စစ်ဆင်ရေးဝင်ခဲ့ရတုန်းက အကြောင်းတွေ အများဆုံး ကြားရလေ့ရှိတယ်။ သူနဲ့ ရေစက်ဆုံတဲ့ လ-၁၃ ကိုလည်း အတော်သံယောဇဉ် ရှိပုံပဲ။

ရှမ်းပြည်အရှေ့ပိုင်း၊ တြိဂံဒေသကို ရောက်နေတာလည်း ၁၅ နှစ်လောက်ရှိနေပါပြီ၊ တပ်ကြပ်ကြီး လုပ်သက်တင် ၁၀ နှစ်ကျော်နေပြီ၊ ပညာအရည်အချင်းအရ တပ်ခွဲ/တပ်ကြပ်ကြီး (တပ်ခွဲရဲ့ တပ်ထောက်ကိစ္စတွေ ကိုင်ရတဲ့ သူပေါ့) လုပ်ဖို့ အရည်အချင်းမှီပေမယ့် မလုပ်ဘဲ ငြင်းပြီး တိုက်စရာ ရှိရင် ရှေ့ဆုံးကနေ အသေခံ တိုက်ရတဲ့ တပ်စုတပ်ကြပ်ကြီး ပဲလုပ်နေတာပါ။ တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးကို မက်မောကြသူတွေ ရှိတတ်ကြပေမယ့် ဆရာကြီးအေးမင်းကတော့ စာရင်းဇယားတွေနဲ့ ခေါင်းရှုပ်မခံချင်ဘူးလို့ ဆိုတယ်၊ သူကိုယ်၌ကလည်း အလိုလောဘ အင်မတန်နည်းတဲ့ သူကိုး။ တပ်မတော်မှာ ဒုအရာခံဗိုလ် ရာထူးရဖို့က မလွယ်ကူတဲ့ ကိစ္စပါ။ ဒုအရာခံဗိုလ်(စာရေး) ဆိုရင်တော့ တမျိုးပေါ့ သူတို့ကတော့ လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံမှန်ရာထူးတက်သွားနိုင်တယ်။ ခြေလျင်စစ်သား တစ်ယောက်ကနေ ဒုအရာခံဗိုလ် ဖြစ်လာဖို့က အင်မတန်ခက်တယ်။ တပ်ခွဲ/တပ်ကြပ်ကြီးကနေလည်း ဒုအရာခံဗိုလ်ရာထူးကို ရနိုင်တယ်၊ ဆရာကြီးအေးမင်းတို့လို တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးမယူတဲ့ ဖိုက်တာ တပ်ကြပ်ကြီး တွေထဲကနေလည်း လုပ်သက်ရင့်ပြီး စစ်မြေပြင် ထူးချွန်မှု ရှိတဲ့သူ အကျင့်စာရိတ္တ မှင်နီမထိထားတဲ့ လူတွေကို တပ်ရင်းမှူးတွေက ကာကွယ်ရေးဦးစီးချုပ်ရုံးအထိ တင်ပြရတယ်။ အဲဒီ့မှာ ရုံးချုပ်က အရာခံဗိုလ် ရွေးချယ်ရေး အဖွဲ့ကနေ သေချာ စီစစ်ရွေးချယ်ပြီးမှ အကျင့်သိက္ခာ စံပြဖြစ်တဲ့လူတွေ၊ စစ်မြေပြင်မှာ ထူးချွန်တဲ့ သူတွေကို ဒုအရာခံဗိုလ် အဖြစ်ရွေးချယ်တာပါ။ (ဘာကြောင့်လဲဆိုတော့ တပ်ရင်းတစ်ရင်းမှာ အရာခံဗိုလ်၊ ဒုအရာခံဗိုလ် ဆိုတဲ့ ဆရာကြီးတွေဟာ စစ်သည်အားလုံးရဲ့ စံပြ ဖြစ်နေသင့်လို့ပါပဲ။ တပ်ရင်းအရာခံဗိုလ်ဆရာကြီးတွေ ဆိုရင် အတွေ့အကြုံရင့်တာ အပြင် အကျင့်သိက္ခာကလည်း လေးစားစရာ ကောင်းတာမို့ အရာရှိငယ်တွေ ကိုယ်တိုင်က တလေးတစား ဆက်ဆံရတာပါ။)

ဆရာကြီးအေးမင်းလည်း တပ်ကြပ်ကြီး လုပ်သက်တင် ဆယ်နှစ်ကျော်ပြီမို့ အခုချိန်လောက်ဆိုရင်တော့ တပ်ခွဲအရာခံဗိုလ် လောက် ဖြစ်နေလောက်ပီ ထင်ပါတယ်။ သူ့ဆီက ကြားခဲ့ရတဲ့ မှတ်မှတ်ရရ စကားတစ်ခွန်းတော့ ရှိတယ်။ ” ခွန်ဆာကြီး ငြိမ်းချမ်းရေး ယူသွားတာတော့ တော်တော် ကျေးဇူးတင်ပါတယ်၊ သူသာ ငြိမ်းချမ်းရေး မယူခဲ့ရင် အခုချိန် ကျွန်တော့်ကို မြင်ရမှာ မဟုတ်ဘူး” - လို့ဆိုတယ်။ ခွန်ဆာ ငြိမ်းချမ်းရေး မယူခင် ၉၆-၉၇ ထဲမှာ ရှမ်းပြည်အရှေ့ပိုင်းမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ထိုးစစ်တွေထဲမှာ သူတို့ တပ်ရင်းလည်း ပါခဲ့တယ်။ သူ့တပ်စုမှာ တပ်စုမှူးအပါအဝင် အားလုံးနီးပါး ကျဆုံးသွားတာပါ၊ ကံကောင်းလို့သာ အသက်မသေဘဲ ကျန်ခဲ့ပေမယ့် ဒီတိုက်ပွဲစဉ်ထဲမှာ သူ့ကိုယ်သူ တထစ်ချ သေမယ်လို့ သူ့စိတ်ထဲမှာ ထင်ခဲ့တယ်၊ သူ့ရဲဘော်တွေလည်း အတော်များများ ကျသွားပီ သူ့မှာ တွယ်တာစရာလည်း မရှိ မဟုတ်လား၊ ဒီနေ့ ငါမသေသေးရင် နောက်နေ့ တိုက်ပွဲမှာ သေလိမ့်မယ်လို့ပဲ စိတ်ထဲမှာ ထင်နေပြီး တိုက်ခိုက်ခဲ့ရတယ် လို့ ဆိုတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ခွန်ဆာက တိုက်ပွဲကို မဆက်ဘဲ ငြိမ်းချမ်းရေး ယူလိုက်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ ဒေသ အတော်များများ ငြိမ်းချမ်းသွားတယ်။ တိုက်ပွဲတွင်းမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ စိတ်ထဲမှာထားပြီး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း အသက်အန္တရာယ်က လွတ်မြောက်သွားတယ်။



အခုတော့ ရှမ်း(ရှေ့)တကြောမှာလည်း သေနတ်သံတွေ ပြန်ကြားလာရပီ၊ ကျွန်တော့် ဆရာကြီးလည်း တိုက်ပွဲတွေ ဝင်နေရပြန်ပီလား မသိပါ။ ဆရာကြီးကို တပ်မတော်ကနေ ကျန်းကျန်းမာမာနဲ့ အငြိမ်းစား ယူသွားတာ မြင်ချင်ပါတယ်။ ဆရာကြီးအေးမင်းကတော့ သေချာတယ်၊ အသက်(၆၀) မပြည့်မချင်း တပ်မတော်ကနေ ဘယ်အကြောင်းနဲ့မှ ထွက်ခွာလိမ့်မှာ မဟုတ်ဘူး၊ တပ်မတော်သာ သူ့အိမ်၊ ရဲဘော်တွေသာ သူ့ဆွေမျိုး ဖြစ်နေတာကိုး။ စစ်သက် ၃၀ နီးပေမယ့် သူ့မှာ တပ်မတော်ကနေ အငြိမ်းစားယူတဲ့အခါ နေဖို့ထိုင်ဖို့ စုဆောင်းထားတာ ဘာမှ မရှိသေးဘူး။ အပြင်မှာလည်း နေဖို့အိမ်လည်း မရှိ၊ ဆွေမျိုးလည်း မရှိပါ။ ဘဝကို တပ်မတော်ထဲမှာပဲ အသက်(၆၀)ပြည့်သည် အထိ တပ်တွေ တစ်ခုပြီး တစ်ခုပြောင်းရင်း ဖြတ်သန်းခဲ့တဲ့ ဆရာကြီးတွေ တပ်က အငြိမ်းစားယူတဲ့ အချိန်မှာ အပြင်မှာ နေစရာ မရှိလို့ ဒုက္ခရောက်ရတာတွေ အများကြီး ကြားဖူးပါတယ်။ အခုတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားချက်နဲ့ စစ်မှုထမ်းဟောင်း အိမ်ရာ အစီအစဉ်တွေ အကောင်အထည်ဖေါ်နေတာ ကြားရတော့ ဝမ်းသာမိတယ်။ ဆရာကြီးအေးမင်း အပါအဝင် တကယ်ခံစားခွင့်ရသင့်တဲ့ စစ်မှုထမ်းကြီးတွေ ခံစားခွင့်ရကြပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဘာလို့လည်း ဆိုတော့ အထက်ဌာနက စေတနာကောင်းကောင်း ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အကောင်အထည်ဖေါ်ပေးတာကိုတောင် ကြားကနေ စစ်သည်ရဲ့ ရသင့်တဲ့ခံစားခွင့်ကို ငွေပေးမှ တင်ပေးမယ်၊ မပေးရင် ခေါက်ထားမယ်ဆိုတဲ့ ခြစားတဲ့ တပ်စာရေးတွေ ရှိတတ်လို့ပါ (စာရေးတိုင်းကို မဆိုလိုပါ၊ လေးစားထိုက်သူတွေလည်း အများကြီးပါ)။ ဆရာကြီးအေးမင်းတို့လို လူရိုးလူအေး၊ လူရည်မလည်တဲ့ စစ်သားကြီးတွေ အညစ်မခံရစေချင်ဘူး။

ဆရာကြီးတို့ မိသားစုဟာ တပ်မတော်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ခဲ့တာတွေ သိပ်များခဲ့ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဇနီး၊ စစ်သားနှစ်ယောက်ရဲ့ မိခင်၊ ဆရာကြီးရဲ့အမေဟာ ချို့ချို့ငဲ့ငဲ့ နဲ့ ဆုံးပါး သွားတာကို ကြားရတာ အတော် စိတ်မကောင်းဖြစ်မိတယ်။ တပ်မတော်က အငြိမ်းစားယူပြီးတဲ့ တနေ့မှာ ကျွန်တော့် ဆရာကြီးလည်း လောက်ငှတဲ့ အငြိမ်းစား ပင်စင်လစာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကျန်းကျန်းမာမာ နေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားလျက်
Comrade

ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အချိန်မှာ ဆရာကြီးရဲ့ ကျန်းမာရေးက သိပ်အကောင်းလှကြီး မဟုတ်ဘူး၊ လိပ်ခေါင်းရောဂါ မကြာခဏ ခံစားနေရပြီ၊ ကျန်းမာပြီး ဘေးရန်ကင်းပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ် ဆရာကြီးရေ။

(တပ်မတော်သားတွေရဲ့ ဘဝကို သိရှိလာရင် ပိုပြီး နာလည်မှုတွေ ရှိလာနိုင်တယ် ထင်လို့ တွေ့ခဲ့ဖူးတဲ့ ဆရာကြီး တစ်ယောက်အကြောင်း ရေးကြည့်တာပါ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>