(၁)
တိမ်ထူသောနေ့တစ်နေ့ဖြစ်သည်။ မိုးတိမ်များ အနည်းငယ်အုပ်ဆိုင်း၍နေသည်မှာ သင်္ကြန်ကာလမတိုင်မှီ ရွာချင်သော သင်္ကြန်မိုးကြောင့်လေလား….။ တိုက်ခတ်နေသော လေရူးကို အံတု၍ T-33 တိုက်လေယာဉ်များ ဆင်းချည်တက်ချည် ပျံသန်းနေကြ၏။
ပျံသန်းရေးအုပ်များအတွက် နေ့စဉ်တာဝန်နှင့် ပျံသန်းချိန်ဇယားများရှုပ်ယှက်ခတ်လျှက်ရှိကြသည်။ လေယာဉ်မှူးဖြစ်နေပြီး မပျံသန်းရသော မိမိကိုယ်ကို ဗိုလ်မှူးမြင့်ဇော် မကျေမနပ်ဖြစ်လျက်ရှိသည်။
အုပ်မှူးမရှိချိန်မို့ ရုံးခန်းအတွင်း ကြောင်မရှိကြွက်မြူးသည့်အလား ပျံရင်း၊ ပြောရင်း ဆူညံလျှက်ရှိသော အခြားသူများကို မကျေနပ်ကြည့်ဖြင့်ကြည့်ကာ ချောင်တစ်ချောင်မှခုံတန်းတစ်လုံးပေါ်တွင် ထိုင်လျက်ရှိ၏။ ၎င်းတို့အထဲတွင် အရပ်မြင့်သဖြင့် `ဒေါင်ကြီး´ဟု သူတို့ခေါ်သော ဗိုလ်ကြီးမြင့်သိန်းသည် အဆိုးဆုံး။ အကိုကြီးဖြစ်၍ မိမိကိုချစ်သလို လေ့ကျင့်ပျံသန်းရေး၌ မပါဝင်ရသဖြင့် ညစ်နေသော သူ့ကို စနောက်လိုသည်ကြောင့် သူ၏ယနေ့အဖို့ ပျံသန်းရသည်မှာ အလွန်အရသာရှိကြောင်းများကို သာသာထိုးထိုး ပြောဟော၍ နေလေ၏။ လေပူတို့သည် ရုံးအတွင်း၌ပင် ၀င်၍တိုက်လေစွတကား . . .။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - - - - - - - - -
(၂)
ဒီနေ့လည်းရုံးသာတက်နေရသည်။ မနေ့ကကဲ့သို့ပင် ရုံးလုပ်ငန်းအနည်းငယ်ကလွဲ၍ ဘာမှမရှိ၊ လေယာဉ်လည်းမတက်ရ။ ဒေါင်ကြီး မလာပါစေနဲ့လို့သာ ဆုတောင်းရမည့်ပုံ။ သူ့ရုံးခန်းပြတင်းပေါက်မှ လှမ်းမြင်ရသော ဒါကိုတာလေယာဉ်ကြီးကို မြေပြင် စက်မှုလက်မှုစစ်သည်များ `သ´နေကြသည်ကိုသာ ငေးကြည့်နေမိသည်။
` ရဲခေါင်-၁´
ဤလေယာဉ်ကို မိမိမမောင်းရသည်မှာ ၆ ရက်ခန့်ပင်ရှိတော့မည်။ ဘာအကြောင်းကြောင့်မှန်းတော့မသိ။ ပုံမှန် Routing ကိုပယ်ဖျက်၍ အနားပေးထိုင်ခိုင်းထားသော မိမိအုပ်မှူးကိုသာ မကျေမနပ်ဖြစ်ရမလိုလို။ အနားတွင်ကုပ်နေသော မိမိ၏ အကူ လေယာဉ်မှူး ဗိုလ်ကြီးဝင်းမြင့်ကို ကြည့်မိပြန်၏။ ဧရာဝတီ၊ ညောင်တုန်းသားဖြစ်၍ အသားညိုညို အရပ်ခပ်ပြတ်ပြတ်နှင့် ရိုးသားလှ၏။ လူပုစိတ်တိုဖြစ်၍ သူလည်း ဒေါင်ကြီးတို့ အစအနောက်မခံလို၍ထင့်။ ရုံးခန်းတွင်း၌သာ ကုပ်၍ ရောင်ပေပေနှင့်ရှိ၏။ မိမိမျက်နှာကိုကြည့်၍ အခြေအနေမဟန်ကြောင်း သူလည်းရိပ်စားမိဟန်တူ၏။
`သင်္ကြန်တွင်းအတွက် Standy Pilot စာရင်းတွေထွက်ပြီဗိုလ်မှူး´
ရဲဘော်လေးတစ်ဦး သတင်းပို့ရင်း ဖိုင်တစ်ခု ပို့၏။ အုပ်မှူးလက်မှတ်ဖြင့် ထုတ်ပြန်သော စာရင်းကို လှန်လှောကြည့်သော် မိမိတို့ အတွဲ Standby လူစာရင်းတွင် မပါဝင်။ ဒါတော့ ကောင်း၏။ ရုံးပိတ်ရက်ရှည်ကလေးရတုန်း မရောက်တာ ကြာပြီဖြစ်သော အမေ့ဆီ မိသားစုလိုက်သွားလည်ဖို့ သူစိတ်ကူးထားသည်မှာကြာပြီ။ ရုံးမှာနေလည်း ပျံသန်းရေးတွင် မပါဝင်ရသည့်အတူတူ အိမ်ပြန်ရသည်က ပို၍ ကောင်းမည်ထင်၏။ အခါတွင်း Standby ကျသော ဒေါင်ကြီး တို့ မျက်နှာကို တွေးရင်း မိမိဘာသာပြုံးမိပြန်သည်။ အတွေးတို့ မဆုံးခင် . . . .
အုပ်မှူး ရုံးခန်းမှခေါ်သည်တဲ့။
မိမိနှင့် တွဲဖက်လေယာဉ်မောင်းအပါအ၀င် နှစ်ဦးလုံး အမှတ်(၄၅)သယ်ယူပို့ဆောင်ရေးအုပ်၊ အုပ်မှူးဆီသို့ အမြန် သတင်းပို့ရန်ဖြစ်သည်။ ဘာများအရေးပေါ်သည်မသိ၊ တခြားလုပ်ဖေါ်ကိုင်ဖက်များကလည်း သို့လော၊ သို့လောဖြင့် စပ်စုကြ၏။ ဘယ်သူမှ ဘာမှန်းတော့မသိသေး။ ပျံသန်းရေးနားထားကတည်းက အသံမျိုးစုံထွက်နေတာကြာပြီ။ နိုင်ငံခြားသင်တန်းလည်းပြော၏။ တပ်ပြောင်း-အရပ်ဖက်ပြောင်းလည်းကြား၏။ ဘာမှမရေရာ။
အုပ်မှူးရုံးခန်းသို့ရောက်သော် - အုပ်မှူးစားပွဲရှေ့တွေ မိမိတို့အုပ်မှ မိမိထက်အပတ်စဉ်ငယ်သော လေယာဉ်မှူးနှင့် တွဲဖက် နှစ်ဦးတို့လည်း ရောက်ရှိနေသည်ကို တွေ့ရ၏။ အုပ်မှူး၏ မျက်နှာတွင် ယခင်နေ့များကလို သွက်လက်ရွှင်ပြသော အမူအရာတို့ကို မတွေ့ရ၊ အခါတိုင်းထက်ထူးခြားစွာ တည်ကြည်လေးနက်လျှက်ရှိသည်ကို အကဲခတ်မိသည်။ အုပ်မှူးကလည်း မိမိတို့အလာကို စောင့်မျှော်နေဟန်ဖြင့် ရုံးခန်းအ၀င်ဝကို ကြည့်လျှက်သား။ မိမိတို့နှစ်ဦးလည်း အလေးပြု၍ သတင်းပို့၏။ အခါတိုင်းကဲ့သို့ ထိုင်ရန်ပြောကြားခြင်းမရှိသည်ကို ဗိုလ်မှူးမြင့်ဇော် သတိပြုမိသည်။
`အေး-ရောက်ပလား၊ အခန်းဝက ရဲဘော်-တံခါးပိတ်ထားပြီး အပြင်မှာစောင့်´
အကူရဲဘော်ကလေးက ရုံးခန်းတံခါးကို အပြင်မှပိတ်သံကို ကြားရသည်။ တစ်ခုခုတော့ထူးပြီ။ တံခါးပိတ်ပြီးသည်နှင့် မိမိတို့ကိုကြည့်၍ တစ်ဆက်တည်းပြော၏။
`ကိုမြင့်ဇော်၊ ခင်ဗျားနဲ့တွဲဖက်ကို အရေးကြီးတာဝန်တစ်ခုပေးစရာရှိတယ်။ ကိုမောင်မောင်နဲ့ တွဲဖက်အတွဲက ခင်ဗျားတို့ရဲ့ အရံ။ ခင်ဗျားတို့ တစ်စုံတစ်ခုကြောင့် တာဝန်မထမ်းနိုင်တာမျိုးဖြစ်ရင် တာဝန်ယူနိုင်ဖို့ပဲ။ တာဝန်ကတော့ နိုင်ငံခြားက ဆရာနဲ့အတူတူ အထူးစစ်ဆင်ရေး သင်တန်းတစ်ခု တက်ဖို့ပဲ။ အချိန်တိုအတွင်း တတ်အောင်သင်ကြ။ ခင်ဗျားတို့ လေးယောက် ရဲခေါင်-၁ နဲ့ မနက်ဖြန်မနက်စောစော မိတ္တှီလာ ကိုထွက်ရမယ်။ ဟိုရောက်တော့ စခန်းမှူးကို သတင်းပို့ရင် အသေးစိတ်ကို ညွှန်ကြားပါလိမ့်မယ်။´
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(၃)
`` မိတ္ထီလာ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်´´
၁၅၊ ဧပြီ။
ယနေ့ ဝေဟင်စတင်ပျံသန်းလေ့ကျင့်ကြရန်ဖြစ်သည်။အမေရိကန်နည်းပြဖြစ်သူမှ လေယာဉ်ဦးခန်းအနောက်ကပ်လျက်
လေကြောင်း လမ်းပြထိုင်ခုံတွင်ထိုင်လျှက် တိတ်ဆိတ်စွာလိုက်ပါလာ၏။ လေယာဉ်ကို ပြေးလမ်းမှ အရှေ့မြောက်ဘက်သို့ ဦးတည်ပျံသန်းလာခဲ့သည်။
ဗိုလ်မှူးမြင့်ဇော်တို့ လူသိုက် ဒီရောက်ကတည်းက နိုင်ငံခြားသားဆရာနှင့်အတူ မိမိတို့ကိုင်တွယ်ရမည့် စက်ပစ္စည်းများ၊ အခြေခံသဘောတရားများကို စတင်သင်ကြားကြရသည်။ လွယ်လွယ်ကူကူပဲဖြစ်သည်။ သိပ်ခက်ခက်ခဲခဲတော့ မရှိလှ။ ဆရာဖြစ်သူမှာ အသက်ခပ်ရွယ်ရွယ် အမေရိကန် နိုင်ငံသားဖြစ်သည်။ သိပ်စိတ်ရှည်လက်ရှည်မရှိ၊ တိုတိုပြတ်ပြတ်နှင့် လိုရင်း၊ အမြန်အလုပ်ဖြစ်ရန်သာ သင်ကြားသွားသည်။ အဓိက သင်ခန်းစာမှာ ဝေဟင်ပစ်မှတ်ရှာ ပျံသန်းခြင်းဖြစ်သည်။ Signal Transmitter ခေါ် အသံလွှင့်ထုတ်စက်ငယ်ကလေးကို မြေပြင် မိမိသူလျှိုများ၊ အတွင်းလူများမှနေ၍ အရေးကြီးပစ်မှတ်များတွင် ကြိုတင် ထည့်သွင်းပေးထားမည်ဖြစ်သည်။ ၎င်းကိရိယာလေး၏ အရွယ်အစားမှာ သေးငယ်ပြီး အဆောက်အဦးများ၊ ယာဉ်များ၊ လက်နက်ကြီးများ၊ လားကုန်းနှီး၊ မြင်းကုန်းနှီး စသည်တို့တွင် ထည့်သွင်းထားနိုင်သော ဘောပင်အရွယ်အစား ပစ္စည်းကလေးဖြစ်သည်။ မိမိတို့တာဝန်က ကြိမ်နှုန်းမြင့် Signal Receiver ကိုအသုံးပြုဖမ်းယူပြီး တည်နေရာရှာဖွေပေးရန်သာဖြစ်သည်။
ပေ ၆၀၀၀ အထက်ရောက်ပြီ။
စက်ဖွင့်၍ အသံနားထောင်ကြ၏။ တီ - တီ- တီ အသံသဲ့သဲ့ကလေး ကြားတစ်ချက် ပျောက်တစ်ချက် ဖြစ်နေသည်။ ညွှန်းရပ်ပြ ဒိုင်ခွက်တွင် အသံလာရာဖက်ကို လေယာဉ်၏ အနောက်ဘယ်ဖက် ၅၀ံ ခန့်ကိုညွှန်ပြနေ၏။ လေယာဉ်ဦးတည်ကို စက်မှညွှန်ပြရာဖက်သို့ ဦးတည်လိုက်သည်။ မြှားတံကလေးထောင်လျှက် တည်ငြိမ်သွားပြီး အသံသည်လည်းတိုးရာမှ ကျယ်ကျယ်လာသည်။ မိတ္ထီလာ လေယာဉ်ပြေးလမ်းဖက်ဆီသို့ဦးတည်ညွှန်ပြနေခြင်းဖြစ်သည်။ လေယာဉ်ပျံသန်းရာဦးတည်ရပ်ကို မြေပုံပေါ်တွင် ဗိုလ်ကြီးဝင်းမြင့်က မှတ်၏။ ဗိုလ်မှူးမြင့်ဇော် မိမိလုပ်နေသည်မှာ မှန်သလားမှားသလား အကဲခတ်သည့်အနေဖြင့် နည်းပြဆရာ၏ မျက်နှာကို လှမ်းကြည့်သည်။ သူ့မျက်နှာမှာ မချိုမချဉ်နှင့် တစ်ခုခုဖြစ်နေသလိုလိုဟု ဗိုလ်မှူးမြင့်ဇော်ခံစားရသည်။ တစ်နေရာအရောက်တွင် မြည်နေသော အသံမှာ အလွန်ဆူညံလာပြီး ဦးတည်ပြ မြှားကလေးမှာလည်း ဒိုင်ခွက်ထဲတွင် ပတ်ချာလည် လှည့်နေသည်ကိုတွေ့ကြရသည်။ လေယာဉ်အောက်ဖက်လောက်မှာ ရောက်နေပြီ။ ထိုနေရာမှ တဖန် ၇၀ံ ခန့်ခြား၍ တခြားလမ်းကြောင်းပြောင်းပြီး ပြန်လည်ချဉ်းကပ်သည်။ ဦးတည်မြှားကလေး အပေါ်တည့်တည့်ထောင်သော အနေအထားရောက်အောင် လေယာဉ်ဦးကို ချိန်ညှိ၍ ပျံသန်းပြီး တည့်သောအချိန်တွင် ပစ်မှတ်သို့အ၀င် ဦးတည်လမ်းကြောင်းကို မှတ်သားကြသည်။ ၎င်းမျဉ်းဖြောင့်နှစ်ချောင်း တစ်ခုနှင့် တစ်ခု ဖြတ်သောနေရာသည် ပစ်မှတ်တည်ရှိရာ နေရာပင်ဖြစ်သည်။ တွေ့ပါပြီ။ လေယာဉ်ပြေးလမ်းအမှတ်(၃၄)၏ ညာဖက် ကိုက် ၅၀၀ ခန့်အကွာ ကိုင်းတောထဲလောက်တွင် ဖြစ်၏။ လေယာဉ်၎င်းအပေါ်ရောက်သောအခါ တီတီတီ မြည်သံ အဆက်မပြတ်ပေါ်ထွက်လာပြီး မြှားကလေးလည်း ပတ်ချာလည်ရမ်းလျှက် ရှိနေပြီ။ ပစ်မှတ်တည်နေရာကို စာရွက်တွင်ရေးသား၍ နည်းပြလက်သို့အပ်လိုက်၏။ နည်းပြက သူ့အင်္ကျီ အတွင်းတွင် ထည့်ထားသော စာရွက်အပိုင်းကလေးတစ်ခုကိုထုတ်ပြီး သူတို့ကို ပြသည်။ သူတို့တည်နေရာနှင့် အတူတူပင်ဖြစ်နေပြီး အမေရိကန်နည်းပြ မျက်နှာတွင် ကျေနပ်ရိပ်ကို တွေ့ရမှ ကိုမြင့်ဇော် သက်ပြင်းချနိုင်တော့သည်။
`ရပြီ- မင်းတို့တွေ တတ်ပြီ။ ပြီးပြီ။ ငါလည်းပြန်ရုံပဲ။ ဘာဆက်နေဖို့ လိုသေးသလဲ´
နည်းပြ အပြောကြောင့် သူတို့တွေလည်း မှိုရသည့်မျက်နှာများဖြင့် လေယာဉ်ဆင်းလမ်းဆီသို့ ဦးတည်လိုက်ကြတော့သည်။ မိတ္ထီလာ၏ နေ့လည်ခင်း ကောင်းကင်ယံသည် ယနေ့ကျမှ ပိုလှနေသယောင်ယောင်ဟု ကိုမြင့်ဇော်တွေးနေမိ၏။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(၄)
သူတို့ ရှမ်းမြောက်ခွင်ပေါ်တွင် ပစ်မှတ်ရှာ ပျံသန်းလာခဲ့သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ အသံတစ်စိုးတစ်စိပင် မကြားရ၊ ဟုတ်ကောဟုတ်ပါ့မလားဟုပင် ထင်လာမိအောင် စိတ်ပျက်စပြုပြီ။ ဗိုလ်ကြီးဝင်းမြင့်လည်း နားကြပ်ကို နားတွင်ကပ်လျှက် အသံကို စွင့်နေမိသည်။ အခု ၁၆၀၀ နာရီခန့်ရှိနေပြီ။ မကြာခင် ရှမ်းတောင်တန်းများပေါ်တွင် အမှောင်ရိပ်တို့ ကြီးစိုးပေတော့မည်။ လေကြောင်းလမ်းပြအဖြစ် လိုက်ပါသော ဆရာကြီး မောင်စိုးလည်း နောက်ခန်းတွင် အိပ်ငိုက်နေပြီထင့်။ အသံပင်မကြားရ။ ဗိုလ်မှးမြင့်ဇော် လေယာဉ်ဆီလက်ကျန်ကို တွက်ချက်ကြည့်သည်။ လေထဲတွင် တစ်နာရီခန့်နေနိုင်သေးသည်။ အချိန်တို့ တစ်ရွေ့ရွေ့ကုန်ပြန်၏။ သို့နှင့် ထုံးစံအတိုင်း ပြန်ရန် ကျိုင်းတုံလေယာဉ်ကွင်းသို့ ဦးတည်ပြောင်းလိုက်သည်။ အရှေ့ဖက်တွင် အနည်းငယ်မှောင်စပျိုးလာပြီ။
`နေဦး-နေဦး အကိုကြီး။ အဲဒီဦးတည်အတိုင်း ဆက်ပျံပေးပါ။ ကျနော်အသံတစ်ခု သဲ့သဲ့ကလေးကြားတယ်။´
ဗိုလ်ကြီးဝင်းမြင့် လက်ကို ဆန့်ကာ ကမန်းကတမ်းပြော၏။ ဟုတ်ရဲ့လားဟု သူသံသယ၀င်သော်လည်း လေယာဉ်ဦးတည်ကို အနည်းငယ်စီပြောင်းကာ ပျံသန်းပေးရင်း နားစွင့်နေမိသည်။
`ဟုတ်တယ်။ ပိုကျယ်လာပြီ - အဲဒီဦးတည်အတိုင်းပဲသွားပါ´
ဆရာကြီးမောင်စိုးပင် ခါးကြီးကိုင်းလျှက် ငုံကြည့်နေသည်ကိုတွေ့ရသည်။ ဗိုလ်ကြီးဝင်းမြင့်မျက်နှာသည် ချွေးစေးတို့ဖြင့် ၀င်းလက်နေသည်ကို သူမြင်တွေ့ရသည်။ မောခဲ့ရသမျှ ပြေပြီ။ သူတို့နောက်ထပ်လမ်းကြောင်းပြောင်းပြီး တည်နေရာကို သေချာအောင်လုပ်သည်။ အောက်ဖက်ကို မှန်ပြောင်းဖြင့်ကြည့်ကြသော်လည်း ဘာကိုမှတော့မမြင်ရ။ တောတောင်ထူထပ်သော ကုန်းမြင့်ကြောပေါ်တွင် ဖြစ်လောက်မည်။ ထိုနေ့အဖို့ ပြန်ခဲ့ကြပြီး-နောက်တစ်နေ့အတွက် အားတက်ရပြီဖြစ်သည်။
နောက်တနေ့နေ့လည်တွင် ၎င်းပစ်မှတ်အပြင် အခြားပစ်မှတ်တစ်ခုကိုပါ ရှာတွေ့သည်။ ဒုတိယတွေ့သော ပစ်မှတ်သည် ပစ်မှတ်သေ ဖြစ်ပြီး အရင်တွေ့သော ပစ်မှတ်သည်လှုပ်ရှားပစ်မှတ်ဖြစ်သည်။ တောင်ကြောပေါ်မှ အဆင်းလောက်တွင်တွေ့သည်။ မနေ့က တည်နေရာထက် မိုင် ၂၀ ခန့် ခရီးပေါက်ကြသည်ကို တွေ့ရသည်။ သို့နှင့် မျက်မြင်ကင်းထောက်ရန် လုံခြုံသော အမြင့်ပေသို့တက်ပြီး ပစ်မှတ်ပေါ်ဝဲကြည့်သည်။ ဟုတ်ပြီ - လားအကောင်နှစ်ရာခန့်နှင့် လူ ၁၅၀ ခန့် လက်နက်ပစ္စည်းအစုံအလင်ဖြင့် တစ်ရွေ့ရွေ့သွားနေကြသည်ကို သစ်ပင်များကြားမှ မြင်ရသည်။ မနည်းမနောပါလား။ လားတန်းသည် တောင်ကြောအတိုင်း ကွေ့ကာဝိုက်ကာ သွားနေသည်။ ဒါ တစ်ဖက်နိုင်ငံကိုသွားနေတဲ့ မူးယစ်ဆေးဝါးများ၊ ဘိန်းများသယ်ဆောင်လာသော လားတန်းကြီးပင်ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုပါမူ မနက်ဖြန် မြေပြန့်ခွင်အတွင်းရောက်မည်။ သူတို့တွင် လုပ်စရာအများကြီးရှိသေး၏။
အပြန်လမ်းသည် ပျော်စရာအတိဖြင့် စရင်း-နောက်ရင်း ပြန်ခဲ့ကြသည်။
စခန်းသို့ရောက်လျှင် အထက်အဆင့်ဆင့်သို့တင်ပြပြီး လိုအပ်သည်များပြင်ဆင်ကြရသည်။ ၁၈၀၀ နာရီခန့်တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ T-33 ဂျက်တိုက်လေယာဉ်လေးစီးနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးသည် လက်နက်များ၊ မြေပြင်စစ်သည်များကို တင်ဆောင်လျှက် ရှေ့တန်းလေတပ်ဆွယ်-ကျိုင်းတုံသို့ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာကြသည်။ တပ်ဆွယ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စစ်ဆင်ရေးအသင့်အနေအထားဖြစ်နေအောင် ပြင်ဆင်နေကြပြီဖြစ်၏။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(၅)
၂၄ ရက်၊ ဧပြီ။
ဗိုလ်မှူးမြင့်ဇော်တို့လည်း ပစ်မှတ်အနီးသို့ ရောက်ရှိ ကင်းထောက်နေပြီဖြစ်သည်။ ခက်ခက်ခဲခဲတော့ ရှာစရာမလို။ မနေ့ကနေရာနှင့် မိုင်နှစ်ဆယ်အတွင်းတွင်သာဖြစ်သည်။ သို့သော် ပစ်မှတ်သည် ရွာကြီးတစ်ရွာ အတွင်းသို့ရောက်ရှိနေသည်ကို တွေ့ရသည်။ ရန်သူ သတိထားမိမည်စိုး၍ နောက်တစ်ကြိမ်ဖြတ်မပြန်ပဲ ၃ မိုင် ပတ်လည်ခန့်မှ စက်ဝိုင်းသဏ္ဍာန် ပတ်ပျံကြသည်။ လမ်းညွှန်မြှားကလေးသည် ရွာကြီးဆီသို့သာ ညွှန်ပြလျှက်ရှိ၏။ သေချာပြီ။ ဒီကောင်တွေ ရွာထဲဝင်နားနေတာ။ လေယာဉ်ကို တွဲဖက်လေယာဉ်မှူးသို့ လွှဲပေးလိုက်ပြီး ဗိုလ်မှူးမြင့်ဇော် မြေပုံကို သေချာစွာ ကြည့်သည်။ ပတ်ဝန်းကျင် ၀င်လမ်းထွက်လမ်းကို လေ့လာသည်။ ယနေ့ညနေတွင် လားတန်းသည် ရွာနှင့်ဝေးရာ မြေပြန့်ခွင်အတွင်းရောက်မည်။
`ကိုဝင်းမြင့်-ပြန်မယ်၊ ထမင်းစားပြီး ထပ်ထွက်မယ်။ T-Bird တွေကို ပန်းပွင့်တင်ထားနိုင်ကြောင်း အကြောင်းကြားလိုက်တော့´
မကြာမတင်သော အချိန်ကာလအတွင်း၌ပင် စိမ်းစိုသာယာနေသော ဤတောင်တန်းများသည် ၀ိသမလောဘသမား၊ တိုင်းပြည်၏ အဖျက်ရန်စွယ် တို့၏ သွေးတို့ဖြင့် ညစ်နွမ်းပေတော့မည်ဟု ကိုမြင့်ဇော် တွေးနေမိသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(၆)
ဘိမ်းစိမ်းများ၊ မူးယစ်ဆေးဝါးများ တင်ဆောင်လာသော လားတန်းသည် သူတို့၏ ကျရောက်လာတော့မည့် အန္တရာယ်ကို မတွေးမမြင်ဘိအလား အရှေ့ဘက်သို့ နှေးကွေးလေးလံစွာ ရှေးရှုခရီးနှင်လျှက်ရှိ၏။ ဘိန်းဓမြသောင်းကျန်းသူတို့လည်း ထမင်းစားပြီးကာစ ဖြစ်သဖြင့် ပို၍နှေးနေဟန်တူသည်။ လားများ လူများကို သဲကွဲစွာမြင်နေရသည်။ ပစ်မှတ်၏ အနောက်ဖက်ဝေးဝေး တောင်တန်းပေါ်တွင်ဝဲနေရင်း T-Bird များအလာကို စောင့်ကြ၏။ မကြာပါချေ။ ခပ်ဝေးဝေးတိမ်တိုက်များကြားမှ အမဲစက်လေးစက်ကို ကျင့်သားရနေကြပြီဖြစ်သော သူတို့မျက်စိက လှမ်းမြင်နေရပြီ။
`စွန်ရဲ-၁ မှ ရဲခေါင်၊ ရဲခေါင်အသံကြားလား´
`ရဲခေါင်မှ စွန်ရဲ ၊ စွန်ရဲအသံကောင်းကောင်းကြားတယ်။´
`ရဲခေါင်ကိုတွေ့ပြီ။ ပစ်မှတ်ညွှန်ပြပါ´
T-33 ဂျက်တိုက်လေယာဉ် အုပ်ဖွဲ့ခေါင်းဆောင်ထံမှ ဆက်သွယ်ခြင်းဖြစ်သည်။ ပစ်မှတ်ကို တွေ့လျှင် လက်သံပြောင် မောင်စိန်ဗေဒါတို့အဖွဲ့ ဆက်လုပ်ရန်သာရှိတော့သည်။
` ရဲခေါင်ရဲ့ ညာဖက် တောင်တန်းအလွန် ပြန့်ထဲမှာ ပစ်မှတ်ရှိနေတယ်။ တွေ့ရင် အကြောင်းပြန်ပါ။´
`တွေ့ပြီ၊ အရှေ့ဖက်က ပတ်ဝင်မယ်။ Impact ကြည့်ပြီး ဆက်ပြောပါ၊ ဒါပဲ´
တိုက်လေယာဉ်အုပ်ဖွဲ့ခေါင်းဆောင်မှ အခြားလေယာဉ်များသို့ မှာနေသည်များကို စက်ထဲမှ နားထောင်ရင်း သူတို့သုံးယောက်သားတိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
`စွန်ရဲ-၁၊ အနီအုပ်ဖွဲ့ ၀င်ပြီ´
ပထမဦးဆုံးအုပ်ဖွဲ့ခေါင်းဆောင် စွန်ရဲ-၁ သည် လားတန်း၏ ရှေ့တည့်တည့်မှ အလွန်ပြင်းထန်သော ဂျက်အင်ဂျင် ပေါက်ကွဲသံဖြင့် အစာကို ထိုးသုတ်သော သိန်းစွန်ငှက်တစ်ကောင်အလား ထိုးစိုက်ဆင်းသွားသည်ကိုတွေ့ရသည်။
ရွှီး -ရွှီး - အုန်း - ဒုန်း-ဒုန်း-ဒုန်း
ဒက်-ဒက်-ဒက် - အုန်း-ဒုန်း-ဒုန်း
စွန်ရဲ-၁ မှ ပစ်ခတ်သွားသော ပထမဦးစွာ ပစ်ဝင်လာသော ဒုံးကျည်တို့သည် မြွေ၏ဦးခေါင်းအလား ကွေ့ဝိုက်ကာ သွားနေသော လားတန်း၏ ဦးခေါင်းပိုင်းတစ်လျှောက်ကို ပွင့်လန်ဖွာကြဲသွားစေ၏။ ပြင်းထန်သော ပေါက်ကွဲမှုများနှင့် မီးပွင့်များကို တွေ့မြင်နေရသည်။ သောင်းကျန်းသူတို့ ဘာမှန်းမသိခင်ပင် လူများ၊ လားများ၊ ကုန်ပစ္စည်းများ ပွင့်သပ် ပြတ်ရပ် ထွက်ကုန်ကြသည်။ စွန်ရဲ-၁ သည် နောက်ပိုင်းမှ လားတန်းကြီးတစ်လျှောက်လည်း ဒုံးများ စက်သေနတ်များဖြင့် တရစပ်ဆွဲ၍ ပင့်တင်သွား၏။ သွေးများ၊ အသားများ တစစီပွင့်ထွက်ကုန်သည်။ လားတန်းကြီး ရုတ်တရက် မပြန့်ကြဲသေး။ ဒုတိယအစီး တိုက်လေယာဉ် ဆက်တိုက် ၀င်ဆွဲသွားသည်။ ကျောက်တောင် ကျောက်သားများ ပဲ့ထွက်ကုန်၏။ တောင်ခါးပန်းတို့ ကြေမွကုန်၏။ မီးခိုးလုံးများကြားမှ အသားစများ၊ သစ်ကိုင်းအကျိုးအပြတ်များ မြင်မကောင်းအောင် လွင့်ပျံထွက်စင်ကုန်ကြသည်။ လူများလည်း ဦးတည်ရာမဲ့ အရပ်လေးမျက်နှာသို့ ပြေးကြ ၀ပ်ကြဖြင့် ကမ္ဘာပျက်ကြလေပြီ။ ပထမအသုတ်တိုက်လေယာဉ်နှစ်စီး တစ်ပတ်ကြော့၍ လက်ကျန်လက်နက်များဖြင့် လမ်းကြောကလေးပေါ်ရှိနေသေးသော လားများလူများကို ၀င်သုတ်ကြပြန်၏။ သေကြ၊ ပြတ်ကြသည်မှာ မြင်မကောင်းအောင်ပင်ရှိတော့သည်။
စွန်ရဲ-၁ နှင့် ၂ တို့ စွန်ရဲအပြာအုပ်ဖွဲ့နှင့် သွားရောက်ပူးပေါင်းကြသည်။
`ရဲခေါင် မှ စွန်ရဲ ၊ Impact ကောင်းတယ်။ ရန်သူ လမ်းရဲ့ ညာစောင်းက ကျောက်တောင်ကုန်းပေါ်မှာ ပြန်စုဖွဲ့တယ်။ ပန်းပေါက်ကျဲပေးပါ´
မသေ၍ လွတ်သော လူများ၊ လားများ သွေးရှုးသွေးတန်းဖြင့် ညာဖက် ကိုက်၅၀ အကွာလောက်ရှိ ကျောက်တောင်ကုန်း ကလေးပေါ်သို့ ကျည်ကွယ်မျက်ကွယ်ရလိုရငြား ပြေးတက်နေကြသည်။ ကျန်သူများလည်း ထိုကျောက်တောင်ကုန်းကို ခံ၍ ကြိုကြားကြိုကြား ပစ်ခတ်ကြ၏။ အကဲကြည့်ပေးနေသော သူတို့လေယာဉ်ကိုတော့ မထိမှန်နိုင်ပါ။ ဒုတိယအသုတ် တိုက်လေယာဉ်နှစ်စီးတွဲ စွန်ရဲ - ၂-၃ ၀င်သွားပါပြီ။ စက်သေနတ်များဖြင့် အရင်ပစ်ခွင်းသွားကြ၏။ ကျောက်ဆောင်ကျောက်မှုန်တို့ လွင့်ပျံ ကျိုးကြေကုန်၏။ အသားများ လူများ သစ်ပင်ကိုင်းခက်များတွင် သွေးရဲရဲ ချိတ်တွဲကုန်၏။ ဒုံးပျံများကျရောက်လာချိန်တွင် ကြိုးတိုးကျဲတဲပေါက်နေသော သစ်ပင်တို့ ပြိုလဲကုန်၏။ အမြစ်တွေပါ လေထဲလွင့်ထွက်ကုန်ကြသည်။ နောက်ဆုံးအစီး စွန်ရဲ-၄ သည် မီးလောင်ဗုံး ၂ လုံးကို ကျောက်တောင်ကုန်းပေါ်သို့ ကြဲချသွား၏။ ထိုးတက်လာသော မီးလုံးကြီးများအောက်ဝယ် ကျောက်တောင်ကုန်းကလေး မြင်ကွင်းမှ ပျောက်ကွယ်သွားပေပြီ။ မြေပြင်တပ်များ လက်လှမ်းမမှီရာ အရပ်ဒေသတွင် ကြောင့်ကြမဲ့စွာ မင်းမူနေကြသူများအား တပ်မတော်လေမှ တာဝန်ကျေပွန်စွာ ဆုံးမလိုက်ပြီဖြစ်လေသည်။
မြန်မာ့တပ်မတော်လေ၏ ဂျက်တိုက်လေယာဉ်လေသူရဲများသည် လူသားအားလုံးတို့အတွက် အဆိပ်အတောက်ဖြစ်သော မူးယစ်ဆေးဝါးများနှင့် လောဘသားသောင်းကျန်းသူတစ်သိုက်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်း၍ မာန်ဟုန်ပြင်းပြင်းဖြင့် လေထဲသို့ ထိုးခွဲပျံတက်သွားပြီဖြစ်လေ၏။ ရဲခေါင် အကဲကြည့်လေယာဉ်သို့ နှုတ်ဆက်သွားကြပြီး ရှေ့တန်းစခန်းဖြစ်ရာ ကျိုင်းတုံလေယာဉ်ကွင်းဆီသို့ ပျံသန်းသွားနေကြသည့် တိုက်လေယာဉ်များ၏ နောက်ပိုင်းကို တစ်လှည့်၊ အနောက်အရပ်ဆီမှ ၀င်လုဆဲ ပုဇွန်ဆီရောင်သွေးနေမင်းနှင့်အပြိုင် အရှေ့ဘက်တောင်ပြာတန်းကြားမှ လူအတုံးအရုန်းနှင့် သွေးအိုင်တို့ကိုတစ်လှည့် ငေးကြည့်နေမိရင်း တစ်ဦးနှင့်တစ်ဦး စကားပင် မပြောမိနိုင်ကြချေ။ေ၀၀ါးပျောက်ကွယ်လု ယမ်းငွေ့များကြားမှ အသက်မဲ့ခန္ဓာကိုယ်တို့ဖြင့် ငြိမ်သက်တိတ်ဆိတ်သွားပြီဖြစ်သော တောင်ကြားပြန့်ကလေးကို ကျောခိုင်းလိုက်၏။ လှုပ်ရှားနေသော စိတ်အစဉ်ကို တည်ငြိမ်အောင်ထိမ်းရင်း လေယာဉ်ဦးကို မိခင်လေတပ်စခန်းဆီသို့ ဦးတည်ကာ ရေဒီယိုဖြင့် ဂုဏ်ယူဝံ့ကြွားစွာ သတင်းပို့လိုက်ပါတော့သည်။
`Ye Khaung to Tower, Ye Khaung to Tower´
` Mission Accomplished, Return To Base. ´
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
Written By:Nanda Htun Htet
(အထက်ဖေါ်ပြပါ အကြောင်းအရာသည် တစ်ချိန်က မြန်မာ့တပ်မတော်နှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ပြုလုပ်စဉ်က အမှန်တစ်ကယ် ဆင်နွှဲခဲ့သော စစ်ဆင်ရေးတစ်ခုဖြစ်ပါသည်။ ထိုစဉ်က ထိပ်တန်းလျှို့ဝှက် စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့သော်လည်း နောင်တွင် ထိပ်တန်းလျှို့ဝှက် အဆင့် မသတ်မှတ်တော့ကြောင်းသိရပါသည်။
ယခုအခါ မြန်မာ့တပ်မတော်၏ စစ်ရေးစွမ်းရည်အပေါ် စိတ်ပါဝင်စားကြသော ညီအစ်ကိုများအနေဖြင့် ဝေဟင်ကွပ်ကဲမှုဖြင့် ပိုင်းဖြတ်တိုက်ခိုက်သော စစ်ဆင်ရေးဟူသည် တခြားနိုင်ငံများ၏တပ်မတော်များမှာမှ ရှိသည်မဟုတ်ပဲ မိမိတို့တပ်မတော်သည်လည်း ဝေဟင်ကင်းထောက်၊ ပိုင်းဖြတ်တိုက်ခိုက်သော စစ်ဆင်ရေးမျိုးကို ဟိုးအရင်ကာလများဆီကပင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သိရှိစေလိုခြင်းဖြစ်ပါသည်။
၎င်းဖြစ်ရပ်မှန် စစ်ဆင်ရေးကို နောက်ခံပြုသော ၀တ္တုရှည်တစ်ပုဒ်ကို တပ်မတော် နှစ် ၅၀ ပြည့် ရွှေရတု မဂ္ဂဇင်း (သို့) တပ်မတော်(လေ)နှစ်လည် မဂ္ဂဇင်း တစ်ခုတွင် ငယ်ငယ်က ဖတ်ရဖူးပါသည်။ လက်လှမ်းမမှီ၍ ပြန်လည် မတင်ပြနိုင်သည်ကို နားလည်ခွင့်လွှတ်စေလိုပါသည်။ ဖတ်မိ၍ မှတ်မိနေသည့် ဇာတ်လမ်းကြောရိုးအတိုင်း လူအမည်၊ တပ်အမည် သင့်ရာထည့်၍ အသစ်ရေးသားရခြင်းကိုလည်း မည်သူမှန်းမမှတ်မိတော့သော မူရင်းစားရေးသူသို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖတ်ဖူးခဲ့သော အကြောင်းအရာကို ရင်ထဲစွဲခဲ့ဖူးသဖြင့် ရေးတတ်သလောက် ပြန်လည်ရေးသားခြင်းကြောင့် မူရင်းအရသာ ပျက်ယွင်းခဲ့သည်ကိုလည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။ ကူညီနိုင်သူများရှိပါက ပြန်လည်ရှာတွေ့၍ဖတ်ရှုခွင့် ရနိုင်ကောင်းမည် မျှော်လင့်မိပါသည်။
ကျနော် စနေသားနန္ဒ ပါ။)
တော်လောက်သင့်ပါပြီ။ များစွာ ကျေးဇူးတင်ပါတယ်။ ဟီဟိ-