Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

“၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုလိုက်မယ်”

$
0
0
July 27, 2013 at 2:27am
          ခနောင်တိုက မောင်ပိုတို့ အမေကြီးကန်က လေရှီးစံတို့က မောင်စံဖားတို့ ပြည်တွင်းနေ မူဆလင်များ အဲလေ ဟုတ်ပေါင် မြန်မာဖြစ်ဆရာဝန်များကို ပါပီကလေးပုတုတု သူ့စကားက ၀ုဝု၀ုလောက်ပဲ သဘောထားလို့ သနားပါဘိ လာလုပ်တဲ့အခါ တချို့တလေအဖို့ ကြားရကြားရ နားဝမသက်သာ ဖြစ်ကြပုံရပါတယ်။ သူများပြောလည်း ပြောစရာကွယ်။ တို့တွေကိုက မရှိရှိတာတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့အပတ်တကုတ် ဆေးကု လာတာကြာတော့ ဖြစ်ကတတ်ဆန်းဆရာဝန်၊ တော်ရိလျော်ရိဆရာဝန်၊ အနှစ်နှစ်ထောင် ဂုရုကွေးဆရာဝန်တွေ ဖြစ်ကုန်ကြတာ ငြင်းလို့မှ မရပဲနဲ့။ ဆေးခန်းနံမယ်ပေးရင်တောင် ဘုရားလက်ထက်က ဇီဝကတို့ သျှင်ပါကူတို့က ကွဲထွက်မလာဘူး။ ဒိတ်အောက်တဲ့နေရာမှာ ဂိတ်ဆုံးရောက်နေပေါ့။ အခုတော့ ဘစိန်ကြီးတို့ မေစုကြီးတို့ ကျေးဇူးနဲ့ နိုင်ငံတကာအဆင့်မီ တော်ဝင်သမားဟူးရားကြီးများက
အောက်ကျနောက်ကျ ဖြစ်နေတဲ့  မြန်မာပြည်သားများကို ကယ်တင်ရန်အလို့ငှာ တတ်ကျွမ်းသောပညာ၊ ဆန်းသစ်သောကိရိယာများနဲ့ ကယ်တင်ကုသပေးတော့မယ်။ ကိုယ့်အမျိုးသားချင်း ပညာရပ်များ ဖြန့်ဝေပေးတော့မယ်။
သူတို့လာအလုပ်လုပ်လို့ ၀အီသွားတဲ့အခါ စက်ကိရိယာအစုံအလင်နဲ့ ဆေးရုံကြီးတွေကို ရက်ရက်ရောရော အင့် ယူလိုက် လို့ ထားပစ်ခဲ့မယ် ဆိုပါလား။ (ဟိုမှာဆိုရင်လည်း အဲလောက်နှစ်တွေကြာရင် အကုန်လွှင့်ပစ်ရတာပဲ ဟာကို)

          တိုင်းပြည်အတွက် အင်မတန်အကျိုးရှိမယ့် ကိစ္စပါဗျာ။ အစောကြီးကတည်းက အဲသလိုဖြစ်နေခဲ့ရင် “အင်္ဂလန်မှာဆိုမသေဘူး။” ဆိုတဲ့ တိုင်းပြည်အတွက် အဖိုးတန် စာနယ်ဇင်းဆရာကြီးကို ဘယ်လက်လွှတ်ဆုံးရှုံးလိုက်ရမလဲတဲ့။ ခုတော့ ရန်ကုန်မြို့မှာ အကောင်းဆုံး ပုဂ္ဂလိကဆေးရုံကြီးကို ကိုယ်တိုင်ကားမောင်းပြီး ရောက်သွားပါလျက်၊ အဲသည်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ နှလုံးရောဂါအထူးကြပ်မတ်ကုသဆောင်ကို ပို့ပေးပါလျက် ဒီကလူတွေ ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့မို့ ငါးရိုးမျက်လက်တို ငုတ်တုတ်ထိုင်ကြည့်နေကြသလို ရေတိမ်နစ်ရရှာပါသတဲ့။ မြန်မာပြည်က အထူးကုဆရာဝန်ဆိုတာတွေက ၀န်ကြီးဌာနက အချိန်တန် ကိုယ့်ဘာသာ အမြီးတပ်ပေးလိုက်လို့သာ အကောင်ကြီးကြီးသွားတာ။ နိုင်ငံခြားဆေးရုံတွေမှာ စံနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးထားတဲ့သူ မရှိသလောက် ရှားပါပေသတဲ့။ ဒါလည်းဟုတ်တာပဲ။ ပညာသင်ထွက်သွားပြီးရင် ပြန်မလာပဲ ဟိုမှာ အလုပ်လုပ်နေတဲ့သူတွေ များလွန်းလို့ ဘယ်ဝန်ထမ်းဆရာဝန်ကိုမှ နှစ်ရှည်လများ နိုင်ငံခြားကို ပေးမသွားခဲ့တာ ပဝေသဏီကတည်းက။  ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဘာသာ ထွက်ချင်ရင်တောင် သူ့လို လူကြီးသားမဟုတ်ရင် ကိုးတန်းအောင်နဲ့ သူခိုးထွက်ထွက်ရတယ်။ အစိုးရအလုပ်ကတော့ တာ့တာပဲ။ ဂလိုဆိုတော့ ကိုယ့်ဆီမယ်ကျန်တာတွေက ချိုမကျိုးရင် နားရွက်ကတော့ ပဲ့ကိုပဲ့လောက်တယ်ပေါ့။ အနည်းဆုံးတော့ ခြံမခုန်နိုင်လို့ ကျန်ခဲ့တာလေ။ ဘာငြင်းချင်သေးသလဲ။

         အေးပါကွာ။ သည်မြေသည်ရေနဲ့ ကင်းကွာသွားတာလည်း နှစ်ပေါင်းနှစ်ဆယ်နီးနီး ရှိလာပြီဆိုတော့ သူ့စိတ်ထဲမယ် မြန်မာဆရာဝန်ဆိုတာ ခေါစာလေးပစ်လိုက်၊ ရေမန်းလေးတိုက်လိုက်၊ မန်ကျည်းခေါက်ကလေးသွေးလိမ်းလိုက် လုပ်နေတယ် ထင်မစိုးလို့ ကိုယ့်ရပ်ကိုယ့်ရွာထဲက သမားတွေ လက်ရှိဆေးကုနေရတဲ့ အခြေအနေကလေး တစေ့တစောင်း မောင်းထုပေးလိုက်ပါ့မယ်။

         ကိုယ့်မြန်မာနိုင်ငံအဆင့်နဲ့ ထိပ်တန်းနှလုံးရောဂါကုဌာနကြီးတွေဟာ ရန်ကုန်၊ မန္တလေး၊ အခုဆိုရင် မကွေး၊ ပြင်ဦးလွင် မှာ ကျွမ်းကျင်သူ သမားတော်ကြီးများ ဦးစီးလျက် အရေးပေါ်နဲ့ သင့်ရာအပ်ပို့လူနာများကို လက်ခံကုသပေးနေပါတယ်။ ဟိုးအရင် ကိုယ်တွေ ဆေးကျောင်းသားတုန်းကတော့ အဲသည်ဘက်မှာ အထူးကုဆိုတဲ့ ဆရာဝန်ကြီးတွေက လက်ချိုးရေလို့ နောက်တစ်ဘက် မကူးသေးဘူး။ ဆရာကြီးဦးအောင်၊ ဦးရွှေတင်၊ ဒေါ်ချိုလေးမာ၊ ဒေါ်ခင်မေစန်း၊ ကုန်ရောပဲ။ အဲဒီခေတ်က ကုထုံးတွေက ဆေးထိုးဆေးသွင်း၊ အနီးကပ်စောင့်ကြည့်ကုသကြတာဖြစ်ပြီး လက်တွေ့ပိုင်းအရ သွေးကြောထဲကို နှလုံးထဲကို ဟိုပစ္စည်း သည်ပစ္စည်းတွေထည့်တဲ့ နည်းပညာတွေ မပေါ်သေးဘူး။ အခုတော့ အဲသလိုကိုယ်ထိလက်ရောက် ဆောင်ရွက်ကုသတဲ့ နည်းပညာတွေအများကြီးတိုးတက်လာလို့ မြန်မာပြည်က ပိုက်ဆံချမ်းသာတဲ့သူ တော်တော်များများမှာ နှလုံးရောဂါဖြစ်ရင် stent ထည့်ထားတယ်တို့၊ Pacemaker ထည့်ထားတယ်တို့၊ ဘောလုံးနဲ့ချဲ့ပေးလိုက်တယ်တို့၊ တစ်နည်းတစ်ဖုံ စီမံပြီး လူကောင်းအတိုင်း သွားလာလုပ်ကိုင်နေတာ ကြာပါပြီ။

          အမ်းက ပြန်ပြောင်းလာကာစမှာ တစ်ဝမ်းကွဲညီတစ်ယောက် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အိမ်မှာသွေးလန့်သတိလစ်ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကို ကိုယ်တိုင်လိုက်ပို့ခဲ့ရပါတယ်။ ဆေးရုံကြီးမှာ အလုပ်စ မ၀င်ရသေးတဲ့အချိန်မို့ ကိုယ့်ကို ဆရာဝန်မှန်း ဘယ်သူမှ မသိပဲ လူနာစောင့်အဖြစ်နဲ့ အစအဆုံး ပါဝင်ခဲ့တာပါ။ ရောက်ရောက်ချင်း ECGဆွဲပြီး Recent Infarct (လတ်တလောသွေးကြောပိတ်ရောဂါ)မှန်း သိတာနဲ့ အရေးပေါ်ဆေးတွေသွင်း၊ နှလုံးရောဂါ ကြပ်မတ်ကုသဆောင်က တာဝန်ကျဆရာဝန်ကို ဖုန်းဆက်ခေါ်တယ်ဗျ။ ဟိုကလည်း ECG မြင်တာနဲ့ ကုတင်ပြင်ပြီး လူနာပို့လိုက်ဖို့ ပြောပါတယ်။ဘယ်သူ့ကိုမှ မျက်နှာပြ အကူအညီတောင်းစရာမလိုပဲ နာရီပိုင်းအတွင်းမှာ လူနာက လုံခြုံစိတ်ချရတဲ့ စက်ကိရိယာ အပြည့်အစုံနဲ့ ကုတင်ပေါ် ရောက်ပါတယ်။ ဆိုလိုတာက အဲဒါ မြန်မာနိုင်ငံသား နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင် ဘယ်သူမဆို ရနိုင်တဲ့ ရန်ကုန်ဆေးရုံကြီးရဲ့ဝန်ဆောင်မှုပါ။ ဟိုနှမြောစရာ ဆရာသမားကြီးက ဘာဖြစ်လို့ အဲသလို ကုသမှုမျိုး မရခဲ့တာပါလိမ့်။ သူ့တုန်းကဆို နှလုံးအထူးကုသမားတော်ကြီးကိုယ်တိုင် အရေးပေါ်မှာ လာစောင့်နေတာ လို့လည်း ပြောလျက်နဲ့။ ဒါက လူနာ ကုတင်ပေါ်ရောက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ အဆောင်ထဲမှာ ECGတွေ အခါခါဆွဲလို့ မော်နီတာတပ်ထားရင်းမှာ ဆရာဝန်အငယ်လေးတွေ အသေးစိတ်မေးမြန်းစစ်ဆေး စမ်းသပ်ကြပါတယ်။ တအောင့်နေတော့ သွေးခဲဖျော်တဲ့ဆေးနဲ့ ကုသရမယ်ဆိုပြီး လိုအပ်တဲ့ အကျိုးအပြစ်များ ရှင်းပြပြီး သဘောတူညီမှု ယူပါတယ်။ ကိုယ်နဲ့သိတဲ့ အားကိုးစရာ အကိုအမထဲက ဘယ်သူတွေများ ရှိပါလိမ့်လို့ လိုက်ကြည့်တဲ့အခါ ဆရာထွန်းထွန်းဦး၊ အမနွယ်နွယ်၊ နဲ့ အမလွင်တင်အေး သုံးယောက်စလုံး ကိုယ်ဟောက်ဆာဂျင်ဆင်းတုန်းက အကျွမ်းတ၀င် ရှိတဲ့သူတွေချည့်ပဲမို့ အားတွေတက်သွားပြီး လာသမျှ နှုတ်ဆက်ရတာ အမောပါ။ အဲသည်နောက်တော့ ပေါင်ခြံကသွေးကြောထဲကနေ ကျဉ်းနေတဲ့ သွေးကြောကိုချဲ့ဖို့ နှလုံးသွေးကြောဓါတ်မှန်ရိုက်ဖို့ စီစဉ်ပေးပါတယ်။ သည်အထိအောင် ကုန်ကျစားရိတ်က သိပ်မရှိသေးပါဘူး။ သွေးတွေ ဖောက်ဖောက်ပြီး စစ်ရတယ်။ လိုအပ်သမျှ ဆေးတွေ ၀ယ်ပေးရတယ်။ ဆေးရုံကပေးတဲ့ဟာလည်း ပေးပါတယ်။ သာမာန်မြန်မာပြည်သား တစ်ယောက်အနေနဲ့ အိမ်ရောင်းကားရောင်းလုပ်ပြီး ဆေးဖိုးရှာရတဲ့ အဖြစ်မျိုး မရှိပါဘူး။ သို့သော်လည်း လူနာက ဆန္ဒရှိလို့ သွေးကြောထဲကို stent ထည့်ထားချင်တယ်ဆိုရင်တော့ သိန်း နှစ်ဆယ် သုံးဆယ် ဆက်ကုန်မယ်ပေါ့။ အကုန်မခံနိုင်ဘူးဆိုလည်း လက်ရှိကုထုံးနဲ့ သေတွင်းထဲက လွတ်လာပြီ။ ရှေ့လျှောက် အနေအထိုင်အစားအသောက် ဆင်ခြင်၊ ဆေးမှန်မှန်သောက်ရင် ရပြီပေါ့။

             ဆေးကျောင်းသားဘ၀တုန်းက ဆယ်တန်းသင်္ချာဆရာတစ်ယောက်ကို သည်အဆောင် သည်ကုတင်တွေမှာ သည်ရောဂါနဲ့ လူနာလာစောင့်ပေးဖူးလို့ နာလန်ထဖို့ ဘယ်လောက်ကြာတယ်၊ ပိုက်ဆံဘယ်လောက်ကုန်တယ်။ သက်တမ်းဘယ်နှစ်နှစ်ခံတယ်။ ကိုယ်တွေ့ သိခဲ့ပြီးသားပါ။ ညီတော်မောင်က တစ်ပတ်ဆယ်ရက်နဲ့ အလုပ်ပြန်ဆင်းနိုင်တော့ ငါတို့ဆေးပညာမှာ အများကြီး ပြောင်းလဲသွားပါပကော လို့ ကျေနပ်မိပါတယ်။ နောက်နှစ်ပတ်လောက်ကြာတော့ အဲသည်အဆောင်ကိုပဲ နောက်တစ်ခေါက် ထပ်ရောက်ရပြန်ပါတယ်။ သည်တစ်ခါတော့ အတန်းဖော်သူငယ်ချင်းတစ်ယောက်က နှလုံးခုန်တွေ အရမ်းမြန်နေတဲ့ ရောဂါနဲ့ တက်တာပါ။ သည်နေ့တက်ပြီး နောက်တစ်နေ့ပဲ သူ့နှလုံးမှာ အပိုစီးနေတဲ့ လျှပ်စီးပတ်လမ်းကလေးကို မီးရှို့ဖြတ်တောက်ပလိုက်ပြီး ဆေးရုံက ပြန်ဆင်းသွားပါတယ်။ စားပွဲပေါ်မှာရေးထားတဲ့ စာရင်းအရ တစ်နေ့တစ်နေ့ အဲသလို လူနာ ဘယ်နှစ်ယောက် လုပ်နေသလဲဆိုတာလည်း တွေ့ခဲ့ရပါတယ်။ ကိုယ့်ဆီမှာ ခွဲလူနာစာရင်း (OT list) ထွက်သလို သူတို့လည်း မနေမနား လုပ်နေကြသားပဲ။ သူတို့လူနာဆောင်မှာရှိတဲ့ လူနာအတက်အဆင်းဇယားကို ကြည့်ရင် လူကိုယ်တိုင် လာစောင့်နေလျက်သားနဲ့ မကယ်လိုက်နိုင်တဲ့ အဖိတ်အစင်တစ်ယောက်ကို အပြစ်တင်ဖို့ တော်တော် အားနာစရာ ကောင်းပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သူငယ်ချင်းတစ်ယောက်အဖေ သွေးကြောပိတ်လို့ အဲသည်အဆောင်ကို ရောက်ခဲ့ပါသေးတယ်။ (ရောက် ရောက်နိုင်လွန်းသကွယ်) သွေးကြောချဲ့လို့ မရနိုင်တော့ဘူး။ သွေးကြောအစားထိုး လမ်းလွှဲကုရမယ် လို့ ပြောပါတယ်။ ဒီနည်းတွေလည်း မြန်မာပြည်မှာ ကုလို့ရေနေပါပြီ။ မန်းလေးမှာတောင် အဲဒါလုပ်ထားတဲ့သူတွေ အများကြီး။ ဟိုးအရှေ့က ကိုယ်ရေးတဲ့စာတွေ မှန်မှန်ဖတ်ဖူးရင်တော့ ဂျပန်ကပြန်လာပြီး ဗိုလ်ချုပ်တွေနဲ့ ရွှေမျိုးစပ်သွားတဲ့ ဆရာဝန်မကြီးလိုမျိုး သတင်းစာထဲက သာခြင်းတစ်ထပ်နဲ့ ကိုယ့်ဆေးရုံ ကိုယ့်ဝန်ကြီးဌာန လော်ဘီပြန်လုပ်တဲ့စာမျိုး ရေးတဲ့အစားမဟုတ်မှန်း သိပါလိမ့်မယ်။

              ပညာရပ်ပိုင်း၊ ပစ္စည်းကိရိယာပိုင်းမှာ အနောက်နိုင်ငံကဆေးရုံတွေနဲ့ မယှဉ်နိုင်တာ နွားခြေရာခွက်ထဲက ဘယ်ကိုမှ မရောက်ဖူးသော်ငြား သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ လူနာတွေကလည်း လူသားတွေပဲမို့ တတ်တဲ့ပညာ ရှိတဲ့ဥစ္စာနဲ့ စေတနာအရင်းခံပြီးကုနေကြတဲ့ ဆေးလောကသားတွေဟာ အ လွန်းလို့ အစွမ်းအစ မရှိလွန်းလို့တော့ မဟုတ်ပါဘူး။ အိုဘားမားကြီးနေမကောင်းတဲ့အခါ ခင်ဗျားပဲ ဂုဏ်ယူစွာ ကုလိုက်ပါ။ ဒီမှာတော့ ကျွန်တော်တို့မှ မကုရင် သေမယ့်သူတွေကို ခင်ဗျားနဲ့တန်းတူ ၀င်ငွေမရလို့ မျက်နှာလွှဲမနေနိုင်ပါဘူး။ အမေရိကန်စတန်းဒတ်နေနေသာသာ ရန်ကုန်ကထွက်လိုက်တာနဲ့ ရန်ကုန်စတန်းဒတ်တောင် ဘယ်နေရာမှာမှ မရသေးတဲ့ အရပ်မှာ ကျွန်တော်တို့ ဘာတွေလုပ်နေကြရသလဲဆိုတာ ဟောက်ဆာဂျင်ပြီးအောင် မဆင်းဖြစ်တဲ့သူတွေ သိမှာ မဟုတ်ပါဘူး။  ကျွန်တော်ရတဲ့လခဟာ ခင်ဗျားအိမ်က ဂျာဒူးဝါလားတစ်ယောက်လောက် မများတာ ပြောစရာမှ မလိုတာ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအတန်းအစားလဲဆိုတာ သူများလာပြောမှ သဘောပေါက်ရမှာလား။ ကွကိုယ်လည်း သိပါတယ်။ အညံ့စားပါ။ စံမမှီပါ။ ဖွတ်ကျားပါ။ (ဖျားစူးရစေ့။ ရွဲ့ပြောတာ မဟုတ်ပါ။ အတည်ကြီးမှ အတည်ကြီး။)

           ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်အလုပ်မှာကိုယ် ပျော်ပါတယ်။ Bordeau Wine နဲ့ Camenbert၊ Cavier နဲ့ Champagne ကောင်းတယ်ဆိုတာ ဟုတ်မှာပါ။ ဒါပေမယ့် အမ်းမှာသောက်ရတဲ့ ဓနိရည်ကလေးနဲ့ ဂဏန်းအနှဲကလေးတွေကလည်း အင်မတန်အရသာရှိပါတယ်။ အညာမှာစားရတဲ့ နှမ်းဆီမွှေးမွှေးနဲ့ မုန့်ပျစ်သလက် ပူပူကလေးလည်း ဆိမ့်ပါတယ်။ ကိုးကန့်လက်ဘက်ခြောက်ကလေးလည်း မွှေးပါတယ်။ ပိုက်ဆံမရှိတဲ့ လူနာတွေကို ပိုက်ဆံမရှိတဲ့ ဆရာဝန်က မရှိရှိတာ ရှာကြံကုသရတဲ့အခါမှာလည်း ရောဂါပျောက်ရင် စိတ်ချမ်းသာရတာပါပဲ။ (ကိုယ့်မြန်မာချင်းကုရလို့ ပိုစိတ်ချမ်းသာမှန်း ဘူတန်ရောက်တုန်းက သဘောပေါက်ခဲ့တယ်။) မီးမလာတဲ့အရပ်လောက် လမင်းထိန်ထိန်သာတာ ဘယ်ရှိလိမ့်မလဲ။ နိုင်ငံခြားမှာ သာတဲ့လကမှ ပိုဝိုင်းတယ်လို့ မထင်မိပါဘူး။ ကောင်းတယ် ဆိုးတယ်။ သာတယ် နာတယ်ဆိုတာ နှိုင်းယှဉ်ချက်တွေပါ။ ကိုယ့်အတွက်တော့ ဘယ်အရာကိုမှ မနှိုင်းယှဉ်ပဲ အရသာခံစားပါတယ်။ နှိုင်းယှဉ်တယ်ဆိုတာ ကိုယ့်မှာ မရှိတဲ့အရာကို သာတယ် ထင်တာပဲ မဟုတ်လား။

             ကိုယ့်သူငယ်ချင်းကြီးတွေ မြန်မာပြည်ကို တခုတ်တရပြန်လာပြီး တတ်ကျွမ်းတဲ့ ပညာတွေ ဝေမျှပေးမယ်ဆိုတဲ့အခါ ၀မ်းမသာပဲတော့ မနေပါဘူးလေ။ တကယ်တော့ ကိုယ်တို့လည်း ကိုယ့်တိုင်းပြည်မှာနေပြီး အစိုးရအလုပ်ထဲ ကုတ်ကပ်နေတယ်ဆိုတာ အလွန်အမင်း စွန့်ခြင်းငါးလီလို့ မဏ္ဍပ်တိုင်တက်ပြစရာ မလိုပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် မဟုတ်လား။ မစင်တွင်းထဲက တဖွားဖွားလောက်တွေလည်းပဲ သူတို့ကျတဲ့နေရာမှာ ခုံခုံမင်မင် မက်မက်စက်စက် ရှိကြလေသတဲ့။ ငပိ နဲ့ လောက်၊ ရွှေ နဲ့ ကျောက်ဆိုတာ သူ့နေရာနဲ့သူပဲ ကောင်းပါတယ်။ နေရာချင်းတော့ မလဲနိုင်ပါ။ ရှိပါစေတော့ ရှိစေတော့။ သံယောဇဉ်မကုန်သေးလို့ လာမယ့်သူတွေကို “မလာပါနဲ့။ အချစ်ရေ မလာခဲ့နဲ့။ စိတ်ကူး နဲ့ အပြင်က လက်တွေ့ဘ၀ဟာ အမှန်တကယ် ကွာခြားလွန်း…။” လို့ မျိုးကြီးသီချင်းနဲ့ မကြိုရက်ပါဘူး။ “နိုဝင်ဘာမှာလာမလား ဒီဇင်ဘာမှာလာမလား။” အရောက်သာ လှမ်းလာခဲ့ပါ။ ၀တ်လဲတော် ရွှေပုဆိုးကို တန်းထိုးလို့ ကြိုလိုက်မှာပေါ့။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>