………………..
Sky Net ကလွှင့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတော်အတွက် အနုပညာရှင်တွေရဲ့ တင်ဆက်နေမှုကို ကျွန်တော် ကြည့်နေမိတယ်။
ငြိမ်းချမ်းရေးအတွက် ပြက်လုံးတွေ၊ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ၊ ဆုတောင်းမှုတွေနဲ့ ငြိမ်းချမ်းရေး အတွက် ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ၀ိုင်းဝန်းဆောင်ရွက်နေကြတယ်။
အဆိုတော်တွေ၊ ရုပ်ရှင်သမားတွေက ငြိမ်းချမ်းရေးသီချင်းတွေဆို ငြိမ်းချမ်းရေးအတွက် ကပြကြတယ်။ ငြိမ်းချမ်းရေးအတွက် လာကြည့်တဲ့ ပရိသတ်ရဲ့ လက်ခုပ်သံတွေကလည်း ဝေဆာနေတယ်။
ကျွန်တော် ဒါတွေကကြည့်မိတော့ ကြည်နူးပီတိမှုတွေ ဖြစ်ရတယ်။ ဒါတွေကို စစ်မက်ဖြစ်ပွားနေတဲ့ ခေါင်း ဆောင်တွေကြည့်ရှုကြမယ်၊ လိုက်နာကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲ။
ထို့မှတဆင့် ကျွန်တော်အတွေးတွေက ၀င်လာခဲ့ပါတယ်။
……………..
တစ်ခါတုန်းက လင်မယားနှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ကြတယ်။ အိမ်မှာရှိတဲ့ ပန်းကန်တွေ၊ ခွက်တွေကို ပစ်ပေါက်လိုပေါက်၊ ရိုက်ခွဲလိုခွဲနဲ့။ တဖြည်းဖြည်းအခြေအနေက ပိုဆိုးလာပြီး ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ရိုက်လိုက်တယ်။
မိန်းမဖြစ်သူက ရှိုက်ကြီးတငင်ငိုကြွေးပြီး အိမ်ကနေပြေးထွက်သွားပါတယ်။
အဲဒီလိုနဲ့ ညရောက်တော့ ယောကျာ်းဖြစ်သူက သူ့အလုပ်ဖြစ်တဲ့ ဇာတ်ကဖို့အ၀တ်အစားလဲနေပါတယ်။ သူ ပါဝင်ကရမယ့်အခန်းက သူတော်စင်တစ်ဦးနေရာကပါ။ သူက ခိုးသားတွေ၊ ဓားပြတွေကို တရားပြ၊ ဆုံးမစကားဆို ရယ့်အခန်းပါ။
သူကတော့ မိန်းမနဲ့ ရန်ဖြစ်တာကို ခဏမေ့ထားပြီး ဇာတ်ဝင်ခန်းထဲက ညီညွတ်ရေးအတွက် ရွတ်ဆိုရမဲ့ စာသားတွေကို ပြန်လည်ရွတ်ဆိုနေလေသတဲ့။
…………..
ကျွန်တော်စဉ်းစားမိတာပေါ့လေ။ ငြိမ်းချမ်းရေးအတွက် တင်ဆက်နေသူတွေ၊ အကျိုးဆောင်ပေးနေသူ တွေဟာ သူတို့မိသားစုတွင်းမှာ ပြေလည်မှုတွေရော ရှိရဲ့လား။ ထို့အတူ သူ့တို့ အတွင်းစိတ်ထဲမှာရော ငြိမ်းချမ်းမှု တွေရှိရဲ့လား။
ကိုယ့်မိသားစုဆိုတဲ့ အိမ်တွင်းငြိမ်းချမ်းရေးကို ပြေလည်အောင်တည်ဆောက်ဖို့ခက်နေချိန်မှာ တစ်မျိုးသား လုံးအတွက် ငြိမ်းရေးကိုတည်ဆောက်ဖို့ အဆင်ပြေပါ့မလား။ ကိုယ့်စိတ်ထဲမှာ ငြိမ်းချမ်းမှုတွေ မရှိပဲနဲ့ တခြားသူ တွေရဲ့ ငြိမ်းချမ်းမှုတွေကို ပြုစုပေးဖို့လွယ်ပါ့မလားပေါ့။
ဒါဆိုရင် ငြိမ်းချမ်းရေးအတွက် မလုပ်ရတော့ဘူးလား။ မဟုတ်ပါဘူး။ လုပ်ရမှာပါ။ အခြေခံ အိမ်တွင်းက အစ၊ ရပ်ကွက်အတွင်း၊ မြို့နယ်အတွင်း၊ တိုင်း/ခရိုင်အတွင်း ဒီလိုအဆင့်ဆင့် တည်ဆောက်သွားနိုင်ရင်မကောင်း ဘူးလား။
ဒီအချိန်မှာ အရေးကြီးဆုံးက ငြိမ်းချမ်းရေး။ ဒီတော့ ကျန်တာခဏထားပြီး စစ်ဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်ဖို့အရေးကြီးတယ်ဆိုပေမယ့် အဲဒီလို ဆောင်ရွက်ချက်ကရော ရေရှည်မှာ ခိုင်မြဲပါ့မလား။ အခြေခံလေးတွေကစပြီး တစ်ဘက်နှင့်တစ်ဘက် အဆင်ပြေအောင်ဆောင်ရွက်ကြရင် ပိုပြီးမြဲမြံနိုင် မယ်လို့ ကျွန်တော်ဥာဏ်မိသလောက်လေး တွေးကြည့်မိတာပါ။
………………
တစ်ချိန်တုန်းက ပန်းချီပေါ်ဦးသက်ဟာ မိခင်၊ ဖခင်နှင့် သားငယ်ပါတဲ့ မိသားစု ပန်းချီကား တစ်ချပ် ရေးဆွဲခဲ့ပါတယ်။
အဲဒီမိသားစုပန်းချီကားမှာ ထူးခြားတာက ပုံသဏ္ဍာန်အချိုးအစား နည်းနည်းပြောင်းထားပါတယ်။ မိသားစု သုံးဦးလုံးကို အ၀တ်ဆင်ပေးမထားပါဘူး။ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ဆရာပေါ်ဦးသက်က ရှင်းပြခဲ့ပါတယ်။
“ အ၀တ်ဆင်ပေးမထားခြင်းဖြင့် ဒီမိသားစုဟာ ဘယ်နိုင်ငံက၊ ဘယ်လိုလူမျိုးဆိုတာ မသိနိုင်ပါဘူး။ ဒီလို မသိနိုင်ခြင်းဟာပဲ ကမ္ဘာပေါ်မှာ ရှိသမျှမိသားစုတွေကို ကိုယ်စားပြုထားတဲ့ လူသုံးဦးအဖြစ် ရောက်သွားစေတဲ့ သဘောပါပဲ ”
“ မိသားစုဆိုတာ အစုအဝေးသဘောပါ။ ဒါပေမယ့် တချို့မိသားစုတွေဟာ စုစည်းမှု၊ စည်းလုံးမှု မရှိကြဘူး။ သူကတစ်မျိုးငါကတစ်ဖုံနဲ့ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ စုစုစည်းစည်းမရှိကြဘူး။ ဒါမျိုးတွေကို ကျွန်တော်က မဖြစ် စေချင်ဘူး။ မိသားစုဆိုကတည်းက ကျစ်ကျစ်လစ်လစ်စုစည်းမှု၊ စည်းလုံးမှုသဘောရှိစေချင်တယ်။ ဖြစ်စေ ချင်တယ်။ ”
“ ပြီးတော့ မိသားစုဆိုတဲ့ စုစည်းခြင်းထဲမှာ တကယ့်ကိုစင်ကြယ်တဲ့ မေတ္တာဟာ ဖွားမြောက်သန့်စင်လာနိုင် သေးတယ်။ မေတ္တာဆိုတဲ့သဘောကို ရရှိလာရင် ညီညွတ်ခြင်း၊ စည်းလုံးခြင်းအပြင် ငြိမ်းချမ်းခြင်းဆိုတာလဲ တိုး လာမှာပါ။ ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတွေရှိတဲ့ မိသားစုတွေ များလာလေလေ လူ့လောကကြီး ဟာလဲ နေချင်စဖွယ် လူ့လောကကြီးအဖြစ်ကို ရောက်လာလေလေဖြစ်မှာပဲဆိုတဲ့ ခံစားချက်တွေနဲ့ မိသားစု ပန်းချီ ကားတွေကို ရေးဆွဲမိခဲ့တာပါ ” တဲ့။
၁၃၅ မျိုးသော မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံတွေဟာ ညီအစ်ကိုမောင်နှမတွေပါ။ ဒီမြေ၊ ဒီရေတွေက တိုင်းရင်းသားတွေရဲ့ အဖေ၊ အမေပါပဲ။ ဒီအဖေ၊ အမေနဲ့ ညီအစ်ကိုမောင်နှမတွေက တစ်စစီကွဲနေပြီဆိုရင်တော့ ဘေးပတ်ဝန်းကျင်အိမ်တွေက ၀င်ပြီး နေရာလုဖို့ ပြင်နေကြတော့မှာပါပဲ။
……………….
တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇာက် ( Jesus Christ ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြပါတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိ တယ်ဆိုပြီး ခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ ဘာသာရေးပုဂ္ဂိုလ်တွေက ပြောတယ်။
“ ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ(MOSES) က အမိန့်ချမှတ် ခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ ”လို့ ၀ိုင်းမေးကြပါတယ်။

မောင်ပိုင်
၂၈-၇-၂၀၁၃
— with Nanda Htun Htet and 30 others.