Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

“ဂျစ်ပစီမိုးတိမ်”

$
0
0

June 9, 2013 at 9:09am

          လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်တုန်းကတော့ အခုလိုနေ့မျိုး ဟိုင်းလက်ကားတစ်စီးပေါ်မှာ အိပ်ချင်မူးတူး ဂယောင်ခြောက်ခြားဖြစ်နေတဲ့ ကလေးမသာလေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတွေနဲ့ ပဲခူးကို ဘုရားဖူးသွားနေခဲ့ပါတယ်။ အောင်စာရင်းထွက်တာမို့ ညကလည်း တစ်ညလုံး မအိပ်ခဲ့ရသေးဘူး။ ညဆယ်နာရီကျော်မှာ သူ့အဖေသူငယ်ချင်း ကောင်စီလူကြီးတစ်ယောက်က ဂုဏ်ထူး သုံးဘာသာနဲ့အောင်တယ် လို့ လာပြောတော့ ၀မ်းသာလွန်းလို့ ထခုန်ပြီး ဘယ်ဘာသာတွေလဲ လို့တောင် သေချာ မမေးမိဘူး။ အောင်စာရင်းက မြို့နယ်ကောင်စီရုံးတွေမှာ ကပ်ပေးတာမို့လို့ ကိုယ့်အတွက်တော့ အဲဒီညကျမှ အစောဆုံးသိရတာပါ။
ကိုယ့်မျက်စိနဲ့ တတ်အပ်မမြင်ရသေးလို့ ယုံလည်း မယုံရဲသေးဘူး။ အတန်းထဲက သူငယ်ချင်းတွေရော ဘယ်သူတွေ ဂုဏ်ထူးဘယ်နှစ်ခုပါသလဲ သိချင်လွန်းလို့ အိပ်လို့ကို မပျော်တော့ဘူး။ အဲဒီအရွယ်တုန်းကတော့ အချင်းချင်း ပြိုင်ချင်တဲ့စိတ်တစ်ခုတည်းကို တွန်းအားပြုပြီး စာတွေ ကျက်လာခဲ့တာ မဟုတ်လား။ ညကပြောသွားတုန်းက မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓာတု/ရူပ လို့  ကြားမိပေမယ့် ယုတ္တိမရှိလို့ သူ မှားပြောမိတာဖြစ်လိမ့်မယ် လို့ပဲ ထင်တယ်။ အဲဒီဘာသာတွေက အိမ်စာမှန်မှန်လုပ်တာကလွဲလို့ အကျက်အမှတ်လည်း မပါဘူး။ ဖြေသာဖြေခဲ့တယ်။ ကိုယ့်ဘာသာ ဖြေနိုင်လား မဖြေနိုင်လားတောင် မပြောနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဆယ်တန်းဆိုတာ နှစ်ချင်းပေါက်အောင်ဖို့ ခဲယဉ်းတယ် လို့ ပြောကြတော့ အောင်တယ်ဆိုရင်တောင် ကျွမ်းလှိမ့်ထိုးပလိုက်မလို့။

            မနက်ခြောက်နာရီကျမှ ကိုယ်တိုင်ကိုယ်ကျ အောင်စာရင်းသွားကြည့်ပြီးတဲ့အချိန်မှာ အတူတူအောင်တဲ့ အတန်းထဲကသူငယ်ချင်းတွေခေါ်တာနဲ့ ပဲခူးကို ဘုရားဖူးလိုက်သွားဖြစ်ပါတယ်။ လူကမြောက်ကြွနေလို့လား အိပ်ရေးမ၀တ၀ဖြစ်နေလို့လား မသိပါဘူး။ ဘယ်ဘုရားတွေရောက်ခဲ့သလဲတောင် မမှတ်မိတော့ဘူး။ စမ်းချောင်းကလေးတစ်ခုမှာ ရေဆင်းချိုးကြတာပဲ မှတ်မိတယ်။ ဘ၀တစ်သက်တာမှာ ပထမဦးဆုံးအနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးစားလာခဲ့တဲ့ အသီးအပွင့်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရတယ်ဆိုတဲ့ အသိကလွဲလို့ ဒီစာမေးပွဲနဲ့ ပတ်သက်ပြီး ဘ၀ရှေ့ရေး တွေးတော မျှော်မှန်းထားတာ ဘာတစ်ခုမှ မရှိပါဘူး။ စာမေးပွဲမဖြေခင် ကွယ်လွန်သွားတဲ့ မွေးသဖခင်အတွက် ဆရာဝန်လုပ်ရမယ် လို့ ကိုယ့်ဘာသာပိုင်းဖြတ်ထားပြီးသား ကိစ္စမှာ ဘာအိပ်မက် ဘာမျှော်လင့်ချက်မှ ရင်ခုန်မနေခဲ့ဘူး။ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အမှတ်မှီရင်တော့ လုပ်ကိုလုပ်ရမယ့် အလုပ်ပေါ့။ အဲဒီအိပ်မက်က တကယ်တမ်းပြောရရင် ကိုယ့်အိပ်မက် မဟုတ်ဘူး။ အမေနဲ့ အဖွားရဲ့အိပ်မက်။ သူတို့သဘောကျ မက်ခဲ့ပြီးမှ ခုထက်ထိ ကိုယ့်ဘာသာ ပြန်မနိုးနိုင်တော့တဲ့ အိပ်မက်။ အဲသည်အိပ်မက်ကိုမက်ဖို့ ငယ်ငယ်ကမက်ခဲ့တဲ့ အိပ်မက်ကလေးတွေကို အတင်းအိပ်ယာထပြီး နှိုးယူခဲ့ရတယ်။ အခုဆို မေ့တောင် မေ့ကုန်ပြီ။ ငယ်ငယ်တုန်းက ဘာအိပ်မက်တွေများ မက်ခဲ့ပါလိမ့်နော်။

           မှတ်မိသလောက်ထဲမှာ အစောဆုံးမက်တဲ့ အိပ်မက်တွေကတော့ အစားအသောက် နဲ့ ပတ်သက်တဲ့ အိပ်မက်တွေပါ။ ငတ်ကြီးကျလို့လား မသိဘူး။ ကလေးဘ၀မက်တဲ့ အိပ်မက်တွေမှာ မုန့်တွေအားကြီးပေါတယ်။ ချာလီရဲ့ ချောကလက်စက်ရုံလိုပဲ။ ကိုယ်မြင်ချင်တဲ့ စားစရာတွေကို မျက်ဝါးထင်ထင် အိပ်မက်မက်ပေမယ့် အိပ်မက်ထဲမှာ စားရသောက်ရသမျှတွေဟာ ဘယ်တော့မှ အရသာမရှိဘူး။ အဲဒီထက် နည်းနည်းကြီးလာတော့ ထမင်းလုံးတစ္ဆေခြောက်ခံရလာတယ်။ ပြေးလိုက်ရတာ အိပ်မက်ထဲမှာ။ ချောက်အနက်ကြီးထဲကို လိမ့်လိမ့်ပြီးကျသွားတယ်။ လှိုင်းတွေနဲ့ ရိုက်ပြီး ရေအောက်ကို လိမ့်လိမ့်ပြီး ပါသွားတယ်။ အိပ်မက်ထဲမှာ အမြင့်ကြီးက ပြုတ်ကျရင် တကိုယ်လုံးသိမ့်ကနဲတုန်သွားပြီး လန့်နိုးလာတယ်။ အဖွားက ရေတိုက်ပြီး “နောက်ကို အိပ်ခါနီး ခြေဆေးပြီးမှအိပ်။ ထမင်းလုံးတက်နင်းမိလို့ အဲသလို အိပ်မက်ဆိုးတွေ မက်တာ” လို့ ပြောတယ်။ သရဲအရမ်းကြောက်တတ်တဲ့ အရွယ်ပေါ့။ ညအိပ်ယာဝင်တိုင်း သရဲလာမှာစိုးလို့ ခြင်ထောင်ပတ်လည် လက်ညှိုးကလေးနဲ့ ၂၄ ပစ္စည်းတားပြီး အိပ်တယ်။ ငါးတန်း ခြောက်တန်းလောက် ရောက်တဲ့အခါ အိပ်မက်ဆိုတာ အိပ်မှမက်လို့ရတာ မဟုတ်ဘူး။ နေ့ခင်းကြောင်တောင် ငုတ်တုတ်ကြီးထိုင်ပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေလို့လည်း ရတယ်လို့ သိလာပါတယ်။

           ပထမဦးဆုံးမက်ဖြစ်တဲ့ နေ့လည်အိပ်မက်ကတော့ အရုပ်ဆွဲတာပါ။ ခဲတံကလေးနဲ့ အရုပ်ကလေးတွေ ဆွဲပြီး သူများတွေကိုပြတယ်။ သင်ပေးပြပေးမယ့်သူ မရှိဘူး။ အိမ်မှာ အဖေငယ်ငယ်က ပို့စ်ကဒ်တွေထုတ်တော့ အဲဒီပုံကလေးတွေကြည့်ကြည့်ပြီး လိုက်ဆွဲတယ်။ ခြောက်တန်းနှစ် နွေရာသီကျတော့ ကျောင်းမှာ ပန်းချီသင်တန်းဖွင့်တယ်။ ပန်းချီကျောင်းက ဆရာကြီးတစ်ယောက်လာသင်ပေးတာ။ ဆေးရောင်စုံတွေ ဘယ်လိုခြယ် ဘယ်လိုစပ်ရတယ် လို့ သိလာတယ်။ ခဲတံရောင်စုံကလေးတွေသုံးပုံကနေပြီးတော့ ဖယောင်းရောင်စုံကလေးတွေသုံးပုံ၊ ရေဆေးရောင်စုံကလေးတွေသုံးပုံ တတ်လာတဲ့အခါ အဲဒီအလုပ်ကို ထမင်းမေ့ ဟင်းမေ့ လုပ်တတ်လာတယ်။ မဂ္ဂဇင်းသရုပ်ဖော်ပုံ၊ ၀တ္ထုမျက်နှာဖုံးပုံ၊ ရုပ်ရှင်ကြော်ငြာပိုစတာ အကုန်လုံးကို မတ်တပ်ရပ်ပြီးလမ်းမှာ ငေးကြည့်တတ်တယ်။ ပန်းချီသင်တန်းဆိုတာ ရှိရင် ကိုယ့်ကျောင်းမှာမှ မဟုတ်ဘူး။ သူများကျောင်းမှာဆိုလည်း သွားတက်တာပဲ။ ပျော်စရာအကောင်းဆုံးကတော့ ဗိုလ်တစ်ထောင် (၃) ကျောင်းက ပန်းချီသင်တန်းပါ။ အဲဒီကျောင်းမှာ ပန်းချီဆရာတစ်ယောက် သပ်သပ် ငှားထားပေးတယ်။ ပန်းချီကျောင်းက အမကြီးတွေက လာကူပြပေးတယ်။ အရောင်ပြိန်းပြိန်းကြီး ခြယ်တာမဟုတ်ပဲ စုတ်ချက်ဆိုတာရဲ့ လှုပ်ရှားသက်ဝင်တဲ့သဘောကို နားလည်လာတယ်။ ကန်တော်ကြီးပတ်လည်၊ ဗိုလ်ချုပ်ပန်းခြံထဲသွားပြီး အောက်ဒိုးပန်းချီဆွဲတော့ မျက်စိအောက်မှာ မြင်နေရတဲ့ အရုပ်နဲ့အရောင်ကို စာရွက်ပေါ် ဘယ်လိုတင်ရသလဲ လို့ ပြပေးတယ်။ ကိုးတန်း ဆယ်တန်းနှစ်ရောက်တော့ ဆရာကြီးဦးသောင်းဟန်ဆီ ရောက်သွားပြီး ပန်းချီဆရာဘ၀ဆိုတာ ဘ၀မှာ အရသာအရှိဆုံးအလုပ်လို့ မြင်လာတယ်။  ဦးဘဥာဏ်၊ ဦးဘကြည်၊ ဦးဘလုံကလေး၊ အဲဒီဆရာကြီးတွေအားလုံးကို သူရဲကောင်းအမှတ်နဲ့ ကိုးကွယ်တယ်။ ဒါပေမယ့် စွန့်စွန့်စားစား ပန်းချီဆရာလုပ်ဖို့တော့ သတ္တိမရှိဘူး။ ခုတောင် ငတ်တလှည့်ပြတ်တလှည့် ပန်းချီဆရာသာလုပ်လို့ကတော့ ငတ်သေမှာပဲလို့ ထင်တယ်။ ဒါပေမယ့် ပန်းချီဆွဲနေရရင် ထမင်းမဆာဘူးလို့တော့ ကိုယ့်ဘာသာသိတယ်။ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ အပျော်ဆုံးအလုပ်ကတော့ သိမ်းထားတဲ့ ၀ါတာကာလာဗူးကလေးထုတ်ပြီး ဆရာဦးသောင်းဟန်ဆီပြေးရတာပါ။ အောင်စာရင်းထွက်ဖို့ရော၊ ကျောင်းတက်ဖို့ရော ခြောက်လလောက်စောင့်နေရတဲ့အချိန်မှာ ပန်းချီဆွဲတာနဲ့ စာအုပ်ဖတ်တာကလွဲရင် ဘာအလုပ်မှ မလုပ်ဘူး။

            မွေးသဖခင်ရှိတုန်းကတော့ ယောင်္ကျားလေးတန်မဲ့ အဲလိုအိမ်တွင်းအောင်းပြီး လူစဉ်မမီအောင် ညှက်စိနေတဲ့ သားအကြီးကောင်ကို မျက်စိစပါးမွှေးစူးဟန်တူပါတယ်။ ဗန်တို၊ ဗန်ရှည်တို့၊ သိုင်းပြောင်းပြန်တို့ သိုင်းသင်တန်းတွေပို့ပေးပြီး အတင်းတက်ခိုင်းတယ်။ ၀ါသနာမပါတဲ့အလုပ်ကို ဇွတ်အတင်းကြီးလုပ်ရတာမို့ မပျော်နိုင်ပါဘူး။ နောက်တော့ သားအဖချင်း မျက်နှာကြောမတည့်တာပဲ အဖတ်တင်တယ်။ ကိုယ်လုပ်ချင်တာကိုယ်လုပ်တတ်တဲ့ မထုံတက်တေးအကျင့်က အဲသည်ကတည်းက အမြစ်တွယ်လာရော။ အဖေမရှိတဲ့နောက် အဖွားကလည်း မပြောတဲ့အခါ ထမင်းစားချိန် ရေချိုးချိန်ကလွဲရင် မခေါ်ပဲနဲ့ အပြင်ကို ထွက်မလာစတမ်း အခန်းအောင်းတဲ့အကျင့်ရလာပါတယ်။ တစ်နေ့ကို ၀တ္ထု သုံးပုဒ်လောက်တော့ အသာလေး ကုန်အောင် ဖတ်နိုင်တယ်။ ဖတ်စရာစာအုပ်မရှိရင် မြန်မာ့စွယ်စုံကျမ်း ၁၄တွဲလုံးကို လှန်ကာလှောကာ ကုန်အောင်ဖတ်တယ်။ လက်ထဲစာအုပ်မပါရင် အိမ်သာကို ၀င်လို့မရဘူး။ စာအုပ်ကကောင်းနေရင်လည်း အိမ်သာထဲကထွက်ဖို့မေ့နေရော။ ခြေထောက်တွေကျဉ်ပြီး ထလို့တောင် မရမှသိတယ်။ ပန်းချီဆွဲနေရရင် ထမင်းမေ့ဟင်းမေ့ဘ၀ကနေ စာအုပ်ဖတ်နေရရင် အိမ်သာထဲရောက်နေတာတောင် မေ့မေ့သွားတဲ့ ဘ၀ကိုရောက်လာတယ်။

            လူကြီးတွေ စိတ်ပူမယ်ဆိုလည်း ပူစရာပါပဲ။ အဲသည်လို anti-social behavior နဲ့ကျတော့ လူ့အသိုင်းအ၀ိုင်းထဲမှာ အံမ၀င်ခွင်မကျအဖြစ်တွေ တည့်တည့်တိုးပါတော့တယ်။ ဆေးကျောင်းဝင်ဖို့ ဆေးစစ်တဲ့အခါ အရပ်ကလေးမှ ၅ ပေ ၂ လက်မ နဲ့ ကိုယ်အလေးချိန် ၈၄ ပေါင်ပဲ ရှိတယ်။ ဘယ်သူနဲ့မှလည်း တည့်အောင် မပေါင်းနိုင်ဘူး။ လူကသာ မလောက်လေးမလောက်စား၊ နေပုံထိုင်ပုံက အတော်အမြင်ကပ်စရာ။ ဒီလိုနဲ့ ဘ၀တ္ကသိုလ်မှာ သင်ခန်းစာတွေ ဆက်လေ့လာနေရတာကြောင့် အိပ်မက်ဆိုတာ တကယ်ဖြစ်မလာတတ်ကြောင်း သဘောပေါက်လာပါတယ်။ ၀ါသနာမျိုးစေ့ဆိုတာ မြေတောင်မြှောက်ပေးမယ့်သူမရှိရင် သန်သန်စွမ်းစွမ်းကြီးတော့ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ ကိုယ့်ဘ၀ကိုယ်သိလို့ အိပ်မက်တွေကို ဇွတ်အတင်း မေ့မေ့ပစ်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဆက်မက်ဖြစ်တဲ့အိပ်မက်ကတော့ ကိုယ်နဲ့စိတ်တူကိုယ်တူ ပေါင်းလို့ရတဲ့ သူငယ်ချင်းကောင်း တစ်ယောက်နှစ်ယောက်ရဖို့ပဲ ဖြစ်ပါတယ်။ လူနှစ်ယောက်ပေါင်းသင်းဆက်ဆံတဲ့အခါ အရာရာ ကိုယ့်သဘောကိုယ့်စိတ်တစ်ခုတည်းနဲ့ မဖြစ်ဘူးဆိုတာ အဲသည်တော့မှ သဘောပေါက်ပါတယ်။ ဆေးကျောင်းတလျှောက် အိပ်မက်တွေကို ခဏခဏ လန့်နိုးစေသူကတော့ စာမေးပွဲတွေပါပဲ။ အမြဲတမ်း ကိုယ်လုပ်ချင်ရာကို ထင်ရာစိုင်းနေသူတစ်ယောက်အဖို့ စာမေးပွဲတွေရဲ့ ဒဏ်ကို အနားကပ်လွန်းမက ကပ်လာတော့မှ အလူးအလဲ ပေးဆပ်ခံစားပြီး ကျက်မှတ်ရပါတယ်။

           အသက်အရွယ်အရရော၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မသဘာဝအရရော ရင်ခုန်စရာအိပ်မက်တွေ မက်တတ်လာတဲ့အခါလည်း ရှိတာပေါ့။ ဒါပေမယ့် လက်တွေ့ဘ၀မှာ ဘယ်တော့မှ ရလာဒ်မကောင်းခဲ့တာကြောင့် နောက်ဆုံးတော့ အဲသည်ဘက်မှာလည်း အိပ်မက်ဆန်သော အတွေ့များကြားဝယ် မမွေ့လိုသူပါကွယ် ဖြစ်ခဲ့ရတယ်။ ကိုယ့်ဘက်က အရင်းအနှီးပြုထားတဲ့ သဘောထားက မမှန်လို့ တုန့်ပြန်လာတဲ့ဘက်ကလည်း ဓါးနဲ့ဆားလဲသလို အဖြေထွက်လာတာ ဘယ်သူ့ကိုမှတော့ အပြစ်တင်စရာမရှိပါဘူး။ နောက်ထပ်လာချင်လာပါ။ မထူးဆန်းတော့ပါပေါ့။ ဒီလိုနဲ့ ကိုယ့်အိပ်မက်တွေဟာ ငယ်ငယ်ကလို ရှင်းရှင်းလင်းလင်း မဟုတ်တော့ပဲ ဆန္ဒတွေ လိုအင်တွေ၊ ဖြစ်ချင်တာတွေ၊ လိုအပ်တာတွေနဲ့ မက်ပြီးမေ့ပစ်ရမယ့် အရာတွေချည့် ဖြစ်လာတယ်။ ပန်းချီလည်း မဆွဲဖြစ်တော့ဘူး။ စာအုပ်လည်း မဖတ်ဖြစ်တော့ဘူး။ တစ်ယောက်တည်းရှိရင် သီချင်းတော့ တခါတလေ နားထောင်မိတယ်။ အိပ်လျက်နဲ့ရော နိုးလျက်နဲ့ပါ တစိုက်မတ်မတ် မက်နေရတဲ့ အိပ်မက်တွေကတော့ ဘ၀င်စိတ်နဲ့မက်နေတာ မဟုတ်ပဲ ဇောတစ်ခုခုမှာ တွယ်ငြိပြီး မက်နေတဲ့ အိပ်မက်တွေပါ။

            နောက်ဆုံးတော့ သဘောပေါက်လာတာက အိပ်မက်ဆိုတာ မက်ပြီးရင် ပျောက်သွားတတ်တဲ့အမျိုး ဆိုတာပေါ့။ တကယ်ဖြစ်လာချင်ရင် အရင်ဆုံးလိုအပ်တဲ့အချက်က သတ္တိရှိဖို့ပါ။ ကိုယ့်ဘ၀မှာ အိပ်မက်တွေ အများကြီး မက်ခဲ့တယ်။ ဘယ်အိပ်မက်မှ ရေရေရာရာ ဖြစ်မလာဘူး။ အဲဒါ သတ္တိ မရှိလို့ပေါ့။ အိပ်မက် နဲ့ လက်တွေ့ဘ၀ဟာ အာရုံမှာသာတူတာ၊ အရသာချင်းကျတော့ အိပ်မက်က အငွေ့၊ အတွေ့မဟုတ်ဘူး လို့ ထင်စရာရှိတယ်။ အဲဒါကြောင့်မို့လို့ အိပ်မက်တွေကို အခါအားလျော်စွာ မေ့ပလိုက်ပြီး လက်တွေ့ဘ၀ထဲမှာ ကျင်လည်ခဲ့ရတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒါပေမယ့် လက်တွေ့ဘ၀ဆိုတာလည်း အိပ်မက်မပါရင် ဘာမှ အရသာမရှိဘူး လို့ တွေးမိလာပြန်တယ်။ တွေးမိတယ်ဆိုတာထက် လက်တွေ့သိလာရတယ် လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

           ဘူတန်ကိုသွားတုန်းက နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ဆိုတာထက် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဘွဲ့တစ်ခုခုရနိုင်ဖို့ဆိုတဲ့အိပ်မက်တစ်ခု အပြင်းအထန်ရှိခဲ့တယ်။ အဲဒီအိပ်မက်က ပြည်တွင်းမှာဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖောင်ကြီးမတက်ရသေးတဲ့ ၀န်ထမ်းတစ်ယောက်ကို ဘာဘွဲ့လွန်မှ တက်ခွင့်မပေးတော့ဘူး။ ဘူတန်ကနေ ကာလကတ္တားမှာ စာမေးပွဲသုံးခါ သွားဖြေခဲ့တယ်။ အကုန်မကျွတ်ခဲ့တဲ့အတွက် အဲသည်အိပ်မက်ကို မေ့ပစ်ပြီး ပြည်တော်ပြန်ဝင်ရတယ်။ ဒါပေမယ့် စာမေးပွဲဖြေပြီးအပြန် ဘယ်လိုမှ မမျှော်လင့်တဲ့နေရာက အငိုက်မိပြီး အိပ်မက်တစ်ခုထပ်မက်မိသွားတယ်။ မြန်မာဝီကီအတွက် သီချင်းလေးတွေအကြောင်း ရေးပေးရင်းနဲ့ ဖေ့စ်ဘုတ်ပေါ် စာမှန်မှန်ရေးသူကြီး ဖြစ်လာတယ်။ သည်အိပ်မက်ကတော့ ထူးခြားပါပေတယ်။ မနေနိုင်လွန်းလို့သာ စာတွေရေးနေရတာ။ စာရေးဆရာဖြစ်ချင်သလားဆိုရင် ခုထက်ထိလည်း ဟင့်အင်းပဲ။ နံမယ်ကြီးဖို့ဆိုတာတော့ မဖြစ်ချင်ဆုံး ကိစ္စပါ။ ဘာအတွက် စာတွေရေးနေရသလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တော့ ငယ်ငယ်တုန်းက ပန်းချီဆွဲတုန်းကလို ထမင်းမေ့ဟင်းမေ့ဆိုတဲ့ အရသာမျိုး ပြန်ရတယ်။ စာလေးတွေရေးလိုက်၊ တင်လိုက်၊ မှတ်ချက်ကလေးတွေ ပြန်ဖတ်ကြည့်လိုက်နဲ့ဆိုရင် ညနက်သန်းခေါင် မနက်လင်းသွားလည်း အိပ်ချင်စိတ်မရှိဘူး။ မြောက်ကြွနေသလို ခံစားရတယ်။ အပြင်မှာ တကယ်မရှိတဲ့၊ လက်ဆုပ်လက်ကိုင် အကောင်အထည်ပြလို့မရတဲ့ လူမှုအသိုင်းအ၀န်းကြီးထဲမှာ ကိုယ်ထင်ရာကိုယ်ရေးပြီး အိပ်မက်မက်နေသလို ခံစားရတယ်။

          လူတော်တော်များများဟာ အဲသလို ဖီလင်မျိုးရဖို့အတွက် မူးယစ်ဆေးတွေ သုံးစွဲရတယ် လို့ ကြားဖူးတာပဲ။ ဒါပေမယ့် ကိုယ်ကတော့ အဲသလို ကိုယ်ထင်ရာကိုယ်လုပ်နေရရင် အလိုလို မြောက်ကြွပြီး ကောင်းနေတာ ဘာဆေးမှ ကူစရာမလိုဘူး။ ဘေးထွက်ဆိုးကျိုးလည်း မရှိ။ ဥပဒေနဲ့လည်း မငြိ။ စာမေးပွဲဖြေဖို့ အိပ်မက်မက်တုန်းကလို စိတ်ဖိစီးမှုတွေလည်း ဘာမှ မရှိ။ ဘာအကြောင်းလေး ရေးရင်ကောင်းမလဲ။ ဘယ်လိုရေးလိုက်ရရင် ကောင်းမလဲ။ ဘယ်သူတွေ ဘာပြောကြမလဲ။ အဲဒါလေးတွေပဲ တွေးတွေးပြီး ဘယ်ကိုမှ အာရုံမရောက်တော့ဘူး။ အများအားဖြင့်တော့ အတိတ်တုန်းက ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ငယ်ဘ၀ကလေးတွေမှာ ပြန်ကာလှန်ကာ အာရုံဝင်စားပြီး လွမ်းစာကလေးတွေ ရေးထားဖြစ်တယ်။ ရေးနေတာကတော့ ကိုယ့်အကြောင်းပဲ။ ဒါပေမယ့် စာဖတ်နေတဲ့သူတွေရဲ့ စိတ်ထဲမှာ နောက်ခံကားချပ်ကို ပိုစိတ်ဝင်စားပြီး ခေတ်ရဲ့ ပုံရိပ်ကို ထင်စေချင်တယ်။ စာဖတ်သူကိုယ်တိုင်ကြုံတွေ့ရတဲ့ သူ့ခေတ်သူ့ဝန်းကျင်ကိုလည်း ပြန်ပြောင်းအောင့်မေ့သွားစေချင်တယ်။ ကိုယ့်ရှေ့မှာ ရေးသွားခဲ့တဲ့သူတွေလည်း အများကြီးပဲ။ အဲသည်စာတွေထဲမှာ ကိုယ့်စာကလေး မဖြစ်မမြောက်ကလည်း “ဖတ်ကြည့်ပါလား။ မဆိုးပါဘူး၊” ထဲ ပါတယ်ဆိုရင် ကိုယ်ချည်းပဲ ကောင်းတာ မဟုတ်ဘူး။ သူများတွေလည်း ကောင်းနေအောင် ထုံကူးပေးသလို မှတ်ရတာပေါ့။

          ပီကာဆိုဘ၀လည်း လိုချင်ပါတယ်။ ၀ါရင်ဘီတီလိုလည်း စွံချင်ပါတယ်။ မြို့မငြိမ်းကို ဦးညွှတ်ပါတယ်။ ပီမိုးနှင်းကိုလည်း အားကျပါတယ်။ ရူးလို့ပဲ သေရသေရ၊ မူးလို့ပဲ သေရသေရ၊ အုတ်ကားနင်းလို့ပဲ သေရသေရ။ စက်ဘီးတိုက်လို့ပဲ သေရသေရ။ မသေခင်မှာ ကိုယ်လုပ်ချင်ရာကို ဘာမှဂရုမစိုက်ပဲ တစိုက်မတ်မတ် လုပ်နိုင်တဲ့ဘ၀ကို ရမယ်ဆိုရင်တော့ နတ်ပြည်ဆိုတာ ပျင်းစရာကြီးပါဗျာ။

 https://www.facebook.com/notes/soe-min/%E1%80%82%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%85%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%AD%E1%80%99%E1%80%B9/10151997544988902 မှကူးယူဖော်ပြပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>