Quantcast
Viewing all articles
Browse latest Browse all 1811

လွမ်းရိပ် ဝေေ၀ တက္ကသိုလ်မြေ


by Hla Shwe (Notes) on Friday, March 29, 2013 at 1:18pm
Image may be NSFW.
Clik here to view.

ဒီဇင်္ဘာလ၏ တနေ့သော နံနက်ခင်း။
အဓိပဓိလမ်း ပလက်ဖောင်းနှင့် ရေတမာပင်ကြားးက လူသွားလမ်းတွင် လမ်းလျှောက်နေသော ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ၊ နိုင်ငံခြားတက္ကသိုလ်မှ ဧည့်ပါမောက္ခများ၊ အာရှ၊ ဥရောပ၊ အာဖရိက တို့မှ ပညာရှာရန်လာကြသော ကျောင်းသားများသည် နံနက်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေကြသည်ကို တွေ့ရသည်။


ရန်ကုန်မြို့၏ ဒီဇင်္ဘာလ ဆောင်းရနံ့သည် ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုနှင့်အညီ ခပ်ပါးပါးလေးပင်။ ဖေါက်ပြန်သော ရာသီဥတုကြောင့်လား ကောင်းကင်တွင် မိုးသားတိမ်ရိပ်များကိုပင် တွေ့နေရသည်။ အနွေးထည်ပင် ၀တ်စရာမလိုတော့။ ဂျက်ဆင်နှင့် သထုံဆောင်ဘေးရှိ ပါမောက္ခများအတွက် ချပေးထားသည့် အိမ်တွင် ကျနော်နေထိုင်ခြင်း ဖြစ်သည်။ ထိုအိမ်များသည် ကိုလိုခေတ်၊ လွတ်လပ်ရေး အကြိုကာလကပင် ရှိခဲ့သော ပညာရှင်တို့အတွက် အေးချမ်းတည်ငြိမ်သော ရိပ်မြုံပင် ဖြစ်သည်။ အိမ်မှစထွက်ပြီး ဂျက်ဆင်ဘုရားရှိခိုးကျောင်းအောက် လူသွားစင်္ကြန်မှ ဖြတ်သွားကာ ဘွဲ့နှင်းသဘင် ခန်းမဘက်နှင့် ရန်ကုန်တက္ကသိုလ်ပင်မဂိတ်၊ ပြန်လည် ဆောက်လုပ်ထားသည့် ကျောင်းသား သမဂ္ဂ အဆောက်အဦး ရှေ့အထိ လမ်းလျှောက်ကာ နာမည်ကျော် ဦးချစ် လ္ဘက်ရည် ဆိုင်တွင် မနက်စာ စားပြီး ပြန်လာလေ့ရှိသည့်မှာ ကျနော်၏ နေ့စဉ် ဘ၀ပင်ဖြစ်သည်။

ကျနော်တို့ကျောင်းနေစဉ်အခါက အဓိပဓိလမ်းဘေးရှိ အစီအရီ စိုက်ပျိုးထားသည့် ရေတမာပင်အောက် ထိုင်ခုံတန်းလျားတို့သည် ချစ်သူစုံတွဲတို့ ချစ်တင်းနှောသည့်နေရာ ဖြစ်ခဲ့သည်။ ယခုအခါကား လက်ချင်းယှက်လျက် သွားလာနေသည့်၊ ချစ်တင်းနှောနေသည့် ချစ်သူများကို မတွေ့ရတော့။ ထိုသစ်ပင်များအောက်တွင် အေးအေးလူလူ စာဖတ်နေသည့် ကျောင်းသား၊ သူများကိုတွေ့ရတတ်သည်။ ယနေ့ခေတ် ကျောင်းသားတို့၏ အပြုအမူသည်လည်း ပြောင်းလဲခဲ့လေပြီ။အသစ်ပြန်လည် ဆောက်လုပ်ထားသည့် သမဂ္ဂ အဆောက်အဦးသည် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့်အတိုင်း မူလ လက်ရာအတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ပြန်လည်နိုးထလာသော ရန်ကုန်တက္ကသိုလ်ကြီးတွင် (Faculty of Asia Pacific Studies)အာရှပစ္စဖိတ်လေ့လာရေးဌာန၏ အကြီးအကဲ ပါမောက္ခတဦးအဖြစ် ပြန်လည်ထမ်းဆောင်ခွင့် ရသည်မှာမိမိအတွက် ဂုဏ်ယူမဆုံး ဖြစ်မိသည်။ ကျနော်၏ မာတာ ပီတုနှစ်ဦးစလုံး အိမ်မက် မက်ခဲ့သော နေရာကို ကျနော်ရောက်အောင် ချီတက်နိုင်ခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်များကာလ ဤနေရာတွင် ဇာတ်တူသားစားသည့် လင်းတငှက်များ ပေါများခဲ့သည်။ တိုင်းပြည်၏ ရတနာများလည်း ဤအဓိပဓိ လမ်းမပေါ်တွင် ကြွေလွင့်ခဲ့ဘူးသည်။  မြောက်ပြန်လေရူးနှင့်အတူ လင်းတငှက်များ ရောက်လာခိုက်တွင် တောင်ဖန်မစုံတစုံ ကြိုးကြာငှက်တို့သည် တောအရပ်ဆီကို ထွက်ခွာသွားခဲ့ကြသည်။  ပြန်လာနိုင်သော ကြိုးကြာငှက်များကား အနည်းစုဟုပင် ပြောရမည်။ ကြမ်းတမ်းလှသည့် သဘာဝတရား၊ ပေါများလှသည့် ရောဂါဘယတို့ကို မကျော်လွှားနိုင်ဘဲ မေခ၊ မလိခ၊ သံလွင်၊ သောင်ရင်း ချောင်းနဘေးတွင် ထာဝရ အိပ်စက် အနားယူသွားခဲ့သော ရဲဘော်ရဲဘက်များကို အောက်မေ့သတိရမိသည်။
ဦးချစ်ဆိုင်တွင် ပဲပြုတ်နှင့်ထ္မင်းဖြူ၊ လ္ဘက်ရည် သောက်ရင်း အတိတ်ကိုပြန်လည် စဉ်းစား နေမိသည်။ ဤအချိန်တွင် မိမိ၏ အသက်သည်ပင် ငါးဆယ်အရွယ်ကို ဆိုက်ခဲ့လေပြီ။ အရာရာတို့သည် ပြောင်းလဲခဲ့သည်။

၁၉၉၀ ကျော်ခုနှစ်များက ကျနော်ယခုထိုင်နေသော နေရာ၏ကြောဘက် တောင်ငူဆောင်နားရှေ့တွင် အစိမ်းရောင်ကားများသာ နေရာယူခဲ့သည်။ သို့ရာတွင် ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ထုတ်ပြန်လိုက်သော တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းသို့ မည်သည့်ကားမှ ၀င်ခွင့်မရှိ၊ ပါမောက္ခများ၏ ကားများပင် ၀င်ခွင့်မရှိတော့။ အသစ်ခန့်အပ် ခံရသော ကချင်အမျိုးသား ရန်ကုန်တက္ကသိုလ် အဓိပဓိ၏ ကားသည်ပင် တက္ကသိုလ်ပရ၀ုဏ်ကို ၀င်ခွင့်မရှိ။ ပင်မဂိတ်၏ ရှေ့တည့်တည့်ရှိ ဆယ်ထပ်ရှိ အဆောက်အဦးသည် ကားထားရာ နေရာပင်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူမျှ မရှိတော့။ ခေတ်တခေတ် ဆန်းခဲ့လေပြီ။ သစ်ခဲ့လေပြီ။

အိမ်ပြန်ရောက်သည်နဲ့ ရေမိုးချိုးကာ အာရှပစ္စဖိတ်လေ့လာရေးဌာန ဘက်ကိုချီတက်ခဲ့လေသည်။ ဤနေ့သည် ဖေါက်ပြန်သော ရာသီဥတုကြောင့် မိုးသား တိမ်ရိပ်တို့က အုံ့မှိုင်းနေသည်။ ဌာန တည်ရှိရာနေရာသည်ကား ယခင်က သမိုင်းဌာနနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန တို့ဖွင့်လှစ်ခဲ့သည့် ဝေသာလီဆောင်ကို ဖြိုဖျက်ကာ ခေတ်သစ် ခေတ်ဟောင်း ဗိသုကာလက်ရာ ပေါင်းစပ်ကာ ဆောက်လုပ်ထားသည့် ငါးထပ်မြင့် အဆောက်အဦးပင် ဖြစ်သည်။ ငါးထပ်မြောက်သည် ကျနော်အလုပ်လုပ်ရာ အာရှပစ္စဖိတ် လေ့လာရေး ဌာနပင် ဖြစ်သည်။ ဌာနကို ရောက်သည်နဲ့ ကျနော်၏ အတွင်းရေးမှူးမှ ဤနေ့အတွက် လုပ်ရမည့်တာဝန်များ၊ ဖိတ်ကြားထားသည့်စာများ၊ တွေ့ဆုံရမည့်သူများ၊ တွေ့ဆုံခွင့်တောင်းထားသည့် ဘွဲ့လွန်ကျမ်းပြု ကျောင်းသားများ၏စာရင်းကို ကျနော့်ရှေ့ စားပွဲပေါ်ကို လာချပေးသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင်တို့မှာကား ပါမောက္ခ ချုပ်ဟု ခေါ်သည့် အစိုးရက စင်တော်ကောက်သည့် ပုဂ္ဂိုလ်တို့၏ သြဇာအမိန့်ပေးမှုအောက်တွင် ပြားပြားဝပ်ခဲ့ရသည်။ ပါမောက္ခ တဦးအဖို့ စာဖတ်ရန်မလို၊ အစည်းအဝေးတက်၊ ကျောင်းသားများ မလှုပ်မရှားနိုင်အောင် အကြံအစည်များကို ထုတ်ပြန်ချက်များထုတ်၊ ကထိကများမှာ ဂိတ်စောင့်ခဲ့ရသည့် အတိတ်တို့သည် ပုံပြင်ဆန်ဆန် ကျန်ခဲ့လေပြီ။

အတိတ်အကြောင်းစဉ်းစားနေဆဲ ဖုန်းခေါ်ဆိုသည့် အသံဝင်လာသည်။ တဖက်မှ ပြောဆိုသည့်သူက “ကျနော်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် မဂ္ဂဇင်း ထုတ်ဝေရေး ကော်မတီ ကပါ၊ မဂ္ဂဇင်း ထုတ်ဝေရေးနဲ့ ပတ်သတ်ပြီး အယ်ဒီတာ ရွှေးချယ်မယ့် အစည်းအဝေးရှိတယ်ဆရာ၊ ရန်ကုန်တက္ကသိုလ် ဌာနပေါင်းစုံက (Dean) တွေကို ဖိတ်ထားပါတယ်၊ အစည်းအဝေးကို မပျက်မကွက် တက်ရောက်ဖို့ အကြောင်းကြားတာပါ”ဟုပြောဆိုလာခဲ့သည်။ အစည်းအဝေး လုပ်မည့်ရက်ကို မေးပြီးတက်ရောက်ရန် ကတိပေးလိုက်သည်။

ကျနော်၏ စားပွဲပေါ်သို့ အတွင်းရေးမှူး တင်ပေးခဲ့သော ဖိတ်စာတခုကို ဖွင့်ဖတ်မိသည်။ “လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှ”ပညာရှင် ဆိုင်ရာ ကြားနာပွဲအတွက် ဖိတ်ထားသည့်စာကို တွေ့ရသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်သည့် “တရုတ်နဲ့ အမေရိကန်တို့၏ အာရှရေးရာ မူဝါဒများကို ဆန်းစစ်ဆင်းခြင်း”ခေါင်းစဉ်ဖြင့် လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကော်မတီ နှစ်ရပ်ပေါင်းတွင် အာရှပစ္စဖိတ်ရေးရာ ကျွမ်းကျင်သူ တဦးအနေဖြင့် ကြားနာရန် ဖိတ်ကြားထားခြင်းဖြစ်သည်။ လာမည့်လဆန်း၏ ပထမပတ် သောကြာနေ့တွင် ဖြစ်သည်။ နိုင်ငံ၏ကံကြမ္မာကို ဖန်တီးမည့်  နိုင်ငံရေးသမားများကို ပညာရှင်တဦး၏ အမြင်ကို တင်ပြရပေမည်။ ထိုနိုင်ငံရေးသမားတို့မှ အင်အားကြီးနိုင်ငံတို့၏ကြားတွင် မိမိနိုင်ငံနဲ့ သင့်တော်မည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကြပေလိမ့်မည်။ ပညာရှင်တို့၏ အခန်းကဏ္ဍသည်လည်း ခေတ်သစ်ကို ရောက်ခဲ့လေပြီ။
အဆိုပါစာကို ဖတ်ပြီးနောက် ရန်ကုန်တက္ကသိုလ် အာရှ ပစ္စဖိတ် လေ့လာရေးဌာနတွင် ဘွဲ့လွန်သင်ယူနေသော အာရှ၊ ဥရော၊ အာဖရိကတို့မှ ကျောင်းသားများ၏ စာတမ်းဖတ်ပွဲကို ယခင်က၀ိဇ္ဖာခန်းမကို နာမည်အသစ်ပေးထားသည့် “ဧရာဝတီ ခန်းမ” တွင်ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် ပြင်ဆင်ရပြန်သည်။

လက်ရှိအချိန်တွင် ပါမောက္ခတဦး၏ တာဝန်မှာ အစိုးရ၏ခိုင်းဖတ် မဟုတ်တော့။ မိမိ၏ ဘာသာရပ်ဆိုင်ရာတွင် ကျွမ်းကျင် ပိုင်နိုင်မှုသည်သာ ပဓါနကျတော့သည်။ နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတို့သည် ပညာရှင်တို့၏ လက်ဝှေ့ပွဲ စင်မြင့်ဖြစ်လာတော့သည်။

ငါးထပ်မှ ဓါတ်လှေကားဖြင့်ဆင်းကာ ဌာနရှေ့တွင် ရပ်နားထားသည့် စက်ဘီးကိုယူကာ ဧရာဝတီ ခန်းမဘက်သို့ သွားရန်ပြင်ဆင်နေစဉ် မိုးဖွေးဖွေးရွာချလိုက်သည်။ အိမ်မှ ထွက်လာစဉ်ကတည်းက ထီးမပါလာခဲ့။ မိုးသည် တဖွဲဖွဲမှ မိုးသီးမိုးပေါက်များပင် ကျလာတော့သည်။
“ကိုလှရွှေ အိပ်ရာကထတော့ မိုးရွာနေတယ်၊ လှမ်းထားတဲ့ အ၀တ်တွေရုပ်၊ မိုးယိုမယ့် နေရာတွေက အ၀တ်အစားတွေကို ပလပ်စတစ် အိပ်ထဲထည့်ရမယ်၊ အမြန်ထတော့”ဟုအမျိုးသမီး၏ ပြောသံကိုကြားရသည်။ မိမိမှာဇဝေဇ၀ါ ဖြစ်နေမိသည်။ ရန်ကုန်တက္ကသိုလ် အာရှရေးရာ လေ့လာရေးဌာန ရှေ့တွင် စက်ဘီးပေါ်ရောက်နေသည်ဟု အိပ်မက် မက်နေရာမှ အမျိုးသမီး၏ ပြောသံကြောင့် လန့်နိုးလာခဲ့သည်။ အိပ်ရာမှ ကမန်းကတန်းထကာ အိမ်အပြင်ဘက်တွင် လှမ်းထားသည့် အ၀တ်များကို သွားသိမ်းမိသည်။ ကျနော်တို့ မိသားစု အိပ်ရာအပေါ်ဘက်တွင် ခေါင်းမိုးက ဟောင်းလောင်း ဖြစ်နေသည်။ မိုးရွာကတည်းက မိုးစက်များ အိပ်ရာပေါ် ကျနေသည်။ ဟုတ်လည်း ဟုတ်ပါပေသည်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင် မနှစ်ကအိမ်မိုးရန် အင်ဖက် မဝေငှခဲ့။ ဖြစ်သလို ဖာထေးကာ မိုးတွင်းကို ဖြတ်သန်းခဲ့ရသည်။ ဒီဇင်္ဘာလ ဆောင်းရာသီ အရောက်တွင်ကား ခေါင်းမိုးမှာ ဟိုတပေါက် ဒီတပေါက်ဖြင့် ကြယ်ကြွေကျသည်ကိုပင် အိပ်ရာက လှမ်းမြင်ရေလေပြီ။

အ၀တ်အစားများကို ပလစတစ်အိတ်ဖြင့် ထုတ်ပိုးပြီး၊ အိပ်ပျော်နေဆဲ သားလေးကို မိုးမယိုသည့် နေရာကို ပြောင်းရွေ့ကာ သိပ်ထားရသည်။ မျက်နှာသစ်ပြီး မီးမွှေးရတော့သည်။ ညနေက ထမင်းကျန်ကို ကြော်လှော်ကာ နံနက်စာကို ဗိုက်ဖြည့်ရပေအုံးမည်။ နံနက်စာစားပြီးပါက ဒုက္ခသည် စခန်းတွင်းက အထက်တန်းကျောင်းတွင် စာသင်ပေးရန် သွားရပေအုံးမည်။

အိပ်မက်ကို ပြန်လည်စဉ်းစားမိရင်း တယောက်တည်း ပြုံးမိသည်။ ညနေက အမေရိကားကို ထွက်ခွာရန်ပြင်ဆင်နေသည့် မိတ်ဆွေတဦးက ထိုင်းတောင်ပေါ်သားများ ချက်သည့် ယမာကာကို ဘတ်( ၂၀) ဖိုးသောက်ရင်း ရန်ကုန်တက္ကသိုလ် အကြောင်း တော်လှန်ရေးနယ်မြေသို့ ရောက်ခဲ့ပုံ စတာတွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ခဲ့ကြသည်။  နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသားဘ၀ ကတိပြုခဲ့ကြသည့် ရန်ကုန်  တက္ကသိုလ် ရာပြည့်တွင် ပြန်လည်တွေ့ဆုံမည် ဆိုသော အရာတို့သည် ယနေ့အထိ အိပ်မက်ပမာပင် ဖြစ်နေချေတော့သည်ကိုလည်း ပြောဖြစ်ခဲ့ကြသည်။ ညနေက မိတ်ဆွေနဲ့ ပြောဖြစ်ခဲ့သော စကားတို့သည် ကျနော်ပိုင်ဆိုင်သော တညတာကို လွှမ်းမိုးခဲ့သည်ကို ပီတိဖြစ်ရင်း ကလေးများကို စာသင်ရန် ဒုက္ခသည် စခန်း၏ အထက်တန်းကျောင်းဘက်ကို ခြေဦးလှည့်ခဲ့တော့သည်။

လှရွှေ
5Like· ·

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...