Image may be NSFW.
Clik here to view.
ကျနော်တို့သမ္မတကြီးကတော့ နိုင်ငံတော်ကို သန့်ရှင်းသောအစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်စေဖို့အတွက် အကျင့်ပျက်ခြစားမှုနဲ့ လာတ်ပေးလာတ်ယူ ပပျောက်ရေးကို အလေးထား ဆောင်ရွက်နေလေရဲ့။ ဒါပေမဲ့ အနှစ်လေးငါးဆယ် စွဲမြဲလာတဲ့ အလေ့အကျင့်ကို ချက်ချင်း ဖျောက်ဖျက်ပစ် ဖို့ဆိုတာ တော်တော်ခက်မှာပါ။
ယူသူကယူတာထားပါ။ ပေးသူဘက်ကကော ဘာကြောင့်ပေးတာလဲ? ထောင်မြင်လို့ ရာစွန့်တာလား? အသားလိုလို့ အရိုးပေးတာလား? အကျိုးလိုလို့ ညောင်ရေလောင်းတာလား?
ယူသူကကော။ ငါ့ဝမ်းပူစာ မနေသာလို့လား? အူမ မတောင့်လို့ သီလမစောင့်နိုင်တာလား? အိမ်နောက်ကပူတာ အိမ်ရှေ့ကမချမ်းသာလို့လား? အများမိုးခါးရေသောက်လို့ သောက်တာလား?
အကျိုးတရားတိုင်းမှာ ခိုင်လုံတဲ့ အကြောင်းတရားတွေရှိမှာပါ။
ဒါပေမဲ့ လူတစ်ယောက်ဆီက ပစ္စည်းတစ်ခုကို ယူခဲ့ရင် ယူတဲ့သူအနေနဲု့ ပစ္စုပ္ပန် ( သို့) သံသရာမှာ အဲဒီလူကို အကြွေးပြန်ဆပ်ရမှာဖြစ်သလို အများပိုင် ပစ္စည်းကို အလွဲသုံးစားလုပ်ရင်တော့ အများကို ပြန်ဆပ်ရမှာပါ။ ကံ၊ ကံ၏ အကျိုးကိုယုံတယ်ဆိုရင်တော့ မကောင်းမှု အကုသိုလ်ကံရဲ့အကျိုးပေးကို ခံရဦးမှာဆိုတာ သိကြမှာပါ။ ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိပ်ရမှာပေါ့။
ကျနော်ငယ်ငယ်က မှတ်ဥာဏ်ကောင်းတယ်ပဲ ပြောရမလား(ဟဲဟဲ)။ အလယ်တန်းလောက်အထိ သင်ခဲ့ရတဲ့ ပြဌာန်းစာတွေ၊ ကြည့်ခဲ့ဘူးတဲ့ ဇာတ်ပွဲ အငြိမ့်ပွဲက ပြဇာတ်တွေ၊ အော်ပရာတွေ၊ ပြက်လုံးတွေ၊ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တေ၊ွ တော်တော်များများကို အခုထိ မှတ်မိနေလေ့ရှိပါတယ်။ အခုများတော့ မနေ့ကဟာ ဒီနေ့ မေ့သွားတာများနေပါတယ်။
Image may be NSFW.
Clik here to view.
အခုလည်း ကျနော်ငယ်ငယ် ၁၂ - နှစ်သားလောက်က ကြည့်ခဲ့ရတဲ့ ယိမ်းအဖွဲ့လေးအကြောင်း ပြောပြချင်ပါတယ်။ အရင်နေ့က ရေးခဲ့တဲ့ ကျနော့်အမေရွာက ဘုရား ဆွမ်းလုံးချပွဲ အဆက်ပေါ့။ အိုက်ဒီယာ ထုတ်ခဲ့တဲ့ အမေတို့ ရွာက လူတွေကိုလည်း ချီးကျူးမိတယ်။ ကြည့်ရတုန်းကတော့ တောရွာက ကလေးသဘာဝ ပါးစပ်ထဲစွဲကျန်ခဲ့ တာကလွဲလို့ အဓိပ္ပါယ်လုံးဝ နားမလည်ခဲ့တာအမှန်ပါ။ အခုကြီးလာတော့ ပြန်တွေးလေ ရီချင်လေပါဘဲ။ ဒါပေမဲ့ ရီစရာနောက် မှာ မောစရာလေးတွေ နောက်ဆက်တွဲ ပါလာတာကတော့ ကြေကွဲစရာပါ။
အမေတို့အရပ်ထဲမှာ အရပ်ပိုင် ကြေးနောင်ဝိုင်းနဲ့ ခြောက်လုံးပတ်ပါတဲ့ အပျော်တမ်း ဗျောအဖွဲ့လေး လည်းရှိပါတယ်။ ဖိုးဆိုချင် ဖိုးကချင် တွေကလည်း ပေါမှပေါ။ ကိုယ့်စရိတ် ကိုယ်မျှခံ ပျော်ကြတာပါ။ ရှင်ပင်သက်တော်ရှည်ဘုရား ဆွမ်းလုံးချပွဲ မှာပါဘဲ။ အဲဒီနှစ်ကတော့ သူတို့ရပ်ကွက်က လူငယ်တွေအဖွဲ့က ယိမ်းထွက်ပါတယ်။ ကျနော့် ညီဝမ်းကွဲ တစ်ယောက်ယိမ်းအဖွဲ့ထဲ ပါပါတယ်။ အရပ်ထဲက ကလေးတွေ ခေါင်းမှာ ပဝါလေးတွေပတ် နဖူးမှာ စုစည်း။ စွပ်ကျယ် လက်စက အဖြူဆင်တူလေးတွေနဲ့။ အောက်က လုံချည်ကတော့ ဆင်တူမဟုတ်ပါဘူး။ ယိမ်းသီချင်း ပြိုင်တူဆို ကကြတာပါ။ ကြေးနောင်ဝိုင်းက အတောလေးနဲ့စပြီး သီချင်း ပြိုင်တူဆိုရင်း (မညီမညာ) ကကြတာပါ။ အဲဒီယိမ်းမှာ သူတို့ဆိုတဲ့ သီချင်းက.....
ကျနော်တို့အဖွဲ့က တစ်ပြားတန်ဗျ
အသားလန်အောင် စားတဲ့အဖွဲ့ဘဲ..
ကျနော်တို့အဖွဲ့က နှစ်ပြားတန်ဗျ
အလကားမကျန်အောင် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က သုံးပြားတန်ဗျ
နှလုံးသားမချန် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က လေးပြားတန်ဗျ
အသွေးအသားမကျန်အောင် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ငါးပြားတန်ဗျ
အနားသားမကျန်အောင်စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ခြောက်ပြားတန်ဗျ
အခေါက်အသားမကျန်အောင် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ခုနှစ်ပြားတန်ဗျ
အစွန်အဖျားမချန် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ရှစ်ပြားတန်ဗျ
မြစ်ဖျားမကျန်အောင် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ကိုးပြားတန်ဗျ
အရိုးများမချန် စားတဲ့အဖွဲ့ဘဲ...
ကျနော်တို့အဖွဲ့က ဆယ်ပြားတန်ဗျ
ငယ်သားဖို့မကျန်အောင် စားတဲ့အဖွဲ့ဘဲ....
ဒီယိမ်းသီချင်းလေးကိုဘဲ ထပ်ခါထပ်ခါ ဆိုပြီး ကကြတာပါ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အမေ့ရွာက ယိမ်းသီချင်းလေးက အခုတထိ ခေတ်မှီနေသေး ခေတ်ကိုထင်ဟပ်နေသေးတာပါ။ တစ်ခါတစ်ခေါက် ပြန်ရောက်ခွင့် ကြုံဦးမယ်ဆိုရင်တော့ မေးကြည့်ချင်သေးပါတယ်။ "အဲဒီခေတ်ကလည်း ဒီခေတ်လိုပဲလားလို့ "......
ချမ်းငြိမ်းအေး
24.08.2013