Quantcast
Viewing all articles
Browse latest Browse all 1811

စစ်မှုထမ်းဟောင်းရွာကလေးဆီသို့




7day News ဂျာနယ်၊ အတွဲ (၁၂)၊ အမှတ်(၂၄)

၂၀၁၃ ခုနှစ် သြဂုတ် ၁၄ ရက်။ ရန်ကုန်မိုးက တဖြိုးဖြောက်ဖြောက်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ Light truck ကားငယ်သည် ပြည်လမ်းမတစ်လျှောက် မောင်းနှင်လျက်ရှိသည်။ မကြာမီထောက်ကြံ့လမ်းဆုံကို ကျော်မည်။ ထို့နောက် ပဲခူးဘက်ဆီ။ ထိုမှ ဖောင်ကြီးလမ်းခွဲ။ ထိုမှသည် လှည်းကူးမြို့နယ် အမှတ်(၃)စစ်မှုထမ်းဟောင်း စံပြကျေးရွာကလေးဆီသို့။



ကျွန်မတို့အဖွဲ့မှာ မသန်စွမ်းသူများကို တတ်အားသမျှ ကျန်းမာရေးဝန်ဆောင်မှုပေးဝေနေသော အဖွဲ့ငယ်ကလေးဖြစ်သည်။ အဖွဲ့မှာ အထူးကုသမားတော်ကြီးတစ်ဦး၊ မသန်စွမ်းသူများစောင့်ရှောက်မှု အထူးကျွမ်းကျင်သူ သူနာပြုဆရာမကြီးတစ်ဦး၊ မသန်စွမ်းအသင်းအလုပ်အမှုဆောင်များစသည့် အားလုံးကိုးဦးပါဝင်သည်။ ကျွန်မကမူ ရောဂါရှာဖွေရေးကျွမ်းကျင်သူအဖြစ် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ကျွန်မတို့အဖွဲ့သည် အဖွဲ့ငယ်ကလေးဖြစ်သော်လည်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းအသင်း၏ အစီအစဉ်ဖြင့် မသန်စွမ်းသူများကို ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ မြို့နယ်အတော်များများသို့ ကျန်းမာရေး ၀န်ဆောင်မှုများ လှည့်လည်ပေးနေခဲ့သည်မှာ အတော်လေးခရီးရောက်နေခဲ့ချေပြီ။ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဟင်္သာတ၊ သင်္ဃန်းကျွန်း၊ ကွမ်းခြံကုန်းစသည်။ ယခုခရီးစဉ်ကား လှည်းကူးမြို့နယ်တွင်းရှိ စစ်မှုထမ်းဟောင်း စံပြကျေးရွာကလေးဆီသို့ သွားနေခြင်းဖြစ်သည်။

ကျွန်မအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်တစ်ခု။ စစ်မှုထမ်းဟောင်းဟုဆိုသော်လည်း အားလုံးမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေချည်းဖြစ်သည်။ အများစုမှာ ခြေတစ်ဖက်ပြတ်ထားသူ။ ခြေနှစ်ဖက်လုံး ပြတ်သွားခဲ့သူတွေ။ ပြည်တွင်းစစ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်များဟုသာ ဆိုပါတော့။ သူတို့ကို ကျန်းမာရေး စစ်ဆေးပေးပြီး လိုအပ်သော ဆေးကုသမှုတွေပေးမည်။ ကျွန်မ၏တာဝန်က သမားတော်ကြီးဖြစ်သူ ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်၏ ကုသမှုများအတွက် ကူညီနိုင်ရန် ပထမအဆင့် သွေးချိုတိုင်း ပေးရမည်။ သွေးချိုမြင့်တက်နေ၍ လိုအပ်ပါက ကျောက်ကပ်အခြေအနေနှင့် ဆီးချို အခြေအနေကို သိနိုင်ရန် ဆီးကိုပါစစ်ပေးမည်။ ကျွန်မအတွက် သိပ်ခက်ခဲသော အလုပ်များ မဟုတ်ကြပါ။

စံပြကျေးရွာကလေးရှိ စစ်မှုထမ်းဟောင်းကိုယ်လက်အင်္ဂါမသန်စွမ်းသူများမှာ အသက်အငယ်ဆုံး (၂၄)နှစ်။ အသက်အကြီးဆုံးမှာ (၆၅)နှစ်။ ရာထူးအားဖြင့် အနိမ့်ဆုံးဒုတပ်ကြပ်။ ရာထူးအမြင့်ဆုံးက အရာခံဗိုလ်အဆင့်။ ကျွန်မက နာမည်ခေါ်လျှင် သူတို့က (ရှိ)ဟု တစ်လုံးတည်းသာထူးသည်။ ကျွန်မအတွက် အသစ်အဆန်း။ အရပ်သူကျွန်မအဖို့  (ရှိ) ဟုဆိုသော သူတို့အသံက ရိုသေလွန်း နေသည်ဟု ခံစားရသည်။ မိမိကိုယ်တိုင်ကလည်း ငါးဆယ်ပတ်လည်အရွယ်မို့ အားလုံးမှာ မောင်နှမအရွယ်၊ တူသားနောင်မယ်အရွယ်တွေဖြစ်သည်။ ကျွန်မအဖို့ မိမိ၏ တပည့်သားမြေးများနှင့်ပင် ရိုသေမှုထက် ချစ်ခင်မှုကိုသာရရှိလိုသူဖြစ်ရာ (ရှိ)ဟုဖြေခြင်းက ကျွန်မကို အနေခက်စေသည်။ မျက်နှာအားလုံးကို ကြည့်မိပြန်တော့ ယခုမှတွေ့ဖူး၊ မြင်ဖူးသူတွေပေမယ့် ကျွန်မစိတ်မှာ ဆွေမျိုးရင်းချာတွေလိုပါပဲ။

ကျွန်မ ရှင်တို့အရာရှိမဟုတ်ပါဘူး။ သိပ်ပြီးမရိုသေပါနဲ့။ ရှိရင်ခုံမှာလာထိုင်လိုက်ပါ။ လက်ကလေးပေးပါ။ ကျွန်မသွေးချိုစမ်းပေးမယ်။ သက်သောင့်သက်သာနေကြပါဆိုတော့ သူတို့အပြုံးကို မြင်ရသည်။ အနားမှာကူညီလျက်၊ သွေးပေါင်ချိန်ပေးနေသူ တပ်မတော်မှ သားဖွားဆရာမလေး ဒေါ်လတ်လတ်က (အပိုးကျိုးနေတာ။ တပ်ထဲက လေသံပဲမမရဲ့)ဟုဆိုသည်။

လူသုံးယောက် မော်တော်ဆိုင်ကယ်နှင့်လာ၍ ဆေးကုသမှုခံယူကြသည်။ လူသုံးယောက်မှာ ခြေထောက်နှစ်ချောင်းသာပါသည်။ တစ်ယောက်က ညာခြေမရှိ။ တစ်ယောက်က ဘယ်ခြေထောက်မရှိ။ နောက်တစ်ယောက်က ခြေနှစ်ဖက်လုံးမရှိတော့။ လူသုံးယောက်အတွက် ခြေခြောက်ချောင်းမှာ လေးချောင်းလျော့နေသောအဖြစ်သည် ပြည်တွင်းစစ်ဘေးစစ်ဒဏ်ကြောင့်ဟု ကျွန်မ တွေးမိသောအခါ ရင်နာရပါသည်။ နှစ်ပေါင်း ၆၃ နှစ်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်သည် တိုင်းသူပြည်သား မည်ရွှေ့မည်မျှ၏အသက်ကို သေကျေစေခဲ့ပြီနည်း။ လူပေါင်းမည်မျှကို ကိုယ်လက်အင်္ဂါဖျက်ဆီး ပျက်စီးစေခဲ့ပြီနည်း။

ကျွန်မ မတွေးလိုသေးပါ။ လက်ရှိ တိုင်းသူပြည်သားတစ်ယောက်အနေနှင့် စစ်ဘေးကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့သူ တပ်မတော်သားစစ်သည်ဟောင်းတွေအတွက် ကျန်းမာရေးတာဝန်ကို ထမ်းဆောင်ရဦးမည်။ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ ပြည်တွင်းစစ်ဘေးစစ်ဒဏ်တွေကို တွေးနေမိနေလျှင် ကျွန်မအလုပ်ဆက်လုပ်နိုင်တော့မည်မထင်။ ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်တို့သည် မြန်မာ့တပ်မတော်ဘက်မှာသာမက။ သူပုန်ဟုသတ်မှတ်ထား သူများဘက်မှာလည်း ရှိနေမည်မှာ အသေအချာဖြစ်သည်။
စပ်စပ်စုစုမေးတတ်သော ကျွန်မ၀ါသနာကြောင့် သူတို့၏ စားဝတ်နေရေးကို မေးမြန်းမိသောအခါ မည်သူကမျှ ပြေလည်သည်ဟုမဆို။ တချို့က ထင်းခုတ်ရောင်းစားကြသည်။ တချို့က ကြက်ကလေး-၀က်ကလေး မွေးမြူစားသောက်သည်။ သားကြီး၊ သမီးကြီးရှိသူများကတော့ အနီးအနားရှိ ကြက်မွေးမြူရေးလုပ်ငန်းမှာ လုပ်ကိုင်ကြသည်တဲ့။

“ထင်းခုတ်ရတာ အရင်ကတော့ နီးတယ်။ အခုတော့ကြာလေလေ ဝေးလေလေဖြစ်လာနေပြီ ဆရာမ”ဟု ဆိုသည်။ ခြေတစ်ဖက်မပါဘဲ တောင်တက်၍ ထင်းခုတ်စားရသူ တပ်ကြပ်ကြီးဟောင်းတစ်ဦးက ဆိုသည်။
“ကြက်ကလေး၊ ၀က်ကလေးမွေးတာက ကြက်နာ၊ ၀က်နာမကျရင်တော့ မဆိုးပါဘူး။ ကြက်နာ-၀က်နာ ရှိရင်တော့ သိပ်ဒုက္ခရောက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ၀က်တွေအားလုံး ၀က်နာကျသေတယ်။ စီးပွားပျက်ပါပဲ”တဲ့။

စိတ်ညစ်၊ စိတ်ပျက်စရာများအကြားမှ ၀မ်းသာကြည်နူးစရာ ကောင်းလှသည်က စစ်မှုထမ်းဟောင်း မသန်စွမ်းစစ်သည်ဟောင်းများမှာ အများစုက မိသားစုကိုယ်စီရှိကြသည်။ ချစ်ဇနီးကိုယ်စီရှိကြသည်။ ကျန်းမာရေးဝန်ဆောင်မှုမှာ မိသားစုဝင်များပါ ပြသနိုင်လို့ သူတို့၏ချစ်ဇနီးတွေကိုပါ တွေ့မြင်ခဲ့ရသည်။ ကိုယ်လက်အင်္ဂါမပြည့်မစုံသူ အမျိုးသားများကို လက်ထပ်ပေါင်းသင်းနေကြသူ အမျိုးသမီးများကို အချစ်သူရဲကောင်းဘွဲ့ပေးချင်မိပါသည်။
“သနားချစ်ကလေးချစ်သွားတာ။ သနားချစ်လေးချစ်သွားတာ”ဟု ခြေတစ်ဖက်ပြတ်ထားသူ တပ်ကြပ်ကြီးတစ်ဦးနှင့် လက်ထပ်ထားသည့် အမျိုးသမီးကြီးကဆိုသည်။ ကျွန်မ မအံ့ကြမိပါ။ မိခင်စိတ်ဖြင့် သနားကြင်နာတတ်သော အမျိုးသမီးများ၏ မေတ္တာ၊ ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာကို ကျွန်မယုံကြည်မိပါသည်။
“ဘယ်လိုလဲ အတွင်းရေးမှူးကြီး။ မသန်စွမ်းသူအမျိုးသားတွေကို လူကောင်းအမျိုးသမီးတွေဟာ အနစ်နာခံပြီး စွန့်စွန့်စားစား ပေါင်းသင်းလက်ထပ်နေထိုင်ကြတယ်။ အဲဒီလိုမျိုး ကိုယ်အင်္ဂါချို့တဲ့သူ အမျိုးသမီးတစ်ယောက်ကို ကိုယ်လက်အင်္ဂါပြည့်စုံသူ အမျိုးသားတစ်ယောက်က စွန့်လွှတ်အနစ်နာခံလက်ထပ်တာများ ဘယ်လောက်များများရှိမလဲရှင်”ဟု မသန်စွမ်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးအောင်မြင့်ကို မေးမိတော့----
“မရှိသလောက်ပါပဲ။ မသန်စွမ်းသူချင်း လက်ထပ်တာတော့ရှိတယ်။ မသန်စွမ်းသူအမျိုးသမီးကို သန်စွမ်းသူအမျိုးသားက လက်ထပ်တာမရှိသလောက်ပါပဲ”တဲ့။
ကျွန်မက “ဒါပဲရှင့်။ လောကကြီးမှာ ကျွန်မတို့အမျိုးသမီးတွေရဲ့ မေတ္တာ၊ ကရုဏာဟာ ဘယ်လောက် ယုံကြည်ကိုးစားထိုက်သလဲ။ အမျိုးသားတွေ ဒီလိုလုပ်နိုင်ဖို့ ခက်ခဲမယ်ထင်မိပါတယ်”ဟု ပြန်လည် ပြောဆိုမိသောအခါ တွဲဖက်အတွင်းရေးမှူးမှာ ခေါင်းတညိတ်ညိတ်နှင့် “ဟုတ်ပါတယ်။ ဟုတ်ပါတယ်”ဟုသာ ပြန်ပြောနိုင်သည်။

ဟုတ်ပါသည်။ ဤစစ်မှုထမ်းဟောင်းရွာကလေးတွင် ကျွန်မတို့ တွေ့မြင်ခဲ့ရသော စစ်မှုထမ်းဟောင်း လူတစ်ရာဝန်းကျင်ကို မေတ္တာ၊ ကရုဏာတရားကြီးမားစွာဖြင့် လက်ထပ်ပေါင်းသင်းခဲ့သူ ဇနီး တစ်ရာဝန်းကျင်တို့ကိုလည်း တွေ့မြင်ခဲ့ရသည်။ အချို့က ၀မ်းရေးဟုဆိုချင်ဆိုကြမည်။ ၀မ်းရေး တစ်ခုတည်းဖြင့်တော့ သည်သို့ဘ၀တစ်သက်တာ အတူနေထိုင်ရန် စဉ်းစားတွေးခေါ်မည်ဟု ကျွန်မ မထင်မိပါ။ မေတ္တာ၊ ကရုဏာကိုသာ အခြေခံကြမည်ဟု ထင်မိပါသည်။

“ကျွန်မရဲ့အမျိုးသားက ဆီးချိုရောဂါ ရှိ၊ မရှိဆိုတာ အစစ်ဆေးခံချင်တယ် ဆရာမရယ်။ သူရဲ့ခြေတုက ဟောင်းနေပြီး ဒူးနေရာက ၀က်အူပြုတ်နေလို့ အမြန်လာဖို့ ခက်နေတယ်။ ဖြည်းဖြည်းမှလာရင် ဆရာမတို့ကို မီပါသေးတယ်နော်”
“သြော်.. စိတ်မကောင်းစရာပါပဲ။ ခြေတုမကောင်းလို့ မလာနိုင်သေးရင် ဖြည်းဖြည်းလာပါ။ စောင့်ပေးပါမယ်”
ကျွန်မတို့ စောင့်ပေးခဲ့ပါသည်။

သူတို့အားလုံးရဲ့ ခြေတုရရှိနိုင်မှုအခြေအနေကို စုံစမ်းကြည့်မိတော့ ခြေပြတ်စဉ်အစ ပထမဆုံး အကြိမ် သာ ခြေတုရနိုင်သည်။ စစ်ဆေးရုံက လုပ်ပေးသည်။ ခြေတုကဟောင်းနွမ်းသွားလျှင် နောက်ထပ်မရ နိုင်တော့။ တစ်ကြိမ်သာ ထောက်ပံ့ပေးသည်တဲ့။
သြော်... ဖြစ်မှဖြစ်ရပလေ။ စစ်ပွဲတွေထဲက ဒဏ်ရာရရှိခဲ့သူ အောက်ခြေအရာရှိအရာခံ အကြပ်တပ်သား များဘ၀ကား မလွယ်လှပါကလား။ တစ်ဘ၀စာမှာ တစ်ခါသာထောက်ပံ့။
ကျွန်မသတိရမိသည်က ၂၀၀၈ ခု ဖွဲ့စည်း၏ အခန်း(၇) ပုဒ်မ(၃၄၄)ကဆိုသော မသန်စွမ်းဖြစ်သွားသူ တပ်မတော်သားများအား စောင့်ရှောက်ပါမည်ဆိုသည့်အချက်။ အမှန်စင်စစ် မသန်စွမ်းဖြစ်သွားသူ တပ်မတော်သားတစ်ဦး၏ ခြေအတုတစ်ချောင်း၏တန်ဖိုးသည် ဗိုလ်ချုပ်ကြီးကတော်တို့၏ ပိုးချိတ်ထဘီ တစ်ထည်ဖိုးမျှရှိမည်ဟု မထင်မိပါ။

ကျွန်မ၏အတွေးများ ဟိုဟိုဒီဒီရောက်ရှိနေစဉ်တွင် ခြေတုဟောင်းတဂွပ်ဂွပ်နှင့် တပ်ကြပ်တစ်ဦးက လူနာထိုင်ခုံမှာလာထိုင်သည်။ သူ၏ခြေတုကလည်း ကွဲအက်နေပြီ။ ရင်မောမိပါသည်။
ပြည်တွင်းစစ်မှာ ဒဏ်ရာရရှိ၍ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ကူညီနေသူ မဲဆောက်မယ်တော် ဆေးခန်းမှ ဒေါက်တာဒေါ်စင်သီရာမောင်ကော ကျွန်မလိုပဲ ရင်မောနေမည်လား။ ကျွန်မတို့ကား မိတ်ဆွေ၊ ရန်သူမရှိ။ ကျန်းမာရေးကို စောင့်ရှောက်ပေးမည်ဟု သန္နိဋ္ဌာန်ပြုထားသူ ကျန်းမာရေး ၀န်ထမ်းတွေ။

ပြည်တွင်းစစ်ကို ဆင်နွှဲနေသူ နှစ်ဖက်လုံးက မြေမြှုပ်မိုင်းများ ထောင်နေကြသည့် သတင်းတွေ ကြားသိနေရသည်။ မြေမြှုပ်မိုင်းများကြောင့် နှစ်ဖက်ဒဏ်ရာရ အောက်ခြေအရာခံ အကြပ်တပ်သား တွေမှာကား ဘ၀လုံခြုံမှုမရှိနိုင်ကြဟုသာ ထင်မြင်ယူဆမိသည်။ အကျိုးစီးပွား မည်သူတွေမှာ ရှိနေသနည်း။ ဤမေးခွန်းကလည်း မဖြစ်မနေမေးမြန်းရမည့် မေးခွန်းတစ်ခုဟုသာ ဆိုချင်သည်။ ပြည်သူလူထုဘ၀တွေကတော့ မည်သည့်နေရာဌာနတွင်မှ အထူးတလည်တိုးတက်မလာခဲ့ပါချေ။ အမှန်တရားကိုပြောဆိုလျှင် ကြိုက်နှစ်သက်ကြမည်မထင်။ ကိုယ်ကျိုးစီးပွားတွေကာကွယ်ရင်း နှစ်ဖက်အပေးအယူနယ်မြေလုစစ်ပွဲများ မဖြစ်ကြပါစေနှင့်ဟုသာ ဆုတောင်းမိပါသည်။ ပြည်သူတွေက ဒုက္ခရောက်ကြလွန်းလာနေပြီ။

“မမရေ.. ဒီက တပ်ကြပ်ကြီးက ဆီးချိုတွေတက်နေတယ်နော်။ သူ့ရဲ့ခြေတုက ကွဲအက်နေပြီး အသားလည်းပွန်းနေတယ်။ အနာမှာလည်း ပြည်တည်နေတယ်”
ကျွန်မသည် ဆီးချိုမြင့်တက်နေသော တပ်ကြပ်ကြီးတစ်ဦး၏ သွေးစစ်ချက်ကို သိလျှင်သိချင်း သမားတော်ကြီးဆရာဝန်မကြီးကို အော်၍ပြောမိသည်။
ထိုစဉ်.. “အရက်ပြန်ကုန်နေပြီ။ ငါတို့ဆေးခန်းမှာ အရက်ပြန်ဆွတ်ပြီးသား ဂွမ်းသွားယူပေး လိုက် စမ်းပါ”ဟု ပြောနေသော သားဖွားဆရာမဒေါ်လတ်လတ်၏အသံကို ကြားရသည်။
သွက်သွက်လက်လက်နှင့် သွားနိုင်လာနိုင်သော ခြေတုနှင့် ဒု-တပ်ကြပ်တစ်ဦးကပင် သွားယူပေးခဲ့သည်။ သူယူလာပေးသော အရက်ပြန်ဆွတ်ထားသော ဂွမ်းကိုမြင်တော့ ကျွန်မ အံ့ကြရပြန်သည်။ ဂွမ်းက ညစ်ထေးဝါကြန့်နေသည်။ လေးငါးနှစ်သုံးပြီးသား ခေါင်းအုံးစုတ်တစ်လုံးထဲမှ မှို့ဖတ်များနှင့်သာ တူတော့သည်။
“ဟယ်.. ဆရာမရေ.. ဆရာမ။ ဒီဂွမ်းတွေက ဒီလိုပဲလား။ ဒီထက်ဖြူတဲ့ ဂွမ်းမရှိတော့ဘူးလား”
“မရှိဘူး.. ဆရာမရေ။ ဒါ army cotton လေ။ ဒီလိုညစ်ထပ် ထပ်ပဲလာတယ်။ army cevit ၀ါထိန်ထိန်။ army paracetamol အစက်အပြောက်။ သောက်ချင်သောက်၊ မသောက်ချင်မသောက်နဲ့ဆိုတာ မမ မကြားဖူးဘူးလား”
ဒေါ်လတ်လတ်ကား ပျော်တတ်သူ။ မြန်မာ့တပ်မတော်မှာ သုံးရသည့်ဂွမ်း၊ ဗိုက်တာမင်စီဆေးပြား၊ ပါရာစီတမောဆေးလုံးအကြောင်း ဖောက်သည်ချနေပြန်သည်။

အခု တပ်မတော်ဆေးဝါးစက်ရုံဖြစ်လာမှ ဆေးတွေရဲ့အရည်အသွေးက ပိုကျလာတယ်။ ဂျဲလမက်ဆေးပြားဆိုရင် ၀ါးလို့တောင်မရတော့ဘူး။ အဆင့်ဆင့်လေ။ ဒီလိုပဲ။ အဆင့်ဆင့်နဲ့။ ကျွန်မတို့က အောက်ဆုံးအဆင့်။ နောက်ဆုံးအဆင့်။ သူ့အောက်မှာ ဘာမှမရှိတော့။
သြော်။ ခက်လိုက်တာ။ လောကကြီးနှယ်နော်လို့သာ ညည်းတွားပစ်ချင်သည်။
တစ်ခုပဲပြောချင်သည်။ တိုင်းပြည်ကို ဦးဆောင်သူတွေ အခြေအနေမှန်ကိုတော့ သိမြင်ကြဖို့လိုနေပြီ။ ပြည်တွင်းစစ်ကိုကော ရပ်မှာလေလား။ နားမှာလေလား။ နိုင်ငံရေး၊ စီးပွားရေးတွေကိုကော။ မည်သို့မည်ပုံရှေ့ ဆက်ဆောင်ရွက်ကြမည်နည်း။ ကြားညပ်နေသော ပြည်သူတွေကို သနားညှာတာ သင့်ပါပြီ။ တောင်းပန်ချင်သည်။ တိုင်းပြည်ထဲမှ ထိပ်တန်းပုဂ္ဂိုလ်အားလုံးဆီ။

တိုင်းပြည်ထဲက အကြောင်းအရာအားလုံး ၀ါးစားမရတော့သော ဂျဲလမက်ဆေးပြားတွေ လိုတော့ဖြင့် မဖြစ်စေလိုတော့ပါ။

မယ်ငွေဥ





Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>