Image may be NSFW.
Clik here to view.
by Seaman Nayminthu on Wednesday, February 20, 2013 at 8:10pm ·
တပ်ကြပ်ကြီး/စာရေး သင်တန်းပြီးဆုံးခါနီး စံပြကျောင်းသားဆုရွေးချယ်ရန် သင်တန်းသားတဦးစီ၏ ရမှတ်များကို စုပေါင်းရေတွက်လိုက်သောအခါ အများဆုံးရမှတ်နေရာ၌ သင်တန်းသား ၂ ဦး တူညီစွာ ရရှိနေ၏။
တဦးက တပ်မတော်(ကြည်း)မှ စစ်သည်။ နောက်တဦးက တပ်မတော်(ရေ)မှ တပ်ကြပ်။
ထိုစဉ်က တပ်မတော်(ရေ)တွင် တပ်ကြပ်ကြီး/စာရေးလောင်းများ စတင်ခေါ်ယူလေ့ကျင့်ထားပြီးဖြစ်သဖြင့် ရှေ့ပိုင်း လုပ်သက်စီနီယာကျသည့် တပ်ကြပ်၊ ဒုတပ်ကြပ် နှင့် တပ်သား/စာရေးများကို အသုတ်လိုက်စီမံချက် ဖြင့် တကက/စာရေးသင်တန်းသို့ ပို့လွှတ်တက်ရောက်စေခဲ့ပါသည်။
ထိုသို့ သင်တန်းသား ၂ ဦး ဘာသာရပ်အားလုံးပေါင်း အမြင့်ဆုံးရမှတ်တူညီနေသည့်အတွက်ကြောင့် တကိုယ်ရေ ဝတ်စားဆင်ယင်မှု အမှတ်ဖြင့် အကဲဖြတ်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ပြိုင်ပွဲမဝင်မီ တညလုံးလိုလို ပြိုင်ဘက် ၂ ဦး အကျိတ်အနယ် ပြင်ဆင်နေကြသည့်ပြင် သူ့ဘက်ကိုယ့်ဘက် အားပေးကူညီနေသူများလည်း ရှိ၏။ ဖိနပ်တိုက်သူက ဖိနပ်ဦးမှာ ခွေးရုပ်ပေါ်လာသည်ထိ တိုက်ပေးသည်။ ထို့အတူ ကြေးပွတ်ဆေး(ဦးထုပ်တံဆိပ်၊ကော်လာဂျက်၊ ခါးပတ်ခေါင်း) တိုက်သူကလည်း မြင်တာနှင့် လျှပ်စီးလက်သလား ထင်မှတ်မှားလောက်အောင် စိတ်ရှည်လက်ရှည် တိုက်၏။ ကော်တောင့်ယူနီဖောင်း ပြင်ဆင်သူတွေက ယူနီဖောင်းကို မပျော့မမာလေးနှင့် တောင့်စင်းနေအောင် လုပ်ထားသည်။
စံပြကျောင်းသားဟူသော ဂုဏ်ပုဒ် တခု တပ်ကိုယ်စားပြုရယူနိုင်ရေးအတွက် လိုလေးသေးမရှိအောင် အသီးသီး ကူညီပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။
လိုအပ်ချက်မှန်သမျှ မလစ်ဟင်းရအောင် အချင်းချင်း ခေါင်းချင်းဆိုင် တီးတိုးတိုင်ပင် မှာကြားနေကြ၏။
ပြိုင်ပွဲချိန်ခါ ရောက်ရှိလာပါပြီ။
သတိအနေအထားဖြင့် ကျောက်ရုပ်ပမာ ရပ်နေသော သင်တန်းသား ၂ ဦးကို အကဲဖြတ် အမှတ်ပေး သင်တန်းဆရာများ (သင်တန်းမှူး ဦးစီးလျက်) သေချာစွာ ကြည့်ရှုစစ်ဆေး အကဲဖြတ်ကြလေသည်။ သတိအနေအထား မှန်ကန်သည်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေ မရှိ။ ဝတ်စားဆင်ယင်မှု ပြောစရာမလို။ စမတ်ကျသည်။ စိတ်ကျေနပ်လောက်အောင် စီစစ်အကဲဖြတ်ကြပြီးနောက် ဝတ်စားဆင်ယင်မှု တလာစီသည်။
ပြင်ပမြင်ကွင်းမှာ ရှိနေသော လျှာဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခါးပတ်၊ တိုက်ပွဲဝင်ဖိနပ်တို့မှာ တပ်မတော်မှ ထုတ်ပေးထားသည့် ပစ္စည်းအစစ်အမှန်များ ဖြစ်ကြောင်း သက်သေထူစရာမလိုအောင် မှန်ကန်သည့် နေရာမှာလည်း တူညီနေပြန်သည်။ ပြုတ်သွားသော အင်္ကျီကြယ်သီးပြန်တပ်ထားသည့် အပ်ချည် ကြိုးသည်ပင် အဖြူရောင်မဟုတ်၊ နဂိုမူလ အရောင်အတိုင်းသာ။
ထို့ကြောင့် အတွင်းပိုင်း ဝတ်စားဆင်ယင်မှုကို ထပ်မံစစ်ဆေးရလေသည်။ အပေါ်အင်္ကျီလက်ရှည် ချွတ်လိုက်သည့်အခါ စစ်စိမ်းရောင် စွပ်ကျယ်တွေ ကိုယ်စီပေါ်လာသည်။ တဖန် တိုက်ပွဲဝင်ဖိနပ် ချွတ်လိုက်သည့်အခါမှာလည်း တပ်မတော် အစ်ရှူး ခြေအိတ်လေးတွေနှင့်။ အမှတ်ပေး ဒိုင်လူကြီးတွေ ခေါင်းစားလာရပြီ။
သည်လိုနှင့် နောက်ဆုံးအဆင့်….။
ခါးပတ်ကြိုးကို အသာဖြေလျှော့၍ ဘောင်းဘီရှည်ကို တဖြည်းဖြည်းချွတ်ချလိုက်သည့်အခါမှ ကွဲပြားမှု တစုံတရာ ထွက်ပေါ်လာတော့သည်။ တပ်မတော်(ကြည်း) မှ စစ်သည်ဝတ်ထားသော ဘောင်းဘီတိုမှာ အရပ်ဝတ်ဖြစ်နေပြီး ရေတပ်ဆရာက အန်ဒါဝဲယာ ခေါ် တပ်မတော်မှထုတ်ပေးထားသည့် အတွင်းခံ ဘောင်းဘီတို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ကြရသည်။
ဤသို့နှင့် ရေတပ်မှ တပ်ကြပ် စံပြကျောင်းသား ရွေးချယ်ခံလိုက်ရသည်။
အဆောင်တွင်းသို့ ပြန်ရောက်သည့်အခါ စိတ်ပျက်လက်ပျက် သုန်မှုန်ကာ ငူငေးငေး ဖြစ်နေသော ကြည်းတပ် စစ်သည်အနီးသို့ ရေဆရာ ရောက်သွားပြီး ပုခုံးလေးကို အသာအယာဖက်လိုက်လျက်…
‘ဒီမှာ ကိုယ့်ညီ… မင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးတယ်၊ ထူးချွန်ထက်မြက်မှုကိုလည်း လေးစားပါတယ်။ ဒီနေရာမှာ မင်းနဲ့ကိုယ် ကွာသွားတာက သမ္ဘာ… ပဲ။ ငါ့ညီက စစ်သက်နုသေးတော့ ဘယ်သတိထားမိပါ့မလဲ။ ကိုယ်တို့က ဒါမျိုးတွေ လုပ်စားလာတာ ကြာပြီကွ။ ဒီတော့ အရည်အချင်းချင်း ယှဉ်လို့ရချင်ရမယ်၊ သမ္ဘာချင်း ယှဉ်ဖို့တော့ မလွယ်ဘူးပေါ့ ကွာ’
ဟု ခပ်ကြွားကြွားလေး နှစ်သိမ့်စကားပြောဆိုကာ သူ့အိပ်ဆောင်ဆီသို့ တလှမ်းချင်း ထွက်ခွာသွား လေသတည်း။
နေမင်းသူ
၂၀-၀၂-၂၀၁၃