Image may be NSFW.
Clik here to view.
“ပြန်တော့မယ်ဟေ့ … ငါလက်မှတ်ထိုးရမယ့်စာ ရှိရင် မြန်မြန်ယူခဲ့ကြ”
ဒီအသံကို ကြားလိုက်တော့ လက်နှိပ်စက်ပေါ် ပြေးလွှားနေတဲ့ လက်ချောင်းလေးတွေ တုန့်ဆိုင်းသွားတယ်။ ရုံးအုပ်နောက်ကျောဘက် နံရံအပေါ်ပိုင်းမှာ ချိတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တဲ့အခါ ညနေ ၅ နာရီ စွန်းစွန်း။ သာမန်ရုံးဆင်းချိန်ထက်ဆို တနာရီကျော်ကျော်လောက် နောက်ကျနေပြီပေါ့..။ ဒါပေမဲ့လည်း ဒီရုံးမှာက ဒီအချိန် ဟာ ပုံမှန်ရုံးဆင်းချိန်လိုဖြစ်နေတယ်။ ဒီထက်နောက်ကျရင်လည်း ကျတယ်။ ညနေ ၄ နာရီလောက် ရုံးဆင်းရတဲ့ရက်ဆိုတာ နှစ်ချုပ်တွက်စစ်ကြည့်ရင်တောင် လက်ချိုးရေတွက်လို့ ရလုလု ပါပဲ။
ရုံးအုပ် လုပ်တဲ့လူက ရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ယာယီလိုင်းခန်း(ဘာရှာအဆောက်အဦ) မှာနေတယ်။ ဗျူဟာမှူး အပါအဝင် ကားပိုင်ရှိတဲ့ အရာရှိတွေက ကိုယ့်ကားနဲ့ကိုယ်အိမ်ပြန် .. ကားပိုင်မရှိတဲ့ အရာရှိများနဲ့ အခြားအဆင့်တွေအတွက်ကျတော့ တရုတ်နိုင်ငံထုတ် FAW တစီး၊ အရပ်ဘက်အငှားယာဉ် ဒက်ဆန်း ကားတစီး နဲ့ အကြိုအပို့လုပ်ပေးပါတယ်။ သန်လျင် အောင်ချမ်းသာထိ တစီး၊ ရန်ကုန် သံလျှက်စွန်းထိ တစီး … ကျန်ခရီးမှာတော့ ကိုယ့်စရိတ်နဲ့ကိုယ်။
စစ်စိမ်းရောင် B-600 လေးဘီးကားကို စစ်ဦးစီးမှူး (ဒုတိယတန်း)(G2) ရုံးကိစ္စသုံးဖို့ ထုတ်ပေးထားတာ။ အဲဒီ ကားကို ပိုင်ရှင်ကိုယ်တိုင် မောင်းပါတယ်။ ကားကြုံစီးသူ ၂ ဦး ၃ ဦး လောက်လည်း လိုက်ပါတတ်တယ်။ သူ့ခရီးစဉ်က သီလဝါကနေ မင်္ဂလာဒုံအထိဆိုတော့ ခရီးစရိတ်အတော် သက်သာတယ်ဆိုရမယ်။ လိုင်းကားပေါ် မှာလို ပြွတ်ကျပ်သိပ်နေအောင် တိုးဝှေ့စီးရတဲ့ ဒုက္ခလည်း လွတ်ကင်းတယ် ဆိုပါတော့။
ဆရာပြန်တော့မယ်ဆိုရင် နောက်ပါ တပည့်တွေအသင့်ဖြစ်နေရတယ်။ အစမှာပြောခဲ့သလို အချက်ပေးသံရပြီ ဆိုတာနဲ့ လုပ်လက်စအလုပ်ကို လက်စသတ်၊ သိမ်းစရာရှိတာသိမ်း.. ကျောပိုးအိတ်လေးလွယ် အဆင်သင့် စောင့်နေရတာ။ အခန်းထဲက ဆရာသမား အတက်ချီကေ့စ် တဖက်၊ ဖိုင်တွဲတွေတဖက်နဲ့ ပွေ့ပိုက် ထွက်လာ တဲ့အခါ အလိုက်သိသိလေးနဲ့ တခုခုကို ပြေးကူသယ်ပြီး ကားခေါင်းခန်းထဲမှာ ချထားပေး …ခန္ဓာကိုယ်ဝဖိုင့်ဖိုင့် ဆရာသမားက ကားတံခါး ဖွင့် ယာဉ်မောင်းနေရာမှာ ထိုင်ချလိုက်တဲ့အခါ လေးဘီးကားလေး ယိမ်းထိုး လှုပ်ရမ်းသွားရှာတယ်။ ဂီယာကို ဟိုလှည့်ဒီလှုပ် ကားစက်သော့ဖွင့် လိုက်တဲ့အချိန်မှာ ဖလွတ်.. ဖလွတ်.. ဖွတ်.. ရွှတ် ..သံလောက်နဲ့ ပြန်ငြိမ် သွားပြီး အင်ဂျင် စက်မနိုး။ ဒီကားက အကောင်သာ သေးတာ… အထတော်တော် နှေးတဲ့ကား။ နှေးဆို ခမျာမှာလည်း အသက် တော်တော်ရနေပြီ မလား။ ၂ ခါ ၃ ခါလောက် နှိုးကြည့်လို့မှ အကြောင်းမထူးရင် သဘောပေါက်။ တွန်းစတပ် လုပ်ဖို့ ပြင်ပေရော့ပဲ။ ကဲ … ရုံးထဲမှာ ရှိတဲ့လူတွေ မုန့်ဟင်းခါးစား ထွက်ကြပါအုံးဟဲ့။အဖုအထစ်ပြွမ်းတဲ့ လမ်းပေါ် တွန်းလိုက် .. နှိုးလိုက် … တွန်းလိုက် .. နှိုးလိုက် နဲ့ တပ်အဝင် ဂိတ်ပေါက်နားရောက်မှ ဒေါက်ဝူးးး..မဟုတ်... ဂလောက် ဂလောက်ဗြီးးးးးးးးး။ စက်နိုးသွားပြီ ပေါ့လေ။
ရုံးရှေ့ ကျောက်ကြမ်းလမ်းအတိုင်း ကျင်းတွေ ချိုင့်တွေ ရှောင်ကွင်းမောင်းနှင်ရင်း တအိအိ ခရီးစတင်လာ ရာက ... ရသခ ဂိတ်မကြီးရှေ့ သုံးခွဆုံ အနီးရောက်မှကတ္တရာလမ်းကို စတွေ့ရတာ။ ကားကြုံစီးရင်း ဆရာသမားတချို့ မှတ်ချက်ပြုသံကို နားထဲမှာ အခုထိ ကြားယောင်နေမိဆဲ … “ဒီနေရာမှာ ခလရ၊ခမရ တပ်ရင်းတခုခုသာရှိရင် ကတ္တရာလမ်းဖြစ်တာ ကြာပြီကွ” တဲ့။ ဟုတ်တော့လည်းဟုတ်သား … ကတ္တရာလမ်းမ ကနေ ၂ ဖာလုံလောက် အကွာအဝေးမှာ တပ်မတော်(ရေ) ရဲ့ အဓိက တိုက်ခိုက်ရေးအင်အားစု ဖြစ်တဲ့ ဗျူဟာစစ်ရေယာဉ်စုရုံးရှိတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး နဲ့ မဟာရေယာဉ်မှူး ဒုဗိုလ်မှူးကြီးတွေ ရုံးထိုင်တဲ့နေရာ။ ဒါ့အပြင် အဲဒီရုံးကို ဦးစီးချုပ်(ရေ)၊ အရာရှိချုပ်(ရေ) တို့လည်း ချောင်းပေါက်မတတ် ရောက်ရောက်လာတဲ့နေရာ။ ဒီနေရာ ဒီလမ်းပိုင်းလေးကို ဘာကြောင့်များ ကတ္တရာလမ်းခင်းမပေးကြတာလည်း စဉ်းစားစရာကြီး ဖြစ်နေတာ ပေါ့။ (ဟီး…. လွန်ခဲ့တဲ့ ၅ နှစ် ကျော်က အခြေအနေပြောတာနော်… ခုလောက်ဆို လမ်းချောဖြစ်နေ လောက် ပြီထင်ပါတယ်)
MITT ဆိပ်ကမ်းနဲ့ သန်လျင်၊ ရန်ကုန် လွန်းပျံပြေးနေတဲ့ ကွန်တိန်နာတွေကြားမှာ တက်..တက်..တက်..တက် နဲ့ လေးဘီးကားလေး သိမ်ငယ်စွာ ခရီးဆက်ခဲ့ပေါ့။ ကိုယ့်ဘေးက ဝေါခနဲ ဝေါခနဲ ဖြတ်မောင်းသွားတဲ့ ဒုန်းဒိုင်း.. ဒုန်းဒိုင်း ကွန်တင်နာ လှုပ်ခတ်သံက ချောက်ချားစရာ။ အားလုံးထဲမှာ အသေးဆုံး အနှေးဆုံး ကားလေး ဖြစ်နေတော့ ဖြတ်ဖြတ်ကျော်သွားတဲ့ ကားကြီးကားငယ်တွေက လှောင်ပြုံးပြုံးပြသွားလေသလား။ လေးဘီး ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်နေရာယူထားတဲ့ ပီးကက်ဦးထုပ်တလုံးကတော့ ဖြစ်ပျက်သမျှ သူနဲ့ဘာမှမဆိုင်သလို ဣနြေ္ဒ ရရကြီး။
တခါတလေ ကားဆရာက အလျင်လို ဆန္ဒစော အဆောတလျင်ရောက်လိုဇောနဲ့ ဂီယာပြောင်း…. လီဗာကို ဖိဖိနင်းလိုက်တဲ့အခါ ချူနာသည်လေး လွန့်ခနဲ လွန့်ခနဲ အရှိန်မြှင့် ပြေးနေရ။ ကျိုက်ခေါက်စေတီ ရောက်ခါနီး ကုန်းအတက်ရောက်ရင် သူ ဆန္ဒုပြချင်လာပြီ။ ဝူး ဝူး ဝူး နဲ့ အိပ်ဇောပိုက်က မီးခိုးတွေ အူထွက် လာပေမဲ့ သူ့ခြေလှမ်းတွေ ခရီးသိပ်မတွင်ချင်။ သန်လျင်မြို့ထဲက ဝပ်ရှော့ဆိုင် အကုန်လုံး သူနဲ့ မရင်းနှီးတာ မရှိ။ ကားပြင်ရင်း သန်လျင်မြို့ထဲမှာ ည သန်းခေါင် အချိန်ထိ ရှိနေခဲ့ရတဲ့ ရက်တွေလည်း မနည်း လှပေါ့။ တညများဆို ကားပြင်အပြီးခရီးဆက်ခါနီး… လမ်းတဖက်ခြမ်းက ဝပ်ရှော့ဆိုင်ထဲမှာ ပစ္စည်းတခု ကျန်နေလို့ တပည့်က ပြေးယူဖို့ ကားလမ်းကို ဖြတ်အကူး … ဘယ်ဆီက ပြန်လာမှန်းမသိသော ဆွတ်ပျံ့ရယ်မောသံ စီစီညံနေတဲ့ ကားတစီး ဒလကြမ်း ဖြတ်မောင်းအလာ ဆရာဖြစ်သူက ခြေပြန်လက်မြန်နဲ့ တပည့်လက်ကို ဖမ်းဆွဲလိုက်ပြီး “ဟေ့ကောင်…. မင်းက ဇာတ်လမ်းဖြစ်ချင်လို့လား” တဲ့။ ကံသီပေလို့သာ…..။
သန်လျင်ကို လွန်မြောက်ပြန်တော့ သန်လျင်တံတားကို ဖြတ်ကူး … သာကေတ အဝိုင်းကြီး.. မြခွာညို အိမ်ရာဘက်ကနေ သင်္ဃန်းကျွန်းလမ်းဆုံ ဝေဇယန္တာလမ်းတလျှောက် မြောက်ဥက္ကလာပ ထုတ်ချင်းပေါက် ရောက်လာပြီးမှ အမှတ် (၃) လမ်းမကြီးအတိုင်း မင်္ဂလာဒုံ ပုလဲမြို့သစ်ထိ ခရီးဆက်ရတာ။ အဲ .. ဝေဇယန္တာလမ်းမပေါ်မှာ ဆင်းသူ တဦး ရှိတယ်။ မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံရောက်တော့ နောက်တဦး။ ခရီးဆုံးထိ လိုက်တဲ့ နောက်ထပ် တဦးကတော့ ပုံမှန်စီးလေ့မရှိ။
တနေကုန် ရုံးမှာ ပင်ပန်းနွမ်းနယ် စိတ်ကျဉ်းကျပ်ခဲ့သမျှ အိမ်ပြန်လမ်းမှာ ညည်းညူသံသဲ့သဲ့ ရင်ဖွင့်ခဲ့ရတာတွေ လည်းရှိပေါ့။ ဟုတ်တယ်လေ…. တယောက်မကောင်း အများ ထုံးစံအတိုင်း မောင်နီအပြစ်ရှိတာနဲ့ တရွာလုံး ကလော်ခံရတာတွေ၊ ကိုယ့်ဘက်က မမှားတဲ့ စာရင်းဇယားတွေကို သူ့အလိုကျ အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲ ပေးခဲ့ရတာ တွေ၊ ကိုယ်နဲ့မအပ်စပ်တဲ့ လုပ်ငန်းတခု အကောင်အထည်ဖော်ဖို့ စာရွက်ပေါ်မှာ စီမံချက် ရေးဆွဲပေးရတာတွေ၊ ကိန်းဂဏာန်းတွေ ပြင်လိုက်ဖျက်လိုက် တိုးလိုက်လျှော့လိုက် လုပ်ရပါများတော့ ကွန်ပြူတာရှေ့မှာ ငူငူကြီး ထိုင်နေတဲ့ ဆရာသမားက အငေါ်တူး ရှာတယ်။ “မင်းစဉ်းစားကြည့် … ဒီအလုပ် တွေကို လက်နှိပ်စက်နဲ့သာ လုပ်ရ မယ်ဆိုရင် .. ဘယ်လောက်ပင်ပန်းပြီး လေလွင့်မှုတွေ ဖြစ်လိုက်မလဲ” ဆိုတော့ ကျနော့်စိတ်ထဲ တကိုယ်လုံး ချွေးတွေရွှဲနစ်နေတဲ့ လက်နှိပ်စက်စာရေးကြီးရယ်.. Correction Pen တချောင်းရယ်… လက်နှိပ်စက်ဘေးမှာ တပေလောက် အမြင့်ရှိမယ့် အပယ်ခံ စာရွက်ပုံကြီးရယ်ကို… ပြေးမြင်လိုက်မိရဲ့။ တော်သေးတာပေါ့ သူ့ရုံးခန်းထဲမှာ ကွန်ပြူတာ တလုံးရှိထားပေလို့။
စစ်တပ်မှာ စပါးမစိုက်ချင်တဲ့ စစ်သား လယ်သမားဖြစ်ရ.. ကြက်မွေးမြူရေး သမားလည်း ဖြစ်ရ။ ဒီကြားထဲ သံပုရာခြံ.. ငြုပ်ကောင်းခြံ… သစ်ဆိမ့် စီမံကိန်းတွေကလည်း အဆစ်ပါသေး။ ဘယ် ဥာဏ်ကြီးရှင်ကများ အစထွင်လိုက်ပါလိမ့်။
တနေ့သားမှာတော့ ဆရာသမားက သူ့ကိုယ်ရေးကိုယ်တာ ခံစားချက်လေး ရင်ဖွင့်ပါတယ်….
“ငါတို့ ဗိုလ်ကြီးဘဝ အရာရှိငယ်စစ်ရေယာဉ်မှူးသင်တန်း တက်တဲ့အချိန် … သူ ရလခ ဒုဌာနချုပ်မှူး ဖြစ်နေပြီ.. သင်တန်းမှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ တလ ၁ ကြိမ် ၂ ကြိမ် ဆိုသလို စားသောက်ဆိုင် တခုခုမှာ ဆုံကြပြီး အလှည့်ကျ ဧည့်ခံစားသောက်ကြတယ် ပေါ့ကွာ.. အဲဒါ သူက ကျန်တဲ့လူတွေကို ဘာမှ မပြောဘဲငါ့ကို … ‘မင်းကတော့ သုံးနေဖြုန်းနေ မင်းယောက္ခမက အလှူခံပုံးထောင်ထားတယ်’ လို့ ရိသဲ့သဲ့ ကလိတယ်… ၁ ခါ ၂ ခါပြောတုန်းက ငါသည်းခံနေတယ်။ နောက်ပိုင်း လူကြီးတန်မဲ့ ထပ်ခါထပ်ခါ အဲ့လို ပြောလာဖန်များလို့ ငါလည်း မခံနိုင်တဲ့အဆုံး သူ့ကို ပြန်ပက်လိုက်တယ်။ ‘ကျနော်သုံးနေတာ ကျနော့်ပိုက်ဆံ… ကျနော့်ယောက္ခမနဲ့ ဘာမှ မဆိုင်ဘူး .. ကျနော့်ယောက္ခမကို မကျေနပ်ရင် ဒဲ့သွားပြောပါ’ လို့ ပြောလိုက် တော့ … သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။အခု သူလူကြီးဖြစ်လာချိန်မှာ ငါ့ကို အသေနှိပ်ကွပ် တော့တာ… ဒါပါပဲ” တဲ့။
အဲဒီနေ့က…. လူကြီးမဆန်သော လူကြီးတဦး ရမယ်ရှာ အမျက်တော်ရှတာကို သူခံရလာတဲ့နေ့…။ အဲလူကြီးနဲ့ ကျောင်းတော်မှာ ဖြစ်ခဲ့တဲ့ ငခြောက်ပြားကိစ္စ ရတက်မအေးနိုင်မှန်း ရိပ်စားမိလို့လည်း စစ်ပြန်စစ်မှုထမ်းဌာနကို ရွေ့သွားတဲ့ အရင် ဦးစီးချုပ်က တပ်ရင်းမှူးသင်တန်းတက်ဖို့ တိုက်တွန်းတာကို သူငြင်းဆန်ခဲ့တယ်လို့ သိခဲ့ရ ပါတယ်။
မနက်မနက်ဆို ၇ နာရီဝန်းကျင်လောက် B-600 လေးအလာကို လမ်းဆုံက စောင့်စောင့်စီး … ပုံမှန် ၁ နာရီခွဲ လောက် ခရီးနှင်မှ သီလဝါရုံးကို ရောက်စမြဲ။ တခါတခါကျတော့ ကားပေါ်မှာ ကျောင်းဝတ်စုံနဲ့ ဆရာသမားရဲ့ သမီးကညာလေး ပါလာတဲ့အခါ … ကားလမ်းကြောင်းက တံတားလေး ဂုံးကျော်တံတားကနေ ကမ္ဘာအေး လမ်းအတိုင်းမောင်း ကုက္ကိုင်းလမ်းဆုံအရောက် ညာကွေ့ … တက္ကသိုလ်ရိပ်သာ လမ်းမပေါ်က သံဆူးကြိုး အတားအဆီးတွေ ရှောင်ကွေ့မောင်းရင်း ဆရာ တပည့် ၂ ယောက်သား မျက်လုံးတွေက တိုင်ပင်ကိုက်ထား သလို တိုက်အိမ်အိုကြီး တလုံးဆီ အကြည့်ရောက်ရောက်သွား … အချင်းချင်း ဘာစကားမှ မဟမိ။ အဲဒီက ရှေ့နည်းနည်းလွန်မှ ဘယ်ကိုပြန်ချိုး အထက်တန်းကျောင်း တခုရှေ့ မရောက်မီ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်.. သမီးလေးလက်ကိုဆွဲ ကားလမ်းဖြတ်ကူး ကျောင်းပို့ပေးတဲ့ ဆရာ … ကားဆီပြန်ရောက်လာတော့ ခေါင်းကို တွင်တွင်ကုပ်ရင်း … “ကလေးဆိုတော့ တို့စစ်သားဘဝကို နားမလည်ရှာဘူးကွာ” လို့ ဟူးခနဲ သက်ပြင်းချရင်း ညည်းညူလိုက်သံ..။
ကလေးမ ကားပေါ်က ဆင်းသွားချိန်မှာ ဆရာက ကျနော့်ကို ကားရှေ့ခန်းလာဖို့ ခေါ်တယ်။ ကားထဲဝင် တံခါးပြန် ပိတ်တဲ့အခါ အံလွဲနေတဲ့ တံခါးကို အလွယ်တကူ ဆွဲပိတ်လို့မရ … လော့ချတဲ့ခလုတ် ဗလာ… အကြိမ်ကြိမ် ဆွဲဆောင့်ပိတ်လိုက်မှ တံခါးဘောင်မှာ ဂဟေတို့ကပ်ထားတဲ့ မင်းတုန်းအပေါက် အလိုင်းမင်း ဖြောင့်တဲ့ ကား။ ဒါတင်ပြီးရောလားဆိုတော့ ဘယ်ဟုတ်အုံးမလဲ … ကားပေါ်မှာ လိုက်ပါနေကျ ကားအထာ ကိုလည်း ကောင်းကောင်း သိထားတဲ့ အခြားတပည့်တဦး ပါမလာတဲ့ အချိန်… လမ်းပေါ်မောင်းနေရင်း ရောဂါဖောက်တဲ့ အခါမျိုးမှာ ..( ဥပမာ .. ကားဘီးပေါက်ပြီ ဆိုပါတော့ )… ကားနဲ့ပတ်သက် လို့ ဓာတ်ဆီ ဘယ်လိုဖြည့်ရတယ်တောင် ဗဟုသုတ ရှိမထားတဲ့ ကျနော် ဂယောင်ဖတ်ပြီလေ။ ကားနောက်ခန်းက စပါယ်ယာဝှီးနဲ့ ဂျိုက်ကို ဆွဲမ,ချလာပြီးမှ ဘယ်နေရာ ဂျိုက်ထောက်ရမှန်းမသိ … ဘီးဖြုတ်ဖို့ ဂွင်းတွေ ဂွတွေ ကိုင်တော့ တုန်ချိတုန်ချိ …. ဘေးနားမှာ ရပ်နေတဲ့ ဆရာသမား ဘယ်နေသာမှာလည်း .. ယူနီဖောင်း အင်္ကျီ လက်ကို မ,တင်ပြီး ကိုယ်တိုင်ဝင်ကြဲရတာပေါ့။
ကားဘီးလဲတပ်တဲ့ ကိစ္စ ဝိစ္စ အားလုံး ပြီးစီးချိန်… သူ့လက်မှာပေရေနေတဲ့ ဆီချေးတွေကို အဝတ်စနဲ့ သုတ်ရင်း ကားပေါ်တက်ဖို့ ညွှန်ပြ … ခနဲ့သံ သဲ့သဲ့ ကြားလိုက်ရတယ်… “အားလုံးအိုကေပါ ဆရာ … ကားပေါ်ကိုကြွပါ” တဲ့။ တတ်နိုင်ဘူးလေ … ကိုယ်မှ မလုပ်တတ်တာပဲ ဟာကို ……………..။
ခုချိန်မှာတော့ အားလုံးဟာ လွမ်းမောစရာ အမှတ်တရတွေ ဖြစ်သွားပြီ..။
နေမင်းသူ
၁-၉-၂၀၁၃