Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ယိုယွင်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး (၁)

$
0
0

by Ye Myint Kyaw (Notes) on Tuesday, April 2, 2013 at 2:32pm
 ‘နိုင်ငံတည်ဆောက်ရေး’ ဆိုတဲ့ စကားကို အခု ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေးပညာရှင်တွေကြား ကျယ်ကျယ်လောင်လောင် ပြန်ပြောလာကြပါတယ်။ ဖရန်စစ် ဖူကူယားမားကတော့ “နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အစိုးရ အဖွဲ့အစည်းသစ်များ ဖန်တီးတည်ဆောက်ရခြင်းနှင့် ရှိပြီးအဖွဲ့အစည်းများကို တောင့်တင်းခိုင်မာစေခြင်း” (State-building is the creation of new government institutions and the strengthening of existing ones.) လို့ သူရဲ့ State-Building စာအုပ်မှာ ဖွင့်ဆိုထားပါတယ်။


အခု ဒီမှာ ပြောချင်တာက ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံများ (failed states) အကြောင်း ဖြစ်ပါတယ်။ အဲဒီ ယိုယွင်းနိုင်ငံတွေ ကြောင့်လည်း နိုင်ငံတည်ဆောက်ရေး စကားလုံးတွေ ပြန်တာစားလာတာ ဖြစ်ပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်ရပ်ကစပြီး ယိုယွင်းနိုင်ငံတွေရဲ့ ပြဿနာကို နိုင်ငံတကာအသိုင်းဝိုင်းက ပိုအာရုံစိုက်လာခဲ့ကြတာပါ။

ယိုယွင်းနိုင်ငံတွေကို ကွန်းခိုလှုပ်ရှားရာနေရာအဖြစ် အကြမ်းဖက်သမားတွေက အသုံးချလာတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေအဖို့ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေရပါတယ်။ ၂၁ ရာစုမှာ အကြမ်းဖက်ပြဿနာဟာ နိုင်ငံတကာမှာ အပြန့်ကျယ်လာပြီး နေ့စဉ် မီဒီယာ သတင်းတွေမှာ မပါမပြီး ဖြစ်လာပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးဌာနက ၂၀၀၂ ခုနှစ်တုန်းက ပြောင်ပြောင်တင်းတင်း ကြေငြာခဲ့ပါတယ်။ “အမေရိကန်ဟာ ဆိုဗီယက်နဲ့ အခြားသော အင်အားကြီးနိုင်ငံများရဲ့ ခြိမ်းခြောက်မှုထက် ယိုယွင်းချွတ်ချော်နေတဲ့ နိုင်ငံများရဲ့ ခြောက်လှန့်မှုကို ပိုရင်ဆိုင်နေရတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ယိုယွင်းနိုင်ငံတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်နေပြီဆိုတဲ့ ၀န်ခံပြောဆိုမှုပါပဲ။

အကြမ်းဖက်သမားတွေဟာ ယိုယွင်းကျဆင်းနေတဲ့ နိုင်ငံတွေမှာ ပုန်းလျှိုးကွယ်လျှိုးခြေကုပ်ယူပြီး ကမ္ဘာအနှံကို ခြေဆန့်လာတယ်။ အင်ဂိုလာ၊ ဆိုမာလီးယား၊ လိုက်ဘေးရီးယား၊ ကွန်ဂို၊ ဆီအယ်ရာလီအုန်း၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန် စတဲ့ နိုင်ငံတွေဟာ ယိုယွင်းဆုန်ယုတ်တဲ့ လက္ခဏာတွေရှိပြီး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ်၊ ဒုက္ခသည် စီးဆင်းမှု၊ ပြည်တွင်း ရွှေ့ပြောင်းခံရမှု၊ မူးယစ်ဆေးဝါး ကမ္ဘာဖြန့် ရောင်းချမှု၊ တရားမ၀င် လက်နက်ကုန်သွယ်မှု စတာတွေက ဗွက်ပေါက်နေပါတယ်။

ဒေသ အိမ်နီးချင်းနိုင်ငံတွေ ဦးနှောက်စားအောင် အမြဲဒုက္ခပေးနေတတ်သလို၊ ကုလသမဂကိုယ်တိုင်လည်း အဲဒီနိုင်ငံတွေက အကြမ်းဖက်ပြဿနာတွေကို မကိုင်တတ်မတွယ်တတ်နဲ့ အမြဲ အကျပ်ရိုက်နေရပါတယ်။


နိုင်ငံ ဆိုတာ

‘ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံ’ ဆိုတဲ့ အဓိပါယ်ကို မဖွင့်ဆိုခင် ‘နိုင်ငံ’ ဆိုတာဘာလဲ ဆိုတာကို အရင်ဆုံး ချည်းကပ်စဉ်းစား ကြည့်ရပါမယ်။ နိုင်ငံ ဆိုတဲ့ အဓိပါယ်နဲ့ ပတ်သက်ပြီး အဓိကလွှမ်းမိုးထားတဲ့ အယူအဆ သုံးခုရှိပါတယ်။

ပထမကနိုင်ငံကို လူမှုပဋိညာဉ်တစ်ခု (a social contract) လို့ မြင်တဲ့ ရူးဆိုး၊ ဟော့ဘ် နဲ့ လော့ခ် တို့ရဲ့ အယူအဆ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေစနစ်တွေ၊ နိုင်ငံရေးအုပ်ချုပ်မှုပုံစံတွေ ရှိမယ်။ အဲဒီ ဥပဒေစနစ်နဲ့ အုပ်ချုပ်မှုပုံစံတွေအတွက် အာဏာရှိသူနဲ့ နိုင်ငံသားတွေကြားမှာ သဘောတူညီမှု ရှိထားရမယ်။ အာဏာပိုင်ကလည်း လူ့အဖွဲ့အစည်းဝင်တွေရဲ့ သဘောတူညီမှုအပေါ်မှာသာ တည်မှီနေရမယ်လို့ ဆိုပါတယ်။

ဒီအယူအဆက နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဝင်တွေကြား ဆက်ဆံရေး ကြောင်းကျိုးညီညွတ်မှုကို  အလေးပေးပါတယ်။ လူ့အဖွဲ့အစည်းဝင် အားလုံးက နိုင်ငံတော်ဆီ တင်ပြခွင့်၊ ခေါင်းဆောင်ရွေးချယ်ပိုင်ခွင့် ရှိသလို၊ နိုင်ငံတော်ကလည်း လူထုကို အကျိုးဆောင်မှုတွေ ပေးဖို့ တာဝန်ရှိပါတယ်။ ၂၀ ရာစုမှာ ခေတ်စားတဲ့ ဂျွန်ရောစ် (John Raws) ရဲ့ လူမှုတရားမျှတမှု (Social Justice) အယူအဆဟာ လူမှုပဋိညာဉ်အယူအဆကို ခေတ်သစ်နဲ့အညီ ပြန်လည်ဖွင့်ဆိုခြင်းပါပဲ။

နိုင်ငံ ဆိုတာကို ဒုတိယချဉ်းကပ်ဖွင့်ဆိုမှုကဂျာမန်လူမှုဒဿနပညာရှင် မက် ဗေဘာ (Max Weber) ရဲ့ အမြင်ဖြစ်ပါတယ်။ သူက နိုင်ငံဆိုတာ သတ်မှတ်ထားတဲ့ နယ်နမိတ်ဘောင်တစ်ခုအတွင်းမှာ တရားဝင်အခွင့်အာဏာ (legitimacy) သုံးခွင့်ရအောင် ပေါင်းစည်းထားတဲ့ အုပ်စု (corporate group) လို့ ဆိုပါတယ်။

၁၉၄၆ ခုနှစ်မှာ ဗေဘာ ဖွင့်ဆိုခဲ့တဲ့မူရင်းက “နိုင်ငံ သို့မဟုတ် လူသားအဖွဲ့အစည်း ဆိုသည်မှာ နယ်ပယ်ပိုင်နက် တစ်ခုအတွင်း ရုပ်ပိုင်းအင်အားကို တရားဝင် အသုံးပြုနိုင်စေရန် လွှဲအပ်ထားသော အဖွဲ့အစည်း” (Human community is the monopoly of the legitimate of physical force within a given territory.) ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရဲဌာန၊ တရားရေး၊ အုပ်ချုပ်ရေးကစလို့ ကူးသန်းရောင်းဝယ်မှု၊ ယာဉ်ဥပဒေတို့အထိ အစိုးရ အင်စတီကျူးရှင်းအားလုံး ‘အမိန့်အာဏာတည်စေခြင်း’ (enforcement) ဖြစ်စေဖို့ပါ။ သူ့ရဲ့ အဲဒီနာမည်ကြီး အယူအဆက နိုင်ငံရဲ့ ပန်းတိုင် (end) ထက် နိုင်ငံရဲ့ နည်းလမ်း (means) ကိုသာ အလေးကဲတယ်လို့ အခြားပညာရှင်များက သုံးသပ်ကြပါတယ်။

တတိယ ချည်းကပ်နည်းကတော့ အချုပ်အခြာနိုင်ငံဖြစ်မှု အယူအဆပါ။ အစိုးရက တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ လက်ရှိအုပ်ချုပ်မှု (de facto) ရဲ့ ကောင်းကျိုးဆိုးပြစ်ကို အဓိကမထားဘဲ၊ နယ်နမိတ်ရှိမယ်၊ လူထုရှိမယ်၊ အစိုးရရှိမယ် ဆိုရင်ပဲ နိုင်ငံအဖြစ် လက်ခံအသိအမှတ်ပြုမှု ဖြစ်ပါတယ်။

သို့သော် ၁၉၃၃ ခုနှစ် မွန်တဗီဒီယို ညီလာခံအရ နိုင်ငံဆိုတာ အောက်ပါ  ကြန်အင်လေးရပ်နဲ့ ပြည့်စုံရမယ်လို့ ဆိုထားပါတယ်။

(၁) နယ်နမိတ် သတ်သတ်မှတ်မှတ်ရှိမှု
(၂) ပုံမှန်နေထိုင်တဲ့ လူဦးရေ ရှိမှု
(၃) ထိရောက်စွာ ကွပ်ကဲအုပ်ချုပ်တဲ့ အစိုးရ
(၄) အခြားနိုင်ငံတွေနဲ့ တရားဝင် ဆက်ဆံလုပ်ကိုင်နိုင်မှု တို့ပါပဲ။


ယိုယွင်းနိုင်ငံ  ဆိုတာ

ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံ (failed state) နဲ့ ပတ်သက်လို့တော့ ပညာရှင်အားလုံး သဘောတူလက်ခံတဲ့ ဖွင့်ဆိုချက်မျိုး မရရှိသေးပါဘူး။ သို့သော် ခုနက နိုင်ငံနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုမှုတွေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုကြတာတွေ ရှိပါတယ်။

နိုင်ငံရေးသိပံပညာရှင် ၀ီလျံ ဇတ်မန် ဆိုတဲ့ပုဂိုလ်က နိုင်ငံနဲ့ ပတ်သက်တဲ့ ပထမဖွင့်ဆိုချက် လူမှုပဋိညာဉ် အယူအဆကနေ ယိုယွင်းနိုင်ငံကို ဖွင့်ဆိုပါတယ်။ ယိုယွင်းချွတ်ချော်နိုင်ငံဆိုတာ“နိုင်ငံတစ်နိုင်ငံမှာ အခြေခံလည်ပတ်ရမယ့် လုပ်ငန်းဆောင်တာတွေ (functions) တွေကို ဆက်လက် မဆောင်ရွက်နိုင်တော့ခြင်း” လို့ ဆိုပါတယ်။

ဒါကြောင့် ယိုယွင်းပျက်စီးနေတဲ့ နိုင်ငံမှာ အင်စတီကျူးရှင်းတွေ မလည်ပတ်နိုင်ဘူး။ ရှိထားတဲ့ အင်စတီကျူးရှင်းတွေကိုလည်း ပုံပျက်ပန်းပျက်ဖြစ်ပြီး ဆက်ထိန်းမထားနိုင်ဘူး။ အမျိုးသား ၀ိသေသလက္ခဏာ (national identity) ဆိုတာကလည်း အသံကောင်းဟစ်ရုံသာ ရှိပြီး၊ လက်တွေ့မှာ လူမျိုးအားလုံးကိုယ်စားပြုတဲ့ အဓိပါယ်ကို မဖွင့်ဆိုနိုင်ဘဲ ပျောက်ဆုံးနေပါတယ်။  နိုင်ငံသားတို့အတွက် လုံခြုံရေး အကာအကွယ်မဲ့ပြီး အစိုးရကလည်း တရားဝင်မှု ပျောက်ဆုံးနေပါတယ်။

နောက် ကနေဒါနိုင်ငံသား နိုင်ငံရေးပညာရှင် မိုက်ကယ် အစ်ခ်နတစ်ဖ် ကတော့ မက်စ် ဗေဘာရဲ့ နိုင်ငံ ချည်းကပ်နည်းကနေ ယိုယွင်းနိုင်ငံကို ဖွင့်ဆိုပါတယ်။ “ယိုယွင်းနိုင်ငံ ဆိုတာ ပြည်တွင်း အကြမ်းဖက် မငြိမ်သက်မှုများကို တည်ငြိမ်စွာ ထိန်းသိမ်းရန် မစွမ်းဆောင်နိုင်ခြင်း” လို့ ဖွင့်ဆိုပါတယ်။ သူ ဥပမာပေးတဲ့ ယိုယွင်းချည့်နဲ့ နိုင်ငံစာရင်းမှာ သီရိလင်္ကာနဲ့ ကိုလံဘီယာလို နိုင်ငံတွေတောင် ပါပါတယ်။ ဒီနှစ်နိုင်ငံဟာ စွမ်းဆောင်ရည်ရှိ နိုင်ငံတွေ (capable states) ဖြစ်ပေမဲ့လည်း ပြည်တွင်း သောင်းကျန်းသူတွေကို နှီမ်နင်းရာမှာ ပွဲတိုင်းရှုံး ဖြစ်နေလို့ပါတဲ့ (တမီးလ်ကျားတွေ မနှီမ်နင်းမီ သုံးသပ်ချက်)။

ယိုယွင်းနိုင်ငံများကို ပြည်တွင်းစစ်နဲ့ ခိုင်းနှိုင်းယှဉ်ထိုးကြည့်ပါတယ်။ ပြည့်ဝတဲ့ အဓိပါယ်တော့ မခြုံငုံမိကြပါဘူး။ အကြောင်းကတော့ ‘ပြည်တွင်းစစ်မရှိဘဲနဲ့လည်း နိုင်ငံယိုယွင်းကျဆင်းမှု (state failure) ဖြစ်နိုင်လို့ပါပဲ။ အလားတူ နိုင်ငံမယိုယွင်းဘဲနဲ့လည်း ပြည်တွင်းစစ် ရှိနေတတ်လို့ပါပဲ”။ ၁၉၉၇ ခုနှစ် အယ်လ်ဘေးနီးယား ပြဿနာကပထမ အဆိုအတွက် ဥပမာဖြစ်ပြီး၊ ကိုလံဘီယာ ရင်ဆိုင်နေရတဲ့ ပြ၁သနာက ဒုတိယအဆိုအတွက် ဥပမာကောင်း ဖြစ်ပါတယ်။


နိုင်ငံယိုယွင်းမှုကြောင့် လူမျိုးရေး သတ်ဖြတ်မှုတွေဖြစ်

သို့သော် သံသယဖြစ်စရာမရှိတဲ့အချက်က နိုင်ငံယိုယွင်းကျဆင်းမှုက ပြည်တွင်းစစ်ဖြစ်ဖို့ တာဆူပေးလေ့ရှိတယ်ဆိုတာ ပါပဲ။ ဒီဖြစ်ရပ်နှစ်ခုဟာ အပြန်အလှန်ဆက်သွယ်နေတာမို့ အသေချာ လေ့လာကြည့်သင့်ပါတယ်။ နိုင်ငံ အင်စတီကျူးရှင်းတွေ အားနည်း ချည့်နဲ့လာခြင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်စေဖို့ နည်းမျိုးစုံနဲ့ မီးရှိန်မြှင့်ပေးလိုက်ခြင်းပါပဲ။ ဒါကို အဓိက အချက် သုံးချက်နဲ့ ထောက်ပြကြပါတယ်။

ပထမအချက်ကနိုင်ငံ အစိုးရအာဏာပိုင်အဖွဲ့ တောင့်တင်းမာချာမှုမရှိဘဲ လုံးပါးပါးသွားပြီဆိုတာနဲ့ နိုင်ငံ နယ်နမိတ်အတွင်းရှိ မျိုးနွယ်စုနွယ်တွေရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာပါတယ်။ အရင် တင်းမာနေတဲ့ လူမျိုးရေး ရန်ငြိုးတွေက နိုင်ငံအာဏာ ကျဆင်းလျော့ကျသွားတာနဲ့ လူမျိုးစုငယ်တွေအပေါ် သတ်ပွဲတွေ ဖြစ်လာပါတယ်။

ဒုတိယအချက်ကနိုင်ငံရေးပညာရှင် ဂျက်ဆင်းဒါးရဲ့ အမြင်ပါ။ ချည့်နဲ့နေတဲ့ နိုင်ငံတွေမှာ ဘာသာရေး အခြေခံဝါဒလိုမျိုး အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ပေါ်ထွက်လာတတ်ပါတယ်။ သာမန်နိုင်ငံသားတွေမှာ ရှိရမယ့် အမျိုးသားရေါ်ဝါဒ အယူအဆ (civic concepts of nationalism) ထက်ကို ကျော်လွန်ပြီး၊ အကန်းချစ် အရမ်းဒေသချစ်၊ ဘာသာရေးမှိုင်းတွေက လူမျိုးရေးပဋိပက္ခမီးကို လောင်ရှိန်မြင့်စေပါတယ်။ ယဉ်ကျေးတဲ့ နိုင်ငံချစ်စိတ်ထက် ကျော်လွန်ပြီး အဆိပ်သင့် ဇာတိပုညတွေ ဖြစ်လာပါတယ်။ ဘောလကန်ဒေသ၊ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ ယခင် ဆိုဗီယက်ယူနီယံဟောင်းရဲ့ ဥပမာတွေက အဲဒီအချက်ကို သက်သေခံနေပါတယ်။

တတိယအချက် ကတော့ နိုင်ငံ ဖရိုဖရဲဖြစ်လေလေ ဒေသတွင်း အိမ်နီးချင်းတွေက ပါဝါဟာကွက်ကနေ အကျိုးအမြတ် ထုတ်နိုင်တဲ့ အခွင့်အလမ်းတွေ များလေလေပါပဲ။ တစ်ချို့နိုင်ငံတွေက ပြောင်ပြောင်တင်းတင်း စစ်ရေးဖိအားနဲ့ ၀င်ချယ်လှယ်တာတွေ ရှိပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ထင်တိုင်းကြဲတာနဲ့ ဆိုမာလီးယားမှာ အိမ်နီးချင်းတွေ ၀င်စွက်တာကို သင်ခန်းစာ ယူနိုင်ပါတယ်။


စီးပွားရေး ရှုထောင့်မှ ဖွင့်ဆိုချက်

ယိုယွင်းနိုင်ငံတွေအပေါ် စီးပွားရေး ပညာရှင်တွေရဲ့ ဖွင့်ဆိုချက်ကတော့ နိုင်ငံရေးပညာရှင်တွေ ယူဆပုံနဲ့ ကွာခြားပါတယ်။ နိုဘယ်ဆုရ စီးပွားရေးပညာရှင်တစ်ဦးက “နာတာရှည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုက နိုင်ငံ ယိုယွင်းမှုနဲ့ ကံဆိုးမိုးမှောင်ကျမှုကို ဖြစ်စေတယ်” လို့ ဆိုပါတယ်။ စီးပွားရေးပညာရှင်တွေက ယိုယွင်းနိုင်ငံစာရင်းမှာ အာဂျင်တီးနား လို နိုင်ငံတွေကိုတောင် ထည့်သွင်းပစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ စီးပွားရေး ကျဆင်းမှုအပြီး အာဂျင်တီးနား အခြေအနေကြောင့် ဖြစ်ပါတယ်။

သို့သော် ကံအကြောင်းမလှသေးတာက နိုင်ငံရေးပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေကြား ယိုယွင်းချည့်နဲ့နိုင်ငံများအပေါ် ပေါင်းစပ်ဖွင့်ဆိုမှု ပျောက်ဆုံးနေပါတယ်။ ဒီဆောင်းပါးမှာတော့ ယိုယွင်းနိုင်ငံတွေကို အတိအကျ အနက် ဖွင့်ဆိုနေမှာ မဟုတ်ပါဘူး။ နိုင်ငံ ယိုယွင်းကျဆင်းမှုဟာ နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်ရှိအပ် လည်ပတ်ဆောင်ရွက်နေရမယ့် အင်စတီကျူးရှင်းတွေ ဆုတ်ယုတ်အားနည်းနေလို့ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ အဓိက အလေးထား တင်ပြချင်တာ ဖြစ်ပါတယ်။

အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လျစ်လျူရှုထားမှု၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှု၊ ပွင့်လင်းမြင်သာမှုမရှိမှု၊ ဗဟိုဦးစီးစနစ် အမြစ်စွဲနေမှု၊ အဂတိလိုက်စားမှု၊ ဘတ်ဂျက်ခွဲဝေပုံ စနစ်မကျမှု၊ အခွန်စနစ် မရှိမှု၊ လူမျိုးရေးပြဿနာနဲ့ ပြည်တွင်းစစ် ရှည်ကြာမှု၊ လုံခြုံမှုမရှိမှု စတဲ့ အင်စတီကျူးရှင်းဆိုင်ရာ အားနည်းမှုတွေကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ (enforcement)  မသက်ရောက်တဲ့အခါ ဆိုမာလီးယားပုံစံ အခြေအနေမျိုး ဆိုက်ရောက်ရပုံကို သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

(ဆက်ပါဦးမယ်)

ရဲမြင့်ကျော်

ရည်ညွှန်း
Making States Work : State Failure and the Crisis of Governance by Simon Chesterman, Michael Ignatieff and Ramesh Thakur, eds., Tokyo: United Nations University Press, 2005
State-Building by Francis Fukuyama

စပယ်ဖြူမဂဇင်း၊ အမှတ် ၁၊ ဖေဖော်ဝါရီ၊ ၂၀၀၇ တွင် ဖော်ပြထားသည်။



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>