စာလေးနဲနဲရေးချင်ပါတယ်။ပထမဆုံးနိဒါန်း အနေနဲ့ ဒီနေ့ မန်းလေး FM ရေဒီယိုအစီအစဉ်ကနေ အပါတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်နေတဲ့ မင်္ဂလာညနေခင်ပါ အစီအစဉ် မှာ သူက ဖုန်းဆက်ပြီး ဥာဏ်စမ်းလေးတွေ မေးခွန်းလေးတွေဖြေရတဲ့ အစီအစဉ်လဲပါတယ်။ဖြေနိုင်ရင် အဖြေမှန်ရင် ၅၀၀၀ တန်ငွေဖြည့်ကတ်ရမှာပေါ့။အဲ့မှာ ဒီနေ့ ဖုန်းဆက်ပြီး ကောင်မလေးတစ်ယောက်က မေးခွန်းဖြေတယ် ဟိုက ဘာမေးလဲ ဆိုတော့ IQ နဲ့ EQ တို့ရဲ့ အရှည်စာလုံးပေါ့။ကောင်မလေး အင်းအဲ နဲ့ ဘာမှ မပြောပဲ ဖုန်းချသွားတယ်။အမှန်ဆိုရင် Intelligence quotient နဲ့ emotional quotient လောက်တော့ အဓိပ္ပါယ် အကျယ်မသိတောင် အရှည်တော့ တစ်အိမ်လုံးမှာ တစ်ယောက်လောက်တော့ သိသင့်တယ်ထင်တာပါပဲ။ထားပါတော့ ။ကျွန်တော်ပြော ချင်တာက ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အင်္ဂလိပ်စာ တတ်ကျွမ်းနားလည်မှု ဟာ အတော်ကလေးအခြေအနေ မကောင်းတဲ့ ဖက်ကိုရောက်လို့နေပြီဆိုတာပါပဲ။ ဒါကတစ်ချက်ပေါ့လေ။
အခု ကျွန်တော်တို့က ဒီဖေ့စ်ဘုတ် ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက်ပေါ့ အဲ့ဒါကြီး သုံးပြီး နိုင်ငံရေးကိစ္စတွေ ဆွေးနွေးကြ ပြောကြ ဆိုကြတဲ့အခါမှာ တစ်ချို့တွေက နိုင်ငံရေး စာပေတွေကို အင်္ဂလိပ်လို တွေပါရောပြီးပြောကြတယ်။(အပြင်မှာ နိုင်ငံရေးသင်ခန်းစာတွေ ပေးနေသော ဆရာကြီးများအား စော်ကားခြင်း မဟုတ်ရပါကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။)အဲ့သလို ပြောကြတဲ့ အခါ တစ်ချို့ တစ်လေများ သို့မဟုတ် အများစုဟာ နိုင်ငံရေးကဲ့သို ရှုပ်ထွေးပွေလီလှသော အကြောင်းအရာ များအပြင်မှာမှ အင်္ဂလိပ်လို စာတစ်လုံးဟာ မြန်မာလို အနက်မြောက် များစွာ ထွက်ရှိလာတတ်တာကြောင့် စာရေးသူရဲ့ ဆိုလိုရင်း ကို မရောက်စေပဲ နားလည်မှု လွဲခြင်း အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူခြင်းတွေရှိနိုင်တတ်ပါတယ်။ ဥပမာ နိုင်ငံရေး စာလုံးတစ်လုံးဖြစ်တဲ့ Power Balance လုပ်တယ်ဆိုပါတော့။Power ဆိုတာကို ရှေ့နေက တစ်မျိုးတစ်ပုံ ယူမယ် လက်လုပ်လက်စားက တစ်မျိုးတစ်ပုံယူမယ် ဆိုကြပါတော့ ရှေ့နေကတော့ လုပ်ပိုင်ခွင့် အာဏာ လို့ ယူမယ် လက်လုပ်လက်စားသည် အင်အားလို့ယူချင်ယူမယ် တစ်ခါ စွမ်းအားလို့ ယူတဲ့လူလဲရှိမယ်။ ဒီအခါမှာ စာရေးသူကတော့ သူ့ဆိုလိုရင်း သူ သိမှာပဲ သို့သော် အထက်ကဖော်ပြခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အင်္ဂလိပ်စာ နားလည်တတ်ကျွမ်းမှု အခြေအနေ အရ စာရေးသူရဲ့ အဓိပ္ပါယ် ကို မပေါ်လွင်တော့ပဲ သန်ရာသန်ရာ ကောက် ကုန်ကြနိုင်တယ်။ဒီအခါ နဂိုကမှ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးဟာ အမြင်အမျိုးမျိုးနဲ့ သန်ရာသန်ရာတွေဖြစ်ကုန်နိုင်ပါတယ်။ဒါကြောင့် ကျွန်တော်ဆက်လက် ဖော်ပြ လတ္တံသော အကြောင်းအရာတို့တွင် တတ်စွမ်း သမျှ မြန်မာမှုပြု ပြီးတော့ပဲ ဖော်ပြမည်ဖြစ်ကြောင်းနဲ့ မြန်မာမှု ပြုလိုက်လျှင် လုံးလုံး အဓိပ္ပါယ်လွဲမှားသွားစေနိုင်သော စာလုံးများ ကိုသာ မြန်မာ အသံထွက်ဖြင့်ရေး ပြမည်ဖြစ်ကြောင်းကြိုတင် အစီရင်ခံအပ်ပါတယ်။ (အင်္ဂလိပ်လို ရေးသားဖော်ပြသော ပညာရှင်များ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စော်ကားပုတ်ခတ်လိုခြင်း အလျှင်းမရှိပါကြောင်း အထူးအားဖြင့် ထပ်မံတောင်းပန်အပ်ပါသည်။)
နေ့လည်က ကျွန်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် မျက်နှာဖုံးပုံလေးနဲ့ မိတ်ဆက်ကလေးတော့ ရေးထားခဲ့ပြီးပါပြီ။ဘာလဲ ဆိုတော့ အင်္ဂလိပ်စာလုံး (Democracy)ဒမိုကရေစီ (ဒီမိုကရေစီဟုလဲ အသံထွက်နိုင်သည်) ဆိုတာ ဘာပါလဲ။ ဆိုရှယ်လစ်ကလဲ သူတို့ကိုယ်သူတို့ သူတို့ဝါဒသူတို့လမ်းစဉ်ကို ဖော်ဆောင်တာပဲ ဒါကိုပဲ ဆိုရှယ်လစ်ဒမိုကရေစီ ဆိုပြီးသတ်မှတ်တယ်။ကွန်မြူနစ်လဲ ထိုနည်းလည်းကောင်းပဲ ဓနရှင်ခေါ်ခေါ် အရင်းရှင်ခေါ်ခေါ် ဒါမှမဟုတ် လစ်ဘရယ် ပေါ့ ဘယ်လိုခေါ်ခေါ် သူတို့လည်းပဲ ဒမိုကရေစီ လို့ပဲ သူတို့ လမ်းစဉ်ကို သတ်မှတ်တာပါပဲ။ဒီတော့ ဒီမိုကရေစီမှာ စံသတ်မှတ်ချက် ဆိုတာ မရှိဘူးပေါ့။ဘယ်ဝါဒရဲ့ လမ်းစဉ်မဆို ဘယ်နိုင်ငံရဲ့ နိုင်ငံရေး ၀ါဒ လမ်းစဉ် မဆို ဒမိုကရေစီ ဆိုတာရှိနိုင်တာပဲ။နိုင်ငံရဲ့ အခြေအနေ ကာလဒေသ ဓလေ့စရိုက် တွေနဲ့ ကိုက်ညီပြီးတော့သာ ဒမိုကရေစီရဲ့ ပုံစံတွေ အမျိုးမျိုးကွဲပြားသွားတာပေါ့။ဒမိုကရေစီ မှာစံသတ်မှတ်ချက် ဘောင် မရှိဘူး လို့ ကျွန်တော်ပြောခဲ့တယ်။ဟုတ်ပြီ ဒါဆိုရင် ဒမိုကရေစီက ဘာလဲ အတိုင်းအဆမရှိတဲ့ ကိုယ်လိုရာပုံသွင်းနိုင်တဲ့အရာမျိုးလား ဒီလိုတော့လဲမဟုတ်ပြန်ပါဘူး။ဒမိုကရေစီ မှာ သူ့ရဲ့ ဂုဏ်သတ္တိတော့ရှိပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့ တရားမျှတခြင်း လွတ်လပ်ခြင်း ၊တန်းတူညီမျှခြင်း နဲ့ တာဝန်ခံခြင်း ဆိုတဲ့ လေးပါးသော ဂုဏ်သတ္တိတွေ ရှိပါတယ်။ကနေ့ ကမ္ဘာနိုင်ငံတွေမှာ ကြည့်ရင် နိုင်ငံတိုင်းကတော့ ဒမိုကရေစီ ဆိုပြီး တော့ပြောနေပေမယ့် ဘယ်နိုင်ငံမှာမှ ခုနကပြောတဲ့ လေးပါးသော ဒမိုကရေစီ ဂုဏ်သတ္တိတွေကို ပြည့်ဝစွာ မခံစားရသေးပါဘူး။ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ငါးမူး တစ်ပဲ ဒမိုကရေစီ အဆင့်ပဲဖြစ်ပါသေးတယ်။ဥပမာ အမေရီကန်နိုင်ငံဆိုပါတော့ အများစုအမြင်မှာ ဒမိုကရေစီ ဒင်းပြည့်ကျပ်ပြည့် ရှိတယ်လို့ထင်ရပေမယ့် ခုနင်က ဒမိုကရေစီရဲ့ ဂုဏ်သတ္တိဖြစ်တဲ့ တာဝန်ခံခြင်း ဆိုတာမှာ အားနည်းနေတော့ နိုင်ငံသားတွေလုံခြုံရေးကို ကိုယ့်ဖာသာ သေနတ်ဆောင်ထားရတာမျိုးတွေ ရှိနေတုန်းပါပဲ။မကြာခနဆိုသလိုလဲ သေနတ်သရမ်းတဲ့ အမှုတွေနဲ့ ဒမိုကရေစီရဲ့ ဂုဏ်သတ္တိတွေ ပျက်ပျယ်ခဲ့ရပါတယ်။လုံခြုံမှုမရှိရင် လွတ်လပ်မှုဆိုတာ ဆိတ်သုန်းနေမှာပါပဲ။ထို့အပြင် ဒမိုကရေစီရဲ့ ဂုဏ်သတ္တိတွေကို သက်ဆိုင်ရာ နိုင်ငံသားတွေက လိုက်နာကျင့်သုံးခြင်းမရှိပဲ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ကလဲ သွပ်သွင်းလို့မရနိုင်ပါဘူး ဥပမာ အီရတ်နိုင်ငံအပေါ် အမေရီကန်က ဒမိုကရေစီ ဖော်ဆောင်ရေး စစ်ပွဲဆင်နွဲခဲ့ပါတယ်။ဆဒမ်ဟူစိန် အစိုးရပြုကျပြီး အီရတ်အစိုးရသစ်တစ်ရပ်တက်လာခဲ့ပါတယ်။ထိုအီရတ်အစိုးရသစ်လက်ထက်မှာ ရော ဒမိုကရေစီရဲ့ ဂုဏ်သတ္တိလေးပါးကို အီရတ်ပြည်သူတွေ ခံစားရပြီလား။ မခံစားရသေးပါဘူး။ဒါကြောင့် ဘယ်နိုင်ငံမှ ဒမိုကရေစီကို ဒင်းပြည့်ကျပ်ပြည့်ခံစား ကျင့် သုံးနိုင်ခြင်းမရှိသေးပါဘူး။သူ့နိုင်ငံသူ့ဒေသအလိုက် လိုအပ်သလို ဒမိုကရေစီရဲ့ ဂုဏ်သတ္တိတွေကို ထိန်းညှိပြီး နိုင်ငံ့အကျိုးစီးပွား နိုင်ငံသားတွေ ရဲက အကျိုးစီးပွားကို ဖော်ဆောင်နေကြခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်ကြီးကို ဆန္ဒပြ ရင် ရိုင်းစိုင်းတဲ့ ပုံနဲ့ ဖော်ပြရင် ထိုသူဟာ ရာဇ၀တ်ဘေးသင့်နိုင်ပါတယ်။ အမေရီကန်မှာတော့ သမ္မတ အိုဘားမားကို ဆန္ဒပြရင် လှောင်ပြောင်သရော်တဲ့ ပုံကိုင်ပြီး ဆန္ဒပြရင် ဘာမှဖြစ်မယ်မဟုတ်ပါဘူး။ဒီလိုဆိုရင် ထိုင်းနိုင်ငံမှာဒမိုကရေစီမရှိဘူးလို့ သွားပြောလို့ရမလား မရပါဘူး သူ့နိုင်ငံသားတွေ လက်ခံထားတဲ့ ဒမိုကရေစီဟာ ဒီလိုပဲဖြစ်တဲ့အတွက် ဒါကို ဒမိုကရေစီမကျဘူးလို့ပြောလို့မရပါဘူး။ ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ တွေသည် နိုင်ငံသားတွေရဲ့ ပဋိဥာဉ် အခြေခံဥပဒေအရ ဖြစ်ပေါ်လာတာဖြစ်ပြီး ၄င်း ပဋိဥာဉ် အခြေခံဥပဒေသည်လည်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီပါဘူး။တနည်းဆိုရရင် အခြေခံဥပဒေသည် ဒမိုကရေစီ ဂုဏ်သတ္တိ ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်ပါဘူး။
(အပိုင်း ၂ ဆက်လက်ရေးသားပါဦးမည်)
မှတ်ချက် အထက်ပါအယူအဆများသည် ကျွန်တော်၏အယူအဆများသာဖြစ်ကြောင်း တာဝန်ခံအပ်ပါသည်။
ဆန်းသစ်
↧
ဒမိုကရေစီ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခြင်း (အပိုင်း ၁)
↧