ဓာတ်ပုံ http://satekuupuyar.blogspot.com/2013/06/blog-post_3262.html
(၁)
သူတို့နှစ်ဦး ရေလှည်းလေးကို တရွေ့ရွေ့တွန်းလာတာ တွေ့လိုက်ရတော့ အမိမြေ မြန်မာပြည်မှာ တွေ့နေကျ မြင်ကွင်းလေးတွေ မျက်စိထဲ တန်းစီပေါ်လာသည်။ မြန်မာပြည်အနှံ့ တွေ့ရတတ်တဲ့ လမ်းဘေး အရိပ် ကောင်းကောင်းနေရာမှာ လေးတိုင်စင် တဲလေးပေါ်မှာဖြစ်စေ .. သစ်သားတိုင်ထိပ်မှာ ကရွတ်ခွေနေရာလေး လုပ်၍ ဖြစ်စေ… ဝါးလုံးထိပ် တဖက်ကို အစိပ်အစိပ်လေးတွေခွဲကာ ဝါးခြမ်းဖြင့် ကန်တော့အဝကျယ်ပုံ ယက်လုပ်ကာဖြစ်စေ တင်ထားတတ် သောရေချမ်းစင်လေးများ ဖြစ်သည်။
ထို့အပြင် ရထားဖြင့်ခရီးသွားသည့်အခါတိုင်း ဘူတာရပ်နားစဉ် ရထားလမ်းဘေး ပလက်ဖောင်းပေါ် ရေအိုးလေး တွေ ရွက်ကာ “ရေကုသိုလ်.. ရေကုသိုလ်” ဟု အော်ဟစ်ရင်း အပြေးတပိုင်း လူးလာခေါက်ပြန် လှုပ်ရှားသွားလာ နေသော ရေ အလှူရှင် မျက်နှာလေး များမှာ တသက်မမေ့နိုင်စရာ။ ဆယ်နှစ်ဝန်းကျင်အရွယ်မှသည် အဖွားကြီး အို ခါးကုန်းကုန်းတွေ အထိ အရွယ် သုံးပါး အကျုံးဝင်သော ရေကုသိုလ်ရှင်များ၏ ထက်သန်သော စေတနာ ကြောင့် ရထားစီးလာ ခရီးသည်အပေါင်း ရွှင်လန်းချမ်းမြေ့ကြရသည်။
မျက်နှာမှာ သနပ်ခါး ပါးကွက်ကျားလူးကာ ကျဲကျဲတောက် နေအပူရှိန်အောက် ချွေးသီးချွေးပေါက်လေးတွေကို ခေါင်းခုပုဝါဖြင့် အသာအယာသုတ်သင်ဖယ်ရှားရင်း ရထားပြတင်းပေါက်မှ ခပ်ယူသောက်သုံးသူ၊ ရေဖြည့်ယူသူ တွေ၏ မျက်နှာကို မော့ကြည့်နေသည့် သူတို့၏ မျက်ဝန်းအိမ်များမှာ သန့်ရှင်းကြည်လင်မှု၊ ရိုးသားဖြူစင်မှု အရိပ် လက္ခဏာ အတိုင်းသား ပေါ်လွင်နေသည်။ တချို့ကလေးတွေက ကျောင်းစိမ်းဘောင်းဘီ၊ စကပ်လေးတွေ … ရှပ်အင်္ကျီအဖြူလေးတွေ ဝတ်ဆင်ထားတာ တွေ့ရတော့ ကျောင်းအားရက်မှာ မိဘကို တဖက်တလမ်းက ကူညီ တာလား .. ဒါမှမဟုတ် စာသင်ကျောင်းကို ကျောခိုင်းလိုက်ပြီလား ဟူသော အတွေးပဟေဠိ ပွေရပြန်သည်။
အများအားဖြင့် “ရေကုသိုလ်” ဟူသော အသံစာစာလေး နောက်ကွယ်မှာ ငွေအသပြာ အပေးအယူသဘော ထက် ခရီးသွားအရီးလာများ၏ ရင်ကိုအေးချမ်းစေသော စေတနာ သဒ္ဓါတရား ကဲနေတတ်သည်။ မည်သူကမှ ရေတခွက် အသပြာဘယ်လောက်ဟု ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းမရှိ။ စေတနာအလျောက် တုန့်ပြန်သမျှ နှင့်ပင် ကျေနပ်ရောင့်ရဲကြစမြဲ။ အကြွေ အနုတ် မလွယ်သဖြင့် မပေးနိုင်လည်း ကိစ္စမရှိ။ စေတနာလျော့ကာ မျက်နှာ ညှိုးနွမ်းသွားတာမျိုး သိပ်မတွေ့ရ။ ကြည်လင်သော မျက်နှာထားနှင့် ရွှင်ပြုံးနှစ်လိုစွာ ခေါင့်ညိတ် နှုတ်ဆက် တတ်ကြသည်သာ။
ဤနေရာတွင် ရေအလှူရှင်တွေအပေါ် တုန့်ပြန်မှုပြုသော အလှူခံများ၏ စိတ်စေတနာ ကွဲပြားတာကိုလည်း ထင်ရှားပီပြင်စွာ မြင်ရသည်။ ကျနော်တို့ ငယ်ငယ်ကဆိုလျင် အကြွေစေ့ကလေးတွေ တန်ဖိုးရှိတုန်း ကာလ ဖြစ်သဖြင့် ရေကုသိုလ်ရှင်များ၏ ရေအိုးဖုံးလေးတွေပေါ်မှာ ဆယ်ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့လေးတွေ ရှိနေတာ တွေ့ရတတ်သည်။ ငွေအကြွေ မလွယ်ကူသဖြင့် တစ်ကျပ်တန် ငါးကျပ်တန် ပေးကမ်းစွန့်ကြဲ သွားသူ အချို့ကို တွေ့ရဖူးသည်။ အိုးထဲက ရေကို ခပ်ယူသုံးစွဲပြီးနောက်မှ ဟိုအိတ်ဖွင့် သည်ကြားရှာသလိုလုပ်ကာ ဗျာများ နေဟန်ဖြင့် ပိုက်ဆံအိတ်ပျောက်နေတတ်သူ အချို့ အကြောင်းကိုတော့ ပြောမပြချင်လောက်အောင်ပင် စိတ်ပျက်မိသည်။
တခါက ကြုံတွေ့ခဲ့ဖူးသော ပုဂ္ဂိုလ်တဦးဆိုလျှင် ရေကုသိုလ် အလှူရှင် ကလေးငယ် ရွက်ထားသော ရေအိုးထဲမှ ရေကို သူ့မှာ ပါလာသော ရေဘူးထဲသို့ ခပ်ယူဖြည့်တင်းပြီးနောက် မျက်နှာပါသစ်လိုက်သေး သည်။ ရထား ဘီး လိမ့်နေပြီ သူ့ဝေယျာဝစ္စက မပြီးစီးနိုင်သေး။ ကလေးငယ်က ရထားဘေးမှာ လျှောက်လိုက် လာ၏။ ရထားအရှိန် အတော်လေးရလာမှ သတ္တု သောက်ရေခွက်လေးကို ကလေးငယ်ထံသို့ လှမ်းပစ်ပေး လိုက်ရာ ဖမ်းဆုပ် မမိဘဲ ပလက်ဖောင်းအုတ်ခုံအစွန်းနှင့် ရထားသံလမ်း အကြားသို့ လွင့်စင်ကျရောက်သွားသဖြင့် ကလေးငယ် ခမျာ လက်ကလေးနှစ်ယှက်ကာ ရင်ဘတ်ကိုဖိထားရင်း ရေခွက်ကျသွားသောနေရာကို လှမ်းကဲကြည့်နေတာ မြင်လိုက်ရလို့ စိတ်မကောင်း ဖြစ်မိ၏။
မည်သို့ပင်ဖြစ်စေ စေတနာသန့်သန့်ဖြင့် ပေးလှူသော ရေအလှူရှင်အဖို့ ရေလှူဒါန်းရသော အကျိုးတရား (၁၀) ကို မတောင်းဘဲ အလိုလို ပြည့်ဝနေမည်ဟု ယုံကြည်မိပါသည်။
(၂)
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခုမှ မိနစ် (၂၀) ခန့် လမ်းလျှောက်သွားလျှင် ရေပွက်စမ်းကလေး တခု ရှိလေသည်။ ထိုစမ်းကလေးမှ ထွက်သောရေမှာ ထုံးဓာတ်ပါဝင်မှုနည်းပါးသဖြင့် စခန်းနေ လူအများစု ချက်ပြုတ် သောက်သုံးဖို့ ရေအဖြစ် သုံးစွဲကြသည်။ တောင်ခါးပန်းတနေရာတွင် ရှိသော ထိုရေပွက်စမ်း နေရာလေး ပတ်လည်ကို ကန်ဘောင်ဆင့် ရေသိုလှောင်လျက် တောင်အောက်ခြေသို့ ဝါးရေတံလျှောက်၊ ကော်ပိုက်ပျော့ များဖြင့် အဆင့်ဆင့် သွယ်ယူကာ ခပ်ယူသုံးစွဲကြ၏။
ပိုက်သေးသေးလေးမှ စီးဆင်းလာသောရေကို ခံယူကြရာတွင် အလှည့်ကျ တန်းစီစောင့်ဆိုင်းရသဖြင့် အချိန်များ စွာ ကုန်ကြရသည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဝိုင်းဝန်းစဉ်းစားကြံဆကြရာမှာ ရေစုစည်းနိုင်သော အုတ်ကန် တခု ပြုလုပ်ကြသည်။ သို့သော် ထိုင်းသစ်တောဝန်ထမ်း (ပါမိုက်) များက ထိုအုတ်ကန်လေးကို ထုချေဖျက်ဆီးသွားကြသည်။ နောက်ထပ်တခါ ကားလမ်းနံဘေး တနေရာထိ ရေသွယ်ယူကာ သံတိုင်ကီ ၂ လုံးဖြင့် ရေအဖိတ်အစင် အလေအလွင့် မရှိရအောင် တိုင်ကီထဲရေပြည့်လျှင် အလိုလျောက်ရေပိတ်သော အဆို့ရှင်စနစ်ဖြင့် ပြုလုပ်ထားသည်ကိုလည်း ဖျက်ဆီးခံခဲ့ရသည်။ သစ်တောဆိုင်ရာ ဥပေဒေနှင့် မည်သို့ ငြိစွန်းမှုရှိသဖြင့် ထိုကဲ့သို့ဖျက်ဆီးသည်ကို တိတိကျကျ မသိရပါ။
နံနက်ခင်းနှင့် ညနေချိန်များတွင် ထိုနေရာလေးမှာ ရေခပ်သူတွေနှင့် စည်ကားနေတတ်၏။ အညောင်းပြေ လမ်းလျှောက်ရင်း မိမိအိမ်သုံးရန် ရေဗူးများဖြင့် တနိုင်သယ်ယူသူတွေ ရှိသလို ရေလှည်းဖြင့် တွန်းကာ စခန်းထဲတွင် သင့်တင့်သော နှုန်းထားဖြင့် ပြန်လည်ရောင်းချသူ တချို့လည်း ရှိပေသည်။ စခန်းအတွင်း ဖြန့်ဝေပေးထားသော ရေက ထုံးဓာတ်များသဖြင့် ချိုးရေနှင့် ဆေးကြောလျှော်ဖွတ်ဖို့အတွက်သာ သင့်လျော်မှု ရှိသည်။
ရေလှည်းတွန်းသူများထဲတွင် ကိုကြီး (အစ်ကိုကြီး) တယောက်လည်း အပါအဝင်ဖြစ်သည်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး တုတ်ခိုင် သန်မာမှု မရှိလှေသော ခြေချောင်းလေးတွေကို အားပြုကာ ရေပုံးအပြည့်တင်ထားသည့် ရေလှည်းကို အားမာန် တင်းလျက် တရွေ့ရွေ့ တွန်းနေရှာသော သူ့ကို ကျနော်သတိထားမိခဲ့တာ ကြာပါပြီ။ သို့သော် ရေခပ်သူတွေထဲ က လူတဦးအနေဖြင့်သာ သဘောထား၍ စပ်စပ်စုစု မရှိခဲ့။ တခါတရံ သူနဲ့အတူ ဆယ်ကျော်သက် ကလေးငယ် တဦး (သူ့သား) ပါလာတာတွေ့ရတတ်ပြီး နေပူကျဲကျဲ မှာ ချွေးရွှဲရွှဲစိုအောင် ပင်ပန်းဆင်းရဲခံကာ မိသားစု အသုံး စရိတ်ရဖို့ ရေရောင်းနေသူများ အဖြစ် ထင်ခဲ့မိသည်။
သို့သော် တကယ့်ဖြစ်ရပ်မှာ ကျနော်ထင်ထားသည်နှင့် ဆန့်ကျင်ဘက် တက်တက်စင် လွဲမှားနေကြောင်း နောက်မှ သိလိုက်ရ၏။ ကျနော်နှင့် အလွန်ခင်မင်ရင်းနှီးသော လူပျိုကြီး တဦး ကိုကြီးနှင့်အတူ ရေလှည်းတွန်း နေသည့် မြင်ကွင်းကို နေ့စဉ်ရက်ဆက်ဆိုသလို တွေ့မြင်လာရသည့်အခါ စိတ်ထဲ ထူးဆန်းနေသလို ခံစားလာ ရသည်။ အကြောင်းက ကိုကြီးတို့ မိသားစု အကြောင်း ဂဃနဏ ကျနော် မသိပေမဲ့ ကိုကြီးကို တွေ့လိုက်တိုင်း အဝတ်နွမ်းနွမ်း ရော်ဘာ ဖိနပ်ကြမ်းလေး ဝတ်ဆင်လျက်သာ မြင်ရတတ်သဖြင့် ရေလှည်းတွန်း ရောင်းသည်ဟု အထင်ရောက်စရာ ဖြစ်သော်လည်း အမေရိကရှိ ညီမဖြစ်သူက လုံလုံလောက်လောက် ထောက်ပံ့ပေးမှုဖြင့် လိုလေသေးမရှိ နေထိုင် စားသောက်နိုင်သော လူပျိုကြီး အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ကျနော်သုံးသပ်မိသည်။
ထို့ကြောင့် တနေ့မှာ လူပျိုကြီးနှင့် စကားပြောဖြစ်ရာမှ ကိုကြီးတို့ မိသားစုဘဝအကြောင်း တစေ့တစောင်း စနဲနာ မိတော့၏။ နောက်ပိုင်း ကိုကြီး နှင့် ကျနော် ခင်မင်ရင်းနှီးမှု ရလာသည်။
(၃)
ကိုကြီးက ဂေါ်ရခါးလူမျိုး ဗုဒ္ဓဘာသာဝင် (ဟိုယခင်က ဟိန္ဒူဘာသာဝင်) မြစ်ကြီးနား ဇာတိဖြစ်သည်။ ဆင်းရဲ နွမ်းပါးသော မိသားစုမှ မွေးဖွားလာပြီး ငယ်စဉ်ကပင် ကျောင်းထွက်ကာ ကိုယ့်ဘဝကိုယ် ရပ်တည်ရှင်သန် ခဲ့ရသူတဦး ဖြစ်လေသည်။ ဘဝရပ်တည်ရေးအတွက် ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရင်း ထိုင်းနိုင်ငံသို့ ရောက်ရှိ လာပြီး အိမ်ထောင်ကျကာ သား(၂) ဦး သမီး (၁) ဦး ထွန်းကား၏။ ထိုမှတဖန် အကြောင်းကြောင်းကြောင့် ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိလာသည်။ ကိုကြီးက သဘောကောင်းသည်။ ရိုးသားပွင့်လင်းမှု ရှိသည်။ ဒုက္ခသည် စခန်းထဲသို့ ရောက်ခါစ အချိန်ထိ အရက်နှင့် ဆေးလိပ်ကို စွဲစွဲလမ်းလမ်း သောက်သုံးသည် ဟု ဆို၏။
တနေ့ စခန်းအတွင်း အဆောက်အဦးဆောက်လုပ်ဖို့ သဲနှင့်ကျောက် သယ်ယူရန် လုပ်အားပေးသွားရောက်ခဲ့ရာ ကိုကြီး လည်း ပါဝင်ခဲ့သည်။ စခန်းမှာ ကားဖြင့် နာရီဝက်ခန့် ခရီးအကွာ နေရာတွင် သွား၍ သယ်ယူရခြင်း ဖြစ်သည်။ ကျောက်သယ်ရာမှ အပြန်လမ်း တောင်စောင်းတနေရာ အရောက်တွင် မတော်တဆ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ကိုကြီး အပါအဝင် လူအချို့ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ကိုကြီး၏ ခြေထောက်တဘက် ပြင်းပြင်း ထန်ထန် ထိခိုက်ပျက်စီးသွားပြီး ဆေးရုံတက်ရောက်ကုသသော်လည်း အကောင်းပကတိပြန်မဖြစ်တော့။ ယခုအချိန်တိုင် မသန်စွမ်းသူများကူညီရေးအဖွဲ့ Handy Cap မှ ထောက်ပံ့ထားရသူ တဦးဖြစ်နေဆဲ။
ခြေထောက်တဘက် ဆတ်တောက်ဆတ်တောက် ဖြစ်နေသောဘဝဖြင့် မိမိကျန်းမာရေး မိသားစုနောင်ရေး အတွေးအာရုံ ထွေပြားကာ အားငယ်စိတ် ဝင်နေချိန်မှာ မိတ်ဆွေ ဂေါ်ရခါးလူမျိုးတဦး၏ ဆော်သြတိုက်တွန်းမှု ဖြင့် သူတို့အနီးနားက ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သော (၇) ရက် တရားစခန်းသို့ ရိပ်သာဝင်ဖြစ်၏။ ဝိပဿနာ တရားကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အားထုတ်လိုက်သောအခါ ညစ်ညူးနောက်ကျိ ကစင့်ကလျားဖြစ်နေသော စိတ်သန္တာန်မှာ အေးချမ်း တည်ငြိမ်မှု သန္ဓေတည်စပြုလာပြီး အတွေးအမြင်လည်း သန့်ရှင်းကြည်လင်လာ၏။
ပထမဆုံးအနေဖြင့် နှစ်ကာလကြာရှည် စွဲမြဲသောက်သုံးခဲ့သည့်  အရက်ကို ယတိပြတ် စွန့်ပယ် လိုက်သည်။ အသက်ရှင်နေသမျှကာလပတ်လုံး သာသနာ ကောင်းကျိုးအတွက် ကိုယ်စွမ်းရှိသလောက် အားထုတ် ကြိုးပမ်း သွားဖို့ သန္နိဌာန်ပြတ်ပြတ် ချလိုက်ကြောင်း သိရသည်။
ထိုအချိန်မှစ၍ ရေလှည်းတွန်းသော ကိုကြီး ကို တွေ့မြင်လာ ရခြင်းဖြစ်သည်။ သူ ပင်ပန်းတကြီး တွန်းလာသော ရေကို လမ်းတလျှောက် ဘုန်းကြီးကျောင်း များနှင့် ရေချမ်းစင်များကို ဖြည့်ဆည်းလှူဒါန်းသည်။ လိုအပ်သမျှ ရေကို မညည်းမညူ လုပ်အားဒါပြုခြင်း ဖြစ်သည်။ အလှူအတန်း ရှိသဖြင့် ဘုန်းကြီးကျောင်းမှာ ရေလိုအပ်ပြီ ဆိုလျှင် နေပူသည် မိုးရွာသည် အချိန်အခါ ရွေးမနေဘဲ ချက်ချင်းဆိုသလို လှည်းကိုတွန်းကာ အဆင်သင့် ဖြစ်နေ တတ်သည်။
သူ့ ရေလှည်းဘေးတွင် ဆာလာအိတ် အလွတ်တလုံး ချိတ်ထားသည်။ လမ်းမှာတွေ့သမျှ အချိုရည်ဘူးခွံ၊ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ အကုန် ကောက်ထည့်ကာ အိမ်ရောက်တော့ သီးသန့်စတိုခန်းလေးထဲမှာ စုံပုံသိမ်းဆည်းထားပြီး များလာသည့်အခါ တကြိမ်ထုတ်ရောင်းလျှင် ဘတ် ငါးရာ အထက် ရရှိသည်။ ၄င်းငွေကို တရားစခန်းရိပ်သာသို့ လှူဒါန်းရန် ပြုလုပ်ထားသော စုဘူးထဲ အကုန်ထည့်သည်။ မိသားစု သုံးဖို့ လုံးဝအထိမခံ။ သူ့မိသားစု စားဝတ်နေရေး အတွက် စီဒီခွေလိုက်လံရောင်းချသည့် လုပ်ငန်းလေး တခုရှိရာ ထိုလုပ်ငန်းကို သူ၏ညီက ဦးဆောင်လုပ်ကိုင် နေရသည်။ ကိုကြီး နှလုံးသားထဲမှာ သာသနာရေးအတွက်သာ အဓိကနေရာ ရှိနေပုံရသည်။ သူရောက်လာလျှင် လက်ကိုင်ဖုန်းဖြင့် အသံသွင်းထားသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဒေသနာတော် ဟောကြားသံ ပျံ့လွင့်လျက်ရှိသည်။
ထက်သန်စူးရှလွန်းသော သဒ္ဓါစိတ် ဇော အဟုန်ကြောင့်ပင် ဖြစ်မည်။ သူ၏ ကုသိုလ် သဒ္ဓါတရားကို အားဖြည့် အထောက် အပံ့ပြုသည့် ဖြစ်ရပ်ဆန်း တခုကို ကိုကြီး မျက်ဝါးထင်ထင် တွေ့ကြုံခံစားလိုက်ရ၏။ တနေ့ ရေလှည်း တွန်းနေစဉ် လမ်းမပေါ်ကျကျန်နေသော ပိုက်ဆံထုပ် (ဘတ်ငါးထောင်တိတိ) သူ ကောက်ရသည်။ ချက်ချင်းပင် ထိုငွေကို တရားစခန်း ကမ္မဌာနာစရိယ ဆရာတော်ထံ သွားရောက်အပ်နှံလိုက်သည်။ “ပိုင်ရှင်ပေါ်လာလျှင် အရှင်ဘုရားထံ လာရောက်ယူစေပါမယ်။ အကယ်၍ ပိုင်ရှင်မပေါ်ပေါက်တော့ပါက နောက်တကြိမ်ပြုလုပ်မယ့် တရားစခန်း ဝေယျာဝစ္စ အတွက် သင့်လျော်သလို စီမံသုံးစွဲပါဘုရား” ဟု လျှောက်ထား အပ်နှံခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှင်ကား ပေါ်မလာ။ သာသနာ အတွက် အလှူရေစက် ဖြစ်သွားတော့၏။
(၄)
ယနေ့တော့ ကျနော်လည်း လမ်းလျှောက်ထွက်ရင်း ခရီးကြုံသဖြင့် သူတို့နှစ်ဦးနှင့်အတူ ရေလှည်းကူတွန်းဖြစ် ပါသည်။ ရေပွက်စမ်းကလေးမှ ထွက်လာပြီး ကိုက် ၅၀ လောက်အကွာ ကုန်းအမော့တက် နေရာရောက်တော့ အလေ့အကျင့် မရှိသည့် ကျနော် ချွေးသီးချွေးပေါက်တွေ ဒလဟော စီးဆင်းကျကာ အမောကြမ်းလာသည်။ ကိုကြီး ကို ကြည့်လိုက်တော့ ဟန်းဖုန်းစပီကာမှ ထွက်ပေါ်လာသော တရားတော်ကို အာရုံပြုနားစိုက်ကာ သာမန်လမ်းလျှောက်နေသူ တဦးကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ရှိနေတာ မြင်လိုက်ရသောကြောင့် စိတ်ထဲမှာ ရှက်မိ သလိုလို ခံစားရသည်။
စခန်းအဝင် ဘုန်းတော်ကြီးကျောင်းရှေ့ ရောက်သည့်အခါ ရေချမ်းစင်နှင့် ကျောင်းထဲမှ သောက်ရေသုံးရေ ပုံးများကို ရေဖြည့်သည်။ ပြီးတော့ နောက်ထပ် တကျောင်း။ လှည်းတွန်းလာစဉ်အတွင်း ကိုကြီး ပြောလိုက်သည့် စကားသံလေး ကျနော့်နားထဲမှာ စွဲနေသည်။ “သံသရာမှာ ကံသီထောက်မလို့ လူ့ဘဝကို ရခဲ့တာတောင် ခန္ဓာ မသိ၊ တရား မသိ နဲ့ အမိုက်ဇာတ်ခင်းခဲ့တာ လူ့သက်တမ်း လေးပုံသုံးပုံလောက် ကုန်ခဲ့ပြီ … နောက်ဆုံးချိန်မှာ အနှစ်မဲ့လောင်စာတုံးမဖြစ်အောင် ကျန်တဲ့အချိန်လေးကို သတိရှိရှိ ကုန်လွန်ဖို့ပဲ လုပ်ရတော့မယ်” တဲ့။
ကျနော့် အိမ်သို့ဝင်ရာ တပ်စည်းရိုးပေါက်ကို ရောက်တော့ ကျနော်ကျန်ရစ်ခဲ့သည်။ လက်ကျန် ရေပုံးများ တင်ဆောင်ထားသော ရေလှည်းလေးကို တွန်းကာ ဆက်လက်ထွက်ခွာသွားသည့် သူတို့နှစ်ဦး၏ ကျောပြင်ကို ငေးကြည့်ရင်း ရင်ထဲမှာ ကြည်နူးပီတိ ဝေဖြာနေမိပါတော့သည်။
ရေလိုအေး၍ ပန်းလိုမွှေးကြူ နိုင်ကြပါစေ …….. ။
ဝေမော်
၂၂-၁၀-၂၀၁၃