Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်မရဲ့ဆယ်ကျော်သက်ဘဝ


Image may be NSFW.
Clik here to view.
ဖေဖေက ခရီးဝေးသွားတဲ့အခါ ဒရိုင်ဘာ မခေါ်ချင်ရင် ကျွန်မက ဒရိုင်ဘာလုပ်ပြီး ကူမောင်းပေးရပါတယ်။ကျွန်မကို ရှစ်တန်းကျောင်းသူ အရွယ်ကတည်းကယဉ်မောင်းသင်ပေးခဲ့တာပါ။မန္တလေး နန်းတွင်းထဲမှာ ဗောက်စ်ဝက်ဂွန်း ကားလေးနဲ့ပေါ့။ ဒါပေမယ့် အပြင်လမ်းမ တွေပေါ်တော့ မောင်းခွင့်မပြုခဲ့ပါဘူးးး။အရေးကြုံရင် မောင်းတတ်ဖို့လောက်သာ ရည်ရွယ်ပြီး သင်ပေးထားတာပါ။ ကျွန်မဆယ်တန်းဖြေပြီးတော့ ကုန်လမ်းပို့ဆောင်ရေးက ယဉ်မောင်းသင်တန်းကျောင်းကို ပို့ပြီး ထပ်မံသင်ယူခိုင်းခဲ့ပါတယ်။

ကျွန်မက ဖေဖေနဲ့ သင်ယူရတိုင်းးး "ဘောင်းဘီရှည် ပွပွဝတ်ခဲ့။ ဖိနပ်အထူတွေ ဒေါက်တွေမစီးခဲ့နဲ့။ အလှတွေ ပြင်မလာနဲ့။ ကလေး ကလေးလိုနေစမ်းးး"ဆိုတဲ့ ညွှန်ကြားချက်တွေအတိုင်း နာခံရတာပါ။အခုလို ဖေဖေ့လက်က လွတ်ပြီး ကိုယ့်ဘာသာ သင်တန်းမှာ သွားတက်တဲ့ အခါကြတော့ ကျွန်မက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကျင့်ကြံပါတော့တယ်။ ကျွန်မရဲ့ ဆယ်ကျော်သက် ဘဝတွေဟာ အိုးနင်းခွက်နင်းနဲ့ တော်တော် ရယ်စရာ ကောင်းခဲ့ပါတယ်။

သင်တန်းကို သုံးတန်းအရွယ် ကတည်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ သိင်္ဂီနဲ့ အတူတူ တက်ကြတာပါ။ ကျွန်မဆီကို သိင်္ဂီက လာခေါ်ပါတယ်။ သူတို့က ဂန္ဓလရာဇ်မျိုးတွေဆိုတော့ အနေအထိုင် တွေက လွတ်လပ်ပါတယ်။ဝတ်စားဆင်ယင် သွားလာလည်ပတ်မှုတွေမှာ မိဘကလည်း မထိန်းချုပ်ပါဘူးးး။ သူ့မာမားက ပြောပါတယ်…… "အကောင်းဆုံး ကျောင်းးး အကောင်းဆုံး ဆရာမ ဆိုတာတွေနဲ့ ပညာသင်ပေးတယ်။ လိုချင်တာ ဝယ်ပေးတယ်။ ဘဝမှာ မျက်နှာမငယ်ရအောင် ထားပေးတယ်။ နွေရာသီတိုင်း စစ်ကိုင်းချောင်မှာ သီလရှင်ဝတ်ပေးပြီး ယဉ်ကျေးလိမ္မာ သင်တန်း တက်ခိုင်းတယ်။ ဒီကြားထဲက ဆိုးမိုက်ပြီး ထင်ရာစိုင်းရင်လည်း သူတို့သဘောပဲ။ ကိုယ်ဖြစ်ကိုယ်ခံရမှာလို့ ပြောပြီးသားးး"တဲ့။

အဲ့တော့ သိင်္ဂီက ကျွန်မထက်စာရင် လွတ်လပ်မှု အပြည့်ရှိပါတယ်။ကျွန်မက သိင်္ဂီဝတ်လို့ ဝတ်ချင်ပါတယ် အကြောင်းပြပြီး ဒေါက်တွေ ခုံထူဖိနပ်တွေ အကုန် ပူဆာပါတယ်။ အမှန်ကတော့ နှစ်ယောက် တိုင်ပင်ပြီး လုပ်ကြတာပါ။ကျွန်မတို့က ယဉ်မောင်းသင်တန်းကျောင်းကို ဒေါက်ဖိနပ် ကြီးတွေ ဒီဇိုင်းစုံအောင် စီးနင်းပြီး တက်ကြတာပါ။ဒီတော့ ဒေါက်ဖိနပ်တွေကို ထိန်းစီးနိုင်အောင် အိမ်မှာ ကိုယ်စီကိုယ်င အစီးကျင့် ကြပါတယ်။ သိင်္ဂီဘယ်လို ကျင့်လည်းတော့ မသိဘူးးး ကျွန်မကတော့ ဧည့်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ပြီးကျင့်ပါတော့တယ်။

ခုန်အထူနဲ့ဆို ဘယ်လိုလျှောက် ရမယ်။ ဘာတွေသတိထားရမယ်... ကြိုးသိုင်းပါရင် ဘာတွေရှောင်ရ ဆောင်ရမယ်... ဒေါက်စီးရင် အဓိကဆင်ခြင်ရမှာက ကြမ်းကြားလေး တွေမှာ ညပ်မသွားဖို့... စသဖြင့်တွေကို စီးရင်းနဲ့ လေ့လာ မှတ်သား ရပါတယ်။ အထူးဂရုစိုက် ရတာကတော့ ကြွေပြား ပေါ်လျှောက်ပုံ လျှောက်နည်း ပါပဲ။ လူကြီးတွေက မျက်စိနောက်ပေမယ့် ဇွတ်ထိန်းချုပ်ရင် ပိုဆိုးမှာ ကြောက်လို့ထင်ပါတယ် မျက်စောင်းလောက်ထိုးကြည့်ပြီး ဘာမှ သိပ်မပြောကြပါဘူးးး။

စာတွေ့သင်တဲ့ ကာလတွေမှာ ပြဿနာ မရှိပေမယ့် လက်တွေ့ မောင်းရတော့ ဆရာက ပြောပါတယ်။ "ဟဲ့...ကလေးမ လေးတွေ ။ညည်းတို့ ဒီလိုဖိနပ်ကြီးတွေနဲ့ ဘယ်လိုကားမောင်း ကြမှာလဲ???""အဲ့ဒါသိချင်လို့ စီးလာတာပါ ဆရာ။ ကားမောင်းရမယ့်နေ့ ဒေါက်ဖိနပ် လှလှမစီးရမှာ စိုးလို့ ခုကတည်းက သာမီးတို့ နှစ်ယောက်က ကြိုပြီးလေ့ကျင့် မလို့ပါဆြာ……။""အေးးးကောင်းရောဟယ်။ ငါလည်းဒေါက်ဖိနပ် မစီးဘူးတော့ မသိဘူးအေ့။ ဒုက္ခပါပဲဟာ။"ကျွန်မတို့နှစ်ယောက် ကတော့ ခိုးခိုးခစ်ခစ်နဲ့ သဘောတွေ ကြိတ်ကျနေခဲ့ပါတော့တယ်။

ဒီလိုနဲ့ အလှတွေလည်း ပြင်ကြပါ တော့တယ်။ အင်္ကျီကြောင်ကြောင် ကြားကြား အရောင်တွေကိုလည်း သေချာရွေးပြီး ဝတ်ကြပါတယ်။ အပေါ်အောက် မလိုက်ဖက်တဲ့ အရောင်မျိုးစုံကိုလည်း သူတကာထက် ဆန်းပြားအောင်ဆိုပြီး ဝတ်ကြပါတယ် ခ်ခ်။ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်ကိုလှပ ပေါ်လွင်ထင်ရှားနေတယ်လို့ ထင်မိခဲ့တာပေါ့လေ။ ဟိဟိ။ကျွန်မက ကိုယ့်အသားအရောင်နဲ့ ဘယ်လိုမှ မဟပ်စပ်တဲ့ ဗေဒါရောင် နှုတ်ခမ်းနီကို အမြဲဆိုးခဲ့ပါတယ်။ သိင်္ဂီကလည်း နီညိုရောင် နှုတ်ခမ်းနီ ထူလဗျစ်နဲ့ပါ။ ပြန်မြင်ယောင်မိတိုင်း ခုထိရှက်မိပါသေးတယ် ခ်ခ်။

ဂန္ဓလရာဇ်သွေးစစ်တဲ့ သိင်္ဂီရဲ့ အသားအရေက ဖြူစွတ်ပြီး ပုလဲလုံးကြီးလို အရောင်အဆင်း ရှိပါတယ်။ လအော့လအယ်မျိုး ကျွန်မကတော့ ညိုပါတယ်။ အဲ့အချိန်က အားကစားကလည်း အသဲအသန် ကစားနေချိန်ဆိုတော့ အသားအရေ ကလည်း မာဆယ်တွေနဲ့ မာပြီးကျစ်နေ တာပါ။ နူးညံ့မှုလုံးဝမရှိတော့ ပိုဆိုးပါတယ်။ တစ်ရက်မှာတော့ ဆရာက ကျွန်မတို့နှစ်ယောက်ကို ဂျုံခဲနဲ့ ထန်းလျှက်ခဲ လို့စတင် ခေါ်ဆိုပါတယ်။ ကျွန်မတို့နှစ်ယောက်က အသဲအသန် အော်ဟစ်ကန့်ကွက်ကြပါတော့တယ်။ သိင်္ဂီကန့်ကွက် ရတာက ဂျုံခဲဆိုတာ ထန်းလျှက်ခဲထက် ပိုကြီးတဲ့အတွက် သူ့ကိုဝတယ်လို့ စွပ်စွဲပါတယ် ဆိုပြီး ကက်ကက်လန်တော့ တာပါပဲ။

ကျွန်မကတော့ ကျွန်မကို မဲတယ်လို့ ပြောတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး ဆရာ့ကို ချဲလန့်လုပ်ပြီး မေးခွန်းတွေ တရပ်စပ် ပစ်မေးပါ တော့တယ်... "ဆြာ... အသားအရောင် ဘယ်နှစ်မျိုး မြင်ဘူးလဲ???""အမ်!!!ဘာလို့လဲအေ့။""ဆြာက ဖြူတာနဲ့မည်းတာ နှစ်မျိုးပဲ သိတာမလားးး???? ""ညည်းကိုမည်းတယ် ပြောလို့ မကျေနပ်နေတာမလား ထန်းလျှက်ခဲ!!!ဟားဟားးး""ဆြာမသိတာကို ပြောပြမလို့ပါဆြာရဲ့။ ဖြူတာက ဟုတ်ပါပြီ။ မဲတယ်ဆိုတာ ကုလားမဲတွေနဲ့ ရုပ်ရှင်ထဲက နီဂရိုးတွေကို ပြောတာဆြာ။ အိန္ဒိယ ကုလားတိုင်း တောင်မမည်းဘူးးး အာရိယန်နွယ်တွေရဲ့ အသားကအဝါရောင်""အင်းးအင်းး ပြောစမ်းပါအုံးအေ့။""သာမီးရဲ့ အသားအရေက ဖြူလည်းမဖြူဘူး မည်းလည်းမမည်းဘူးး ညိုလည်းမညိုဘူးးး ရှေးဘုန်းရှေးကံကြောင့် ရလာတဲ့ ဝါဝင်းတဲ့ အသားအရည်ရှိတာ။ ပျားရည်ရောင်လို့ ခေါ်တယ်...အင်္ဂလိပ်ရှ်လို ဟန်နီကာလာ လို့လည်း ခေါ်တယ် အဟက် အဟက်။"အဲ့ဒီနေ့က ဆရာ ရယ်တာ မျက်ရည်တွေလည်ပြီး တံတွေးပါသီးခဲ့ပါတယ်။

ဆြာက ကျွန်မတို့ကို သင်ရင် ဒီလိုမောင်း ဟိုလိုမောင်း ဆိုတာလောက်ပဲ သင်တာမဟုတ်ပါဘူးးး "အရေးပေါ်အခြေနေ ရုတ်တရက်ကြုံရင် ဘာလုပ်မလဲ??? မြန်မြန်ဖြေကြစမ်းးး ""ရုတ်တရက် ခွေးတစ်ကောင်က ကားရှေ့ပြေးဝင်လာရင် ဘယ်လို လုပ်မှာလဲ...??""ရှောင်မယ်။ဘရိတ်လည်းအုပ်မယ်။""ရှောင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်တယ်။ ဘေးကလူတွေ စက်ဘီးတွေ အစရှိတာတွေကို တိုက်မိရင် ပြဿနာအကြီးကြီး ဖြစ်လိမ့်မယ်။ ကိုယ်ကမိန်းကလေးးးတွေဟဲ့။ ဘဝမှာယဉ်မောင်းရင်း ဒါမျိုးအဖြစ်တွေ မကြုံအောင် ဂရုပြုတတ်ရမယ် ဂျုံနဲ့ ထန်းညက်ခဲရဲ့။"

"ဒီလိုအခြေအနေမျိုး ကြုံရင် ဘရိတ်ပဲ ဖမ်းအုပ်ပါ။တပြိုင်နက်ထဲမှာ ဂီယာပါချိန်း။ ခွေးတစ်ကောင် ကြိတ်မိတာက ဘာပြဿနာမှ မရှိဘူးးး အဓိကနဲ့ သာမညကို ခွဲခြားသိမှ ညည်းတို့ဘဝလေးတွေ လှပလိမ့်မယ်။ ဆရာပြောတာ ကားမောင်းနေမယ့် တစ်သက်တာအတွက် မှတ်ထားပါ။""ဟုတ်ကဲ့ပါဆြာ...""ဟဲ့ဟဲ့... မယ်မင်းကြီးမလေးးး ညည်းက သင်တန်းဆင်းရင် လိုင်းကားမောင်းမှာလားး မိသားစုစီးတဲ့ကား မောင်းမှာလားးး လီဗာအနင်း မကြမ်းအောင်ထိန်းစမ်း။အခု လီဗာကို ပြန်လွှတ်။ ညင်ညင်သာသာ ပြန်နင်းးး မိန်းကလေးတွေတဲ့အေ.... ဆင်ကြမ်းတောတိုးးး မောင်းလို့ဖြစ်မလားးး"ကျွန်မတို့အတွက် ဆရာနဲ့ ကားမောင်းသင်ခဲ့ရတာဟာ တန်ဖိုးကြီးလှပါတယ်။

ဆြာက ကျွန်မတို့နှစ်ယောက်ကို တခြားသော သင်တန်းသူ သင်တန်းသား တွေထက်ပိုသဘောကျပါတယ်…… ဘာလို့လည်း ဆိုတော့ သင်ပေးရတာ လွယ်ကူပြီး ပြောတဲ့အတိုင်း ပုံစံတကျ လုပ်တတ်လို့တဲ့။ နောက်တစ်ခုက နှစ်ယောက်လုံးက အလှတွေသာပြင်ကြတာ ယောက်ျားလေးတွေကို မျက်စိကစား စိတ်ကစားတာ မရှိဘဲ လိမ်မာလို့တဲ့။ အဲ့ဒါတော့ ဟုတ်ပါတယ်...သိင်္ဂီဆိုရင် သူနဲ့သူငယ်တန်း ကတည်းက တစ်ရပ်ကွက်ထဲနေ တစ်ကျောင်းထဲ တက်ခဲ့တဲ့ ဥာဏ်ဥာဏ်ဆိုတဲ့ မျိုးနွယ်တူကောင်လေး အကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ မပြောဖူးသလို စိတ်လည်းဝင်စားဟန် မတူပါဘူးးး။ ကျွန်မကတော့ ဖေဖေ့ကြောက်ရလို့ စိတ်မဝင်စားရဲ တာလည်း ပါပါလိမ့်မယ်။ အဓိကကတော့ ကျွန်မဟာ အရွယ်နဲ့မလိုက်အောင် ရုန်းခဲ့ အနှိမ်ခံခဲ့ ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖေဖေက ကျွန်မအပေါ် မျှော်လင့်ချက် အကြီးကြီး ထားပါတယ်။ ကျွန်မက ညံ့ပါတယ်။ ဒီတော့ အားကစား သင်တန်းမှာ အမြဲအနှိမ်ခံ အပြောခံ ရပါတယ်။ အားကစားကို ဝါသနာက မပါ၊ မနက်အစောကြီးက မထချင်၊ အပျင်းကကြီး၊ သင်တန်းမှာ အသက်က အငယ်ဆုံးးး။ စပြီး ကစားတော့၇နှစ်အရွယ်လေး ရှိသေးတာပါ။ ဖေဖေသင်တန်းပို့ပြီး ပြန်သွားတာနဲ့ ကျွန်မက အုန်းပင်ပေါက်လေး ဖက်ပြီးငိုနေခဲ့ပါတယ်။ ဘာမှလည်း မကစားပါဘူး။ဘာသင်ပေးလို့ မှလည်း လိုက်မလုပ်ပါဘူး။

ဆရာသမားက ဖေဖေ့ကို "ပိုက်ဆံကုန် မခံပါနဲ့။ ကလေးကို ပြန်ခေါ်သွားပါ"ပြောတိုင်း ဖေဖေက "သမီးလေးက တစ်နေ့နေ့တော့ ဝါသနာပါလာမှာပါဆရာ"လို့ပြောပြီး ပို့မြဲပို့ပါတယ်။ဒီလိုနဲ့ ကျွန်မဟာ၃နှစ်ခန့် အချိန်တွေ ဖြုန်တီးခဲ့ပါတယ်။ ၁၀နှစ်သမီးလောက် ရောက်လာတော့ ကျွန်မ မငိုချင်တော့ပါဘူး။ပြီးတော့ ငိုရမှာလည်း ရှက်တတ် လာပါတယ်။ သင်ယူမှုတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အလေးတယူ ဂရုတစိုက် ဘယ်သူကမှ မသင်ပေးကြတော့သလို ကျွန်မကို သူငယ်နှပ်စား အပျော်သက်သက် သင်တန်းလာထိုင်နေတယ်လို့လည်း မြင်နေကြပါတယ်။

ကျွန်မဆယ့်နှစ်နှစ် အရွယ်မှာ ဒုတိယအကြိမ် အမျိုးသား အားကစား ပွဲတော်ကြီးကို တွေ့မြင်လိုက်ရပါတယ်။ အဲ့ဒီပွဲကြီးမတိုင်ခင် ခြောက်လလောက် အလိုကတည်းက မန္တလေးတိုင်းအဆင့် ပြိုင်ပွဲနှင့် လူရွေးပွဲတွေ လုပ်ကြပါတယ်။ အဲ့ဒီလူရွေးပွဲတွေ မတိုင်ခင်မှာ ကျွန်မတို့လို သင်တန်းတွေမှာလည်း ပြိုင်ပွဲဝင်ချင်တဲ့သူတွေကို စာရင်းကောက်၊သီးသန့်ထရိန်နင်တွေပေးနဲ့ အရမ်းကို စည်ကားတက်ကြွ နေခဲ့တာပေါ့။ကျွန်မရဲ့ သင်တန်းက အကိုတွေ အမတွေရဲ့ ပြိုင်ပွဲတွေကို လိုက်ပါအားပေးရင်း သူတို့ကို အားကျခဲ့ပါတယ်။သူတို့လို ပြိုင်ပွဲဝင်ချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်။ ဒီပွဲတော်ကြီးက နှစ်နှစ်တစ်ကြိမ် ကျင်းပတယ်လို့ သိရပါတယ်။ "ဒါဆိုရင် လာမယ့် တတိယအကြိမ် အမျိုးသား အားကစားပွဲတော်ကို ငါဝင်ပြိုင်မယ်"လို့
စိတ်ထဲကနေ ရည်းမှန်းချက် ချခဲ့မိပါတယ်။

သင်တန်းမှာ တတ်နိုင်သမျှ ကျွန်မက ကြိုးစားသင်ယူပေမယ့် ဘယ်လိုအသိ အမှတ်ပြုမှုမျိုးမှ မရရှိခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်တွေတစ်နှစ်ကျော် ကုန်ဆုံးသွား ခဲ့ပါတယ်။တတိယအကြိမ် အမျိုးသား အားကစားပွဲတော်အတွက် တိုင်းအဆင့် လူရွေးပွဲတွေ ကျင်းပခါနီးလာပါပြီ။ ကျွန်မတို့ သင်တန်းမှာလည်း ပြိုင်ပွဲဝင်မယ့်လူတွေကို လေ့ကျင့်ပေးဖို့ စာရင်းကောက်ပါတယ်။ ကျွန်မက တက်ကြွစွာနဲ့ လက်ထောင်ပြီး စာရင်းပေးပါတယ်။တဟားဟားနဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းပြီးရယ်ကြပါ တော့တယ်။ကျွန်မကို ရယ်မှန်းမသိတော့ ကျွန်မကပါ ရောယောင်ရယ်နေခဲ့မိ ပါသေးတယ်။ ဒီလိုနဲ့ သင်တန်းကျောင်းက ကျွန်မကို ပြိုင်ပွဲဝင်မယ့် စာရင်းမှာ အသွင်းမခံခဲ့ပါဘူး။

ဒီတော့ကျွန်မက ဖေဖေ့ကို အတင်းအကျပ် ပြိုင်ပွဲဝင်ခွင့် ရအောင်လုပ်ပေးဖို့ ပူဆာပါတယ်။ ဖေဖေက ပြောပေးတော့ သင်တန်းဆရာက ကျွန်မအသက်ငယ်သေးလို့ ခွင့်မပြုနိုင်ဘူး လို့ငြင်းပယ်ပါတယ်။ငယ်လို့ရှုံးလည်း အရှုံးခံမယ်... မပြိုင်ရရင် ကျောင်းပါ မနေတော့ဘူး။ကျောင်းထွက်မယ်လို့ ကျွန်မက ခြိမ်းခြောက်ပါတယ်။ ဒါနဲ့ဖေဖေက နောက်ရက်မှာ ထပ်ပြီး ပြောပေးပါတယ်။ ဆရာကလည်း ကျွန်မရှေ့မှာတင် ပြတ်ပြတ်သားသား ပြန်ပြောပါတယ် "ခင်ဗျားသမီးက ပြိုင်လည်းရှုံးမှာပဲလေ။ ဒါ့ကြောင့် မပြိုင်ခိုင်းတာပါ"တဲ့။ "ရှုံးပါစေ ဆရာရယ်။ရှုံးလည်းအတွေ့အကြုံလေး ရသွားတာပေါ့။ သမီးက တအားပူဆာနေလို့ပါဆရာ။""ခင်ဗျားသမီးရှုံးတာက အရေးမကြီးဘူး ကျုပ်တို့သင်တန်း သိက္ခာကျမှာဗျ။ ပြိုင်ချင်ရင်တော့ သင်တန်းနာမည် မသုံးပဲ ခင်ဗျားတို့ဘာသာ သီးသန့်စာရင်းသွင်းပြီ ပြိုင်လိုက်ပါ။""ဟုတ်ကဲ့ပါဆရာ။ သမီးသဘောကရော???""သင်တန်း နာမည် မသုံးဘဲ ပြိုင်ပါ့မယ်ဆရာ။"

သင်တန်းကျောင်းမှာ အားလုံးတန်းစီ လူစုပြီး ပြိုင်ပွဲဝင်မယ့်လူတွေကို သီးသန့် ခွဲထုတ်ပါတယ်။ကျွန်မကလည်း ယက်ကန်ယက်ကန်နဲ့ ပြိုင်ပွဲဝင်မယ့် ဘက်ကို လိုက်သွားပါတယ်။ "ညည်းကဘာလို့ ဒီဘက်လာတာလဲ...? ညည်းမှာ ပြိုင်ပွဲဝင်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလားးး မျက်နှာကို ဘောလုံးပိတ်မှန်ရင်တောင် ကြောက်ပြီး ထိုင်ငိုမယ့်သူကများကွာ။ကဲ...သူကပြိုင်ပွဲဝင်မလို့တဲ့... မင်းတို့ရော ဘယ်လိုယူဆလဲ။"ရယ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ယောက်ျားလေး အများစုကြီးစိုးတဲ့ အားကစားရပ်ဝန်းမှာ ကျွန်မကို ယောက်ျားလေးအများစုက လှောင်ပြောင်ရယ်မောခဲ့ကြပါတယ်။

တကယ်တော့ သူတို့လည်း ကြုံကြိုက်လို့ ရယ်စရာထင်လို့ ရယ်ခဲ့ကြတယ်ဆိုတာ အခုချိန်မှာ ကျွန်မနားလည်ခွင့်လွှတ်တတ် လာခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ အပြုံးမပျက် နေခဲ့ပေမယ့် ကျွန်မကို နှိမ်ချ လှောင်ပြောင်အရှက်ခွဲခဲ့တယ်လို့ ယုံကြည်ပြီး ခွင့်မလွှတ်တတ်ခဲ့ပါဘူး။ကျွန်မပြိုင်ပွဲ ဝင်ချင်တယ်…ကျွန်မလေ့ကျင့် ချင်တယ်… ကျွန်မသင်ယူချင်ပါတယ်…။ သင်ပေးမယ့်သူ မရှိပါဘူးးး အားပေးမယ့်သူ မရှိပါဘူးးး။ နောက်ဆုံးမှာတော့ မလွှဲမရှောင်သာစွာပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်... အဲ့ဒါကတော့ ကျွန်မဟာ သင်တန်းရဲ့ ပြိုင်ပွဲဝင်မယ့် လက်ရွေးစင်လောင်းလျာ လေးတွေကို ပေးနေတဲ့ ထရိန်နင်တွေကို ဘေးနားကနေ မတ်တပ်လေး ရပ်ကြည့်လိုက်၊ ညောင်းရင်ထိုင်ကြည့် လိုက်နဲ့ ကြည့်ဖို့ပါပဲ။ အားငယ်ရှက်ရွံ့စိတ် တွေကို ရင်မှာပိုက်ပြီးးးးအဲ့ဒီအချိန်တွေကို ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်။

နေ့စဉ်နေ့တိုင်း ထရိန်နင်ဆင်းတဲ့ သင်တန်းသားတွေ လုပ်သမျှထိုင်ကြည့် နေတဲ့ ကျွန်မကို ဆရာက ခြင်ရမ်းဖို့ သစ်ကိုင်းလေးတစ်ခု လာပေးပါတယ်။ သင်တန်းသားတွေက ရယ်ကြတာပေါ့ ခွက်ထိုးခွက်လန်။ ဒီကတည်းက ကျွန်မဟာ ယောက်ျားလေးတွေကို ဆန့်ကျင်ဘက် ဖိုသတ္တဝါလို့ မမြင်မိတော့ သလို ကိုယ့်ကိုယ်ကိုလည်း မသတ္တဝါလို့ မမြင်တတ်တော့ပါဘူး။ ဒီမတိမ်း မယိမ်းအရွယ် ယောက်ျားလေးတွေကို ကျွန်မက ထိုင်ကြည့်နေချိန်မှာ တွေးနေခဲ့တာက……"နင်တို့မိုးကောင်းတုန်း ရွာထားပါ။ အခုငါကျတဲ့ မျက်ရည်တွေ၊ငါခံစားရတဲ့ ရှက်ရွံ့နာကျည်းမှုတွေကို အောင်မြင်မှု ဖြစ်လာအောင် ငါဘယ်လိုပြောင်းလဲယူမလဲဆိုတာပါ ဆက်ကြည့်ရင်း ရယ်နိုင်ကြပါစေ။"

ပြီးတော့ ယောက်ျားလေး တစ်ယောက် ကစားပုံကို ကြည့်ပြီးးး "သူ့အားသာချက်ကဘာလဲ။ အားနည်းချက်ကဘာလဲ။ ငါသာသူ့နေရာမှာဆို ဒီလိုမဖြစ်အောင် ဘယ်လိုကစားမလဲ??? ဒီတစ်ယောက်က ကစားကွက် ကောင်းတယ်။ ဒါပေမယ့် သူတင်ကိုယ်တင် တကယ်ရိုက်လာပြီဆိုရင် ကြောက်လာတယ်။ကြာကြာယှဉ်ရိုက်ရဲတဲ့ သတ္တိနဲ့ ခံနိုင်ရည် မရှိဘူး။"အဲလိုတွေ အဲလိုတွေပဲ တွေးမိခဲ့ပါတယ်။ "ဟယ်...ချောလိုက်တာ။ ချစ်ချာလေးးး ရင်တွေခုန်လာပြီ ဆိုတာတွေ ကျွန်မ မတွေးမိခဲ့ပါဘူး။"

ညဘက်တစ်အိမ်လုံး အိပ်ပြီဆိုတဲ့ အချိန်ဟာ ကျွန်မရဲ့ ထရိန်နင်ချိန်ပါပဲ။ မှောင်ရင် အိမ်အပြင်ကို တစ်ယောက်ထဲ မထွက်ရဲတဲ့ ကျွန်မက အဲ့ဒီကာလတွေမှာ မီးတောင်မဖွင့်ဘဲ အမှောင်ထဲမှာ တိတ်တိတ်လေး လေ့ကျင့်ခဲ့ပါတယ်။မခံချင်စိတ်တွေက အားကောင်းတဲ့ လောင်စာတွေအသွင် ဟုန်းဟုန်းတောက် နေခဲ့ပါတယ်။နောက်ဖေးမီးဖိုဆောင်နဲ့ အိမ်မကြီးကြားက ကွက်လပ်မှာ ညနေခင်းက သူများကစားတဲ့ ထရိန်နင်တွေ အတိုင်း အကြိမ်ရေ၊အကျော့ရေတွေကို တစ်ထပ်တည်း လိုက်ကစားတော့တာပါပဲ။ရံဖန်ရံခါ စိတ်ဓါတ်ကျရင်လည်း တစ်ယောက်ထဲ ခဏလေးထိုင်ငို လိုက်တာပါပဲ။

သူတို့ထက်ပိုလုပ်တာ တစ်ခုကတော့ ကျွန်မက ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ခဲ့တဲ့ ရက်ကက်ကို ဘယ်လက် ညာလက် နှစ်ဖက်လုံးနဲ့ လွှဲရိုက်တဲ့ လေ့ကျင့်ခန်းပါပဲ။ တစ်ပါတ်ကို ဆယ်ကြိမ်နှုန်း တိုးရိုက်ပြီး ကျင့်လာခဲ့တာ တိုင်းလက်ရွေးစင် ဝင်ပြိုင်ချိန်မှာ တစ်ဖက်ကို အကြိမ်သုံးရာနီးပါး ဆက်တိုက် လွှဲရိုက်နိုင်နေပါပြီ။ ကျွန်မက ဆယ်ကျော်သက်အရွယ်မှာ ငါတော်ရမယ်၊ငါလှရမယ်၊ငါကြိုးစားရမယ် ဆိုတဲ့မခံချင်စိတ်တွေနဲ့ တလွဲမာနတံခွန် လွှင့်ဖို့ပဲ အာရုံရှိခဲ့ပါတယ်။ ယောက်ျားလေးတွေကို ဘယ်လိုစိတ်ဝင်စားရမှန်းလည်းမသိသလို သူတို့ကလည်း ကျွန်မကို စိတ်ဝင်စားကြတယ်လို့ မထင်မိပါဘူး။ သူတို့က ကျွန်မကို လှောင်ပြောင်ဖို့၊ယှဉ်ပြိုင်ဖို့ ကြည့်နေကြတယ်လို့ပဲ တွေးမိခဲ့ပါတယ်။

လူရွေးပွဲမှာလည်း ကျွန်မက ကိုယ့်အသင်းက လူတကာရဲ့ပွဲစဉ်တိုင်းကို အားပေးခဲ့ပေမယ့် ကျွန်မပြိုင်မယ့် အလှည့်မှာ အားပေးဖို့ နေနေသာသာ ပွဲကြည့်စင်တွေပေါ်ကနေ မျက်နှာပြောင်စွာ ထွက်ခွာသွားကြတဲ့ သင်တန်းသား ယောက်ျားဘသားတွေ နှင့် အဲ့ဒီမြင်ကွင်းကို ကွင်းထဲကနေကြည့်ရင်း အံ့သြခဲ့ရပါတယ်။နောက်တော့ဒေါသတွေ ထွက်လာပါတယ်။ အဲ့ဒီနောက်တော့ ဒင်းတို့ကို လက်စားချေချင်ရင် ငါနိုင်အောင်ကစားဖို့ တစ်ခုပဲရှိတယ် လို့တွေးပြီးးး စိတ်လိုလက်ရ သည်းကြီးမဲကြီး ကစားခဲ့ပါတယ်။ ရှာရာပိုဗာလို အော်ဟစ်မရိုက်တတ်ပေမယ့် မိမိရရ အားပါးတရ ရိုက်နိုင်တဲ့ အချက်တွေမှာ ကျွန်မလည်းမာန်ဖီပြီး အော်လေ့ရှိပါတယ်။

ကစားကွင်းထဲမှာ တစ်ကောင်ကြွက် ကျွန်မကို သနားလို့ ဆရာသမားကြီးများရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး နည်းပြအဖြစ် လိုက်ပါပေးခဲ့တာ လက်ထောက်နည်းပြ အငယ်တွေထဲက ဆရာညွှန့်လွင်ပါပဲ။နားတဲ့အချိန်မှာလည်း လိုအပ်တာတွေကို ပြောပြထောက်ပြပြီး သတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့ စံပြကစား သမားက ကမ္ဘာ့နံပါတ်တစ်နေရာကို မယိမ်းမယိုင် အချိန်အတော်ကြာ သိမ်းပိုက်ထားတဲ့ မာတီနာဟင်းဂစ်ပါပဲ။ သူမက ချောမောလှပတယ်၊ လူကောင်သေးတယ်၊ အရပ်မရှည်ဘူး၊ ခွန်အားဗလလည်း သိပ်မကြီးဘူးလေ။ ဒီတော့ သူမက ပညာကိုသိပ်အားကိုးတယ်။ သူမရဲ့ ရိုက်ချက်တိုင်း ကစားကွက်တိုင်းဟာ ဗလအားကိုးတဲ့ စရိုက်လက္ခဏာ နည်းပါးပါတယ်။
Image may be NSFW.
Clik here to view.
ကျွန်မဘဝမှာ ယောက်ျားလေး တစ်ယောက် အနေနဲ့ အားကိုးအထင်ကြီး လေးစားထိုက်တဲ့သူကို မတွေ့ဖူးခဲ့ဘဲ ပြိုင်ဘက်အသွင် ရန်သူအသွင်ရှိတဲ့ ယောက်ျားလေးတွေကိုပဲ တွေ့ခဲ့ရပါတယ်။တိုင်းလက်ရွေးစင် ရွေးချယ်ပွဲ ပြီးသွားချိန်မှာတော့ ကျွန်မတို့သင်တန်းက အမျိုးသား အမျိုးသမီး တစ်ယောက်မှ အရွေးမခံရဘဲ ရှုံးနိမ့်ခဲ့ကြပါတယ်(ဝမ်းသာလိုက်တာ ပြောမပြတတ် လောက်အောင်ပါပဲ။)။ ကျွန်မတစ်ယောက်ထဲပဲ အမျိုးသမီး လက်ရွေးစင်အဖြစ် အနိုင်ရယူခဲ့ပါတယ်။ကျွန်မသိပ်မုန်းတဲ့ သင်တန်းသားအားလုံး ကို ချိုသာအေးမြတဲ့ အပြုံးလေးနဲ့ တစ်ယောက်ခြင်းဆီ တကူးတက ဇွတ်သွားပြီး လက်ဆွဲနှုတ်ဆက် ရတဲ့ ဖီလင်က ဘာနဲ့မှမတူအောင် ပီတိဖြစ်ရပါတယ်။

တိုင်းလက်ရွေးစင်ဖြစ်လာတော့ သင်တန်းက သူတို့နှင့်မဆိုင်တော့ဘူး တိုင်းအား/ကာနဲ့ပဲ ဆိုင်တော့တယ်ဆိုပြီး လေ့ကျင့်မပေးပါဘူး။ တိုင်းက လေ့ကျင့်ပေးမှုတွေက ထိရောက်မှုမရှိတဲ့ ဟန်ပြသက်သက်ပါ။ ဒါနဲ့ကိုယ်ပိုင် နည်းပြတစ်ယောက်ငှားပြီး မနက်အစောကြီး ဗထူးကွင်းထဲမှာ နည်းစနစ်မျိုးစုံကို ပင်ပင်ပန်းပန်း လေ့ကျင့်ရပါတယ်။ ဘောလုံးကွင်းကို ဆယ်ပတ်ပြေးပြီးရင် ဗထူးကွင်းရဲ့ တောင်ဘက်ခြမ်းက ပွဲကြည့်စင်တွေပေါ်ကို ပြေးတက်ပြေးဆင်း။စုံခုန်တက်ဆင်း၊ဖားခုန်တက်ဆင်း၊ လေးမျိုးခုန် တွေပြီးရင် တာတိုပြေးးး စတာတွေကို အကြိမ်ပေါင်းများစွာ လုပ်ရပါတယ်။ အဲ့ဒါတွေက သက်လုံ၊အမောခံနိုင်မှု၊လျှင်မြန် ဖြတ်လတ်မှုတွေ အတွက်လုပ်ရတာပါ။

ညနေ ကျောင်းကပြန်လာရင် Gym မှာသီးသန့် သွားကစားရပါတယ်။ အဲ့ဒါက ကြွက်သားသန်မာမှု အတွက်ပါ။ တရုတ်တွေ၊ တိဘက်တွေနှင့် ဂျပန်တွေက ချီဆိုတဲ့ ခွန်အားတွေဟာ ချက်နဲ့ ဗိုက်ကနေ ထွက်လာတယ်လို့ ယုံကြည်ကြပါတယ်။ ကျွန်မကတော့ ဗိုက်မှာ မာဆယ်တက် လာတာနဲ့ ရိုက်ချက်တွေဟာ ထင်မထားလောက်အောင် ပြင်းထန်မြန်ဆန် လာတာတွေ့ရပါတယ်။ ကျွန်မအမုန်းဆုံး လေ့ကျင့်ခန်းက ဟိုင်းထိုးခြင်းပါ။ ဘယ်လောက်သင်သင် ဘယ်တော့မှ မလုပ်တတ်ခဲ့ပါဘူး။ ခုထိလည်း မလုပ်တတ်ပါဘူး။

တတိယအကြိမ် အမျိုးသားအားကစား ပွဲတော်ကြီးရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ကျွန်မနဲ့ တိုက်ကွမ်ဒို အားကစားက စိုးစိုးမြာ လို့ ပြောကြပါတယ်။ ကျွန်မက ဆယ့်လေးနှစ်ပြည့်ဖို့ သုံးလကျော် လိုပါသေးတယ်။စိုးစိုးမြာက ဆယ့်လေးနှစ်ပြည့်ဖို့ ခြောက်လခန့် လိုတယ်လို့ကြားဖူးခဲ့ပါတယ်။ ပြိုင်ပြီဆိုရင် ကစားပွဲ အချိန်ကြာလာတာနဲ့ အမျှ အမောဆို့ပီး ကြွက်သားနဲ့ အကြောအမျှင်တွေက ဆိုးဝါးစွာနာကျင်လာ ပါတယ်။ကစားရင်းနဲ့ အရှုံးပေးပြီး ပွဲကိုရပ်ပစ်ချင်စိတ်တွေက တားမနိုင် ဆီးမရ ဖြစ်လာတတ်ပါတယ်။

ဒီလိုအခါမျိုးမှာ ကျွန်မကို ဖေဖေက "သမီးးး ဘယ်လောက်မောမော မမောသလိုဘဲနေပါ။ သမီးပြိုင်ဘက်က သမီးမောနေတာ မြင်ရင် ဝမ်းသာပြီး အားတက်လာလိမ့်မယ်။ သမီးပြိုင်ဘက်လည်း သမီးထက်ပို မောနေပြီ။ သူအရှုံးပေးလိုစိတ် ပေါ်လာအောင် သမီးက မမောသလိုဘဲ သက်သောင့်သက်သာ နေပါ။နည်းနည်းလေး အားထည့်လိုက်တာနဲ့ သမီးနိုင်ပြီ။"ကွာတားဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ပြိုင်ဘက်က လက်ရည်ရော ခံနိုင်ရည်မှာပါ ကျွန်မထက်သာနေပါတယ်။ ကျွန်မက ရှုံးတော့မလိုအခြေအနေ ဖြစ်သွားခဲ့ပါ သေးတယ်။

ခဏနားချိန်မှာ သေချာ စဉ်းစားပြီး ကစားကွက်ကို ပြောင်းခဲ့ရပါတယ်။ သူ့ဘက်က ထင်မထားတဲ့ တိုက်စစ်တစ်ခုကို ပြောင်းလဲပစ်ပြီးမှ အရဲစွန့် လုပ်ဆောင်ပြီး နိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာတွေ့ရတဲ့ ပြိုင်ဘက်ကတော့ ကျွန်မထက် အဘက်ဘက်ကနေ သာလွန်နေပါတယ်။ ပွဲစဉ်တွေ ဆက်တိုက်ကစားရပြီး ကျွန်မက လက်ရည်နဲ့ ခံနိုင်ရည် ကျဆင်းနေချိန်မှာ သူမကတော့ ခံနိုင်ရည် အပြည့်နဲ့ သန်မာတက်ကြွနေပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးမှာ ဝါရင့်သဘာရင့် ပြိုင်ဘက်ကောင်းတွေကို ဖြတ်ကျော်ပြီး ဆီးမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပထမဆုတော့ မရခဲ့ပါဘူး။ တတိယဆုပဲ ရယူနိုင်ခဲ့ပါတယ်။

ဒီလိုအတိတ်အကြောင်းတွေ ရှိခဲ့တဲ့ ကျွန်မက အားကစားလောကထဲ ရောက်သွားတော့ ယောက်ျားလျာမမတွေနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ အမျိုးသမီး အားကစားလောကကို အမျိုးသမီးမဟုတ်တဲ့ တတိယလိင်တွေက အကြီးအကျယ် လွှမ်းမိုးပြီး ခြေကုပ်ယူထားကြတာကို စိတ်ညစ်စဖွယ် တွေ့ရတော့တာပါပဲ။ ကွမ်းတပစ်ပစ် ဆေးလိပ်တဖွာဖွာနဲ့ မိန်းကလေးတွေကို ခေါ်တောကြည့် ကြည့်တတ်ပြီး အသဲအသန်ပိုးပန်း တတ်တဲ့ ဒီတတိယလိင် အုပ်စုကို ကျွန်မက ခပ်ကင်းကင်းနဲ့ ခပ်တင်းတင်းပဲ နေထိုင်ပါတယ်။ လုံးဝလည်း အရောမခံပါဘူး။

အမျိုးသမီးအားကစား သမားတွေဟာ ယောက်ျား တစ်ယောက်လို ကျားကျား လျားလျားနေမှ စွမ်းဆောင် ရည်ရှိတယ်၊ ထက်မြက်တယ်၊ အားကစားသမား တစ်ယောက်ရဲ့ အသွင်သဏ္ဍန် ပေါက်လာတယ်လို့ အများစုက ထင်မြင်ယူဆ နေတာကိုလည်း ကျွန်မကဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။
ယောက်ျားလျာတွေကိုလည်း အမျိုးသမီး စာရင်းထဲ မသွင်းသင့်ဘူးလို့လည်း ထင်မိပါတယ်။ ခပ်အေးအေး ဘာသိဘာသာ သူ့သိက္ခာနဲ့သူ နေတတ်တဲ့ ယောက်ျားလျာတွေလည်း ရှိပေမယ့် နည်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားကို သူတို့အုပ်စုတွေပဲ ခြယ်လှယ်တာပါ။

အမျိုးသမီး အားကစားမယ်တွေကို အခွင့်အခါရရင် ရသလို မဖွယ်မရာ ကိုင်သွား ပုတ်သွားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီတော့မိန်းကလေး ကစားသမားတွေဟာ ၁။ သူတို့နဲ့ ရည်းစားဖြစ်မလားးး ၂။ ကိုယ်တိုင် ယောက်ျားလျာဇာတ်ထဲ ဝင်မလားးး ၃။ အားကစားသမားထဲက ယောက်ျားလေးအစစ်ကို ရည်းစားတော်ပြီး ကာဘာယူမလားးးး ဒါပဲရှိကြပါတော့တယ်။ လူမှုရေးအရှုပ်အထွေးတွေ တော်တော်များပြားပါတယ်။ အားကစားသမားတွေရဲ့ ဆုကြေးငွေတွေ၊ နိုင်ငံတော်က ထောက်ပံ့ငွေတွေကို နည်းမျိုးစုံသုံးပြီး ပြောင်ပြောင်တင်းတင်း ဖြတ်တောက်လုယူတဲ့ အတွင်းရေးမှူများ အုပ်ချုပ်သူနှင့်နည်းပြများ အကြောင်း ကိုတော့ မပြောဘဲ ချန်လှပ်ခဲ့ပါမယ်။ ကြာခဲ့ပြီဆိုတော့ အထောက်အထားရဖို့ မလွယ်တော့လို့ပါ။ ပြီးတော့ ကျွန်မရဲ့ စာမျက်နှာတွေ ညစ်ပတ်ကုန်မှာ စိုးလို့ပါ။

ကျွန်မကတော့ အထက်ပါသုံးချက် လုံးနဲ့ လွတ်အောင်နေပြီး တစ်ယောက်ထဲ ရပ်တည်တတ်အောင် ကြိုးစားပါတယ်။ သူတို့နဲ့လည်း ကင်းအောင်နေတယ်.. လုံးဝလည်း ဆတ်ဆတ်ထိမခံတဲ့ တစ်ကိုယ်တော် လူမိုက်ကြီး ကျွန်မကို "ဒီကောင်မက ဘာမို့လို့ မာနတွေ ခေါင်ခိုက်နေတာလဲ။ ဘာတွေတော် နေလို့လဲ။ သူ့ရုပ်ကြီးကဖြင့် မလှဘဲနဲ့...."စတဲ့ဝေဖန်ပုတ်ခတ်သံတွေ ထွက်ပေါ်လာပါတယ်။ "မလှမကြည့်နဲ့ပေါ့။ နင်တို့ဘယ် သူက ကြည့်ခိုင်းလို့လဲ???"ဒါမျိုးတွေ ပြန်ပြောခဲ့ပေမယ့် ကျွန်မမှာ မလှဘူးပြောခံရတဲ့ ကိစ္စကြောင့် စိတ္တဇ ဖြစ်ရပါတယ် ခ်ခ်။

အထူးသဖြင့် "မေမေက သာမီးကို လှအောင်ဘာလို့ မမွေးခဲ့တာလဲ ဟင်!!"လို့ မကြာခဏ မေးခဲ့မိပါတယ်။ မေမေကလည်း ပြောပါတယ်.... "ဘယ်တတ်နိုင်မလဲ ညည်းဘာသာ မလှတာပဲတဲ့။"ဖေဖေကတော့ ပြောပါတယ်... "ဖေဖေ့သမီးက ကမ္ဘာပေါ်မှာ အလှဆုံးသမီးလေး။"တဲ့။ ကိုယ့်ဖေပြောတာပဲ ကိုယ်ယုံလိုက်တော့ တာပဲလေ။ ဖေဖေဆိုတော့ သူ့သမီးလေးကို ဘယ်ညာမှာလည်း ဟုတ်ဖူးလားးး?? ဒါပေမယ့်လည်း မလှဘူးဆိုတဲ့ အမှန်တရားကို ကိုယ့်ဘာသာ သိနေတော့လည်း အခက်သားပဲကိုးးးး

ကျွန်မတက္ကသိုလ်ရောက်တဲ့အခါ မှာတော့ ကျွန်မအပေါင်းအသင်းတွေထဲမှာ ယောက်ျားလျာတွေရော မိန်းမလျာတွေရော ပါဝင်လာကြပါတယ်။ ကျွန်မက ကြောက်ရွံ့မှု စိုးရိမ်မှု တွေကို ဖယ်ရှားနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်လာတဲ့ အခါမှာ.... လူတိုင်းရဲ့ ဘဝတွေနဲ့ စိတ်ခံစားမှုတွေကို နားလည် ခွင့်လွှတ်ပေးနိုင်တဲ့ အခါမှာ.... ဟိုလူစားမျိုး၊ ဒီလူစားမျိုးဆိုရင် မခင်နိုင် မပေါင်းနိုင်ဘူးဆိုတဲ့ အတွေးအခေါ် တွေလည်း ပျောက်ကုန်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဘယ်သူနဲ့မဆို တည်ဆောက်နိုင်လာခဲ့ပါတယ်။ ဘယ်သူ့ကို မဆို ခင်မင်ရင်းနှီးစွာ ကိုယ့်ဘက်ကစပြီး စကားပြောရဲလာသလို ရှိုးတိုးရှန့်တန်း ရှက်ကိုးရှက်ကမ်း အမူအကျင့်တွေကိုလည်း ဖြည်းဖြည်းခြင်း ပြောင်းလဲယူနိုင်ခဲ့ပါတယ်။

နေထက်ထက်အောင် — with Maung Paing and 61 others.

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>