Image may be NSFW.
Clik here to view.
………………….
(၁)
"၁၅ နှစ်၊ နှစ် ၂၀ လောက်ပြန်ငယ်ချင်စမ်းပါဘိကွာ "
"ဟိုက်..အစ မရှိ အဆုံးမရှိ ဘယ်လိုဖြစ်သလဲ ငါ့ဆရာ "
"ကြည့်လေကွာ."
ကြည့်လေကွာဆိုလို့သာ ကျွန်တော်ကြည့်မိသည်။ ထိုင်နေကြတာက လမ်းဘေးလက်ဖက်ရည်ဆိုင် လေးတွင်ဖြစ်သည်။ လမ်းပေါ်မှာ အလုပ်သွားနေတဲ့သူတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဈေးသည်တွေကို သာ ကျွန်တော်မြင်ရသည်။
"ဘာထူးခြားလို့လဲဟ ငါကတော့ ဘာမှမတွေ့မိပါဘူး "
"ဝေးပါဘိကွာ..ကြည့် သွားလာနေတဲ့ ခေတ်ကလေးတွေ၊ အထူးသဖြင့် ကလေးမလေးတွေပေါ်ကွာ၊ ငါမွေးရင် ငါ့သမီးလောက်ပဲရှိတာတော့အမှန် ဒါပေမယ့် သူတို့ကိုကြည့်ပြီး ပြန်ငယ်ချင်စိတ်တွေဖြစ်သွားတာလဲ အမှန်ပဲကွ "
"သြော် ဒီလိုလား "
လမ်းမှာပေါ်တွင် ဆယ်ကျော်သက် လူငယ်ပေါင်းစုံတို့က ဥဒဟိုသွားလာနေကြသည်။ လူငယ်တွေကို မြင်လိုက်ရသည့် ကျွန်တော့်သူငယ်ချင်းဖြစ်သူ၏ ရင်တွင်းခံစားချက်က ဖြစ်ချင်စရပါပင်။ တကယ့်ကို အရွယ်၊ အသွေးနုနယ်လုပစွာဖြင့် သက်ဝင်လှုပ်ရှားနေကြသည်မှာ လောကကြီး၏ အလှတရားကို ဖြည့်စွက်ပေးနေ သည့်အလား။ ထို့ကြောင့်လည်း အသက်အရွယ်နှင့် အတွေ့အကြုံရင့်ပါပြီဆိုသည့် ယောကျာ်းရင့်မာကြီးတို့၏ နှလုံးသားတို့သည် ပြန်လည်နိုးထ လှုပ်ရှားလာကြခြင်းဖြစ်မည်။ နွားအိုမြက်နုကြိုက်သည်ဆိုသည်မှာ သွား မကောင်းလို့မဖြစ်နိုင်။ နှလုံးသားနုနယ်လို့ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်အထင် ဖြစ်ပါသည်။
(၂)
"ဦးလူထွက်ကယ်လို့၊ စိတ်ကွက်ပါနှင့်၊ အရွယ်မှာ ခပ်ဖောက်ဖောက်၊ ခြောက်ဆယ်လောက်ပဲ၊ သို့ကတဲကို အသဲဧးဧး၊ ကောင်းတန်သေးပါ၏။ သမီးထွေးရတနာ နားထောင်ပါ "
ဦးပုည၏ အဖွဲ့။ အသက်(၆၀)ပြည့်ကာမှ မဆာဝါကို တွေ့မြင်ပြီး မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရသည့် ဥပက။ ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးဟောရန် ကြွချီလာစဉ် ဥပကနှင့် လမ်းတွင်ပထမဆုံး တွေ့ဆုံ ခဲ့သူပင်ဖြစ်သည်။ မဆာဝါရဲ့ဖခင်က သမီးဖြစ်သူကို အသက်(၆၀)ရှိသည့် ဖိုးရွတ်တွနှင့် လက်ဆက်ရန် နားချ ခဲ့ခြင်းဖြစ်သည်။
ဥပကခမျာ ကြီးမှဝက်သက်ပေါက်ခဲ့လေခြင်း။ ယနေ့ခေတ်ကာလရဲ့ ရှေ့ပြေးတွေထင်ပါသည်။ ယနေ့ ခေတ်ကာလတွင် မြေးအဘိုးလား၊ သားအဖလား၊ လင်မယားဆိုသည်ကို ဇွတ်ပြော၍မရ။ အသက်ရွယ်မမျှ ကြသော်လည်း ရှေးကြောင်းကံကြောင့် တူနှစ်ကိုယ် ချစ်ကြည်နူးကြလေသည်လားတော့ မပြောတတ်ပါ။ အဓိကဆိုလိုရင်းမှာ အသက်အရွယ် ဖမ်းစားတတ်သည့်အချစ်၊ တဏှာပေမသံယောဇဉ်။ ဤတရားတို့သည် လူသားတို့ကို ရစ်ဖွဲ့စေသည်၊ အချိန် အခါမရွေးတောက်လောင်စေနိုင်ပါသည်။
မဟာပလောဘန ဇာတ်တော်တွင် ဘုရားလောင်းတော်သည် ဗြဟ္မာ့ပြည်မှစုတေ၍ ကာသိမင်း၏ သားတော် အနိတ္ထိဂန္ဓသတို့သား ဖြစ်ခဲ့သည်။ ကာမဂုဏ်ကို အထူးစက်ဆုပ်ခြင်းကြောင့် မိန်းမတို့ကို မမြင်လို၍ သီးခြားစံအိမ်တွင် တစ်ယောက်တည်းနေတော်မူသည်။ မိဘတို့က သားဖြစ်သူကိုကြည့်ပြီး စိုးရိမ်ဗျာပါဒဖြစ်ခြင်း ကြောင့် မိန်းမငယ်တစ်ဦးက သွားဆောင်ဖြားယောင်းမည်ကို လက်ခံသဘောတူခဲ့လေသည်။
မိန်းမငယ်သည် သာယာသောအသံဖြင့် သီချင်းကို စံအိမ်အနီးတွင် ဆိုလေသည်။ အသံကြားသည်ဆို လျှင်ပင် မင်းသား၏ နှလုံးသွေးကြောအတွင်း စီးဝင်ပြီးကာမရာဂစိတ်တို့ နိုးကြွလာလေတော့သည်။ တဖြည်း ဖြည်းအနားတိုးကပ်၍ သီဆိုခိုင်းရင် နောက်ဆုံးနှစ်ဦးသား ထိတွေ့မိပြီး တပ်မက်လွန်ကျူးသည်အထိ ဖြစ်ခဲလေ တော့သည်။
သောက်လေသောက်လေ ငတ်မပြေသည် ကာမဂုဏ်တရားတို့ကို ခံစားမိသော မင်းသားသည် "ကာမ ချမ်းသာကို ငါမှတစ်ပါး ဘယ်ယောက်ျားမှ မခံစားစေရ "ဟု ဆိုကာ ယောက်ျားများကို မြင်လျှင် သတ်ဖြတ်ဖို့ အားထုတ်သည်အထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ယောက်ျားများကို လိုက်လံသတ်နေသောအခါ ပြည်သူတို့ ဆူပူ လာသောကြောင့် ဖခင်မင်းတရားကြီးက လင်မယားနှစ်ကိုကို တိုင်းပြည်မှနှင်ထုတ်လိုက်ရတော့သည်။
ကာမဂုဏ်တရားမှ အစပျိုးခဲ့သည် နောက်ဆက်တွဲအကျိုးတို့သည် ဆိုကျိုးသာများစေခဲ့ပါသည်။ မိမိ ကိုယ်သော်လည်းကောင်း၊ သူတစ်ပါးကိုယ်သော်လည်းကောင်း ပူလောင်ခြင်းတို့ဖြစ်ပေါ်စေပါသည်။
မြန်မာ့သမိုင်းစဉ်တွင် ပုဂံပြည် မင်းယဉ်နရသိင်္ခနန်းတက်စဉ် ညီတော်အိမ်ရှေ့မင်းသားမှာ နရပတိ စည်သူမင်းဖြစ်သည်။ နရပတိမင်း၏ ကြင်ယာတော်မှာ ဝေဋ္ဌုဝတီဖြစ်သည်။ အစ်ကိုတော်က ညီတော်၏ ကြင် ယာတော်ကိုနှစ်သက်မိသဖြင့် နရပတိမင်းကို ငဆောင်ချမ်းအရပ်၌ စစ်ရောက်သည်ဟု လီဆယ်ကာ လွှတ် သည်။ ညီတော် စစ်ထွက်သည့်အခါ ခယ်မကို သိမ်းပိုက်တော့သည်။
နောက်ဖြစ်စဉ်တစ်ခုမှာ သက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျားနန်းတက်သည်။ မိဖုရားဖြစ်သူက စောဥမ္မာ။ သတိုးမင်းဖျား နန်းစံ သက်သုံးနှစ်အရောက်တွင် စကုစား သိင်္ဂသူပုန်ကန်ရာတွင် သွားရောက် နှိမ်နင်းရာ ကျောက်ပေါက်ပြီး တပ်ဆုတ်ခဲ့ရသည်။ စွယ်ကြိုဆိပ်အရောက်တွင် အနာသည်း၍ မနေရတော့ သည်ကို သိသော သတိုးမင်းဖျားက အတွင်းသင်းမှူး ငနုကိုခေါ်ပြီး မှာသည်။
"ငါ မရှိရင် ငါ့မိဖုရား စောဥမ္မာကို သူ မိဖုရားမြှောက်တော့မည်။ ငါနှမြောတော်မူသည်၊ နင်သွားသတ် ချေ "လို့မှာကြားပြီး အနိစ္စရောက်သည်။
စဉ်းစားကြည့်လျှင် ကြောက်စရာကောင်းလှပါသည်။ ကာမစိတ်၊ တပ်မက်တွယ်တာစိတ်တို့သည် လူ တစ်ဦး၏ အသိဥာဏ်ကို မှားမှားယွင်းယွင်းဖြစ်စေသည်။ မှားယွင်းသော အလုပ်တို့ကိုသာ လုပ်ကိုင်စေပါသည်။ တွယ်တာနှောင်ဖွဲ့ခြင်းတရားတို့တွင်သာ ပျော်မွေ့စေပါသည်။
(၃)
"မပေး ပေး ပေး၊ ပေး ပေး ပေး ငါ့ရွှေခွက်ပေး "
တစ်ဖက်ကမ်းတွင် ဟစ်အော်ရင်း ရင်ကွဲနာကျ၍ သေလွန်ခဲ့သော ရွှဲကုန်သည်အဖြစ်ကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ ဥစ္စာတစ်ခုအပေါ် မတရားလိုချင်သည့်စိတ်၊ မိမိလိုချင်သည့် ပစ္စည်း ဥစ္စာသည် တစ်ပါးသူ၏ လက်ထဲပါသွားသည့်အခါ မနာလိုမရှုစိတ်ဖြစ်သည့်စိတ်တို့ကို တွေ့မြင်ခဲ့ရသည်။
လူတစ်ဦး တစ်ယောက်တို့သည် မိမိလည်းမပိုင်ဆိုင်နိုင် သူများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာပေါ်တွင်လည်း မကျေမနပ်ဖြစ်သည့်အခါ မိမိရင်းတွင်းတွင် ဒေါသမီးတို့က စတင်တောက်လောက်တော့သည်။ ထို့နောက် သူတစ်ပါးရင်းတွင်းသို့ပါ မီးကို ကူးစက်ပေးတတ်တော့သည်။
ပစ္စည်းဥစ္စာပေါ်တွင် လိုချင်တပ်မက်သည့်စိတ်၊ သူတစ်ပါး သားပျိုသမီးပျို၊ သူတစ်ပါးဇနီးမယားအပေါ် တွင် ပြစ်မှားချင်မိသည့်စိတ်တို့သည် အလွန်ယုတ်ညံ့သော စိတ်တို့ပင်ဖြစ်သည်။ ကာမဂုဏ်အာရုံတို့ အပေါ်တွင် လွန်ကျူးစွာတပ်မက်လာသည့်အခါ အမှုအခင်းအစုံဖြစ်လာနေကြသည်။
မြင်စရာအာရုံ၊ ကြားစရာအာရုံတို့သည်လည်း ခေတ်ကာလလူငယ်တို့အတွက် လမ်းမှားများစွာကို ပို့ ပေးစေနေပါသည်။ မြင်မြင်သမျှလိုချင်စရာ အသုံးအဆောင်၊ နည်းပညာ၊ အလှကုန်ပစ္စည်းတွေက တတ်နိုင်သူ အတွက် ပြဿနာမရှိလှသော်လည်း မ၀ယ်နိုင်သူအတွက် လောဘစိတ်လေး၊ တပ်မက်စိတ်လေးက မှားယွင်း သောအလုပ်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် ၀တ်စားဆင်ယင်လာမှုတို့သည် မလုံမခြုံဖြစ်လာခြင်း၊ မကြည့် ၀ံ့မမြင်ဝံ့သော မကောင်းမှုတို့သည် လူမြင်သူမြင်ကွင်းအထိ ဖြစ်လာကြခြင်း၊ အလွယ်တကူရရှိလာခြင်း တို့ကြောင့် မကြားဝံ့မနာသာ အမှုအခင်းတို့ကလည်း နေ့စဉ်နှင့်အမျှ ကြားနေကြရပါပြီ။
ဤသည်ကား လိုချင်တပ်မတ်သည့် ကာမတဏှာစိတ်တို့မှ စခဲ့သည့် စိတ်အမှုအခင်းများပင်ဖြစ်တော့ သည်။
(၄)
စစ်ကြိုခေတ်ဦးပိုင်းလောက်တွင် နာမည်ကျော်ကြားလှသော မန္တလေးမှ ဦးချစ်ဖွယ်-ဒေါ်စိန်သုံတို့၏ အငြိမ့်အဖွဲ့ကြီး ရှိခဲ့သည်။ ထိုအငြိမ့်အဖွဲ့ကြီးထဲတွင် မင်းသား၊ မင်းသမီးထက် နာမည်ကြီးပြီး ပွဲတိုင်းကျော်၊ ရေပန်းစားနေကြသည့် လူရွှင်တော် ဒန်ပေါက်နှင့် ညှပ်ကြီးတို့ အတွဲတစ်တွဲရှိခဲ့ပါသည်။
တစ်ည ကပြကြရာတွင် ဒေါ်စိန်သုံက တစ်ပိုဒ်ဆို တစ်ပိုဒ်ကပြီးသည်ဆိုလျှင် ဒန်ပေါက်က သွက်သွက် လက်လက် ပြောဆိုထောက်ပံ့သွားသည်။ ၀င်ဖောက်၍ ပြက်လုံးထုတ်ခြင်းကြောင့် ပရိသတ်တို့က ပွဲကျသည်။ ထိုသို့ ဒန်ပေါက်က ၀င်ဖောက်သော်လည်း ညှပ်ကြီးက ထိုင်ရာမှမထပဲ ဒေါ်စိန်သုံကြီးကိုသာ ငေးပြီး စူးစူးစိုက် စိုက်ကြည့်နေသည်။
နောက်တစ်ပိုဒ်ဆိုပြီး တစ်ပိုဒ်က၍ ဆုံးသည်နှင့် ထိုင်နေရာမှ ညှပ်ကြီးကထလာပြီး ဒေါ်စိန်သုံကို ရိုရို သေသေကန်တော့လိုက်သည်။ ထို့နောက် ဦးချစ်ဖွယ်ကြီးကို ရိုရိုသေသေထိုင်ကန်တော့ပြန်သည်။
"အမယ် ဒီကောင် ဒီနေ့မှ တယ်လိမ္မာနေပါကလား "ဟု ဒန်ပေါက်က ၀င်ဖောက်လိုက်ရာ ပရိသတ်က ဝေါခနဲကျသွားသည်။ ထိုအခါမှ ညှပ်ကြီးက-
"လိမ္မာလို့မဟုတ် သူငယ်ချင်းရေ၊ မိုက်မိလို့..မိုက်မိလို့ "ဟုပြောလိုက်သဖြင့် ဦးချစ်ဖွယ်ရော ဒေါ်စိန်သုံပါ လှည့်ကြည့်မိကြသည်။
"ဘယ်လိုမိုက်မိတာလဲ ပြောပါဦး "ဟု ဒန်ပေါက်က မေးသည်။
"ဒေါ်စိန်သုံကြီးဆိုတာ တို့ရဲ့အဒေါ်အရွယ်၊ မိကြီးမိထွေးအရွယ် မဟုတ်လား။ ဒါ့အပြင် ဆရာကြီး ဦးချစ်ဖွယ်ဆိုတာလဲ အဖေအရွယ်၊ ဘကြီးအရွယ်၊ အငြိမ့်ပညာမှာ ဆရာကြီးတစ်ဆူမဟုတ်လား "
"ဟုတ်တာပေါ့ "
"အခု ငါ့မှာကွာ၊ ဒေါ်စိန်သုံကြီး ကတာ ဆိုတာတွေကြည့်ပြီး ဆရာကြီး ဦးချစ်ဖွယ်ရဲ့ မိန်းမမှန်းလဲသိ တယ်၊ ရိုသေထိုက်တဲ့ အဒေါ်အရွယ်မှန်းလဲသိရက်နဲ့ သူ့အနုပညာတွေက ချစ်စရာကောင်းလွန်းလို့ လူကိုပါ ပြစ် မှားလိုက်မိတယ်ကွာ "
ပွဲခင်းတစ်ခုလုံး ထိန်းမရအောင် ပွဲကျသွားတော့သည်။ ဒေါ်စိန်သုံကြီးက "သေခြင်းဆိုးလေး "ဟု တိုးတိုးဆဲပြီး မျက်ရည်များထွက်သည်အထိ ရယ်လေတော့သည်။ ဒီကြားထဲ ဦးချစ်ဖွယ်ကြီးက "ဟေ "ဟု ပါးစပ်အဟောင်းသားဖြစ်နေပုံမှာ ပတ်တုတ်လို့မရအောင် ဖြစ်နေတော့သည်။
ဤသို့ဖြင့် ဒေါ်စိန်သုံက ဆိုလိုက် ကလိုက် လုပ်ရင်း နားလိုက် ညှပ်ကြီးက ဘာမှ မပြောဆိုပဲ ဒေါ်စိန်သုံကြီးကို ကန်တော့လိုက်ဖြင့် တစ်ညလုံး စကားတစ်လုံးမှ ညှပ်ကြီးပြက်လုံးဖြင့် ပွဲခင်းတစ်ခုလုံး ပွဲကျ သွားလေတော့သည်။
(၅)
ညှပ်ကြီး၏ပြက်လုံးကို ဖတ်မိပြီး သတိရတိုင်း ရယ်မိသည်။ ထို့အတူ ကိုယ့်စိတ်လေးက မှားချင်လာမိ သည်အခါ ကန်တော့ရတော့မည်ဟု တွေးမိပြီး ထိန်းသိမ်းရပါသည်။
ကျွန်တော်တို့မှာ နေ့စဉ်နှင့်အမျှ ကိလေသာတို့နှင့် နပန်းလုံးနေရပါသည်။ လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယတို့က လွန်၍ လွန်၍ သွားမိသည်။ ငွေလိုချင်မှု၊ ဂုဏ်ပကာသန၊ အထင်ကြီးခံရလိုမှု၊ ကြွားဝါလိုမှု၊ လှပ တပ်မက်စရာ ရူပါရုံတို့တွင် တပ်မက်မှုစသည့် စသည့် စိတ်ယုတ်တို့က နေ့စဉ်နေ့တိုင်း ၀င်ရောက်ချယ်လှယ်နေ ကြပါသည်။
မဟာနိဒ္ဒေသတွင် "ဟယ်..ကာမဂုဏ်၊ သင်ဖြစ်ပေါ်လာရခြင်း အကြောင်းကို ငါသိပြီ၊ သင်ကာမဂုဏ် သည်တွေးတောကြံစည်မှသာဖြစ်ပေါ်လာနိုင်ခြင်းဖြစ်၏။ ယနေ့မှစ၍ သင်ကာမဂုဏ်အကြောင်းကို ကြံစည်စိတ် ကူးခြင်း မပြုတော့အံ့။ ထိုအခါ သင်ကာမဂုဏ်တရားသည် ဘယ်သောအခါမှ ဖြစ်ပေါ်လာတော့မည် မဟုတ် ချေ။ "ဟု မြတ်စွာဘုရားရှင်က ဟောမြွက်ထားခဲ့ပါသည်။
ကျွန်တော်တို့ သူတစ်ပါးပစ္စည်းဥစ္စာ၊ သူတစ်ပါးသားမယားတို့အပေါ်တွင် စိတ်ကူးကြံစည်မှု မရှိရအောင်၊ စိတ်ကူးကြံစည်မှုမှ ကာယကံမြောက်အထမြောက်မလာနိုင်အောင် မိမိစိတ်ကိုယ် သန့်စင်မှဖြစ်ပါ မည်။ သို့မဟုတ်က ပစ္စည်းဥစ္စာကိုလည်းကောင်း၊ သူတစ်ပါး ဇနီးမယားသမီးပျိုများကိုလည်းကောင်း ခဏခဏ ကျွန်တော်တို့ အရှက်မရှိ ကန်တော့နေရပါလိမ့်မည်။
(၆)
"မင်းက တဏှာအကြည့်တော့ မကြည့်နဲ့ဟေ့ "
"မကြည့်ပါဘူးကွာ၊ လှတာ မြင်တော့လည်း စိတ်ကလေးကဖောက်ပြန်မိတာပါကွာ၊ တပ်မက်စရာ တွေ့တော့လည်း တပ်မက်မိတာပေါ့ကွာ မင်းကလဲ "
"အေး ဆုံးမထား ဆုံးမထား။ ကိုယ့်စိတ်ကို ဆုံးမထား။ နို့မို့ လူရှေ့ သူရှေ့ လမ်းမမှာ ထိုင်ကန်တော့ နေရမယ် "
သူ့ကို ပြောအပြီး ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်တော့ အားပါးပါး အတိုးနဲ့ပါ ကန်တော့ရမည့် ကိန်းပါ လား။ မဖြစ်တော့ချေ။ ခဏခဏတော့ ကန်တော့လို့ မဖြစ်တော့ချေ။ ကိုယ့်စိတ်ကို သန့်စင်ဖို့ လိုပေတော့မည်။
စာကိုး - (ဦး)သုခ သုတရသဓမ္မစာစုံ
ချစ်ဦးညို သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ
********************
မောင်ပိုင်
၂-၁၂-၂၀၁၃
— with William Tuntunko and 21 others.Clik here to view.