Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်တို့လည်း ဗိုလ်စွဲချင်ပါတယ်

ခုတလော ကျန်းမာရေးလောကမှာ Hot ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့ RFA သတင်းထောက် သေဆုံးသွားတဲ့ကိစ္စပေါ့။ မီဒီယာနဲ့ ဆရာဝန်တွေကြားက နောက်ထပ် ပြသနာတစ်ခုလို့ ဆိုရမှာပါပဲ။ ကိုယ်တိုင်ကြုံလိုက်ရတဲ့ ဆရာဝန်များ၊ နိုင်ငံတကာ အတွေ့အကြုံရှိ ဆရာဝန်များက ငြင်းဆိုကြတာကတော့ အချိန်အတော်နှောင်းသွားခါမှ ဆိုတဲ့ စကားလုံးပါပဲ။

ပြီးခဲ့တဲ့အပတ်က မော်လမြိုင်မှာ Paralegal training ဆိုတဲ့ ၃ရက်ကြာ သင်တန်းလေးတစ်ခု တက်ဖြစ်ပါတယ်။ ဥပဒေပညာရှင်နှစ်ယောက်က လာပြီး ဆွေးနွေးပို့ချပေးတာပါ။ ခေါင်းစဉ်တစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးတွေအကြောင်း ပြောကြတော့ ဆေးကုသခံယူပိုင်ခွင့် ဆိုတဲ့နေရာလည်း ရောက်လာရော၊ ထုံးစံအတိုင်း မြန်မာပြည်က ဆရာဝန်တွေအကြောင်းက ပါလာပြန်ပါတယ်။ စရိတ်မျှပေးကျန်းမာရေး ဆိုတဲ့ စကားရပ်၊ မြန်မာပြည်က ဆရာဝန်တွေ လူနာတွေကို အချိန်မပေးဘူး၊ သေချာမမေးမြန်းဘူး၊ ဒီမှာ ကင်ဆာ လို့ ပြောထားတဲ့ ရောဂါက နိုင်ငံခြားရောက်ရင် ဘာမဟုတ်တဲ့ ရောဂါလေးတွေ ဖြစ်ဖြစ်နေတတ်တာ စသဖြင့် ဖန်တရာတေအောင် ကြားဖူးခဲ့၊ ကြားလည်းကြားနေရဆဲဖြစ်တဲ့ အသံတွေကို ကြားရပြန်ပါတယ်။ ဒါတောင် သူတို့တွေက ပညာတတ်တွေပါ၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်တာ ဆိုတဲ့ အဆိုအမိန့်ကို ကိုးကားခဲ့တဲ့သူတွေပါ။ စိတ်ထဲမကောင်း ဖြစ်မိပါတယ်။

တကယ်တော့ မြန်မာဆရာဝန်တွေကို ဒီလိုဝေဖန်နေကြတာဟာ လာမဲ့ဆီးဂိမ်းစ်မှာ မြန်မာဘောလုံးအသင်းကို ဗိုလ်စွဲစေချင်ကြတာနဲ့ ပုံစံအတူတူပါပဲ။ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးလို့ မပြောချင်ပေမဲ့ ကျွန်တော်တို့တွေ လက်တွေ့ကျဖို့တော့ လိုပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ ယှဉ်ပြိုင်ကြမဲ့ ဒီပွဲမှာ ကိုယ့်နိုင်ငံအသင်းကို ဗိုလ်စွဲစေချင်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ စဉ်းစားစရာတွေ အများကြီးပဲ ရှိပါတယ်။ ဟိုနိုင်ငံတွေက ကစားသမားတွေဟာ ငယ်ငယ်လေးကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်လာကြတဲ့သူတွေပါ၊ ခနာကိုယ်ဖွဲ့စည်းပုံ၊ နည်းစနစ်ပိုင်း၊ ဘောလုံးဦးနှောက်ပိုင်းကအစ ကွာခြားပါတယ်။ လေ့ကျင့်ရေးကွင်းချင်း ယှဉ်ကြည့်ဦးမလား၊ ပံ့ပိုးပေးမှုချင်း တိုင်းတာကြည့်မလား။ နောက်ပြီး ကိုယ့်အချင်းချင်း လေ့ကျင့်ရတာတောင် မလုံလောက်သေးလို့ ဘာဆီလိုနာတို့၊ မန်ယူတို့လို ကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေနဲ့ ခြေစမ်းထားတဲ့ အသင်းတွေပါ။ ကိုယ်တွေနိုင်စေချင်တယ် ဆိုရုံနဲ့ နိုင်ပွဲဆိုတာ အလိုလို ရမလာပါဘူး။ တကယ်တော့ နိုင်ပွဲဆိုတာ စနစ်တကျ ပြင်ဆင်ထားသူတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာတစ်ခုပါ။

ဒီပွဲမှာ ကျွန်တော်တို့တွေပဲ မြန်မာအသင်းကို ဗိုလ်စွဲစေချင်တာလား၊ မဟုတ်ပါဘူး၊ အဲ့ဒီ ဘောလုံးသမားတွေကိုယ်တိုင်က ကျွန်တော်တို့ထက်တောင် ပိုပြီးဗိုလ်စွဲချင်ပါသေးတယ်။ ဘာလို့ဆိုတော့ ဒီအလုပ်၊ ဒီအားကစားသမား၊ ဘောလုံးသမားဆိုတဲံ အလုပ်ကို ရွေးချယ်ခဲ့ကတည်းက တိုင်းပြည်ရဲ့ဂုဏ်ကို ဆောင်ချင်လို့ပဲ မဟုတ်လား။

ဒီလိုပါပဲ။ မြန်မာပြည်က ဆေးကျောင်းသားတစ်ယောက်၊ မဟုတ်သေးဘူး၊ မြန်မာကျောင်းသားတစ်ယောက်နဲ့ နိုင်ငံတကာက ကျောင်းသားတစ်ယောက်၊ ကျောင်းသားဘ၀အစကတည်းက ကွာခြားနေပါပြီ။ ဘာလို့ဆိုတော့ ကျွန်တော်တို့ဟာ ယိုယွင်းနေတဲ့ ပညာရေးစနစ်အောက်မှာ ပညာသင်ခဲ့ကြရလို့ပါ၊ တွေးတတ်ခေါ်တတ်ဖို့ထက် အလွတ်ကျက်ဖို့ကို ဦးစားပေးတဲ့ စနစ်အောက်မှာ ပညာဆိုတဲ့ စကားလုံးကိုတောင် အလွတ်ကျက်ခဲ့ကြရတာပါ။ တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်သင်ဆရာဝန်ဘ၀၊ နောက်ဆုံး ဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ပညာဆက်လက်သင်ယူရာမှာတောင် နည်းပညာ၊ ပစ္စည်းကိရိယာပံ့ပိုးမှုချင်းက အစစအရာရာ ကွာခြားပါတယ်။ နိုင်ငံခြားထွက် ပညာသင်ယူဖို့ လေ့လာဖို့ဆိုတာကတော့ ဝေးလို့၊ နိုင်ငံကူးလက်မှတ် လုပ်တာတောင် ကိုးတန်းအောင် လို့ပဲ ရေးခဲ့ကြရတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေအတွက် အကြောင်းပြချက်ပေးနေတာ မဟုတ်ပါဘူး၊ အရှိတရားတစ်ခုကို ပြောပြရုံသက်သက်ပါပဲ။

မြန်မာဆရာဝန်တွေရော၊ လူနာတွေကို အချိန်မပေးချင်ကြဘူး၊ မပြုံးပြချင်ဘူး၊ ရောဂါတွေကို တိတိကျကျ ရှာမပေးချင်ကြဘူးလို့ ထင်ပါသလား၊ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့တွေလည်း ဒီလိုလုပ်ပေးချင်တာပေါ့။ အစိုးရဆေးရုံမှာ တစ်နေကုန်လုပ်ပြီး ညနေကျ အပြင်ဆေးခန်း မဖြစ်မနေ ထိုင်ကြရတဲ့ အနေအထားကနေ လွတ်မြောက်ချင်တာပေါ့၊ ခေတ်မီစက်သစ်ကြီးတွေ၊ ကုထုံးတွေနဲ့ ကုပေးချင်တာပေါ့၊ လူနာတစ်ယောက်ကို အချိန်တွေအများကြီး ပေးပြီး သူရဲ့ခံစားချက်တွေ၊ ဝေဒနာတွေအကြောင်းကို နားထောင်ပေးချင်တာပေါ့။ ဘာလို့ဆိုတော့ ဒီအလုပ်ကို ရွေးချယ်ခဲ့ကြကတည်းက လူနာတွေရဲ့ ဝေဒနာကို ပျောက်ကင်းသက်သာအောင် ကုသပေးချင်လို့ပဲ မဟုတ်လား။

ဟုတ်ပါတယ်၊ အားလုံးပြောနေကြသလို မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်မှာ အားနည်းမှုတွေ ရှိပါတယ်၊ အကျင့်ပျက်မှုတွေ ရှိပါတယ်၊ စိတ်ဓါတ်ပျက်ပြားမှုတွေ ရှိပါတယ်။ ဒါကို မျက်စိစုံမှိတ် မငြင်းပါဘူး။ လက်ခံပါတယ်။ ဒါပေမဲ့ ဒါတွေကို ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့တွေ လက်တွေ့ကျဖို့ လိုပါတယ်။ နိုင်ငံတကာ ဆိုတာကို လေ့လာနေတဲ့တစ်ပြိုင်တည်းမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်အနေအထားနဲ့ အကောင်းဆုံးဖြစ်မဲ့လမ်းကိုလည်း ရွေးချယ်တတ်ဖို့ လိုပါမယ်။ သေချာတာကတော့ အပြစ်တင်နေရုံနဲ့တော့ အကောင်းဆုံးဆိုတဲ့အရာတွေ ပေါ်မလာနိုင်ဘူး ဆိုတာပါပဲ။ အားလုံး အပြန်အလှန် နားလည်မှု လေးစားမှုတွေနဲ့ အဖြေမှန်ကို တွေ့အောင် ရှာကြဖို့လိုပါတယ်။

တစ်ခုတော့ ယုံကြည်စေချင်ပါတယ်၊ ကျွန်တော်တို့ ဆရာဝန်တွေလည်း ဒီပြိုင်ပွဲတွေမှာ အရမ်းကိုဗိုလ်စွဲချင်တယ်ဆိုတာပါပဲ။
 
By  
Phio Thiha
 https://www.facebook.com/phio.thiha/posts/717860954890587 မှကူးယူဖော်ပြပါသည်

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...