Image may be NSFW.
Clik here to view.
မီးပန်းများစွာ ကောင်းကင်သို့ ထိုးတက်ပွင့်ဖြာကြသည်။
ခင်သက်မာ လက်အိပ်ဖြူဖြူဝတ် လက်ကလေးကို ဝှေ့ယမ်းပြရင်း ပျော်နေမိသည်။ ရင်တွေက တလှပ်လှပ်။
ဘေးမှ ကြည်မေအေးကို လှည့်ကြည့်မိတော့ သူကို နှစ်ယောက်သားအကြည့်ချင်းဆုံရင်း ဘာရယ်မသိ ရယ်လိုက်မိကြသည်။ ပျော်သည်။ သည်ည အရမ်းပျော်သည်။
တော်သေးသည်။ သည်နေ့ည လုံးဝ မမူး။ ပင်ပမ်းမှုများသည် အသားကျနေပြီထင်သည်။
စတင်လေ့ကျင့်စကတော့ သည်လို မဟုတ်။
နေပြည်တော် နေက ပြင်းသည်။ နေပူရှိန်အောက်ဝယ် အကတိုက်ရခြင်းသည် ခန္ဓာကိုယ်ထဲမှာ အားအင်များ တစ်စက်မကျန် ချွေးထဲတွင် ပါသွားပြီထင်ရသည်။ ခေါင်းတွေ တရိပ်ရိပ်မူးသည်။ ချွေးစေးများပြန်ကာ မျက်လုံးတွေ ပြာလာသည်။ သို့သော် ခင်သက်မာ တစ်ခါမှ မလဲခဲ့စဖူး။
ကိုးတန်းကျောင်းသူ တစ်ယောက်အဖို့ သည်လိုပွဲကြီးတွင် ပါရမည်ကို အိပ်မက်ပင် မမက်ဘူးချေ။ ကံပါလာတော့ တစ်ကျောင်းကို ၁၅ယောက်စီ ပါရမည်။ ခင်သက်မာ ကို ဆရာမက ရွေးတော့ မကဘူးသဖြင့် ရှက်ရှက်နှင့် ငြင်းသေးသည်။
ပင်ပမ်းသည်။ ကြည်မေအေးက နှစ်ခါ သုံးခါ မူးလဲသဖြင့် အကကျင့်ရာမှ လူလဲတော့ မလိုလို ဖြစ်ကြသေးသည်။ သို့သော် သူလည်း ဇွဲကောင်းသည်။
နေပူကျဲကျဲမှာ အသားတွေ မဲပြာနေအောင် ကခဲ့ကြသော တောကျောင်းသူလေးနှစ်ဦးသည် တလက်လက်ဖြာနေသော မီးပန်းအရောင်အောင်ဝယ် နတ်သမီးလေးများပမာ လှနေလေသည်။
+++++
မီးပန်းများ ကောင်းကင်ဝယ် တလက်လက် တဝေေ၀။
သူဇာအိတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ တုန်ရီနေသည်။
ဘာရယ်မသိ မျက်ရည်များလည်း ၀ဲနေသည်။ သူကိုယ်တိုင်ကလည်း စိတ်ထိခိုက်လွယ်သည်။
ရင်ထဲအထိ ထိုးဆောင့်သော ဗြောက်သံများ၊ လက်ခုပ်သံများ၊ ပဉ္စလက်ဆန်သော မီးရောင်များ၊ စသည်စသည်တို့၏ ဖမ်းစားမှုကြောင့် ကြက်သီးဖြန်းဖြန်းထသည်။ သည်လိုမျိုး မကြုံစဖူး။
တစ်ရုံးကို အယောက်သုံးဆယ် ဖွင့်ပွဲလိုက်ရမည် ဆိုသောအခါ မဲနှိုက်ရသည်။ ရုံးကလည်း လူများသည်ကိုး။ သူဇာအိတစ်ယောက် ပေါက်မည်မထင်။ သို့သော် သူမဲပေါက်သည်။
ရုံးမှ ဝေငှသော တူညီ အားကစားဝတ်စုံကိုဝတ်၊ လက်ထဲရှိမီးတိုင်ကို ကိုင်ရင်း မနက် ကိုးနာရီလောက်ကတည်းက စိတ်လှုပ်ရှားနေမိသည်။ သူလိုပဲ ရုံးမှလိုက်ရမည့်သူများလည်း လှုပ်လှုပ်ရွရွ။
နေ့လည်ကတည်းက ဖယ်ရီထွက်သည်။ အစားအသောက်မသယ်ရ။ ညနက်လျှင်တော့ ဆာလိမ့်မည်။
အို…ဆာပါစေ။ သည်လိုဖွင့်ပွဲမျိုး မကြုံရစဖူး။
စာရေးအဆင့် ၀န်ထမ်းငယ်တစ်ယောက်၊ အားကစားဝါသနာမပါသူတစ်ယောက်၊ သူဇာအိသည် သည်လိုပွဲမျိုး တက်ရမည် မထင်ခဲ့စဖူး။ ခုတော့ ဘာမှန်းမသိသော ခံစားမှုဖြင့် မြန်မာ၊ မြန်မာဆိုသည့် အသံများအောက်ဝယ် ယစ်မူးတုန်ရင်နေလေသည်။
မီးရောင်များအောက်ဝယ် ရှက်တတ်သူ မိန်းမပျိုသည် စီးကျလုလု မျက်ရည်စကို ခိုးသုတ်နေလေသည်။
+++++
မီးပန်းများ ကောင်းကင်အပြည့် လင်းပြက် တောက်တောက်ပ ကြသည်။
တီဗီထဲမှာပင် လှနေလေသည်။ သူနှုတ်ခမ်းကို မဲ့လိုက်မိသည်။
ဘာပဲပြောပြော၊ ဘောင်းဘီချွတ်များကိုတွေ့နေရသည်ကို သူသဘောမကျ။ ကြာတော့ အလေ့အထလို ဖြစ်လာလေသည်။
ဝီစကီတစ်ပက်ခန့်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြီး ရေအလောတော် စပ်လိုက်မိသည်။ အော်၊ ခုံခုံမင်မင် သောက်ဖြစ်နေသည်မှာ ကြာပြီ။
မလေးက ပြန်လာကတည်းက ဆိုပါတော့လေ။
ဟိုမှာက အလုပ်ကောင်းသည်။ အလုပ်ကောင်းသည်ဆိုခြင်းထက် လုပ်သမျှ ငွေရသည်။ ဟိုကငွေနှင့် ချိန်စက်မိတော့ သည်ဘက်က အလုပ်တွေ တန်သည်မထင်တော့။ မတန်ဘူးထင်တော့ မလုပ်။ မလုပ်ရင်း မလုပ်ရင်း လူကလေလာသည်။
ပါတီထဲကိုလည်း ၀င်လိုက်မိလေသည်။ ပါတီထဲမှာက သူတို့အဆင်မပြေမှု မှန်သမျှ အစိုးရကိုသာ ပုံချကြသည်။ ကြာတော့ နားရည်ဝလာရင်း သည်လူတွေကို မုန်းချင်လာသည်။ မုန်းချင်လာသည်မဟုတ်။ မုန်းလာသည်။
အလုပ်မရှိတော့ သောက်ဖြစ်သည်။ နိုင်ငံရေးလည်း နားလည်လာသည်။ သိသမျှကို သူများဖွင့်ပေးသော အကောင့်တွင် ၀င်ပြောသည်။ တချို့က အရမ်းပြောတတ်သည်။ သူတို့နှင့် နိုင်အောင် မပြောတတ်။
ဘာရမလဲ။ ကောင်းကောင်းဆဲပေးလိုက်သည်ပေါ့။ မှတ်ရော။
အခုလည်းကြည့်။ အရေမရ အဖတ်မရ အားကစားပွဲကြီးလုပ်သည်။ မိကျောင်းကန်မှာတော့ ရာဇသံပေးထားသည်ကြားသည်။ လက်ပတောင်းမှာလို ပစ်မှာ စိုးရသည်။
တို့အစိုးရဖွဲ့ရင်တော့ အားလုံးအဆင်ပြေသွားမှာဟူသော စည်းရုံးရေးမှူးကြီး၏ စကားကို ကြားယောင်သည်။ သူ့ကျောကို ပုတ်ရင်း အသံပြာပြာ ပြာပြာနှင့် ရယ်တတ်သောသူ။ ခင်စရာတော့ကောင်းသည်။
သူ့စကားကို ပြန်မမေးလျှင်ပေါ့။ မေးလျှင်တော့ စိတ်ဆိုးတတ်သည်။
မီးပန်းများကို ကြည့်ရင်း တစ်ငုံခန့် ငုံလိုက်သည်။ ခါးသက်ပူရှ။
+++++
မီးပန်းများ ကောင်းကင်ပြင်တစ်ခို ပန်းဆိုင်းဆွဲခို ပြိုးလင်းဝေမှုန်။
လက်နှစ်ဘက်ကို လက်ချောင်းလေး အချင်းချင်း ယှက်ပြီး ကော့ချိုးလိုက်သည်။ တဖြောက်ဖြောက် အသံများကြားရသည်။
ကြာရှည်စွာ ထိုင်ရတော့ ခါးနှင့် ကုတ်ပိုးက တင်းတောင့်နာကျင်နေသည်။ တောထဲဝယ် အငတ်ငတ် အပြတ်ပြတ် သွားနေရစဉ်က ကျန်းမာလိုက်သည်ဖြစ်ခြင်း။ အခုတော့ သက်သက်သာသာနေရကာမှ ရောဂါဖြစ်ချင်သလိုလို။
လူမပင်ပမ်းတော့သော်လည်း စိတ်ပင်ပမ်းသည်။ အွန်လိုင်းဝယ် တနေကုန်ထိုင်ရင်း မျက်လုံးပြာမတတ် ရှာဖွေရ၊ မှတ်သားရ၊ စောင့်ကြည့်ရသည်မှာ မပင်ပမ်းဟု ပြောလိုက ပြောနိုင်သည်။ သို့သော် ကိုယ့်အလုပ်ကိုယ်သာ သိသည်။ တောသာ သွားလိုက်ချင်သည်။
ဖွင့်ပွဲကို အကြောင်းပြု၍ မည်သည့် သတင်းများ ထွက်လာမည်နည်း။ စောင့်ရဦးမည်။ ပရဲဆန့်တာ ရွေးရာတွင် အသံထွက်လာသည့် အကြောင်းတော့ သိပြီးကြပြီ။ မည်သည့်နေရာက မည်သည့် အသံထွက်လာမည်နည်း။ မပြောနိုင်။
ပင်းရိဖွယ် သင်တန်းကာလများဝယ် သင်တန်းမှုး၏ ဒါဟာ အနာဂတ်အတွက် အကောင်းဆုံးလက်နက်ပဲဟူသော စကားသံကို ကြားနေမိသည်။ တာဝန်ချိန်ပါလားဟု အသိဝင်လာသောအခါ ပခုံးနှစ်ဘက် အလိုလို တောင့်တောင့် မတ်မတ်ဖြစ်သွားသည်။
မီးပန်းများ လက်ဖြာဆဲ စခရင်သို့ မမှိတ်မသုံ ပြန်ကြည့်သည်။
+++++
မီးပန်းများ ကောင်းကင်၌ တွဲရရွဲ ကျနေသည်။
သူပျင်းရိစွာ သမ်းဝေလိုက်သည်။ မျက်ရစ်မပါသော မျက်လုံးများ မှေးစင်းသွားသည်။
ချန်နယ်တော်တော်များများ သည်မီးပန်းများပဲ ပြနေကြသည်။
သည်နိုင်ငံဝယ် ပြောင်းကြည့်စရာ လိုင်းလည်းရှားသည်။
အိပ်သည်ပဲ ကောင်းမည်။ မနက်ဖြန် အိမ်တော်သွားရဦးမည်။
++++++
မီးပန်းများစွာ ကောင်းကင်မှာ………
…………………………………………………
………………………………………………………………….
……………………………………………………………………………လင်းလက်ခြင်းဖြင့် ပြိုကွဲနေကြသည်။
……..သက္ကမိုးညို…..၁၂.၁၂.၁၃……